ချစ်သူကိုပဲ သတိရနေမယ့်သူတွေဖို့ ဖတ်စာအက်ဆေး (သန်းဝင်းထွဋ်)

Posted on Posted in အက်ဆေး

အာဏာရှင်က စစ်တပ်ထဲမဝင်ချင်သည့်လူငယ်တို့ကို စိတ်ဆိုးခဲ့သည်။ ချစ်ခြင်းမေတ္တာတရားကို ချုပ်နှောင် သံခြေကျင်းခတ်လိုသည်။ လက်ထပ်မင်္ဂလာပွဲများမရှိစေရ အမိန့်ထုတ်သည်။ ချစ်သောသူများ မပေါင်းသင်းစေရ။ သံယောဇဉ်များ ဖြတ်စေ။ စစ်တပ်ကြီးထဲ ဝင်စေ။ ရာဇဝင်က သည်လိုဆိုသည်။ မည်သူ လက်ခံနိုင်မည်နည်း။ ရောမလူငယ်တို့လည်း လက်မခံနိုင်။ ထိုအချိန်က ရောမတွင်နေထိုင်သည့် ခရစ်ယာန်သင်းအုပ်ဆရာ ဗယ်လင်တိုင်းကလည်း …….

ချစ်သူကိုပဲ သတိရနေမယ့်သူတွေဖို့ ဖတ်စာအက်ဆေး (သန်းဝင်းထွဋ်)

February 14, 2014

kiss,www.ibiblio.org
Image credit-www.ibiblio.org

 

ခင်ဗျားမှာ စစ်ကိုမုန်းစိတ်ကလေး ရှိချင်ရှိမည်။ ငြိမ်းချမ်းရေးစိတ်ကလေးလည်း ရှိချင်ရှိမည်။ သံယောဇဉ်အနှောင်အဖွဲ့လေးလည်း ရှိချင်ရှိမည်။ ချစ်သူကလေးကို ထားခဲ့ပြီး စစ်မြေပြင်ကို လိုက်မသွားချင်။ ဇနီးမယားလေးကို မချန်ရစ်ခဲ့နိုင်သည့်တူတူ ရုန်းကန် ရင်ဆိုင်ရမည့် ဘဝပေး ကလေးတွေလည်း ရှိချင်ရှိနေမည်။ သို့သော်  တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူက စစ်တပ်အင်အားကို အကြီးအကျယ်ချဲ့ထွင်ချင် နေမည်။ နယ်စပ်က တိုင်းရင်းသားတို့အခေါ်ဆိုရလျှင် စစ်သားကောက် သည်။ စစ်တပ်တွင်းသို့ ဇွတ်အတင်း ဆွဲသွင်းနေမည်။

သည်လိုဆို အာဏာရှင်နှင့် ခင်ဗျားထိပ်တိုက်တွေ့လာရတော့သည်မှာ သေချာနေသည်။ ခေတ်ကာလ ညစ်လာသမျှ ခင်ဗျားရှောင်၍မလွတ်နိုင်။ မတရားသောအမိန့်အာဏာတို့ကို ခင်ဗျား ရိုကျိုး လိုက်နာ မည်လား၊ အာခံအန်တုမည်လား။ မြန်မာပြည်က အာဏာရှင်တို့ကို ရည်ညွှန်းပြောနေသည်ဟု ခင်ဗျားထင်နေရော့မည်။ မဟုတ်။ သည်အဖြစ်က ဥရောပရာဇဝင်တွင် တကယ်ရှိခဲ့သည်။ အေဒီ (၃) ရာစုက ရောမတွင် ဖြစ်ခဲ့သည်။ ရောမအာဏာရှင် ကလောဒီးယပ်စ်(၂)လက်ထက်တွင် ဖြစ်ပျက်ခဲ့ သည်ဟု သမိုင်းချန်နယ်က ရှင်းပြထားသည်။

သည်အာဏာရှင်က စစ်တပ်ထဲမဝင်ချင်သည့်လူငယ်တို့ကို စိတ်ဆိုးခဲ့သည်။ ချစ်ခြင်းမေတ္တာတရားကို ချုပ်နှောင် သံခြေကျင်းခတ်လိုသည်။ လက်ထပ်မင်္ဂလာပွဲများမရှိစေရ အမိန့်ထုတ်သည်။ ချစ်သောသူများ မပေါင်းသင်းစေရ။ သံယောဇဉ်များ ဖြတ်စေ။ စစ်တပ်ကြီးထဲ ဝင်စေ။ ရာဇဝင်က သည်လိုဆိုသည်။ မည်သူ လက်ခံနိုင်မည်နည်း။ ရောမလူငယ်တို့လည်း လက်မခံနိုင်။ ထိုအချိန်က ရောမတွင်နေထိုင်သည့် ခရစ်ယာန်သင်းအုပ်ဆရာ ဗယ်လင်တိုင်းကလည်း လက်မခံနိုင်။

သို့ပေမယ့် ထုံးစံအတိုင်း သူတို့မှာ အာဏာရှင်ကို ကြောက်ကြရသည်။ အာဏာရှင်တို့က
ဓားထက်သည်။ သည်လိုနှင့် ခိုးကြောင်ခိုးဝှက် မင်္ဂလာပွဲကလေးများပေါ်ပေါက်လာပြီးနောက်၊ အာဏာရှင်ကိုအန်တုကြပြီးနောက်၊ သတ်ဖြတ်နှိမ်နင်းမှုများပေါ်ပေါက်ခဲ့ပြီးနောက်၊ ခင်ဗျား အခုမြင်တွေ့နေရသော ချစ်သူများနေ့ဆိုတာတွေထိ ရာဇဝင် တွင်လာခဲ့သည်။

သို့ဆိုသည့်အတိုင်း ရောမအာဏာရှင်ခေတ်က တိတ်တခိုးလက်ထပ်ပွဲကလေးများကို ခင်ဗျား မြင်ယောင်ကြည့်နိုင်သည်။ ချစ်သူတို့ စိတ်လှုပ်ရှားမည်။ နှစ်ကိုယ်တူ ချစ်သမျှ စိတ်ပူပင်ခဲ့ရမည်။ ကျီးလန့်စာစား ချစ်ကြရရှာမည်။

သင်းအုပ်ဆရာ ဗယ်လင်တိုင်းကိုတိုင်တည်ကာ သက်သေပြုကာ သစ္စာတိုင်ပွဲငယ်လေးများကို

လူမသိသူမသိ ကျင်းပကြရသည်။ ဧည့်သည်မရှိ။ တက်ရောက်ချီးမြှင့်အားပေးနိုင်သူမရှိ။ ရင်ခုန်စရာအကောင်းဆုံး မင်္ဂလာပွဲလေးများ ဖြစ်ခဲ့နိုင်သည်။

ချောင်ကျကျအခန်းငယ်ကလေးများတွင် ဖယောင်းတိုင်ငယ်တစ်တိုင်အား အလင်းရောင်မျှဖြင့် ကျင်းပခဲ့ရပေမည်။ သူတို့သား သူတို့သမီးတို့ကား တစ္ဆေများလို တိတ်တဆိတ်ရွေ့ရှားမည်။ အသံတိတ်။ သင်းအုပ်ဆရာ၏ ဆုတောင်းဖတ်ကြားစာကလည်း မယုံနိုင်လောက်အောင် တိုးတိမ်နေမည်။ တခါတရံ လမ်းကြားဘက် မသင်္ကာစရာအသံဗလံတစ်ခုခုများကြားလိုက်ရလျှင် ရပ်တန့်နားစွင့်ရပေဦးမည်။ စစ်သားတွေများလမ်းလျှောက်လာကြလေသလား။ မလိုသူတို့ သတင်းပေးကြလေမည်လား။

သူတို့သမီးငယ်လေးတွေမှာလည်း အသက်ရှူသံပင် ထုတ်ရဲမည်မဟုတ်။ ချစ်သူလက်ဖျားကို တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်ထားသည့် လက်ဖျားကလေးတွင် ချွေးသီးကလေးတွေ စို့နေရော့မည်။ ရံဖန်ရံခါ ဝင်သက်ထွက်သက်တို့ပင် အောင့်အီးထားခြင်းဖြင့် မောဟိုက်တုန်ရင် နေရပေမည်။ လှိုက်ဖို လှုပ်ခတ်နေပေမည်။ ဤသို့ စွန့်စားချစ်ခဲ့ရသည်။ ဤမျှ ချစ်မေတ္တာတန်ခိုးတော်ဖြင့်

သက်စွန့်ဆံဖျား နှစ်ကိုယ်တူဘဝဖြင့် မင်းဆိုးမင်းညစ်ကို အန်တုရပေသည်။

သည်လိုသည်ပုံဖြင့် ကံဆိုးလွန်းသည့်တနေ့တွင် မင်္ဂလာပွဲကလေးတစ်ခုကို စစ်သားများဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးလာခြင်းဖြစ်မည်။ ကံဆိုးလွန်းသည်ဆိုရခြင်းမှာ အဆုံးစွန်အာဏာရှင်လက်အောက်တွင် နေထိုင်ကြရပြီဆိုကတည်းက ခင်ဗျားကံဆိုးပြီးသားမဟုတ်လား။ ကံဆိုးလွန်းသည့်နေ့ကလေးမှာ သူတို့သားသတို့သမီးလူငယ်ကလေးတို့လွတ်မြောက်သွားခဲ့သော်လည်း သင်းအုပ်ဆရာတော် ဗယ် လင်တိုင်းခမျာ ဖမ်းဆီးအရေးယူခံရသည်။ ကြိုးတုတ်ကာ လူမြင်ကွင်းတွင် ဒရွတ်ဆွဲခေါ်ယူခြင်း ခံရ သည်။ ထောင်းထုနှိပ်စက်ခြင်းခံရသည်။ ချုပ်နှောင်ထားခံရသည်။ ကျသည့်အပြစ်ဒဏ်က သေဒဏ်။

ရောမလူငယ် လုံမငယ်တို့က သူတို့တတ်နိုင်သမျှကလေးဖြင့် အာဏာရှင်ကို ဆန့်ကျင်ပြခဲ့သည်။ ဗယ်လင်တိုင်းကိုချုပ်နှောင်ထားရာ အကျဉ်းထောင်အနီး ချဉ်းကပ်ကြသည်။ ပန်းပွင့် ပန်းစည်း ကလေးများ ပေးပို့ကြသည်။ ဆုတောင်းစာကလေးများပေးပို့ကြသည်။ ဗယ်လင်တိုင်းကို

ထောက်ခံကြောင်းပြသည်။ မေတ္တာတရားဘက်မှ ရပ်တည်သည်။ အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပန်းပွင့်ကလေးများဖြင့် ထုတ်ဖော်ပြသည်။ ဗယ်လင်တိုင်းသည် ချစ်ခြင်းမေတ္တာဘက်မှ သူရဲကောင်း။ တရားသည့်ဘက်မှသူတော်စင်။ မင်းဆိုးကိုအာခံသူ။ မတရားသောအမိန့်ကို အန်တုဝန့်သူ။ ရောမလူငယ်တို့ကား သူတို့သူရဲကောင်းကို ချစ်ခင်ခဲ့ကြသည်။ ဗယ်လင်တိုင်းအတွက် ရင်ထုမနာဖြစ်ခဲ့ ကြရသည်။ သူတော်စင်ဗယ်လင်တိုင်းတစ်ယောက်ကတော့ ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် မသေမချင်း ခေါင်းကိုထုနှက် အသတ်ခံခဲ့ရလေသည်။ မေတ္တာတရားကို အာဏာရှင်က သတ်ဖြတ် ခြင်း။

ဤသည် မေတ္တာအခင်းအကျင်းဖြင့် နှစ်စဉ်ဖေဖော်ဝါရီလ(၁၄)ရက်ရောက်တိုင်း ရောမလူငယ်တို့က မှတ်မှတ်ရရ လွမ်းမောကြတော့သည်။ ဤအစဉ်အလာကလေးကို ဥရောပတခွင်တပြင်မှ ချစ်သူများက လည်း ကြိုဆိုခဲ့ကြသည်။ မြန်မာရာဇဝင်တွင် ရှင်ဘုရင်ကို အန်တုကာ သတ်ဖြတ်နှိမ်နင်းခံခဲ့ရသူ မြန်မာသူရဲကောင်းတချို့ကို ပြည်သူတို့က လေးစားကိုးကွယ်ကြရာမှ နတ်ဒေဝတာများအဖြစ် သတ်မှတ်ကာ အားကိုးကြ၊ တိုင်တည်ကြ၊ ဝတ်ပြုကြသည့်အစဉ်နှင့် တူသည်။

ဗယ်လင်တိုင်းကိုလည်း ပုပ်ရဟန်းမင်းက စိန့်ခေါ် သူတော်စင်အဖြစ် သတ်မှတ်လိုက်ခြင်းဖြင့် ဂုဏ်ပြု ခံရသည်။ ဤဗယ်လင်တိုင်း အစဉ်အလာသည် ချစ်သူတို့အတွက် အထိမ်းအမှတ်နေ့ကလေးအဖြစ် ထွန်းကားပျံ့နှံ့လာခဲ့သည်ကတော့ အလွန်ချစ်စရာကောင်းသည်။ ဇနီးမောင်နှံတို့လည်း အသစ်တဖန် ချစ်ခြင်းအလံတော်လွှင့်ထူကြသည်။ ငယ်သူချစ်သူတို့သည်လည်း တိုင်တည်သစ္စာပြုစရာ နေ့ကောင်း ရက်သာကလေး ဖြစ်လာသည်။ လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀)လောက်က ရင်နာစရာအဖြစ်ကလေး မှသည် ပုံနှိပ်စက်များပေါ်ပေါက်လာပြီးနောက်တွင်တော့ ကမ္ဘာ့စာပို့စနစ်ကွန်ယက်များအနှံ့ မေတ္တာ တရား၏သတင်းစကားကိုသယ်ဆောင်လာသည့်ကဒ်ပြားကလေးများ ကူးသန်းသွားလာနေကြတော့ သည်။ စက္ကန့်ပိုင်းအတွင်း ကမ္ဘာပတ်နေသောအီလက်ထရွန်းနစ်စာပို့စနစ်ပေါ်ပေါက်ထွန်းကားလာ သည့်အခါတွင်တော့ သန်းပေါင်းထောင်ချီကာ ပါဝင်ဆင်နွှဲလာကြလေပြီ။ အီလက်ထရွန်းနစ်စာလွှာများ များ၊ အီလက်ထရွန်းနစ် နှုတ်ခွန်းဆက် ကဒ်ကလေးများ။ ကမ္ဘာလွမ်းခြုံအီလက်ထရွန်းနစ် ရင်ခုန်သံ များ။ အီလက်ထရွန်းနစ် ချစ်မေတ္တာတရား။

မြန်မာပြည်သားတွေကော ဤအစဉ်ဤအလေ့တွင် ကျန်ရစ်ခဲ့ပါသည်လား။ မကျန်ရစ်ပါ။ လွန်ခဲ့သော ဆယ်နှစ်ခန့်မှစတင်ကာ မြန်မာပြည်လူငယ်တို့သတိပြုမိလာသည်။ နိုင်ငံတကာရောက် မြန်မာပြည်သားအရေအတွက်က အလွန်ပင်များပြားလာသည်။ အချို့က ပညာရှာ၊  စီးပွားရှာ။ အချို့က နိုင်ငံရေးယုံကြည်ချက်ကြောင့် မင်းဆိုးပြည်ကိုခွာ။ ပြည်တွင်းနေလူငယ်တို့သည် လည်း ဗယ်လင်တိုင်းစ်ဒေးခေါ် ချစ်သူများနေ့တွင်သစ္စာနှံကြသည်။ ဆုံသည်။ တွေ့သည်။ တိုင်တည် သည်။ ခိုင်မြဲသည်။ တည်ဆောက်သည်။ ကတိကဝတ် ထားသည်။ ပို၍ပို၍ချစ်ကြသည်။ ပြည်တွင်းက အပျိုမကလေးက ပြည်ပရောက်ချစ်သူကို ဤရက်မှာ ပိုလွမ်းသည်။ ပြည်ပရောက် မိန်းကလေးက လည်း ပြည်တွင်းကျန်  ချစ်သူကို ဤရက်မှာ အထူးသတိရသည်။

ပြည်တွင်းမှ ပြည်ပသို့လှမ်းကာ ပြည်ပမှပြည်တွင်းသို့လှမ်းကာ၊ အရှေ့တိုင်းအနောက်တိုင်းတကွဲစီ နေထိုင်ကာ ရေခြားမြေခြားအဝေးချစ်ချစ်ရသူတွေကတော့ နိုင်ငံတကာချစ်သူများပျော်ကြပုံ၊ ဆုံကြပုံ များ၊ အနမ်းပင်လယ်ကျော မျောပါပုံများကို မလိုတမာကြည့်မိချင်ကြည့်မိမည်။ သူများချစ်သူတွေမြင် တဲ့အခါ ခေါင်းထဲမှာ မူးမူးလာတယ်ဟု ဂျေမောင်မောင်က သီချင်းလုပ်ဆိုပြဖူးသည်။

တကယ်တော့ ယခုအချိန်တွင်ဝေးကွာနေသူများသည် မင်းဆိုးကြောင့်သာ ကွဲကွာနေရခြင်းဖြစ် သည်ဟု သေချာပေါက် ဆိုခွင့်ရှိမည် ထင်သည်။ စီးပွားရေးအရဖြစ်စေ၊ ပညာရေးအရဖြစ်စေ၊ နိုင်ငံရေး အရဖြစ်စေ တိုင်းပြည်ကိုစွန့်ခွာရသော်လည်းမည်သူမဆို အမိမြေကို ချစ်ကြမည်။ တိုင်းပြည်ကိုချစ်ရာ၊ မြန်မာပြည်သားဖြစ်ရခြင်းကို ဂုဏ်ယူရာတွင်မြန်မာလူမျိုးတို့သည် ထိပ်ဆုံးတန်းကပါကြောင်း စစ်တမ်း တစ်ခုက ဖော်ပြဖူးသည်။ ရောက်လေရာတွင် “ရွှေ” ဟု  မိမိကိုယ်ကိုယ် ဂုဏ်ယူတတ်ကြသူများ။ ဤမျှချစ်သည့်တိုင် ဤသို့ချစ်သူများကို စွန့်ခွာနေကြရသည်မှာ မင်းဆိုးကြောင့် ဖြစ်ပါသည်ဆိုလျှင် ခင်ဗျားသဘောတူမည် ထင်သည်။

ချုပ်ပါမည်။ ဗယ်လင်တိုင်းစ်ဒေးသည် မင်းဆိုးကို အာခံခြင်းဖြင့်လည်းကောင်း၊ ချစ်ခြင်းမေတ္တာ တရားအတွက် အသက်ကိုစွန့်လှူအပ်ခြင်းဖြင့်လည်းကောင်း စတင်ပေါ်ပေါက်လာခဲ့သည်။ ဤသို့သော အထိမ်းအမှတ်နေ့ဝန်းကျင်တွင် မြန်မာတို့သည်လည်းချစ်သူကို သတိရမည်။ လွမ်းမည်။ ခင်ဗျားလည်း ချစ်ရသူကို လွမ်းချင်လည်း လွမ်းနေမည်။ လွမ်းပြီးလျှင် ချစ်သူများနေ့ဆိုသည်မှာ မင်းဆိုးမင်းညစ် တို့ကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်းတော့ မေ့မထားလျှင်ပိုလှမည်။

မတရားသည့်အမိန့်တို့ကို အာခံခြင်း ဖီဆန်ခြင်းဖြင့် ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်းကလေးတော့ တစ်ချက်ကလေးမျှ တွေးကြည့်လျှင် ပိုလှပမည်။ ချစ်သူကိုလွမ်းပြီးလျှင်…ချစ်မေတ္တာအတွက် အသက်ပေးစွန့်သွားသည့် အာဇာနည်သူတော်စင်ဗယ်လင်တိုင်းကိုလည်း ခင်ဗျား လွမ်းဆွတ် ရိုကျိုးမိပါသေးသည်ဆိုလျှင်တော့ ချစ်သူများနေ့ကလေး ပိုမိုလှပတင့်တယ်လာမည်မှာ သေချာသည်။

သန်းဝင်းထွဋ်

ဖေဖော်ဝါရီ (၁၄) ၂ဝဝ၅၊ စိန့်ဗယ်လင်တိုင်းစ်ဒေး၊ (ချစ်သူများနေ့လို့ ပြောပြောနေကြတဲ့နေ့)