ဥရောပ၊ အသက်မွေးဝမ်းကျောင်းပညာနဲ့ အာမခံများ (မောင်ကြီးငြိမ်းချမ်း)

Posted on Posted in ပညာရေး

Europe-after-the-Congress-of-Vienna-1815,historyiscoolerthanrock.blogspot.com - 1292 × 1000 -ဥရောပ၊ အသက်မွေးဝမ်းကျောင်းပညာနဲ့ အာမခံများ

လူတယောက်ကိုတွေ့တာနဲ့ ဘာအသက်မွေးဝမ်းကျောင်းတတ်သလဲ မေးတတ်တဲ့ ဥရောပနဲ့ စကင်ဒီနေဗီးယန်းနိုင်ငံတွေကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မြန်မာနိုင်ငံသား လူငယ်အများစုဟာ ပုံမှန်အခြေခံ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို ပြီးမြောက်တဲ့အထိ သင်ကြားဖို့အတွက် သိပ်ပြီး စိတ်ဝင်စားမှုမရှိကြပါဘူး။

စိတ်ဝင်စားမှုမရှိတဲ့အချက်တွေကို ပြန်လည်သုံးသပ်ရမယ်ဆိုရင်တော့ ဥရောပနိုင်ငံတွေကို ရောက်လာကြတဲ့ အသက်အရွယ်ပေါ်မှာလည်း မူတည်ကြပါတယ်။ အသက် ၁၂ နှစ်အောက် ရောက်လာတဲ့ကလေးများကတော့ ဥရောပနိုင်ငံတွေရဲ့ ပညာရေးစနစ်ထဲမှာ အခက်အခဲတွေ ရှိပေမဲ့၊ အကူအညီများစွာရရှိပြီး တက္ကသိုလ်၊ ကောလိပ် စသည်ဖြင့် ဥရောပက ကလေးများအတိုင်း သွားကြဖို့ပဲ အစီအစဉ် စိတ်ကူးစိတ်သန်းတွေနဲ့ အပြင်းအထန် ကြိုးစားကြပါတယ်။

အသက် ၁၃ နှစ်နဲ့အထက် လူပျိုပေါက် အပျိုပေါက်အရွယ်ကတော့ ဥရောပနိုင်ငံတွေရဲ့ ပညာရေးဥပဒေအရ အသက် ၁၆ နှစ်နဲ့ ၁၈ နှစ်ကြားအထိသာ မဖြစ်မနေအခြေခံ ပညာသင်ကြားရေး ဥပဒေအရ အခြေခံကောင်းစွာ သင်ကြားခွင့်မှာ အားနဲမှုတွေနဲ့ ကြုံတွေကြရတဲ့အတွက် ၇၀ ရာခိုင်နှုန်းလောက်ဟာ အရွယ်ရောက်ပြီးသား လူကြီးများအတွက် ဖွင့်လှစ်ထားတဲ့ကျောင်းတွေမှာ တက်ရောက်ကြရပါတယ်။ ဒါတွေဟာ မရှိတာထက်၊ မသိတာ ပိုခက်တဲ့ မြန်မာနိုင်ငံသားများရဲ့ စကားပုံနဲ့ တိုက်ရိုက်ကြီးကို ပတ်သက်နေပါတော့တယ်။

ဥရောပကို ရောက်တဲ့ မိဘတော်တော်များများဟာ မြန်မာပြည်တွင်းမှာ နှစ်ပေါင်းများစွာဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တွေကြောင့် ပညာကောင်းစွာသင်ကြားခဲ့ရခြင်း မရှိသလို၊ ဗဟုသုတပိုင်းဆိုင်ရာမှာ လည်း လွန်စွာမှ အားနည်းလှပြီး၊ အကြောက်တရားတွေနဲ့ မိမိလိုအပ်ချက်ကို ပြောဆိုဖို့ထက် အများက ကူညီမဲ့အကူအညီကို စောင့်နေတဲ့သူတွေများလှတာကို တွေ့ကြုံရပါတယ်။ ယဉ်ကျေးမှု ကွာခြားချက်၊ လူနေမှုစရိုက် မတူညီမှုတွေကလည်း အခက်အခဲတွေ ဖြစ်စေပါတယ်။

 

ဒီကြားထဲမှာ ပိုက်ဆံ၊ ပိုက်ဆံဖြစ်နေတဲ့သူတွေက အသက်မွေးဝမ်းကျောင်း ပညာသင်ရင် အစိုးရဆီက ပိုက်ဆံချေးရတယ်၊ အလုပ်လက်မဲ့နဲ့နေရင်တောင် ကျောင်းတက်တာထက် ပိုရတယ်ဆိုတဲ့ အချောင်သမား အတွေးအခေါ်တွေကိုလည်း ပုံးဗောလဗော ဖြန့်ချိတဲ့သူတွေက လည်း မြန်မာအသိုင်းအ၀န်းမှာ အလွန်အမင်းများလှတာကို တွေ့ရပြီး၊ ဘာမသိ ညာမသိ မိဘများကလည်း စေတနာနဲ့ အမှန်အတိုင်းကိုပြောတဲ့သူဆိုရင် မုန်းတဲ့အဖြစ်တွေကလည်း ကိုယ်တွေ့ကြုံခဲ့ရဖူးပါတယ်။

ထားပါတော့။ အသက်မွေးဝမ်းကျောင်းပညာရပ် ဘာကြောင့် ဥရောပမှာ အရေးကြီးပါသလဲ ဆိုတာကို ကျနော် ရှင်းပြပါမယ်။

အကယ်၍ ဥရောပမှာ ထိခိုက်ဒဏ်ရာတခုခု အလုပ်ခွင်ထဲမှာ မဟုတ်ဘဲ ပြင်ပမှာဖြစ်ပြီဆိုပါတော့၊ အားလုံးအတွက် မိမိဘာသာလိုအပ်တဲ့အာမခံများ လုပ်ထားရင် လုပ်ထား၊ မလုပ်ထားခဲ့ရင် ယာဉ်နဲ့ ပတ်သက်ပြီး မတော်တဆတစုံတရာ ဖြစ်ခဲ့မယ်ဆိုရင် အာမခံကုမ္ပဏီတွေက လျှော်ကြေး ပေးကြရပါတယ်။ လျော်ကြေးပေးတဲ့နေရာမှာ ထိပ်ပေါက်ခေါင်းကွဲ၊ ခဏတဖြုတ်ဒဏ်ရာတွေ အတွက်လည်း အသက်မွေးဝမ်းကျောင်းပညာရပ်က သိပ်ပြီး အကျိုးသက်ရောက်မှုမရှိပါဘူး။ သို့သော်လည်း ကိုယ်လက်အင်္ဂါဆုံးရှုံးရခြင်းနဲ့ နာတာရှည်ရောဂါဖြစ်ပြီဆိုရင်တော့ ကိုယ်တတ်မြောက်ထားတဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်က သိပ်ကို အကျိုးထိရောက်လှပါတယ်။

 

ကိုယ်တွေ့ကြုံရတဲ့အဖြစ်အပျက်တခုကို ဥပမာပေးရမယ်ဆိုရင် မြန်မာနိုင်ငံကနေ ဖင်လန်နိုင်ငံကို ရောက်ပြီး အသက်မွေးဝမ်းကျောင်းပညာရပ်ကို သင်ကြားမထားတဲ့ အသက် ၂၃ နှစ်အရွယ် လူငယ်တယောက်ဟာ ကားတိုက်မှုဖြစ်ပြီး သေရာပါဒဏ်ရာတွေနဲ့ ဘယ်လိုမှ လူကောင်းပြန်မဖြစ် နိုင်တဲ့ အဖြစ်ပျက်ပါ။ အာမခံရှိတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုအားလုံးကို အကောင်းဆုံး ပြင်ပက ဖွင့်လှစ်ထားတဲ့ဆေးရုံဆေးခန်းတွေမှာ ကုသခွင့်ရပါတယ်၊ ပြန်လည်ထူထောင်ရေးအတွက်လည်း ထောက်ပံ့ကြေးတွေ ရပါတယ်။ နောက်ဆုံး ကျန်းမာရေးပင်စင်ကိစ္စဆွေးနွေးတဲ့အခါမှာတော့ အသက်မွေးဝမ်းကျောင်းပညာ အောင်မြင်ထားခြင်း ရှိမရှိကို မေးမြန်းပါတော့တယ်။

အသက်မွေးဝမ်းကျောင်းပညာရပ်တခုခုသာရှိခဲ့မယ်ဆိုရင် အလုပ်သမားသမဂ္ဂတွေက သတ်မှတ် ထားတဲ့ အနိမ့်ဆုံးလစာတွေနဲ့ ပင်စင်ပေးရမှာဖြစ်ပြီး၊ အသက်မွေးဝမ်းကျောင်းပညာရပ် အောင်မြင် ထားခြင်းမရှိရင်တော့ အလုပ်လက်မဲ့တွေရတဲ့ အစိုးရသတ်မှတ်ထားတဲ့ အခြေခံလူမှုဖူလုံရေး ထောက်ပံ့ကြေးနဲ့ ရရှိမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အနိမ့်ဆုံး လစာ ၁၆၀၀ ဆိုပေမဲ့ အလုပ်လက်မဲ့ ထောက်ပံ့ရေးက ၄၀၀ ကျော်ပဲရှိတဲ့အတွက် ၄ ဆလောက် ကွာပါတယ်။

အာမခံကုမ္ပဏီတွေမှာ အလွန်ပဲ ဥပဒေကို ကျွမ်းကျင်တဲ့ ပညာရှင်များရှိတဲ့အတွက် ခံရသူဘက်က ဘယ်လောက်ပဲ ဥပဒေကြောင်းအရ လိုက်ပါဆောင်ရွက်ပေးပေမဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်တခုကို အောင်မြင်စွာသင်ကြားထားခြင်း မရှိတဲ့အခြေအနေကြောင့် ငွေကြေးအရများစွာ နစ်နာဆုံးရှုံးတဲ့အပြင်၊ အခွင့်အရေးပိုင်းမှာလည်း များစွာဆုံးရှုံးခဲ့ရပါတယ်။ နောက်တချက်ကတော့ အသက်မွေးဝမ်းကျောင်းမရှိတဲ့အတွက် သက်ဆိုင်ရာသမဂ္ဂတွေရဲ့ ဖေးမကူညီမှုကို မရရှိတာပါပဲ။

ကျနော်ရေးသားခဲ့တဲ့အချက်အလက်တွေကို ဖတ်ရှုပြီး အသက် ၃၀ အောက် လူငယ်တွေဟာ ဥရောပနိုင်ငံတွေကို ရောက်လာခဲ့မယ်၊ နေထိုင်ကြရမယ်ဆိုရင် အသက်မွေးဝမ်းကျောင်း ပညာရပ်တခုခုကို မဖြစ်မနေတတ်မြောက်အောင် သင်ကြားသင့်ကြောင်း အကြဉာဏ် ပေးအပ်ပါတယ်ခင်ဗျာ။

မောင်ကြီးငြိမ်းချမ်း