သာသည့်မြေသို့ ငှက်သွင်ပျံကြွ မတတ်သော် (မြတ်စိုး-တောင်ငူ)

Posted on Posted in သူ့ဘဝ၊သူ့ရှုခင်း

 

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းလေးတခုဆီမှသည် .....
ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းလေးတခုဆီမှသည် …..

ကျနော်သည် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတနေရာမှ တတိယနိုင်ငံတခုဆီသို့ အခြေချပြောင်းရွှေ့ခွင့်ရပြီးနောက် တနေ့သားတွင် ဘ၀တူဒုက္ခသည်မိတ်ဆွေများနှင့် အမှတ်တရ နှုတ်ဆက်ပွဲလေးတခု လုပ်ဖြစ်ခဲ့ပါသည်။ ထိုနှုတ်ဆက်ပွဲလေးသည် အမိမြေမှဝေးသထက်ဝေးရာ နေရာသို့ ထွက်ခွာရခြင်းဖြစ်သည့်အလျောက် ကျနော့်အတွက် စိတ်လှုပ်ရှား ရင်ခုန်စရာ အလွန်ကောင်းလှပါသည်။ ထိုပွဲတွင် မှတ်မှတ်ရရ ကျနော့်ရင်တွင် ကိန်းအောင်နေသည့် .ကဗျာလေးတပုဒ်ကို ရွတ်ဆို၍ အမိမြေကို ဘယ်သောအခါမှ မေ့သွားနိုင်မှာမဟုတ်ကြောင်း၊ ကိုယ့်တိုင်းကိုယ့်ပြည်ကိုသာ ပြန်လည်လွမ်းဆွတ်တမ်းတ၍ အခါအခွင့်သင့် သည်နှင့် ပြန်မည်ဖြစ်ကြောင်း အလေးအနက်ပြောဖြစ်ခဲ့သည်ကိုလည်း ပြန်လည်အမှတ်ရနေမိပါသည်။ ထိုကဗျာလေးမှာ ကဗျာဆရာမငွေတာရီရေးသားသည့် သာသည့်မြေသို့ …ကဗျာလေးဖြစ်ပါသည်။

သည်ကဗျာလေးကို၊ ၁၉၇၀ ခုနှစ် ကျနော် န၀မတန်းတက်ခဲ့စဉ်က စတင်သင်ကြားဖူးခြင်း ဖြစ်သည်။ ကျနော်တို့မြန်မာစာဆရာမက ထိုကဗျာလေးကိုသင်ပေးခဲ့ရာတွင် စနစ်တကျ ရှိလှတာကိုလည်း မှတ်မိနေပါသည်။ ကဗျာစာဆို ဆရာမငွေတာရီသည် ဥရောပနိုင်ငံ တခုသို့ ရောက်ရှိဖူးရာ ထိုနိုင်ငံနှင့် မိမိနိုင်ငံတို့ကို ဥယျာဉ်နှစ်ခုအဖြစ် နှိုင်းယှဉ်တင်စား၍ ယင်းကဗျာကို ဖွဲ့ဆို ထားခြင်းဖြစ်ကြောင်း၊ ဂုဏ်၊ အလင်္ကာ၊ ရသများနှင့် မည်သို့ခံစားရေးဖွဲ့ထားကြောင်း စသည်ဖြင့် ရှင်းလင်း သင်ကြားပေးခဲ့ပါသည်။ ထို့အပြင် ကဗျာ၏ ဆိုလိုရင်းကိုလည်း ဆရာမက ပိုင်းခြားဝေဖန် စိစစ်ပြခဲ့ပါသည်။

ဆရာမငွေတာရီသည် သူတပါးနိုင်ငံ၏သာယာလှပပုံ၊ နေချင်စဖွယ်ဖြစ်ပုံနှင့် မိမိနိုင်ငံမှာမူ နေချင်ဖွယ် မရှိအောင်ဖြစ်ပျက်နေပုံတို့ ကို နှိုင်းယှဉ်ရေးဖွဲ့ထားပြီး၊ နောက်ဆုံးတွင်မူ သူများနိုင်ငံတွင် အထင်ကြီးနေချင် ဖွယ်ကောင်းလှသော်လည်း၊ မိမိနိုင်ငံကိုလည်း အလားတူ သာယာ လှပ လာအောင် ကြိုးစားအားထုတ်၍နေထိုင်သွားလိုပုံကို ဂုဏ်ရသမြောက်စွာ ရေးဖွဲ့ထား သဖြင့်၊ ရေးဖွဲ့သူ၏ ခံယူချက်ကို လေးစားမိခဲ့ပါသည်။ သို့ဖြစ်ရာ အထက်တန်း ကျောင်းသားဘ၀ကတည်းက သင်ယူခဲ့ရသောကဗျာများအနက် ဤကဗျာလေးတပုဒ်သည် ယနေ့ချိန်ထိတိုင် ကျနော်စွဲမြဲ မှတ်မိနေစရာ ဖြစ်ခဲ့ရပါသည်။

သို့နှင့် ကျောင်းနေစဉ်က နိုင်ငံခြားဆိုသည်မှာ ရုပ်ရှင်ထဲတွင်သာကြည့်မြင်ဖူးရုံမှလွဲ၍ စိတ်ကူးယဉ်ခဲ့ ဖူးခြင်းပင်မရှိသောကျနော်သည် တစ်နေ့သော် ကြီးမားလှသော ဘ၀အလှည့်အပြောင်းတခုနှင့် ဆုံတွေ့လာရပြီး ဥရောပနိုင်ငံတခုသို့အမှတ်မထင် အခြေချနေထိုင် လာခဲ့ရလေပြီ။ ထိုအခါတွင်လည်း ထိုကဗျာလေးသည် ကျနော့်၏ စွဲမြဲနေသောအာရုံတွင် အဖန်ဖန်အလဲလဲ ပေါ်လာတတ်ကာ ကဗျာပါ စာသားအချို့ကိုလည်း တသသ တရရ စဉ်းစားဆင်ခြင်မိလာခဲ့ပါသည်။

စင်စစ် ကဗျာဆရာမကိုယ်တိုင် ကျနော်စဉ်းစားမိသလို စဉ်းစားပြီးရေးခဲ့လေသလား၊ သို့မဟုတ် သာမန် ဥယျာဉ်ပျက်တခုကိုပဲ ပုံဖော်ရေးသလားတော့မသိပါ။ ကျောင်းမှာသင်ကြားပေးခဲ့သူ ဆရာမကလည်း ကျနော်တွေးဆဆင်ခြင်မိသလိုမျိုးမရှိခဲ့လေ၍ ထည့်မပြောခဲ့ပေခြင်းလော၊ သို့မဟုတ် ရှိခဲ့သော်ငြားလည်း၊ ထိုခေတ်ကာလ ပယောဂကြောင့် ထည့်မပြောသင့်၍ ထည့်မပြောလေ သလား မသိတတ်တော့ပါ။ ကဗျာဆရာမကတော့ စဉ်းစားဆင်ခြင်မိ၍သာ တမင်ထည့်သွင်းရေးဖွဲ့ခဲ့မည်ဟု ယူဆမိပါသည်။ ထိုခေတ်ကာလတွင်လည်း စစ်တပ်၏ခြေရှုပ်မှု တွေကို ဖတ်ဖူးခဲ့ပါသည်။ စာတပုဒ်ထဲတွင် ကဗျာဆရာကြီး ဒဂုန်တာရာလည်း တချိန်က ရှင်းလင်းသပ်ယပ်နေသောပန်းခြံတနေရာတွင် လွတ်လပ်ရေးရပြီးနောက် တော်လှန်ရေးပန်းခြံ အဖြစ် ပြောင်းလဲသတ်မှတ် လိုက်ချိန်ကစ၍ စစ်သားများနှင့်ခြေရှုပ်နေသည်ကို ခြုံနွယ်ပင်စိမ်းများ နှင့် တင်စားခဲ့ရေးသားဖူးသည်ဟု ဆိုသည်။ ယခုလည်း ငွေတာရီ၏ (စိမ်းရင့်ရောင် နွယ်ခြုံပုတ်များ နဲ့ ရှုပ်ထွေးကာလိမ်ခွေယှက် အားပျက်စရာ) ဟုရေးသားထား ချက်ကို ခြေချင်းလိမ်၍ နေရာတကာ အာဏာပြနေကြသော စစ်သားများကို တွေးမြင်နေမိသည်။ တပ်မတော်သည် တရား ဥပဒေကိုလေးစား လိုက်နာ၍ ပြည်သူလူထုအပေါ် ကိုယ်ချင်းစာတရားထားမည်ဆိုပါက “ ကတိသစ္စာ တည်သော အခါ၊ နွယ်မြက်သစ်ပင် ဆေးဘက်ဝင်၏” ဆိုသကဲ့သို့ ဆေးဘက်ဝင်အပင်များ ဖြစ်စေချင်ပါသည်။ ယခုတော့ ပဒိုင်းသီးလို၊ ဆုတ်လည်း စူး၊ စားလည်း ရူး၊ နမ်းလည်း မူး..ဆိုသလို ဖြစ်နေပြီ။ ထို့ကြောင့် ကျနော့်လို အမိမြန်မာပြည်မှ သူတစ်ပါးနိုင်ငံသို့ ထွက်ခွာလာခဲ့ရသူတွေ သိန်းသန်းချီ နေလေပြီ။

ဥရောပနိုင်ငံတခုသို့အခြေချနေထိုင်လာခဲ့ရသည်မှပြန်၍ စကားဆက်ပါဦးမည်။ ယခုတော့ သူများ နိုင်ငံကို အိပ်မက်ဆံစွာရောက် လာရသည့်အခါ၊ တောသားမြို့ရောက်၊ ကျီးကန်းတောင်းမှောက်အဖြစ်ဖြင့် အမေနှင့်ရွာကိုလွမ်းတယ်ဟုဆိုရမလို ရောက်လေရာ တိုင်း မြင်သမျှတွေ့သမျှအရာအားလုံးကိုကြည့်၍ ကိုယ့်ပြည်ကိုယ့်နိုင်ငံကို သတိရနေမိလေသည်။

သူတို့ဆီက အစားအသောက် ဟင်းသီးဟင်းရွက်ရောင်း သည့် ဈေးဆိုင်ကြီးတွေမှာ၊ တင်ရောင်းတဲ့ အသီးအနှံ၊ အသီးစည်သွပ်ဘူး အတော်များများကိုကြည့်တော့ ကျနော်တို့နိုင်ငံမှာထွက်သည့် အရာတွေချည်း။ ခရမ်းချဉ်သီး၊ ကြက်သွန်နီ ကြက်သွန်ဖြူ၊ ဂျင်း၊ သရက်သီး၊ ဖရဲသီး၊ သခမသီး၊ စည်သွပ်ဘူးများ… လိုင်ချီးသီး၊ ကြက်မောက်သီး၊ ပဲမျိုးစုံ၊ မျှစ်က အစ။ ဒါပေမင့် တံဆိပ်များကို ကြည့်လိုက်တော့ ထိုင်းတံဆိပ်များချည်း တွေ့နေရ၍ အားမလို အားမရဖြစ် ရပြန်သည်။ အမှန်စင်စစ် ထိုအရာများ အားလုံး မြန်မာပြည် မှ ပို့လို့ရသည့်အရာများချည်းမဟုတ်လား။

တကြိမ်မှာတော့ ပရိဘောဂဆိုင်ကြီးများဆိ ကျနော်ရောက် သွားခဲ့သည်။ ထိုနေရာကို နော်ဝေရောက် ကျနော်တို့ မြန်မာ များက အီးဂေဟာဟု ခေါ်ကြသည်ကို ကြားဖူးသည်။ သူတို့ရေးထားတာက EKA ဟုသာ။ ထိုဆိုင်ကြီးမျိုးက နော်ဝေနိုင်ငံ၏ မြို့ကြီး (၃) မြို့မှာသာ ရှိသည်ဟု ဆိုသည်။ ဆိုင်များအတွင်းလိုက်ကြည့်သည့်အခါ ပရိဘောကပစ္စည်းအားလုံး နိုင်ငံထွက် ထင်းရူးသား၊ သို့မဟုတ် ထင်းရူးသားလို အသားမျိုးများနှင့်ချည်းသာ လုပ်ထားကြခြင်းဖြစ်သည်။ ဆက်တီဆိုလည်း အပေါ်မှာ ဆိုဖာလို ကတ္တီပါလို မျိုးတွေကို အုပ်ထားကြခြင်းသာ။ တနေရာမှာတော့ ထူးထူးခြားခြား ကျွန်းသားနှင့်လုပ်ထားသည့်စားပွဲလေးတလုံးကို ကျနော် တွေ့ခဲ့ရသည်။ ကျွန်းသားမှန်းသိသာစေရန်၊ ပေါ်လစ်သုတ်ခြင်း၊ ဆေးသုတ်ထားခြင်းတို့ အလျဉ်းမရှိ။ အရှည် ၄ ပေ၊ အကျယ်၂ ပေ ခွဲလောက်နှင့် အမြင့်မှာ၂ ပေခန့်မျှ။ ယင်းကိုပင် ၁ ခွဲပတ်လည်ခန့်တိုင် ၄ တိုင်နှင့်။

အခင်းနှင့်အကာကိုကြည့်လျှင်လည်း ၄ -၅ မူးလောက် အသားနှင့်။ အကွက်လည်း ဖော်ထားခြင်းလည်းမရှိ၊ ပကတိအသားစင်း ရိုးရိုးလေးမျှသာ။ ကျနော်က သေချာအောင် ကုံး၍ပင်နမ်းကြည့်မိသေးသည်။ အသေအချာပင် ကျွန်းသားမှ ကျွန်းသား။ ရောင်းဈေးကို ကြည့်ပြီး မြန်မာငွေနှင့်ပြန်ညှိကြည့်လိုက်တော့ မြန်မာငွေ ကျပ်နှစ်သိန်းခွဲလောက် ဖြစ်နေ၍ လန့်များပင် လန့်သွားမိခဲ့သည်။ မြန်မာ မှာတုန်းက ကျွန်းပကာသားတွေပေါလွန်း၍ မီးရှို့ထင်းဆိုက်ပစ်တာတွေပြန်တွေးမိကာ နှမြောမဆုံးနိုင်အောင် ဖြစ်ရသည်။

သူတို့ဆီက သစ်တောဆိုတာတွေ ရောက်သွားတော့လည်း ၅ ပေ ၆ ပေခန့်သစ်ပင်ဆိုတာပင် မတွေ့ရ သလောက်။ ၃ ပေခွဲ ၄ ပေ ပတ်ဝန်းကျင်သစ်ပင်ဆိုတာ အကြီးဆုံး အမြင့်ဆုံး။ တနိုင်ငံလုံးမှာလည်း မြေသားကျယ်ကျယ်ဝန်းဝန်း ရှိလှတာ မဟုတ်။ နော်ဝေ အကျယ်အ၀န်းက မြန်မာနိုင်ငံထက်ဝက်သာသာလေး။ သည်အထဲ စိုက်ပျိုးမြေဆိုသည်က ၃ ရာခိုင်နှုန်းမျှသာ ရှိသည်။ ဒါတောင် နွေရာသီတခုမှာသာ စိုက်၍ပျိုး၍ ရသည်။ ပန်းသီးနှင့်စတော်ဘယ်ရီကိုသာ အစိုက်များတာတွေ့ရပြီး ဂျုံခင်းနည်းနည်းလည်း  ရှိသည်။ ထို ၃ ရာခိုင်နှုန်းစိုက်ပျိုးမြေမှလွဲ၍ ကျန်နေရာအားလုံးမှာ ကျောက်တောင် ကျောက်သားတွေ ချည်းသာဖြစ်ရာ ပေါက်ရောက် သည့် သစ်တောကလည်း ကြီးထွားနှုန်းမမြန်ပါ။ ထင်းရှူးနှင့်သစ်ပွသား တွေချည်းသာ ပေါက်ရောက် ကြပြီး၊ ထိုအရာတွေကိုပင် အဆောက်အဦးဆောက်၊ သင်္ဘောအသေးစားလေးတွေ လုပ်ကြခြင်း ဖြစ်သည်။ ဒါပေမင့် သူတို့က ထိုသစ်များကိုပင် တန်ဖိုးရှိရှိ အသုံးချကြသည်ကို သတိထားမိသည်။

တောထဲသစ်ခုတ်သစ်လှဲပြီဆိုကတည်းက၊ တခါတည်း အမှုန့်ကြိတ်စက်ပါ ယူသွားကြသည်။ ခွဲ၍မရသည့်အသားများကို တခါတည်းအမှုန့်ကြိတ်၊ ထိုအမှုန့်ကို အပြားကြီးများဖြစ်အောင် ပြန်လုပ်၊ သစ်သားပြားကြီးများဖြစ်လာတော့မှ၊ တံခါးရွက်များ၊ စားပွဲအခင်းများ လုပ်ကြခြင်း ဖြစ်သည်။  ကိုယ့်နိုင်ငံမှာတော့ မြေသားပေါ်ပေါက်သည့်သစ်ပင်များက ကြီးထွားနှုန်းလည်း မြန်၊ သစ်အမျိုးအစားကလည်း ကောင်းပါလျက်က ထိုက်သင့်သောတန်ဖိုးမရှိဖြစ်နေရတာတွေးမြင်မိပြီး နှမြော၍မဆုံးနိုင်တော့။

စင်စစ် နော်ဝေနိုင်ငံသည် ယခင်က အလွန်ဆင်းရဲသည့် နိုင်ငံတနိုင်ငံမျှ။ ၁၉၆၉၊ ၇၀ လောက်မှာတော့ ပင်လယ်ထဲကရေနံတွေ ထွက်ပြီး သူတို့ချမ်းသာလာကြသည်။ ထိုငွေတွေကို အစိုးရက၊ စနစ်တကျအသုံးချပြီး တိုင်းပြည်ဖွံ့ဖြိုးအောင်ကြိုးပမ်းလုပ်လာကြရာမှ ယခုဆို နော်ဝေသည် ပီဘိနိဗ္ဗာန်ဘုံတမျှ။

သူတို့နိုင်ငံမှာ ကျနော်တို့လိုလာရောက်အခြေချနေထိုင်ကြသူများအားလုံး သူတို့ဘာသာစကားနဲ့ သူတို့ယဉ်ကျေးမှုအကြောင်း သင်ကြရရာ တနေ့မှာ ဆရာမကြီးတယောက်က အခုဆို နော်ဝေမှာ နောင်အနှစ်(၁၀၀) စာအတွက် အပိုငွေတွေရှိကြောင်း ဂုဏ်ယူပြီး ပြောပြလာသည်။ တကယ်လည်း  ဟုတ်ပါသည်။ သို့သော် ကျနော့်စိတ်တွင်လည်း ဇာတိပုည ဂုဏ်မာနက ထောင်းကနဲ ထလာ၍ “ မင်းတို့နှစ် (၁၀၀)စာဆိုတာ လူဦးရေ ငါးသန်းထဲဆိုတော့ ဟုတ်မှာပေါ့” လို့ ပြန်ပြောမိပြီး “ ငါတို့မှာက လူသန်းငါးဆယ် ဆိုတော့ အဲဒီ့လောက်ငွေစာ၂- နှစ်ဆို ကုန်မှာပဲ။ ပြီးတော့ ငါတို့မှာ နှစ် ၁၀၀- စာမပြောနဲ့ တစ်နှစ်စာတောင် ကြိုစုထားတာမရှိဘူး၊ ဒါပေမဲ့ ငါတို့မှာ မြေအားလုံးက စိုက်လို့ ရတယ်၊ ၃ လ အတွင်း စားလို့ရတယ် ” ဟုဆက်ပြောလိုက်သေးသည်။ သူက တအံ့တသြနှင့် “ မင်းတို့နိုင်ငံ ငါ လိုက်လည်ချင်တယ်” ဟု  ပြန်ပြောပါသည်။ “ နောက်ပြီး ငါတို့နိုင်ငံမှာ အကုန်ထွက်တယ်၊ ပင်လယ်ထဲက ငါးတွေ၊ ဓာတ်ငွေ့တွေ၊ သစ်တောတွေ၊ မြေအောက်က တွင်းထွက်သတ္တုတွေ၊ ပြီးတော့ ကျောက်သံပတ္တမြား။ ရွှေလည်း နေရာတိုင်းမှာ ထွက်တယ်” ဟု ကျနော်ဆက်ပြောတော့ သူတို့ အံ့သြခြင်းမက အံ့သြနေကြသည်။

ကျောက်တောင်ကိုဖောက်ထွင်းထားသောလှိုင်ဂူလမ်းပေါ်က  မိသားစုနွေရာသီတည်းခိုနိုင်သော bobil ကား
ကျောက်တောင်ကိုဖောက်ထွင်းထားသောလှိုင်ဂူလမ်းပေါ်က မိသားစုနွေရာသီတည်းခိုနိုင်သော bobil ကား

နော်ဝေမှာ မြေပြန့်ဆိုတာမရှိသလောက်။ ကျောက်တောင် အနိမ့်အမြင့်တွေနှင့်ချည်းသာ လွှမ်းသည်။ ကမ်းရိုးတန်းတွေဆိုလည်း၊ ကျွန်းဆွယ်တွေ၊ ကျွန်းတွေချည်း။ ကျွန်းတွေကလည်း ကျောက်တောင် ကျောက်ကုန်းတွေချည်း သက်သက်။ ထိုကျွန်းသေးကျွန်းကြီးအားလုံး ကျောက်တောင်များနှင့် ပင်လယ်ကြားက ကမ်းစပ်တကျောမှာ ရှိနေကြခြင်းဖြစ်သည်။ သူတို့နိုင်ငံသားတွေကလည်း၊ ချောက်ကြို မြောင်ကြားသာမက ကျွန်းအသေးအမွှားလေးတွေ ပေါ်မှာပင် နေထိုင်ကြသည်။ ဘယ်လိုနေရာမျိုးမှာနေသည်ဖြစ်စေ အစိုးရက ကား လမ်းဖောက် ပေးထားသည်။ လျှပ်စစ်မီးရအောင် သွယ်ပေးထားသည်။ အင်တာနက်လိုင်း သွယ်ပေးထားသည်။ တနိုင်ငံလုံး ကားလမ်းတွေချည်း အပြည့်၊ ရထားလမ်းတော့ နေရာတိုင်း မရှိပါ။ ကျောက်တောင်တွေ ထွင်းဖောက်လုပ်ထားရသည့်လှိုင်ခေါင်းများက နေရာတိုင်းလိုမှာ ရှိသည်။ ကြိုးတံတားတွေ၊ ပင်လယ်အောက်ကြမ်းပြင် တွင် ဖောက်ထားသည့် လှိုင်ခေါင်းလမ်းတွေလည်း ပေါ များလှသည်။ ကျွန်းကျွန်းချင်း ကူးရန်၊ တဖန် ကျွန်းတွေနှင့် ကမ်းရိုးတန်း ကူးရန် ဖယ်ရီဘုတ်လိုင်းတွေလည်း ပေါများလှသည်။ လမ်းပန်းဆက်သွယ်ရေးကတော့ ပြောစရာမရှိအောင် ဟာကွက်လပ်ကွက် မရှိပါပေ။

သူတို့စာသင်ကျောင်းတွေရောက်ပြန်တော့၊ စာသင်ခန်းထဲမှာသင်ထောက်ကူပစ္စည်းက အပြည့် အစုံ။ အပြည့်အစုံဆိုမှ တကယ့်ကို အပြည့်အစုံပါ။ လက်သမားပစ္စည်းကအစ၊ သုတ်ဆေး၊ ရွံ့လို ပစ္စည်းက အစ၊ ကွန်ပျူတာ၊ အခြားဆော့စရာ စုံလို့ပါပဲ၊ ဒါတွေနှင့် သူတို့ကလေးတွေကို စာသင်နေကြတာတွေ့ရသည့်အခါ၊ ကိုယ့်နိုင်ငံမှအရာရာမပြည့်မစုံရှာရသော ကလေးများကို သတိရလှသည်။

 ဂစ်တာတီးသီချင်းဆိုကာ အလှူခံနေတဲ့ အမျိုးသမီးငယ်လေးတဦး

ဂစ်တာတီးသီချင်းဆိုကာ အလှူခံနေတဲ့ အမျိုးသမီးငယ်လေးတဦး

သို့ဆိုလျှင် နော်ဝေနိုင်ငံသည် အရာရာ လှပပြည့်စုံနေသည်တော့ မဟုတ်ပါ။ နော်ဝေ၏အချို့သောနေရာများတွင် သူတို့အခေါ် လမ်းဘေးအဆိုတော်ဟုဆိုသော်လည်း   ကျနော်တို့အမြင် မှာတော့ တောင်းရမ်း စားသူများနှင့် မခြားသောလူများ၊ အဖြစ်များ ကိုလည်း မြင်ရနိုင်ပါသည်။ ထိုသူတို့က ဆင်းရဲသည့် အခြားဥရောပနိုင်ငံအချို့က လာရောက်ကြသူများ ဖြစ်သည်ဆို သည်။

သူတို့သည် နွေရာသီပွင့်လင်းချိန်တွင်ရောက်လာကြပြီး ခုလိုတောင်းရမ်းကြခြင်း ဖြစ်သည်။ အမျိုးသမီးငယ်လေးတွေရော၊ အမျိုးသားကြီးငယ်တွေပါ ပါသည်။  မိုက်ခရိုဖုန်းနှင့် ဂစ်တာတီး၊ သီချင်းဆို ပြီး တောင်းကြသည်။  အချို့လည်း ကျောင်းသားတွေဟု ဆိုကြသည်။ အတိအကျတော့မသိပါ။ သည်နေရမှာလည်း ကျနော်တို့ဆီက သူတောင်းစားနဲ့တော့ ကွာချင်တိုင်း ကွာတာပါပဲ။

 

ဂစ်တာတီးသီချင်းဆိုကာ အလှူခံနေတဲ့ လူငယ်လေးတဦး
ဂစ်တာတီးသီချင်းဆိုကာ အလှူခံနေတဲ့ လူငယ်လေးတဦး

ဘာပဲဖြစ်ဖြစ်၊ ကျနော့်အတွက်ကတော့ သာသည့်မြေသို့မှာ မသာယာချင်တော့ပါ။ ကိုယ့်ပြည်ကိုယ့်ရွာကို တခြားနိုင်ငံများ နည်းတူ စည်ဝေလှပလာလေအောင် ပေါင်းနှုတ်ပေါင်းသင် ချင်စိတ်က ပြင်းထန်နေဆဲပါ။

ဆရာမငွေတာရီပြောသလို” ပေါင်းနှုတ်ဖို့ခဲ ” ဆိုတာ တခု တည်းကြောင့်တော့မဟုတ်သေး။ ထုံးစံအတိုင်း ငါးပိ ရည်ကောင်းကောင်းလေးနဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် တို့စရာ ကောင်းကောင်းလေးများကြောင့်လည်း ပါသည်ပေါ့။ ရာသီအလိုက်ရိုးရာပွဲတော်တွေလည်း လည်ချင်ပတ်ချင်သည်လည်း ပါသည်ပေါ့၊ ပင်ကျရည် ပုစွန်ဆိတ်ခုန်လေးလည်း ဘီယာနဲ့ အစားထိုးချင်တာ ပါသည်ပေါ့။ တံတားဦးက ကွမ်းနုဝါ၊ ငံမြာက ဆေး ကွမ်းသီးတောင်ငူနှင့်၊ ကိုင်းထုံးဖြူ ပြည်ရှား သာဝါးလို့ထွေးရသည့် ကွမ်းယာစားလို စိတ်လေးလည်း ပါသည်ပေါ့။

အွန်လိုင်းမိတ်ဆွေတယောက် ရေးထားတာလေးသတိရသည်။  သူက မြန်မာပြည်မှာ ပျော်စရာ တွေအများကြီးပါဗျာတဲ့၊ ရေလာလို့ပျော်ရ၊ မီးလာလို့ ပျော်ရတဲ့၊ ဟုတ်တာပေါ့၊ ဒီမှာရေ၊ မီးအမြဲလာနေတာ သတိတောင်မထားမိ၊ သူတို့တွေ ပျော်ရမှန်း မသိကြရှာ။ နွေရာသီပူလောင်အိုက်စပ်နေတဲ့အချိန်၊ ယပ်တောင်လေးတဖျတ်ဖျတ်ခပ်ရင်း၊ ရေချိုးဖို့ စောင့် နေသူတွေ၊ ရေလာလို့ပျော်လိုက်ရ၊ တီဗွီကြည့်ဖို့စောင့်နေသူတွေ၊ စာကျက်ဖို့စောင့်နေသူတွေ မီးလာ လို့ထအော်လိုက်ကြ။

လူငယ်လေးတဦးကလည်း ရေးထားသေးသည်။ ..ပျော်ပျော်နေသေခဲ၊ မော်တော်နေ ရေထဲ၊ အိမ်မှာနေ အမေဆဲ၊ နေပြည်တော် မှာနေ အသားမဲ(မည်း)၊ ရန်ကုန်မှာ နေဗုန်းကွဲ၊ အမြင့်ဆုံးကိုတက်။ အချစ်ဆုံးကိုဖက်ပြီး အော်လိုက်မယ် မီးလာပြီဟေးးးးးး။ မီးလာပြီ…တဲ့။ ကဲ ကျနော်တို့မြန်မာ ပြည်ကလူတွေ ဘယ်လောက်များ ပျော်နေကြလဲ.. စဉ်းစားသာကြည့်ပေတော့။

တွံတေးသိန်းတန်ရဲ့ အသီးတရာအညှာတခုလို သီချင်းဟောင်းတွေ ပြန်နားထောင်ရင်း၊ ဆရာသိပံ္ပမောင်ဝရေးခဲ့ သလို တောသားနဲ့ မောင်လူအေး၊ မောင်လူအေးနဲ့တောသားပဲ ပြန်လုပ်ချင်နေမိလေသည်။ အမေနဲ့ရွာကိုလွမ်းသည့်ပြန်ချင်စိတ်က ငှက်သွင်ပျံကြွ မတတ်သော် ဆိုသလို ကဗျာဆရာမငွေတာရီ၏သာသည့်မြေသို့ ကဗျာက ယခုတိုင် ကျနော့်ရင်မှာ စီးမျောနေဆဲ၊ အတွေးထဲ ပျံ့လွင့်ဆဲ ခေတ်မီနေဆဲ။

မြတ်စိုး-တောင်ငူ

မူရင်း သာသည့်မြေသို့ကဗျာကို ဖော်ပြအပ်ပါသည်။

“သာသည့်မြေသို့”

အလှထူးပါဘိ

မြဖူးပြာအငုံနှင့်

လွှာရုံမှာ ညှာစုံကျင်းရော့ထင်

ဖြူဝင်း ငွေမှုန်လွှာတို့

လေယူရာ ရနံ့ညင်း

သင်းပျံ့ခဲ့ သူ့ခြံမှာ။

 

ငါ့ခြံ ကြည့်ပြန်တော့

မချိ ပူပွေဖြာခဲ့

မြေပြာမှာ နေစာမတင့်နိုင်ဘု

ကြည်စရာ နီဝါတွေလည်း မပွင့်လေတော့

စိမ်းရင့်ရောင် နွယ်ချုံပုတ်တွေက

ရှုပ်ထွေးကာ လိမ်ခွေယှက်

အားပျက်စရာ။

 

သူ့စခန်း

သာဆန်း ရဂုံသွင်မို့

ငါလှမ်းကာ ခိုဝင်လို့

ပြာငွေစင် ကြိုင်ပျံ့ရှားပါတဲ့

ပွင့်ငုံဆင် ပင်တွေကြားမှာလ

လျှောက်သွားကာ ပျော်လိုလှပါဘိ

မြရောင်စို သည်မြက်ခင်းရယ်နဲ့

ညင်းလေခို သစ်ညိုရိပ်မှာဖြင့်

လျောင်းအိပ်လို့ တစ်ကိုယ်သာ

ရွှင်ပါချင့် စိတ်ထဲ။

 

သို့လည်းလေ

မသင့်လျော်ပေဘု

ငါ့ခြံမြေ ဥယျာဉ်နန်းဟာလည်း

လှလေသည် သာစခန်းပေပေါ့

စိတ်ပန်းကို သည်လိုဖြေလို့

ကျက်သရေ တက်နေ၀င့်အောင်လ

င့ါခြံမြေ အခြေမြှင့်ချင်ငဲ့

သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်

ငါ့မြေမှာ နီဝါတင့်ရမပေါ့

အခွင့်အခါ မျှော်လို့

ဥယျာဉ်တော် သာယာရေးကိုလ

ရှုမြင်မျှော် ခါခါတွေးပါလို့

မနှေးပင် အားအင်ထုတ်လို့ရယ်

ပေါင်းနုတ်ဖို့ခဲ။

 

ငွေတာရီ

One thought on “သာသည့်မြေသို့ ငှက်သွင်ပျံကြွ မတတ်သော် (မြတ်စိုး-တောင်ငူ)

  1. စာရေးသူနှင့်ထပ်တူခံစားရပါတယ်။ ကျွန်တော်တို့ လိုအမိမြေနှင့်ဝေးကွာနေသူများအဖို့ မှာတော့ အမေ့အိမ်သည်သာအကောင်းဆုံးပါ။ အကြောင်းကြောင်းတွေကြောင့်အိမ်နှင့်ဝေးနေသူတွေ အမြန်ဆုံး အမေ့အိမ်၊ အမေ့ရင်ခွင် အမြန်ပြန်နိုင်ကြပါစေလို့ ….

Comments are closed.