ပဲခူး UG Rapper လူငယ်လေးများ

Posted on Posted in လူငယ့်ရှုခင်း

 

ပဲခူးသားတွေထဲမှာ ကျနော်တို့ရဲ့ Hip Hop အရင်ဆုံးဖြစ်လိမ့်မယ်ထင်တယ်လို့ သူတို့ကိုသူတို့ယုံကြည်ထားတဲ့  UG Rapper လူငယ်လေးများ။ ၂၀၁၃ ဒီဇင်ဘာမှာ သူတို့ချင်း တနေရာဆီကနေ Online ပေါ်မှာ ဆုံတွေ့ခဲ့ကြ။ အဖွဲ့ခေါင်းဆောင်ဆိုတာမရှိ၊ အတွေးအခေါ် အကြံဉာဏ်ချင်းသာ အွန်လိုင်းပေါ်မှာအပြန်အလှန်ဖလှယ်ခဲ့ကြပြီး တယောက်ကိုတယောက်နားလည်မှုနဲ့ ရပ်တည်နေတဲ့ ပဲခူးက UG Rapper လူငယ်လေးများ။

ကိုယ်ပိုင်သီချင်းတွေကိုယ်စီနဲ့ Website တွေ Blog တွေ Facebook ရဲ့စာမျက်နှာပေါ်မှာ သူတို့ဖြတ်သန်းမှုကို သူတို့ရဲ့သူငယ်ချင်းတွေ၊ တခြားတခြားသောပရိတ်သတ်တွေရဲ့ အားပေးစကားတွေရလာခဲ့တော့ မဝံ့မရဲ သူတို့ရဲ့မျှော်လင့်ချက်လေးတွေဟာ  အရောင်တဖျတ်ဖျတ်လက်ထလာခဲ့။  မကြာခင်မှာပဲ သူတို့ Group Album ဖြစ်တဲ့ Hip Hop Party of Bago ကို Online Mixtape အနေနဲ့ဖြန့်ချိသွားနိုင်ကြတော့မှာ။

သူတို့မျှော်မှန်းမှုတွေထဲကအဓိကတခုက Underground (UG) Hip Hop လောကမှာ ပဲခူးမြို့ကို ကိုယ်စားပြုနိုင်ဖို့တဲ့။ တကယ်ပဲ ကိုယ်စားပြုနိုင်ကြမှာလား …

အားလုံးက ချမ်းသာပြည့်စုံတဲ့အသိုင်းအဝိုင်းကမဟုတ်တဲ့အတွက် မုန့်ဖိုးလေးတွေကိုယ်စီစုပြီး သူငယ်ချင်းများရဲ့စတီယိုအခန်းလေးထဲကနေ ကိုယ်စီကိုယ်စီမက်ခဲ့ကြတဲ့အိပ်မက်တွေကို သက်ဝင်လွန့်လူးလာဖို့ ပုံဖော်ထုဆစ်နေကြပေါ့။

မကြာမီ သူတို့တွေစုပြီး Hip Hop Party Of Bago ဆိုတဲ့ Underground Mixtape လေးတစ်ခုထုတ်ဖို့ ရှိ။

ကဲ …သူတို့အကြောင်း ကောင်းကောင်းသိသွားအောင် မျက်လုံးကိုဖွင့် နားကိုစွင့်လိုက်။ သူတို့ရဲ့ Hip Hop လှုပ်ရှားမှုတွေကို မြည်းစမ်းမကြည့်ခင် သူတို့လေးတွေနဲ့ မိတ်ဆက်ကြ။ ဟောဒီမှာ …။ ပဲခူးသား

ဤကဏ္ဍတွင် ပါဝင်တင်ဆက်လိုသည့်လူငယ်များအားလုံး မိမိတို့စိတ်အားထက်သန်သည့် မည်သည့်အနုပညာလှုပ်ရှားမှုမဆို လွတ်လပ်စွာပါဝင်နိုင်ဖို့ ရှုခင်းသစ်က ကြိုဆိုဖိတ်ခေါ်လျက်..

ရှုခင်းသစ်

 

ရှိန်းမြတ်

Shaine Myat

BOMB ( မျက်ရည်ယို ဗုံး )
Shaine Myat , Young Snap (Feat : Yuriko)

 

ကျနော့်အမည်က ရှိန်းမြတ်။ သူငယ်တန်းကနေ ဆယ်တန်းအထိ ပဲခူး အ.ထ.က (၆) မှာ ပညာသင်ယူခဲ့။ အလယ်တန်းကျောင်းသားဘ၀ထဲက Hip Hop အဆိုတော်ဘဝကို စတင်ရူးသွပ်ခဲ့။ အတန်းဘော်ဒါတွေနဲ့အတန်းစာတွေကို Rapping လုပ်ဆိုလို့ ကျောင်းမှာ ခဏခဏ အရိုက်ခံရဘူး။… ကောလိပ်ပါတီတွေမှာလည်း စင်ပေါ်မှာသီချင်းတွေဆိုရင်း အပေါင်းအသင်းတွေရဲ့ အားပေးမှုတွေရခဲ့ဖူး။ လောလောဆယ်ထိုင်းနိုင်ငံ  Umphang Wittayakom School မှာ မြန်မာ အင်္ဂလိပ်ကွန်ပြူတာ Skills တွေနဲ့ ကျောင်းဆရာလုပ်နေ။

ကျွန်တော့်ရဲ့စွန့်လွှတ်လို့မရတဲ့ ရူးသွပ်မှုတွေအဖော်ပြုရင်း အဆိုတော်လောကထဲ ဝင်ရောက်နိုင်ဖို့ ပုရိတ်သတ်ရင်ထဲကို ထိုးဖောက်ဖို့ အမြဲကြိုးစားသွားမှာပါ… နောက်ပြီး  ကိုယ့်မြို့လေးမှာပဲဖြစ်ဖြစ် ကိုယ့်ထက် အနုပညာလောကမှာ ဝါရင့်သဘာရင့်ရှိတဲ့ လူကြီးတွေရဲ့ လမ်းပြဖေးမမှုတွေမျှော်လင့်ရင်း

ကိုယ့်ကို ချစ်ခင်ယုံကြည်ကြတဲ့ လူငယ်တွေကို လမ်းပြတွဲကြိုရင်း…. တဖက်က အားပေးဝေဖန်ကြမယ့် ပုရိတ်သတ်တွေရဲ့ လက်ခုပ်သံတွေ… တဖက်က ကျွန်တော်တို့သီချင်းတွေကို ရင်းရင်းနှီးနှီး ခံစားပေးမယ့် ပဲခူးကသူငယ်ချင်းတွေ … အားလုံး… အားလုံးရဲ့ ရင်ဘတ်ထဲမှာ ရှိန်းမြတ်ဆိုတဲ့ နေရာသေးသေးလေး တနေရာစာရှိတဲ့အချိန်ထိ …. ဒီဘဝကို ရူးရူးမိုက်မိုက် ဖက်တွယ်သွားမှာပါ….

မောင်သုခ  Mg Tk

Mg TK

တစိမ်းတွေလို….ဝေး
Lyric : Shaine Myat & Young Snap
Shaine Myat , Mg Thukha , Young Snap (Feat : Thee Su)

 

အမည်ရင်း မောင်သက်ရှိန်း။ အနုပညာအမည်က သုခမို့ အင်္ဂလိပ်အတိုကောက် Tk ဆိုတော့ Mg Tk။ သူငယ်တန်းမှ ဆယ်တန်းအထိ ပဲခူးအထက (၃)မှာ။ ၂၀၀၇ မှာ ၁၀ တန်းအောင်ပြီး အခု မကွေးဆေးတက္ကသိုလ်မှာ နောက်ဆုံးနှစ်အပိုင်း (ခ) တက်နေ။

သီချင်းဆိုတာကိုစရူးသွပ်ခဲ့တာ ၈ တန်းကျောင်းသားအရွယ်။ မြန်မာပြည်မှာ Examplez အဖွဲ့ခေတ်စားချိန်။ သူတို့သီချင်းတွေနားထောင်ပြီး သီချင်းဆိုချင်စိတ် အရမ်းပြင်းပြခဲ့။ ၉ – ၁၀ တန်းမှာ မိဘတွေက ကျောင်းစာကိုအဓိကထားခိုင်းတော့ သီချင်းတွေနားထောင်ဖို့သာ အချိန်ရခဲ့။ ဆေးတက္ကသိုလ်ဒုတိယနှစ်ရောက်တော့ မြန်မာနိုင်ငံမှာ Third Generation ဆိုပြီး ဂျောက်ဂျက်တို့ခေတ်။ ဒီမှာ သီချင်းဆိုချင်တဲ့ဗီဇပြန်ကြွလာပြီး ကိုယ်ပိုင် Laptop လေးနဲ့ တီးလုံးလေးတွေတီးပြီး သီချင်းလုပ်ဖြစ်ခဲ့။ ပြသပေးမယ့်သူက မရှိ၊ ပြီး မကွေးမှာကလည်း စတူဒီယိုကမရှိ၊ သီချင်းကောင်းတစ်ပုဒ်ဖြစ်အောင် ဘယ်လိုမှမဖန်တီးနိုင်လို့ တော်တော် စိတ်ဓာတ်ကျခဲ့။

၂၀၁၂ မှာ မန္တလေးက Mc Ko Hein ဆိုတဲ့ UG အဆိုတော်တစ်ယောက်နဲ့ချိတ်မိပြီး သီချင်းတွေ စလုပ်ဖြစ်။ ၂၀၁၃ ဒီဇင်ဘာမှာ မထင်မှတ်ပဲ ပဲခူးက ၀ါသနာတူညီအကိုတွေနဲ့ချိတ်မိပြီး မြန်မာနိုင်ငံ Underground Hip Hop လောကမှာ ပဲခူးမြို့ကိုယ်စားပြုဖြစ်ဖို့ကြိုးစားခဲ့ကြ။ သီချင်းတွေလည်း လုပ်ဖြစ်ခဲ့ကြ။ ပထမဆုံးခွေမှာတော့ နားဝင်လွယ်တဲ့သီချင်းနုနုလေးတွေပဲလုပ်သွားဖို့ စီစဉ်ထား။ နောက်ပိုင်းပဲခူးမှာ Hip Hop ကိုနားယဉ်လာတဲ့အခါ ကျွန်တော်တို့အခုထက်ပိုစစ်တဲ့ Hip Hop တွေချပြဖို့ အားခဲထားကြ။  အနာဂတ်ရည်ရွယ်ချက်ကတော့ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ပဲခူးမှာ Hip Hop ဂီတအင်အားကြီးမားလာအောင် လုပ်သွားဖို့ပါ။ ကျောင်းပြီးရင် ပဲခူးမှာ Studio ဆောက်ပြီး ပဲခူးမြို့မှာ Hip Hop မျိုးစေ့ချပေးနိုင်ဖို့ စဉ်းစားထားပါတယ်။

 

Mg R Gyi

Mg R Gyi

တစ်ခါသုံး Rhyme

(Sai Lay.,Htet Soe & ZYP)

 

နာမည်အရင်းက အာကာကျော်ပါ… Mg R Gyi နာမည်နဲ့ Hip Hop အဆိုတော်လောကထဲ ဝင်ဖို့ကြိုးစားနေ။ အဓိက ရည်မှန်းချက်က ဝါသနာပါတဲ့ အဆိုတော်ဘဝရယ် ပဲခူးမြို့မှာမရှိသေးတဲ့ UG rapper တစ်ယောက်အဖြစ်နဲ့ အောင်မြင်တဲ့စိတ်ရယ်… ခွန်အားပြုပြီး ကြိုးစားရုန်းကန်နေဆဲပါ။ ကျနော်တို့ကို နေရာရပြီးသားကြယ်ပွင့်ကြီးတွေက လမ်းပြတွဲခေါ်စေချင်။  ကျနော်တို့ကလည်း နောက်တက်လာမယ့်လူငယ်တွေကိုလည်း ပြန်တွဲခေါ်ချင်။ ကျနော်တို့ကြောင့် ပဲခူး လူငယ်တွေ ဒီ Hip Hop music ကို အာရုံရောက်လာစေချင်တဲ့စိတ်။ ကျနော်တို့ကို ပရိတ်သတ်က ဆုံးဖြတ်ပေးမယ့်နေရာကိုလည်း ရချင်။

 

ရဲသွင်ဟိန်း

Ye Thwin Hein

နင်သာ ငါ့ဘဝ
Artist – Mc Yung Layz Feat : Yethwin Hein
Beat – Ko Sai
Studio – Solo Music Record

 

ကျနော် နာမည်ကတော့ ရဲသွင်ဟိန်း။ ပဲခူးမြို့မဟော်သဓာလမ်းမှာ နေပါတယ်။ ကျနော်တို့သီချင်းတွေဟာ ပဲခူးတက္ကသိုလ်မှာကော ပဲခူးမြို့ထဲမှာကော အွန်လိုင်းပေါ်မှာကော လူငယ်တိုင်းလိုလို ကိုယ့်မြို့သားအဆိုတော်တွေအဖြစ်နဲ့ လက်ခံအားပေးနေကြလို့ အရမ်းပဲ ဝမ်းသာခဲ့ရ။ ပြီးတော့ ကျွန်နော်တို့လေးယောက်ရဲ့ အမာခံပရိတ်သတ်တွေရှိလာတာနဲ့အမျှ ကျနော်တို့ ပဲခူးသားအဆိုတော် ဘဝနဲ့ UG မှာ ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့ Group Album လေး တခွေလုပ်နေပါတယ်။… မကြာခင်ပြီးတော့မှာပါ။ အခုလည်း UG လောကကနေ Pro အထိဖြစ်ဖို့ ကြိုးစားနေကြ။

အနုပညာဝါသနာပါတဲ့ ပဲခူးသားတိုင်းကိုလည်း အောင်မြင်စေချင်။… ကျနော်ကိုယ်တိုင်လည်း အောင်မြင်တဲ့ ပဲခူးသား အနုပညာရှင်တယောက်ဖြစ်ချင်။ ဂီတလောကမှာ ကိုယ့်ထက်သမ္ဘာရှိတဲ့ သူတွေကိုလည်း အားကိုးချင်။ ကိုယ့်ထက်အထာရှိတဲ့သူတွေကိုလည်း အားပေးမယ်… ကျန်နော်တို့ကိုလည်း အားပေးစေချင်တယ်။ ပရိတ်သတ်တွေရဲ့ ဝေဖန်မှုကိုလည်း အမြဲတမ်း မျှော်လင့်နေပါတယ်။

 

၎ ယောက်သီချင်း

(ရှိန်းမြတ်၊ မောင်အာကြီး၊ မောင်သုခ၊ ရဲသွင်ဟိန်း)

 

 

 

One thought on “ပဲခူး UG Rapper လူငယ်လေးများ

  1. You guys are awesome. songs are really good. Keep it up guys. I’ll be waiting for your music album.

Comments are closed.