တိုတိုထွာထွာ ဥရောပရှုခင်း-ဗန်ဂိုး ၁၆၁ နှစ်(မောင်ရင်ငတေ)

Posted on Posted in ဒေသန္တရရှုခင်း

တိုတိုထွာထွာ ဥရောပရှုခင်း

ပန်းချီဆရာ ဗန်ဂိုး ၁၆၁ နှစ်

ဗန်ဂိုး မွေးဖွားခဲ့ရာ နယ်သာလန်နိုင်ငံ အနောက်စွန်း Zundert မြို့လေးက ဗန်ဂိုးဇာတိအိမ်

ဗန်ဂိုး မွေးဖွားခဲ့ရာ နယ်သာလန်နိုင်ငံ အနောက်စွန်း Zundert မြို့လေးက ဗန်ဂိုးဇာတိအိမ်

 

နောက် သုံးလေးရက်ဆိုရင် Postimpressionnisme ပန်းချီဆရာကြီး Vincent Willem van Gogh ဗန်ဂိုးကိုမွေးဖွားခဲ့တာ နှစ်ပေါင်း ၁၆၁ နှစ် ပြည့်ပါတော့မယ်။ ဗန်ဂိုးကို ၁၈၅၃ ခုနှစ် မတ်လ ၃၀ ရက် နေ့မှာ မွေးဖွားခဲ့တာပါ။ မွေးဖွားခဲ့ရာနေရာကတော့ နယ်သာလန်ပြည်က Groot-Zundert မြို့လေး မှာပါ။ ဗန်ဂိုးကို မွေးဖွားခဲ့တာက ၁၆၁ နှစ်ရှိခဲ့ပြီဖြစ်သလို ဗန်ဂိုးသေဆုံးခဲ့တာက လည်း ၁၈၉၀ ခုနှစ် ဂျူလိုင်လ ၂၉ ရက်ဆိုတော့ နှစ်ပေါင်း ၁၂၄ နှစ်တိုင် ရှိခဲ့ပါပြီ။ အဲဒီအချိန်ကာလက ပြင်သစ်နိုင်ငံမှာ ပေါ်ပေါက်လာခဲ့ကြတဲ့ ပြင်သစ်လူမျိုးပန်းချီဆရာတွေ ပြင်သစ်လူမျိုးမဟုတ်ကြတဲ့ ပန်းချီ ဆရာတွေ တော်တော်များများဟာ သူတို့အတိုင်းအတာနဲ့ သူတို့နည်းသူတို့ဟန်နဲ့ ထင်ပေါ်ကျော်ကြားခဲ့ကြသူ အောင်မြင်တဲ့ ပန်းချီကားများကို ရေးဆွဲနိုင်ခဲ့ကြသူများသာ ဖြစ်ကြပါတယ်။ အဲသလိုပန်းချီဆရာကြီး မြောက်မြားစွာထဲမှာမှ ပန်းချီဆရာကြီး ဗန်းဂိုးဟာ နှစ်ကာလတွေ ကြာလာခဲ့တာနဲ့အမျှ ပို၍ပို၍သာ နာမည်ကြီးလာတာကို တွေ့ရှိရပါတယ်။ အဲဒီလိုမျိုး ဗန်ဂိုးက ဘာကြောင့် နာမည် ပိုပြီးကြီးလာရသလဲဆိုတာ မောင်ရင်ငတေရဲ့ မဖြစ်ညစ်ကျယ်ပန်းချီအမြင်လေးနဲ့ စဉ်းစားကြည့်မိရတာအခါခါပါ။ ဗန်ဂိုးဆိုတဲ့ပုဂ္ဂိုလ်ကြီးရဲ့ အရာဝတ္ထုတခုအပေါ်မြင်တဲ့အမြင်တွေရဲ့ ထူးခြားမှုတွေကြောင့် သူရေးဆွဲခဲ့တဲ့ အရုပ်တွေအရိပ်တွေ အရောင်တွေက ထူးခြားနေတာလို့ ထင်မြင်မိရပါတယ်။ အဲဒီလို ထူးခြားမှု တမျိုးရှိနေခဲ့လို့လည်း ဒီကနေ့ခေတ်မှာ တခြားတခြားသော နာမည်ကျော်ပန်းချီဆရာကြီးများထက် ဗန်ဂိုးအမည်ဟာ အများတကာထက် ခေါင်းတလုံးပိုမိုမြင့်မား ကျော်ကြားနေတာကတော့ အသေ အချာပါ၊

စဲန်းမြစ်ကမ်းမှ လှမ်းမြင်ရတဲ့ မြူဇေးဒေါရ်ဇေ (Musée d'Orsay)

စဲန်းမြစ်ကမ်းမှ လှမ်းမြင်ရတဲ့ မြူဇေးဒေါရ်ဇေ (Musée d’Orsay)

 

အဲဒါနဲ့ လွန်ခဲ့တဲ့ တနင်္ဂနွေ တနေ့က အဖော်ကောင်းလည်းကြုံ အခမဲ့လည်း ဝင်ကြည့်ခွင့်ရတဲ့နေ့မှာ မောင်ရင်ငတေလည်း ပါရီမြို့မှာရှိတဲ့ Musée d’Orsay ဆိုတဲ့ ပြတိုက်ကို ရောက်ခဲ့ပါတယ်။ အဲဒီ ပြတိုက်ကြီးက ပါရီမြို့မှာ နာမည်ကြီးတဲ့ထင်ရှား တဲ့ ပြတိုက်ကြီး တခုပါပဲ။ ၁၉၆၀ ခုနှစ်များဆီက အဲဒီပြတိုက် အဆောက်အဦးကြီးက ဘူတာရုံကြီးတခုဖြစ်ခဲ့တာကြောင့် အဆောက်အဦ ဖွဲ့စည်း ထားပုံက ခန်းမကျယ်ကြီးနဲ့ ထူးခြားတဲ့ပုံစံအသွင်သဏ္ဌန်ကိုဆောင်နေသလို ပြသထားတဲ့ ပန်းပု ရုပ်တွေနဲ့ ပန်းချီကားတွေကို ဖန်တီးခဲ့ကြတဲ့သူတွေရဲ့အမည်နာမတွေကလည်း ထင်ရှားကြသူတွေ များလှပါတယ်။ ဒါပေမယ့် ဒီကနေ့ မောင်ရင် ငတေတို့ရဲ့ ရွှေပြည်တော်ကြီးဆီက ရွှေဗမာလူမျိုးများ အပါအဝင် ကမ္ဘာအရပ်ရပ်က လူမျိုးပေါင်းနှစ်ရာကျော်ရှိ လူငယ် လူရွယ် လူကြီး အရွယ်သုံးပါးမရွေး အတော်များများကတော့ အဲဒီပြတိုက်မှာပြသထားတဲ့ ပန်းချီကားများကို ဖန်တီးခဲ့ကြပါသော အခြားအခြားသော ပန်းချီကျော်များကို မသိရှိသူများ ရှိနိုင်ပေမယ့်လည်း ဗန်ဂိုးပန်းချီရေးဆွဲတယ် ဗန်ဂိုး ဆိုတဲ့သူက ပန်းချီဆရာဆိုတာကိုတော့ သိရှိပြီးကြ သူတွေ များပါတယ်။

မောင်ရင်ငတေရဲ့ ပန်းချီကားတွေကို ကိုယ်ပိုင်အမြင်နဲ့ ဝေဖန်တင်ပြမယ်ဆိုရရင်တော့ ဘယ်ပန်းချီ သီအိုရီတွေနဲ့မှ ကိုက်ညီနိုင်မယ် မထင်မိပါဘူး။ ပန်းချီကားတချပ်ကို နှလုံးသားကနေ ခံစားကြည့်လို့ ရတဲ့ ပန်းချီဆရာတွေထဲမှာတော့ မောင်ရင်ငတေအတွက်က ဗန်ဂိုးဟာ ထိပ်ဆုံးတန်းမှာပါ။ ဗန်ဂိုး အကြောင်း ပိုမိုပြီးသိလာလေ ဗန်ဂိုးပန်းချီကားတွေကို ပိုမို ခံစားလို့ ရလာလေပါ။ မောင်ရင်ငတေ ရဲ့ ညီမငယ်တဦး ဖြစ်သူကတော့ ဗန်ဂိုးရဲ့ဘဝနောက်ဆုံးနေခဲ့ရာ ရွာကလေးကိုရောက်ခဲ့ဖူးပြီးနောက် ဗန်ဂိုးအကြောင်းကို ပိုသိလာခဲ့ ပြီး ဗန်ဂိုးရဲ့ပန်းချီကားချပ်တွေကို ပိုမိုခံစားကြည့်မိလာခဲ့ရကြောင်း ပြောဆိုခဲ့ဖူးပါတယ်၊

Musée d’Orsay ပြတိုက်မှာပြသထားတဲ့ ပန်းချီကားချပ်တွေ တော်တော်များများကို မောင်ရင်ငတေ သေသေချာချာ နားမလည်ပေ မယ့် ဒီတခါတော့ တော်တော်ဂရုတစိုက် လေ့လာမိပါတယ်။ အဲဒီ ကားချပ်တွေထဲမှာ ဗန်ဂိုး ပြင်သစ်ပြည်တောင်ပိုင်းက Arles မြို့လေးမှာနေထိုင်ခဲ့ရင်း ရေးဆွဲခဲ့တဲ့ ပန်းချီကားချပ်တချို့နဲ့ မကွယ်လွန်မီ နောက်ဆုံးနေထိုင်ခဲ့ရာ Auvers-sur-Oise မြို့မှာရေးဆွဲခဲ့ တဲ့ ပန်းချီကားတချို့ပြသထားတာကိုတွေ့ရှိရပြီး ဗန်ဂိုးရဲ့ပန်းချီစုတ်ချက် ခပ်ကြမ်းကြမ်းတွေဟာ မောင် ရင်ငတေကို ဆွဲငင်လှပါတယ်။ ဗန်ဂိုးရဲ့ပန်းချီကားများဟာ ပန်းချီပညာကို သေချာဂဃနဏ နား မလည်သူများကိုတောင်မှ ဆွဲဆောင်အား ကောင်းလှတာမျိုးပါ။ တခြားသော ပန်းချီဆရာများရဲ့ ပန်းချီကားများထက် ဆွဲဆောင်မှုမှာပိုတာကို တွေ့မြင်ရပါတယ်။ လာရောက်လေ့လာ ကြည့်ရှု ကြ သော ပန်းချီပရိသတ်များဟာ ဗန်ဂိုးရဲ့ပန်းချီကားများကိုသာ တဝဲလည်လည်နဲ့ ထပ်မံပြီး ပြန်လည် ကြည့်ရှုနေကြတာကို သတိထားမိရကြောင်းပါ။

 

လက်ဆောင်ပေးဖို့ ဝယ်ယူထားတဲ့ ၁၅ ယူရိုတန် ဗန်ဂိုးရဲ့ ပန်းချီကား Nuit étoilée sur le Rhône (Starry Night over the Rhone) (September 1888)
လက်ဆောင်ပေးဖို့ ဝယ်ယူထားတဲ့ ၁၅ ယူရိုတန် ဗန်ဂိုးရဲ့ ပန်းချီကား Nuit étoilée sur le Rhône (Starry Night over the Rhone) (September 1888)

 

ဗန်ဂိုးရဲ့နာမည်ကျော် Starry Night ကဲ့သို့သော မူရင်းပန်းချီကားများရဲ့တန်ဖိုးကတော့ ယူရိုငွေ သန်းရာဂဏန်းမျှ ပေါက်ဈေးရှိနေပြီး အမှတ်တရ သိမ်းဆည်းထားချင်သူများအတွက်ကတော့ ပုံတူတခုကို ဆယ့်လေးငါးယူရိုကနေ ယူရိုရာဂဏန်းအထိ ကော်ပီ ကူးယူ ရောင်းချနေတာကို ဗန်ဂိုးရဲ့ပန်းချီကားများ ပြသရာ ပြတိုက်များ အပြင် ပြင်သစ်နိုင်ငံအနှံ့အပြားမှာ တွေ့ရှိနေရပါတယ်။ ဗန်ဂိုးကို အမွေဆက်ခံခွင့်ရတဲ့သူများကတော့ ဒီလိုမျိုး ပန်းချီကားပုံတူတွေ ရောင်းချရငွေတွေကို ဘယ်လိုအကျိုးခံစားခွင့်ရကြသလဲ ဆိုတာက မောင်ရင်ငတေလည်း မသိနိုင်ပါဘူး။ မောင်ရင်ငတေကတော့ ဗန်ဂိုးရဲ့ပန်ချီကား Nuit étoilée sur le Rhône ဆိုတဲ့ ပုံတူကားတချပ်ကို ပန်းချီကို မြတ်နိုးလှတဲ့ ရွှေပြည်တော်က မိတ်ဆွေတဦးကိုပေးချင်လို့ ၁၅ ယူရိုနဲ့  ဝယ်ယူအားပေးခဲ့ပါတယ်။ အဲဒီပန်းချီကား မူရင်းကတော့ အခု Musée d’Orsay မှာ ပြသထားတာကို တွေ့ရပါတယ်။

 

HIER WERD OP 30 MRT 1853 VINCENT VAN GOGH GEBOREN
HIER WERD OP 30 MRT 1853 VINCENT VAN GOGH GEBOREN

 

မောင်ရင်ငတေရဲ့ ဗန်ဂိုးပန်းချီကားများကို မြင်တွေ့မိရတဲ့ ရှုဒေါင့်အမြင် တချို့တလေကို ဖော်ပြရင်း ပန်းချီဆရာ ဗန်ဂိုး ၁၆၁ နှစ်ပြည့် အမှတ်တရနဲ့အတူ ရှုခင်းသစ်အွန်လိုင်းစာမျက်နှာသစ်ကို ကြိုဆို ရေးသားလိုက်ရပါတယ်ခင်ဗျား။

ဗန်ဂိုးငယ်စဉ်က ကျင်လည်ကျက်စားခဲ့ရာနေရာတဝိုက်မှ Groot-Zundert မြို့မှ အမှတ်တရများ အပါအဝင် ဗန်ဂိုးနဲ့ပတ်သက် တာတွေကို မှတ်တမ်းတင်ရိုက်ကူးခဲ့မိသော ဓာတ်ပုံတချို့ကိုလည်း ပြန်လည် ဝေမျှလိုက်ရကြောင်းပါ၊

 မောင်ရင်ငတေ ၂၇၀၃၂၀၁၄

 

ဗန်ဂိုး ငယ်စဉ် လှုပ်ရှားခဲ့ရာ အမှတ်တရ နေရာများ-၁
ဗန်ဂိုး ငယ်စဉ် လှုပ်ရှားခဲ့ရာ အမှတ်တရ နေရာများ-၁

 

ဗန်ဂိုး ငယ်စဉ် လှုပ်ရှားခဲ့ရာ အမှတ်တရ နေရာများ-၂
ဗန်ဂိုး ငယ်စဉ် လှုပ်ရှားခဲ့ရာ အမှတ်တရ နေရာများ-၂

 

Musée d’Orsay ပြတိုက်-၁
Musée d’Orsay ပြတိုက်-၁

 

 

Musée d’Orsay ပြတိုက်-၂
Musée d’Orsay ပြတိုက်-၂

 

One thought on “တိုတိုထွာထွာ ဥရောပရှုခင်း-ဗန်ဂိုး ၁၆၁ နှစ်(မောင်ရင်ငတေ)

  1. ဗန်ဂိုးရဲ့ ပန်းချီကားချပ်တွေကို ပိုမို ခံစားတတ်လာမိရတာထက် ဗန်ဂိုးကနေ သူ့ရဲ့ညီ သီအိုဆီကို ရေးသားခဲ့တဲ့ ဗန်ဂိုးရဲ့ ခံစားမှုစာစုများက သူမရဲ့ ရင်ကို ပိုမို ခံစားတတ်စေခဲ့ကြောင်း ဗန်ဂိုးရဲ့ဘဝနောက်ဆုံးနေခဲ့ရာ ရွာကလေးက ပြန်လာခဲ့တဲ့ မောင်ရင်ငတေ ရဲ့ ညီမငယ်တဦး ဖြစ်သူက ထပ်လောင်းပြောကြားကြောင်းပါ၊ (မရငတ)

Comments are closed.