သင်္ကြန်တွေ ရမယ်…သင်္ကြန်တွေ (အိုးဝေမျိုး)

Posted on Posted in အက်ဆေး, မြန်မာ့ဓလေ့

padauk-myanmar2(၁)
လေပြေကဝှေ့လိုက် နေကပြန်ပူလိုက် မိုးကလေးက တအုံ့အုံ့ ပြေးလာလိုက်နဲ့ ဟုတ်တော့ဟုတ်နေပြီ..။
လမ်းထဲမှာ မြေသယ်ကားသံ လိုလို ခဏ ခဏ ကြားရလွန်းအားကြီးလို့ သတိထားကြည့်မှ တိုင်ကီတွေ သံပိုက်လုံးတွေ ၊ဘုတ်ပြားတွေ အခေါက်ခေါက်အခါခါ သယ်နေတာမှန်း သိလိုက်ရသည်။ ကျောင်းတွေ၊ ရုံးတွေ၊ နယ်ဝေးတွေကပြန်လာသူတွေနဲ့ လူဦးရေက ရပ်ကွက်ထဲ ရုတ်တရက်ကြီး တိုးလာသည်။ အိမ်နောက်ဘက် စမ်းချောင်းနံဘေးမှာ ကလေး တသိုက် အော်လိုက်ဟစ်လိုက်နဲ့ မို့ သေသေချာချာပဲ ဝရံတာဘက် ထွက်ကြည့်လိုက်သည်။ မနေ့က နီညိုညို အဖူးနဲ့ မန်းကျည်းတစ်ပင်လုံးက ခုတော့ စိမ်းလို့ မြလို့ (ရက်ရင့်) သက်ရင့်ခြင်းကို ပြနေသည်။
သြော်..သြော်…သင်္ကြန်တောင် ကျတော့မှာကိုး….။
(၂)
စိတ်အစဉ်ထဲ အတိတ်တုန်းက..
မူးမူးထူးထူးသင်္ကြန်၊ မြူးမြူးကြွကြွသင်္ကြန်၊ ပျင်းချောက်ချောက် သင်္ကြန်၊ ကုန်းကြောင်းလျှောက် သင်္ကြန်၊ အချုပ်ထဲရောက်သင်္ကြန်၊ ရေတံခွန်သင်္ကြန်၊ ရန်ကုန်သင်္ကြန်၊ မန်းသင်္ကြန် ပုံရိပ်တွေက အစုံအဆန် ယောက်ယက်ခတ်သွားသည်။
ရန်ကုန်သင်္ကြန်တုန်းက ညီမလက်ဆောင်ပေးထားတဲ့ တန်ဖိုးကြီး မျက်မှန်တလက်ကျပျောက်တုန်းစဉ် လမ်းဘေးက ၂၀၀ ကျပ်တန် ဝယ် မတပ်သွားတဲ့ကိုယ့်ကိုယ်ကို အပြစ်ဖို့ဖူးသည်။
ကျနော်တို့မြို့ကလေးရဲ့သင်္ကြန်တုန်းက ဆိုက္ကား မငှားချင်လို့ လမ်းလျှောက်လည်လိုက်တာ မဏ္ဍပ် တခုကို အရက်တမျိုး၊ တခွက်.. တခွက်နဲ့ ပိုးလိုးပက်လက်လည်း အန်ဖူးသည်။
မလည်ချင် လည်ချင်နဲ့ လည်ရင်း အရက်သောက်ပြီး ယာဉ်မောင်းလို့ဆိုပြီး သင်္ကြန်တခါမှာ ကြံရာပါများနဲ့ အချုပ်ထဲလည်း ညအိပ်ဖူးသည်။
တခါတုန်းက သင်္ကြန်မွှေးမွှေး တခုမှာ အအေးအချမ်းပြေဖို့ သူမကိုလည်း  ရင်ခွင်ထဲ နွေးနွေးထွေးထွေး ဖက်ထားခဲ့ဖူးသည်။
သင်္ကြန်မှာလျှောက်လည်မယ် ကတိပေးပြီး မြောက်ဥက္ကလာ မီးဘေးကယ်ဆယ်ရေးထဲရောက်နေလို့ ရည်းစားခန်းလည်း ပြတ်ခဲ့ဖူးပြီ။
စင်ပိုးစီးယမ်း၊ ကံကော်တန်း၊ လှည်းတန်းတရိုး မဏ္ဍပ်ထိုး၊ ဘိုလိုတီးတဲ့ ငါ့လှေငါထိုး တီဝိုင်းမျိုးနဲ့ သီချင်းကတစ၊ ပုလင်းတင်းချလိုက်နဲ့ ညနေပိုင်း အင်းလျားထဲ တမင်သက်သက် ပိတ်မိခံချင်တဲ့ အတက်နေ့တွေလည်း ရှိဖူးသည်။
ဒီတနှစ်တော့ အတည်၊ မဒီတွေတွဲပြီး မလစ်နဲ့တော့ဆိုပြီး မာတာမိခင်ကောင်းမှုနဲ့ ဝါရွှေရောင် ဝတ်သင်္ကန်းနဲ့ သက္ကလ၊ ဝဋ်တ (၀တ္တ) အလွတ် သင်၊ ဇွတ်ဆင်ခဲ့ရလို့ ကမ္မဋ္ဌာန်း …ရယ် မမြန်းတချက် ဖျန်းတချက်နဲ့ တိတ်တိတ် စိတ်ထဲ သင်္ကြန်ရေ တစိတ်တခြမ်းလည်း ဖျန်းခဲ့ဖူးသည်။
ချစ်သူနဲ့အတူမသွားမိလို့ ရေတံခွန်ကအပြန်မှာ သူကစိတ်ကောက်၊ကိုယ်ကလည်းဂေါက်ပြီး သောက်သောက်စားစား အလွမ်းသမားလို ကုစားခံ အသည်းကွဲ သင်္ကြန်ကလည်း ရှိသေးသည်။
(၃)
အင်းလေ… သင်္ကြန်တွင်း ဘယ်လိုပဲကဲကဲ နှစ်ဆန်းတရက်နေ့ကျတော့ ကိုယ်ဘာမှမလုပ်ခဲ့သလိုပုံမျိုးလုပ်ပြီး ဘုန်းကြီးတွေရှေ့ နေလောင်လို့ညိုမည်းနေတဲ့မျက်နှာကြီးနဲ့ လက်အုပ်လေးချီလို့အတည်လုပ်ခဲ့ရတဲ့သင်္ကြန်ကလည်း မနည်းတော့ဘူးပဲ…။
ဘာပွဲပဲဖြစ်ဖြစ် ဒီမှာကတော့ ကိုယ့်လူတွေက ပရိသတ် ဘေးတန်းနားလေးထိုင် အချင်းချင်းမေးဆတ်ပြ၊ ခေါင်းညိတ်ပြနဲ့ တရားနာမပြီးသေးခင် ညနေဘက်ပရိုဂရမ်ကို တထိုင်တည်း ဆွဲနိုင်သူတွေ။ ငါးပါးသီလယူတုန်း အထာသိတဲ့ဘုန်းကြီးများ ရှေ့က ပိုပြီးကျယ်ကျယ်လောင်လောင် ရှေ့ကတိုင်သွားတာတောင် သူရာမေရာယ နေရာရောက်ရင် လိုက်ဆိုတဲ့သူတွေမဟုတ်။ တခါတလေ ကိုယ့်လူများက တရားနာပရိတ်သတ် သုံးပုံနှစ်ပုံကျော်နေတတ်တဲ့အခါမျိုးတောင် သိသိသာသာအသံတိတ်သွားတတ်တာကတော့ ငါး ပါးသီလထဲက ၅ ပါးမြောက် သီလ၊ သူရာမေရာယပါပဲ။
အပြင်ရောက်လို့သူများတွေက ပြုံးဖြဲဖြဲ ကြည့်ရင်လည်း .. ဟုတ်တယ်လေဗျာ …အဲဒီနေရာ လိုက်ဆိုရင် လိမ်ပြောတဲ့ မုသာဝါဒပါ ပါပြီး ၅ ပါး ရှိတဲ့ သီလက ၂ ပါးကျိုးမယ်၊ ခုတော့ ကိုယ်တတ်နိုင်တဲ့ သီလ ၄ ပါးလုံလည်း မဆိုးပါဘူး…ဟဲဟဲ…လို့ မမေးပဲဖြေးရှင်းသလိုလိုနဲ့ မဲဆွယ်တတ်သေးသည်။
သင်္ကြန်ဆိုလို့ကတော့ ဘယ်ပြောကောင်းမလဲ လူတွေ ရေပက်ဖို့ တိုင်ကီတွေ ရေပိုက်တွေ ဆင်ပေးရုံတင်မက သူများတွေ ရေပက်ဖို့ ဝီစီတစ်ရွှီးရွှီးနဲ့ ကားတွေတားပေးလိုက် လက်ထဲက ဘီယာဘူးကိုမော့လိုက်၊ မဏ္ဍပ်ထဲဝင်လာတဲ့ သူတွေနဲ့ တွဲကလိုက်၊ အာရုံလာရင် ခွက်ထဲက မျှတိုက်လိုက်နဲ့ ပျော်စရာတွေနဲ့စည်ကားအောင် တက်တက်ကြွကြွ ဖန်တီးတတ်သူများပင် ဖြစ်ကြသည်။
ခုတော့ …
ကြွေတဲ့သူက ကြွေကျ၊ လွင့်တဲ့သူက လွင့်ပါး၊ နားတဲ့ သူက နားလို့ ၊ တချို့ လူပျိုကြီးများလည်း နားခိုဆိုက်ကပ်စရာ ကမ်းတွေ့လို့ ထင်ပါ့၊ အိမ်ထောင်ရက်သားတွေကျ ကမ်းကပ်ခွင့်တွေရကြ၊ ကျောက်ချ ကြနဲ့ရှိသလို ခြေစစ်တန်းအာင်တဲ့သူတွေကို အလှည့်ပေးတယ်ဆိုပြီး အားကစားပဲ ဖိလုပ်နေကြသူတွေလည်း ရှိသည်။
ဘ၀ဆိုတာက တကယ်တန်းတော့ လူတိုင်းအတွက် မတိုမရှည်၊ နေသာထိုင်သာလောက်ပါပဲလေ။
(၄)
“ခုတော့… ပြည်ပရောက် သင်္ကြန်ခေါ်ရမလား( မိုက်ဂရန့် ) ရွှေ့ပြောင်းသင်္ကြန်ခေါ်ရမလားပါပဲလေ…”
စိတ်ထဲစဉ်းစားချက်ကို ပါးစပ်ကတိုးတိုးရွတ်လိုက်ပြီး မန်ကျည်းပင်အောက်က ကလေးတသိုက်ဖက် အာရုံရောက်သွားပြန်သည်။ကိုယ့်မြေ၊ ကိုယ်ရေမဟုတ်တဲ့နရာလေးက နိုင်ငံမဲ့ကလေးတွေ…။
ဒါပေမယ့် ..သူတို့ပျော်နေကြသည်၊ အမြူးစနေကြပြီ.. တူးပို့…တူးပို့ အော်ဟစ်ကြသည်။ သင်္ကြန်က ကျတော့မှာကိုး…။
နဲနဲကြီးတဲ့ကလေးက ဦးဆောင်သည်။ ကျန်တဲ့ကလေးတွေက လိုက်အော်နေကြသည်။
ရေဖြန်းပက်တဲ့ ရိုးရာဓလေ့ချင်းက ခပ်ဆင်ဆင်မို့ ထိုင်း သင်္ကြန် ဆောင်ကရန်နဲ့ မြန်မာသင်္ကြန်က တရက်ထဲပင် ဖြစ်သည်။ သင်္ကြန်ကျတော့မယ်ဆိုကတည်းက ကျောင်းတွေ ရုံးတွေမပိတ်ပြီ၊ ရပ်ဝေးက ဆွေတွေမျိုးတွေ ပြန်ဆုံကြသည်။ အစားအသောက် လုပ်စားကြသည်။ ထိုင်းလူမျိုးတွေက မိသားစုလိုက် ရေပက်ခံထွက်ကြ၊ အကြတ်နေ့လိုနေ့မျိုးမှာ အနီးအနား အပန်းဖြေစခန်းတွေ သွားလည်ကြသည်။
မြို့ထဲမှာ အလှပြကား ၊ဖျော်ဖြေရေးကားတွေလှည့်ကြတာလည်း ရှိသည်။ တီးလုံး မြူးမြူးကြွကြွကို ဆောင်းဘောက် ကောင်းကောင်း နဲ့ ဖွင့်သည်။ ပေါင်ဒါမှုန့်ကို ရေနှင့်ဖျော်ပြီး မျက်နှာကိုသုတ်လိမ်းကြသည်။ ရေခဲရည်နဲ့ပက်ကြသူလည်း ရှိသည်။
တဦးနဲ့ ခိုက်ရန်ဖြစ်ပွားခြင်း လုံးဝ မရှိ၊ ဆဲဆိုခြင်းမရှိ၊ သရုပ်ပျက်မရှိ၊ မြန်မာဖက်က လာတဲ့ သူတွေ လက်မှတ် ဗီဇာ မပါလည်း အကြောင်းမဲ့ အဖမ်းအဆီးမရှိ၊ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုမရှိ ပျော်မြူးခြင်း အတိဖြစ်သည်။ ဓလေ့ထုံးတမ်းအစဉ်လာအရ ယဉ်ကျေးကြသည်။
ဒီအချိန်မြို့ထဲမှာတော့ စည်စည်ကားကားနဲ့  ကုန်တိုက်တွေမှာ ကြိုပြီး ဈေးဝယ်ကြသည်။မြန်မာပြည် ဖက်ကလာတဲ့ ကုန်ပစ္စည်းကလွဲပြီး ကုန်ဈေးနှုန်းမတက်ပဲ ဝယ်နိုင်သည်။ သင်္ကြန်ပစ္စည်းတွေ ရောင်းကောင်းသည်။ မိဘလူကြီးတွေ ကန်တော့ဖို့ အသင့်လုပ် အစားအသောက်ခြင်းတွေ၊ ရေပြွတ်တံတွေ၊ တဘက် ၊လျှောစောင်တွေ သင်္ကြန်ဒီဇိုင်းအကျီ င်္တွေ ရောင်စုံမျက်မှန်တွေ စုံလှသည်။ အရောင်းရအသွက်ဆုံးပစ္စည်းကတော့ အရက်နဲ့ဘီယာ ကဒ်တွေဖြစ်သည်။
(၅)
ရွှေမြန်မာတွေကတော့ အလုပ်မပိတ်မီ၊ မပြန်ရခင်ကတည်းက အခါတွင်း မိဘရပ်ထံပြန်ဖို့ သူဌေးဆီက ငွေကြိုထုတ်ကြသည်။ ထိုင်းလဝက ရုံးမှာတန်းစီပြီး ခွင့်တံဆိပ်တုံး ထုကြသည်၊ လူနဲ့အတူ ယူမသွားရဲတဲ့အတွက် ကြိုပြီးငွေလွှဲကြ သည်။ မောင်တွေ၊ ညီတွေကို ရှင်ပြုဖို့ မှာကြ၊ ဖုန်းဆက်ကြနဲ့ အလုပ်တွေ များတော့သည်။
“သင်္ကြန်နွေဦး….. တူးပို့ တူးပို့…..” ကလေးတွေ သီချင်းအော်သံက  လွင့်ပြန့်လာပြန်သည်။
တူးပို့နဲ့ သင်္ကြန် ခွဲမရအောင် တွဲလာခဲ့ကြတာ ကြာပြီဖြစ်သည်။ ကိုယ့်နိုင်ငံကနေ အခြေအနေ အကြောင်းကြောင်းကြောင့် သူများနိုင်ငံမှာ အခက်အခဲတွေ တွေ့ကြုံနေရတဲ့အထဲမှာမှ ရိုးရာဓလေ့တွေကို လက်ဆင့်ကမ်းကြသည်။ ဒါကလည်း လူသားတိုင်း၊ လူမျိုးတိုင်းမှာ ရှိတဲ့တာဝန်ပင် ဖြစ်သည်။
တူးပို့နောက်မှာ သံချပ်ပါသည်။ သံချပ်နောက်မှာ ခေတ်ကိုထင်ဟပ်တဲ့ အမှန်တရားတွေပါသည်။ အမှန်တရားကို သိတော့ ခေတ်ကို သွေးကြသည်။ ဒီနေ့အကြောင်းကို တွေးကြသည်။ အနာဂတ်ကို မွေးကြသည်။
ဆောင်ကရန်သည် အင်တိုက်အားတိုက် ရှိမှာသေချာနေပြီ။ အမိမြန်မာပြည်က သင်္ကြန်ကော ဘယ်နှယ့်ရှိပါစလို့ အတွေးနဲ့သာ မေးမိလိုက်တော့သည်။

အိုးဝေမျိုး (ဧပြီ၊၂၀၁၁ – ထိုင်းနိုင်ငံ )

One thought on “သင်္ကြန်တွေ ရမယ်…သင်္ကြန်တွေ (အိုးဝေမျိုး)

Comments are closed.