ပျံတော့ပျံနေသား၊ ဒါပေမယ့်..(သစ်စိုး)

Posted on Posted in ဝတ္ထုတို

ပျံတော့ပျံနေသား၊ ဒါပေမယ့်..

 

ပန်းချီ ၀ဏ္ဏဇော်
ပန်းချီ ၀ဏ္ဏဇော်

 

နောက်ဆုံးဆားကစ်ပြားကို ပင်မစက်အုံမှာ ခဲတို့ချိတ်ဆက်လိုက်ပြီး ပါဝါခလုတ်ကို အောက်ဘက်ဆွဲချလိုက်တာနဲ့ တပြိုင်နက် ကုလားထိုင်ဟာ မြေပြင်ကနေ တဖြည်းဖြည်း ကြွကာကြွကာနဲ့ လေထဲကိုမြောက်တက်သွားတော့ မြေးမက အကြောက်အလန့်မရှိ “ဟေး” လို့ အသံဗြဲနဲ့ထအော်လိုက်တာကို အိမ်ရှေ့က ဖြတ်သွားဖြတ်လာလုပ်နေသူတွေ ကြား သွားလို့လားတော့ မသိ၊ ခြံတံခါးဝမှာ လူတွေက ပြိုးပြိုးပြာပြာနဲ့ အုံခဲ ၀ိုင်းကြည့်ကုန်ကြတာပေါ့။ ဟုတ်တယ်လေ။ ဖြစ်ချင်တော့ သမီးအလတ်မကမွေးတဲ့ ၇ နှစ် သမီး မြေးမက ကုလားထိုင်ပျံပေါ်မှာ။ ကုလားထိုင်လက်ရမ်းကို ဆုတ်ကျစ် နေရက်သားနဲ့အားရပါးရ အော်ဟစ်နေပြီး၊ ငမိုက်သားကျွန်တော်မျိုးကိုယ်တိုင်က ရမုတ်ကွန်ထရိုးတကိုင်ကိုင်နဲ့ ကုလား ထိုင်ပျံက အိမ်ရှေ့မှာသွယ်တန်းချိတ်ဆက်ထားတဲ့ လျှပ်စစ်ဓာတ်ကြိုးတွေဖုန်းကြိုးတွေနဲ့ငြိမှာစိုးလို့ ခလုတ်ကို ဟို ဘက်ရွှေ့လိုက်…၊ ဒီဘက်ကိုရွှေ့လိုက်။ ကိုယ့်အာရုံနဲ့ကိုယ်မို့ အိမ်ရှေ့ခြံဝကနေ ကျွန်တော်တို့မြေးအဖိုးနှစ်ယောက်ရဲ့ အတတ်ဆန်းပျံသန်းနေပုံကို ဘယ်သူတွေများ စပ်စပ်စုစုလာကြည့် အားပေးနေကြမှန်းတောင်မသိရတာ မှန်တဲ့သစ္စာ စကားပေါ့ဗျာ။ လူအုပ်ကြီးထဲမှာတော့ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ လုပ်အားပေး လိုလို၊ ဘာလိုလိုနဲ့ တောက်တိုမယ်ရ ဆိုလား၊ ဘာဆိုလား ကောင်လေးတယောက် က နေကာမျက်မှန်မည်းမည်းကြီး တပ်ပြီး ၁၅၀၀ ကျပ်တန်အောင်ဘာ လေဆင်းမ်းကဒ်သုံး စမတ်ဖုန်းက ကင်မရာနဲ့ဓာတ်ပုံလှမ်းရိုက်နေတာတော့ တွေ့မိရဲ့သားနဲ့။

 

သိတ်တောင်မကြာပါဘူး။ မြို့နယ်ထောက်လှမ်းရေးအက်စ်ဘီ ဆိုလား၊ ဘီအက်စ် ဆိုလားမသိရတဲ့ ပုဂ္ဂိုလ်ဆရာတစ်ဦးက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ကြွခဲ့ပါဦးတဲ့။ အစိုးရမင်းများက ဖိတ်မန္တကပြုသွားတော့လည်း ကျွန်တော့်ခမျာ မနေသာတော့ ပဲ၊ ခေါက်ရိုးကျ ရှပ်အင်္ကျီလက်ရှည်တထည်ကိုကောက်စွပ်ပြီး အဲဒီရုံးပြင်ကန္နားဆီကို ချီတက်ရတော့တာပေါ့။ အိမ်ကမိန်းမက ကျွန်တော့်ကိုအကြောရှည်တယ်၊ ဘာရယ်ဆိုပြီး တဖြစ်တောက်တောက်နဲ့ပေါ့ဗျာ။ ဘာတတ်နိုင်ပါ့ မလဲ။ ရုံးရောက်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမှာ မျက်နှာကြောမာတာတာ တရားသူကြီးအမျိုးသမီးရယ်၊ ရဲမှူး အဆင့်အရာရှိတဦးရယ်၊ အလကားနေရင်း ခေါင်းတညိတ်ညိတ်လုပ်တာအကျင့်ပါနေတဲ့ မြို့မိမြို့ဖပုဂ္ဂိုလ်ရယ်၊ နောက် ပြီးတော့ အနှီမြို့နယ်အုပ်ချုပ်ရေးမှူးရယ်။ ဒီလောက်ပါဘဲ။ ကျွန်တော့်ကို သူတို့က နိဒါန်းသွယ်မနေတော့ပဲ၊ စာကိုယ် လိုရင်းတည့်တည့်နဲ့ ဖိတ်ခေါ်ရခြင်းအကြောင်းရင်းကို ရှင်းပြရှာပါတယ်။ ဒီကုလားထိုင်ပျံနဲ့ ပျံသန်းနေတာဟာ ကျွန်တော့်မှာ ပျံသန်းမောင်းနှင်ခွင့်လိုင်စင်မရှိ တာကြောင့် နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေတွေကိုချိုးဖောက်ရာ ရောက်နေတယ် လို့ စွပ်စွဲပြောဆိုသွားတာပါ။

အေးလေ။ ဥပဒေကိုမသိလို့ပဲချိုးဖောက်ဖောက်၊ ဒါဟာလည်း ရာဇ၀တ်မှုမြောက်နေတာပဲ ဥစ္စာ။ အဲဒီအချိန်မှာ တရားသူကြီးအမျိုးသမီး က ကြက်တူရွေးစာအံသံနဲ့ “Ignorance of law is no excuse” ဆိုလား၊ ဘိုအသံထွက်ခတ်အက်အက်နဲ့ “ဥပဒေကိုမသိလို့ ချိုးဖောက်တာဆိုပြီး ဆင်ခြေပေးလို့မဖြစ်နိုင်ကြောင်း” အစချီတဲ့ ရာဇ သတ်ကြီး ပုဒ်ထီးပုဒ်မလက်ချာကို တစ်နာရီပျော့ပျော့လောက် ကြာအောင် နန်းစတော့ပ် ပေးပါလေရော။ ကိုယ်က လည်း ဒီအပြစ်ကိုကျူးလွန်မိသူပီပီ၊ မျက်လုံးလေးပေလကတ်ပေလကတ်နဲ့ သူတို့ပြောသမျှ ဆိုဆုံးမသြ၀ါဒတွေကို “ဟုတ်ကဲ့ခင်ဗျ” လုပ်လိုက်၊ “နားလည်သွားပါပြီခင်ဗျ” လုပ်လိုက်၊ “မှန်ပါတယ်ခင်ဗျ” ဘာညာ ဖောရှောပေါ့။ စိတ်ထဲမှာတော့ တက္ကသိုလ်ကျောင်းသား ဘ၀တုန်းက ကြုံခဲ့ရတဲ့အရေးအခင်းအတွင်း လှည်းတန်းဂါတ်တဲကို ကိုယ်တိုင် ကိုယ်ကျ မီးတင်ရှို့ခဲ့တဲ့အမှုမှာ ထောက်လှမ်းရေးတွေ မျက်စေ့ရှန်းပြီး လွတ်ခဲ့ဖူးပေမယ့်၊ ဒီတခါတော့နာပြီဆိုတဲ့အတွေး နဲ့ သံဗုဒ္ဓေဂါထာတော်ကို အနုလုံပဋိလုံ ရွတ်နေရင်း ဇောချွေးတွေ ကို ရွှဲလို့။ မြို့မိမြို့ဖဆရာသမားက အခုလိုခေတ် ပြောင်းစနစ်ပြောင်း ကာလမှာ လူတွေအထိတ်တလန့်ဖြစ်စေမယ့် ကုလားထိုင်ပျံနဲ့ ပျံသန်းမောင်းနှင်တာဟာ နိုင်ငံတော် မှာ လက်ရှိကျင့်သုံးနေဆဲ ဥပဒေတွေနဲ့ ငြိစွန်းနေတယ်၊ ဒါပေမယ့် ကုလားထိုင်ပျံကို ဆက်လက် ပြီး စမ်းသပ်မောင်းနှင် တာမျိုးကို နောက်နောင်မှာ မလုပ်ဆောင်တော့ပါဘူးဆိုတဲ့အကြောင်း ၀န်ခံကတိကိုတော့ ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး၊ နိုင်ငံတော်ရဲ့စေတနာကို အမှန်တကယ်သိရှိနားလည်ပြီးဖြစ်တယ်ဆိုတာ ကျမ်းကျိန်မယ်ဆိုရင် ဒီအမှုကနေ ပလပ် ပေးလိမ့်မယ်လို့ ကမ်းလှမ်းလာပါ တယ်။ အေးလေ။ ကိုယ်ကလည်း ကုလားထိုင်ပျံနဲ့ တက္ကစီဆွဲစားမှာမှ မဟုတ်တဲ့ ဟာကိုး။ တရုတ်ရာဇ၀င်ကားတွေထဲကလို “၀မ်စွေ့၊ ၀မ်စွေ့၊ ၀မ့်..၀မ်စွေ့” ထလုပ်မိမတတ်ပျာယာခတ်ပြီး “ကျေးဇူး တင်ပါတယ်၊ ကျေးဇူးတင်ပါ တယ်” ဆိုတဲ့ နှုတ်ခမ်းပေါ်ကို ရွစိစိတက်လာနေတဲ့ မိတ္တဗလဋီကာသုံးစကားလုံးတွေကို န၀င်းကြေ၊ တြင်းကြေဖြစ်လောက်အောင် ၂၇ ခွန်းတိတိကို ပြောချ ပစ်လိုက်တာပေါ့။

ဒီကိစ္စက ဒီလောက်နဲ့ပဲ နိဂုံးကမ္ပတ်အဆုံးသတ်သွားပြီလို့ ကျွန်တော်တို့မိသားစုတွေ ထင်ထားကြပေမယ့်၊ လက်တွေ့မှာ က မဟုတ်ဘူးခင်မျ။ သိတ်တောင်မကြာပါဘူးဗျာ။ တိုင်းဒေသကြီးဝန်ကြီးချုပ်ရုံးရဲ့လမ်းညွှန်ချက်နဲ့ဆိုလား၊ တက္ကသိုလ် က ရူပဗေဒဌာနမှူး ပါမောက္ခတစ်ဦးခေါင်းဆောင်တဲ့အဖွဲ့တော်သားတွေ အိမ်ကိုပေါက်ချလာပြန်ကော။ မင်ရောင်အနီနဲ့ အထူးလျှို့ဝှက်လို့တံဆိပ်နှိပ် ထားတဲ့ စာအိတ်တအိတ်ကို ကျွန်တော့်လက်ထဲထိုးထည့်ပြီး ဖွင့်ဖောက်၊ ဖတ်ကြည့်ခိုင်းပါ တယ်။ စာထဲမှာပါတာက “ ယခုရောက်ရှိ လာကြတဲ့ပုဂ္ဂိုလ်တွေကို ကုလားထိုင်ပျံရဲ့ပျံသန်းရေးစနစ် စက်မှုပိုင်းဆိုင်ရာ တွေကို လက်တွေ့စစ်ဆေးခွင့်ပြုရ မယ်ဖြစ်ကြောင်း ဆိုတာရယ်၊ ဒီလိုမျိုးစစ်ဆေးတွေ့ရှိချက်တွေကို တာဝန်သိတဲ့ နိုင်ငံ သားတစ်ဦးအနေနဲ့ ပြင်ပမီဒီယာတွေဆီ မပေါက်ကြား ရအောင် စောင့်ထိမ်းလိုက်နာပေးရမယ်ဖြစ်ကြောင်း” လို့ ရေးသား ညွှန်ကြားထားတာပါ။

 

အိမ်ကမိန်းမကတော့ ကမ္ဘာဦးအစကတည်းက အမျိုးသမီးတွေမျိုးရိုးစဉ်ဆက်စောင့်ထိမ်းလိုက်နာခဲ့တဲ့ ထုံးတမ်းကျင့်ဝတ် မပျက်လေရအောင် ပွစိပွစိနဲ့ပေါ့။ ဟုတ်တယ်လေ။ ကျွန်တော်ကလည်း ကျွန်တော်။ အကြောရှည်ပါဘိသနဲ့။ သူအကြံပေးသလို အဲဒီကုလားထိုင်ပျံကို မီးရှို့ဖျက်ဆီးပစ်လိုက်ရင် ပြီးနေရဲ့သားနဲ့။ အခုတော့ ကျွန်တော့်ဆီ ကြွချီလာ ကြသူ ပညာရှင်တသိုက်ကို ကုလားထိုင်ပျံရဲ့နည်းနာနိဿယပိုင်း ဖွဲ့စည်းတည်ဆောက်ပုံတွေ အလုပ်ပျက်အကိုင်ပျက် နဲ့ရှင်းပြရဦးတော့မှာ။ သူရို့ကလည်း လက်ပ်တော့ပ်ကိုယ်စီနဲ့။ ဒစ်ဖရင်ရှိတ်လုပ်လိုက်။ အင်တီဂရိတ်လုပ်လိုက်။ ပါရှယ် တွေကော။ အော်ပရေတာတွေကော။ စုံစိပွထလို့။ စိတ်တိုင်းကျတွက်ချက်ပြီးတဲ့အခါကျမှ တယောက်မျက်နှာ တယောက်ငေးစိုက်ကြည့်ရင်း၊ အချင်းချင်း လေးလေးတွဲ့တွဲ့ခေါင်းခါ ယမ်းပြနေတာကိုကြည့်မောနေရတာ ကျွန်တော် ၁၆ နှစ်သားအရွယ်တုန်းက ငယ်ရည်းစားဆီက အဖြေပြန်စာဖတ်ခဲ့ရသလို ရင်တဖိုဖိုနဲ့။

အဖွဲ့ခေါင်းဆောင် ပါမောက္ခက အဲဒီကုလားထိုင်ပျံကို သူကိုယ်တိုင် လက်တွေ့စမ်းသပ် စီးနင်းကြည့်ချင်ပါတယ်တဲ့။ လုပ်လိုက်လေ ကြာသလားလို့။ ကျွန်တော်ကလည်း သူရို့ ဒီလိုမှတောင်းဆိုလာပါ့မလားလို့ စိတ်ပူနေမိတာကိုး။ ဒါနဲ့ ကျွန်တော့်ဆီ အလည်အပတ် ရောက်ရှိလာကြသူ ဂုဏ်သရေရှိလူကြီးမင်းအပေါင်းကို တယောက်ချင်းစီ ကုလားထိုင်ပျံအစီးခိုင်းကြည့်လိုက်တော့ သူရို့တွေလည်း သဘောတွေကျ၊ တဟီးဟီးတဟားဟားနဲ့။ ဒါလိုဆိုရင် ကျွန်တော့်အိမ်ရှေ့မှာ လူတွေနဲ့ ကြပ်သိပ်နေ တော့မှာလား၊ ဟုတ်စ။ ကြံကြီးစည်ရာဗျာ။ ကျွန်တော့်အိမ်ရှေ့မှာ လူတွေက ဖြတ်သန်းဖြတ်လာများလှသနဲ့။ ဘယ်လိုလုပ်ပြီး အိမ်ခြံထဲပျံသန်းရဲမှာ မှတ်လို့။ မြို့ပြင်ဘက် ၁၂ မိုင်အကွာက ကျွန်တော်ဝယ်ထားတဲ့ခြံထဲမှာ တိုးတိုးတိတ်တိတ် ကြိတ်ဝိုင်းသဘောခိုးလုပ်တာမို့ ဘယ် သူတွေမြင်နိုင်မှာမို့လို့လဲ။ လူတွေ ၀က်ဝက်ကွဲသိသွားကြရင်ဖြင့် သူရို့ခမျာများ လည်း အထက်လူကြီးအဘတွေဆီက မျက်နှာ မရခြေထောက်ရ၊ ကျွန်တော်ကိုယ်တိုင်ကလည်း ခံဝန်ချက်ဖောက်ဖျက် မှုနဲ့ မော်စကိုတနေရာရာကို ရောက်သွားနိုင်တာ ခင်ဗျားတို့သိနေပြီးသားနဲ့။ လာမေးနေသေး။ ကိစ္စ၀ိစ္စတွေ ပြီးစီးသွား တော့ အဖွဲ့ခေါင်းဆောင်ပါမောက္ခ ထုတ်ပြလာတဲ့ စာရွက်ပေါင်းစုံပေါ်မှာ လက်မှတ်တွေခဏခဏ ရေးထိုးခဲ့ရသေးဗျား။ ကျွန်တော်လက်မှတ်ရေးနေတုန်း အဲဒီအနှီပါမောက္ခက လက်မှတ်ထိုးရမယ့်နေရာကိုပြပေးသလိုလို၊ ဘာလိုလိုနဲ့ခင်ဗျား ကုလားထိုင်ပျံက တကယ့်ကိုမိုက်တာ။ ခင်ဗျားမိန်းမ မြှောက်ပေးသလို၊ မီးရှို့မပစ်နဲ့ဗျ။ သမ္မတကြီးဆီမှာ အယူခံဝင်လို့ ရနိုင်တယ်ဆိုပြီး ကျွန်တော့်ပုဆိုးခါးကြားထဲမှာ စာရွက်စတစကို မသိမသာနဲ့ထိုးထည့်သွားလေရဲ့။

သူတို့ပြန်သွားမှ ခါးကြားထဲညှပ်သွားတဲ့စာရွက်ပိုင်းကို ဖြေကြည့်မိတော့ နိုင်ငံတော်သမ္မတရုံးရဲ့ ၀က်ဘ်ဆိုက်ထ် လိပ်စာ ဖြစ်နေတာ ကိုး။ president-office.gov.mm တဲ့။ ကျွန်တော်လည်း အိမ်ပြန်ရောက်ရော၊ အိမ်ကမိန်းမက ဓာတ်ဆီပုံးနဲ့ မီးခြစ်တလုံးကိုင်ပြီး အဆင်သင့်ကိုထိုင်စောင့်နေတာ။ ကျွန်တော်ကလည်း အတောင် ၂၀ အောက်ဝတ် ခတ်ညံ့ညံ့ ယောက်ျားတွေထုံးနှလုံးမူ ပြီး ယောက်ျားတို့မာယာ၊ သဲဆယ်ဖြာနဲ့ အရူးသိုင်းကွက်နင်းလို့ အဲဒီကုလားထိုင်ကို အမေရိ ကန်က NASA အဖွဲ့ဆီ ချိတ်ဆက်ရောင်းတုတ်ပစ်လိုက်ရင် ဒေါ်လာငွေဘီလျှံချီပြီး အများကြီးပဲရတော့မလိုလို အာဖန် တီးလိုက်တော့ သူလည်းလေ၊ လောဘသားပေမို့ ပျော့ခွေကျသွားတော့တာပေါ့။ ပထမအကြပ်အတည်းက လွတ် မြောက်သွားတာနဲ့၊ ဒုတိယအကြော့ ကံစမ်းမဲများပေါက်လေမလားလို့ သမ္မတ၀က်ဘ်ဆိုက်ထ်ဆီကို အင်တာနက်က တဆင့် လှမ်းပြီး မေးလ်တစောင် ပို့လိုက်မိတာ..။ တော်တော်တော့ ကြာတယ်ခမျ။

ကျွန်တော့်မေးလ်ကလည်း ပြန်စာမရ၊ ဘာမရနဲ့။ သမ္မတ၀က်ဘ်ဆိုက်ထ်ကိုရောက်လာတဲ့ မေးလ်မှန်သမျှ တာဝန်ယူ စစ်ဆေးရတဲ့ ပုဂ္ဂိုလ်ကြီးတွေက စိတ်မထင်ရင်၊ စိတ်မထင်သလို ခေါက်ထားပစ်တတ်တာ ကြားဖူးနားဝရှိနေတော့လည်း လည်တမော့မော့ နဲ့ ပေါ့။ စောင့်ရတဲ့ဒုက္ခဆိုတာ သေးတာမှမဟုတ်တာကိုး။ အစပိုင်းတုန်းကတော့ မိန်းမက အားတက်သရောနဲ့ ခဏခဏမေးနေ ရှာပါတယ်။ တနှစ်လောက်ကြာလာတော့လည်း သူ့ယောက်ျား ငရွှီးအကြောင်း ကောင်းကောင်းသိနေသူပီပီ၊ စကားစပ်တာတောင် မသိချင်ယောင်ကို ဆောင်နေပါကော။ တနှစ်၊ သုံးလနဲ့ ရှစ်ရက် အကြာကျမှ၊ အိမ်ဖုန်းကနေတဆင့် အဆက်အသွယ်လုပ်လာပါတော့ တယ်။ သမ္မတရဲ့ သိပ္ပံနဲ့နည်းပညာပိုင်းဆိုင်ရာ အကြံပေးတဲ့ဗျား။ အသက်ကတော့ သိပ်မကြီးသေးပါဘူး။ လွန်ရောကျွံရောမှ ၄၀၊ ၄၅ နှစ်လောက်။ အိမ်က သမီး အကြီးမနဲ့မှ အရွယ်တူလောက်ရှိဦးမယ်။ ရုရှပြန်။ စစ်တပ်ကနေ အရပ်ဘက်ပြောင်းလာတာ သိပ်မကြာသေးဘူးဆို လား။ ကျွန်တော်ကလည်း ဒါတွေကို သိပ်ပြီးစိတ်ဝင်တစားရှိလှတာမှ မဟုတ်ရတာ။

သူကလေတပ်မှာ ဗိုလ်မှူးအထိ တာဝန်ထမ်းဆောင်ဖူးတော့ aerodynamics နည်းပညာနဲ့ နီးစပ်ပုံတော့ အပေါ်သား။ ကုလားထိုင်ပျံကို ကိုယ်တိုင်ကိုယ်ကျ စီးနင်းကြည့်တယ်။ ကျွန်တော့်ကိုလည်း အစီးခိုင်းတယ်။ ကျွန်တော့်ကို ထွေထွေ ထူးထူးတော့ မေးစမ်းမနေပါဘူး။ ဒီကုလားထိုင်ပျံက အလေးချိန်ပေါင် ဘယ်လောက်တင်နိုင်မလဲတဲ့။ ဒီမေးခွန်းတခု တည်းပါ။ ကျွန်တော်က အလွန်ဆုံး ပေါင် ၁၅၀ ထက် မပိုနိုင်ပါဘူးလို့ ပြန်ဖြေတော့၊ သူက စိတ်မ၀င်စားသလိုနဲ့ အန် ကယ်လ်က စစ်တပ်ထဲမှာရော အမှုထမ်းဖူးသေးသလားတဲ့။ ကျွန်တော်က စစ်တပ်ဆိုလို့ အိမ်မှာ ရေတောင်စစ် မသောက်ဖြစ်ပါဘူးလို့ ခပ်ငေါ့ငေါ့ပြန်ဖြေတော့၊ သူက အင်္ဂလိပ်လို That is a point ဆိုပြီး၊ သူ့စကားနဲ့သူ သဘောကျ လို့လားတော့မသိ၊ တခွိခွိနဲ့အကြာကြီး ရယ်နေလိုက်သေး။

တော်တော်ကြာအောင် ရယ်မောနေပြီးမှ သူ့အတက်ရှီကေ့စ်သေတ္တာသေးသေးလေးထဲမှာ အသင့်ပါလာတဲ့ နိုင်လွန် ပိတ်စ (အ လျား ၃ ပေ၊ အနံ ၆ လက်မလောက်) တစကိုဆွဲထုတ်ပြီး၊ ကျွန်တော့်ကုလားထိုင်နောက်မှီမှာ ဆူပါဂလူးနဲ့ အသေအချာကို ကပ်ပေးလိုက်တာပေါ့။ အဲဒီနိုင်လွန်စရဲ့အပေါ်ဆုံးညာဘက်အစွန်းမှာ နိုင်ငံတော်သမ္မတရုံး တံဆိပ်တုံး ကို အကျအနကို ရိုက်နှိပ်ထားတာဗျ။ တံဆိပ်တုံးအောက်မှာက ကွန်ပြူတာစာလုံးနဲ့ဆို ပွိုင့် ၁၆ လောက်ရှိလောက်တဲ့ မြန်မာဝါကျတကြောင်း။ “ဤကုလားထိုင်ပျံယာဉ်သည် လက်ရှိတည်ဆဲသိပ္ပံပညာဆိုင်ရာ နည်းနာနိဿယ အရပ်ရပ်တို့ ဖြင့် ပျံသန်းခုတ်မောင်းနေသည်မှာ မဟုတ်ရကြောင်း ထောက်ခံအပ်ပါသည်”။ ပြီးတော့ ပုံ၊ သိပ္ပံနှင့် နည်းပညာဦးစီးဋ္ဌာန (စစ်ဆေးရေး)၊ ညွှန်ကြားရေးမှူးချုပ်တဲ့။ ကဲ၊ မှတ်ကရော။

သစ်စိုး