တိုကျိုမှာ ဗိုက်ထဲက ဆာလာတဲ့အခါ (မောင်သာချို)

Posted on Posted in ဒေသန္တရရှုခင်း

 

တိုကျိုမှာ ဗိုက်ထဲက ဆာလာတဲ့အခါ

 

မောင်သာချို

 

(တစ်)

 

နှီးဒေါင်းလန်းကြီးခူးပြီးသောခါ

သမီးနှင့်သားများလို့မဝင်သာ

ဒူးတစ်ဖက်ဟာ

တွန်းကာဖယ်လျက်

သူ့ထက်ငါလေ

စားတော့မည်စေ

စားပေသာလှ အုန်းခွက်

ကယ်နှင့်လေး.. တဲ့။

 

နာမည်ကျော် ကဗျာစာဆိုတော်ကြီး ဝန်ကြီးပဒေသရာဇာ၏တျာချင်းကဗျာတစ်ပုဒ်ထဲက အပိုဒ်တစ်ပိုဒ်ကို ကောက်နုတ်ဖော်ပြ လိုက်ခြင်းပင်ဖြစ်ပါသည်။

ရှေးမြန်မာမိသားစုတို့ ထမင်းစားသောက်ကြသောအခါ ဝါးနှီးဖြင့် ရက်ထားသည့် နှီးဒေါင်းလန်းကြီး ထဲ၌ ထမင်းကိုယ်စီပုံကာ လက်ရည်တစ်ပြင်တည်း တရင်းတနှီး စားကြသောက်ကြသည့် ဓလေ့ကိုချစ်မြတ်နိုးဖွယ်ရာ ဖွဲ့ဆိုထားသည့် ကဗျာစာပိုဒ် ပင်ဖြစ်ပါသည်။

မန္တလေးမြို့နန်းရှေ့တွင်နေသူဖြစ်သဖြင့် နန်းတော်ရှေ့ဆရာတင်ဟူ၍ ထင်ရှားသူ ဂီတစာဆိုကြီး ကတော့ သူ့လက်ရည် တစ်ပြင်တည်းသီချင်းထဲတွင် ‘‘ လက်ရည်တစ်ပြင်တည်း.. နှီးဒေါင်းလန်းတွေနဲ့..ဝိုင်းဖွဲ့ကာ..စားကြပြန်သည် ’’ စသည် စသည်ဖြင့် မိသားစု၏နွေးထွေးသောထမင်းဝိုင်းကလေးကို ဖွဲ့နွဲ့စပ်ဆိုခဲ့ပြန်ပါလေသည်။

ထမင်းဝိုင်း၌ လူမစုံလျှင်မျက်နှာမကောင်းတတ်သူ ရှေးမြန်မာကြီးတို့က သည်လိုကဗျာများ၊ သည်လိုသီချင်းများကို စိတ်ခံတွင်း မြိန်ခဲ့ကြပုံရပါသည်။

သို့သော် သည်နေ့လိုခေတ်ကြီးထဲမှာကတော့ အိမ်ရှိလူကုန်ကိုယ်လိုချင်ရာကို ကိုယ်ထွက်ရှာ ကြရသည့်ခေတ်ကြီးဖြစ်၊ လက်ရည်တစ်ပြင်တည်းဖို့ရာ မဖြစ်နိုင်ကြပါလေတော့။ နှီးဒေါင်းလန်းကြီးအနီး၌ ဝိုင်းဖွဲ့ဖို့ရာ အခွင့်အခါ မပေးပါလေတော့။

အထူးသဖြင့် တိုကျိုမြို့သူမြို့သားတွေ။ အချိန်သည်ပဲရွှေ၊ အချိန်သည်ပဲငွေဖြစ်နေကြရသူများပေမို့ မိသားစုထမင်းဝိုင်းဖွဲ့ဖို့ဆိုသည်မှာ စိတ်ကူးယဉ်အိပ်မက်။

လေထဲမှာဆွဲထားသည့် ပန်းချီကားတစ်ချပ်မျှသာ။

 

(နှစ်)

 

family-mart
family-mart,www.shifteast.com

တိုကျိုမြို့က ထမင်းချက်မစားသူတို့၏ မြို့ပဲဖြစ်ပါသည်။

စက်မှုထွန်းကားသောနိုင်ငံ ၏ စက်မှုမြို့တော်ကြီးဖြစ်လေရာ လုပ်ငန်းခွင်တိုင်းတွင် အချိန်က လုပ်ခလစာဖြစ်သဖြင့် များများ အလုပ်လုပ်၊ များများပိုက်ဆံရသော လူ့အဖွဲ့အစည်းပေမို့ လူများ စွာ တို့၏ဘဝများစွာတို့က လုပ်ငန်းခွင်ထဲမှာပဲ ကုန်ဆုံး သွားကြစမြဲဖြစ်ပါသည်။ သည်တော့ သူတို့မှာ ချက်ပြုတ်ကြော်လှော်နေဖို့ရာ အချိန်မရှိ။ ဝိုင်းဖွဲ့စားသောက်နေဖို့ရာအချိန်မရှိ။ ထို့ကြောင့် တိုကျိုတွင် စားသောက်ဆိုင်တွေကများပြားလှကာ ဆိုင်တိုင်းလိုလိုမှာကလည်း စားသောက်သူ တို့ဖြင့် ပြည့်လျှံနေမြဲဖြစ်ပါသည်။

တိုကျို၌ ရောင်းသူမရှိသည့် ဈေးဆိုင်ပေါက်စကလေးတွေက အများအပြားကိုပဲရှိပါသည်။ ၂၄ နာရီ ဝယ်ယူစားသုံး၍ရသည့် ဆိုင်ကလေးများဖြစ်ပြီး ငွေအကြွေစေ့ကို ထိုးသွင်းကာ ဝယ်ယူ စားသုံးနိုင် စေရန် စီစဉ်ထားပါသည်။

ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်းအအေးတစ်ခုခုကို သောက်သုံးလိုသည်ဆိုပါစို့။ ငွေထည့်သည့်အပေါက်တွင်းသို့ ယန်း ၅၀ (မြန်မာငွေကျပ် ၅၀၀)ထည့်လိုက်။

မှန်အကြည်နောက်တွင် သူ့နေရာနှင့်သူ စီတန်းထည့်သိုထားသည့် ဘူး၏နေရာကို လက်ညှိုးနှင့် ထောက်လိုက်။ ကိုယ်ရွေးချယ်လိုက်သည့်ဘူးက အောက်ခြေရှိအကန့်ထဲသို့ ဒုန်းခနဲပြုတ်ကျလာလေရာ အံကိုတွန်းဖွင့်ပြီးနောက်အထဲက ပစ္စည်းကိုနှိုက်ယူလိုက်ရုံ။

ယန်း ၅၀ တန်ကို ယန်း ၁၀၀ ထည့်လိုက်ပါက ပြန်အမ်းသည့် စက်ထဲတွင် အမ်းငွေယန်း ၅၀ က ထွက်ကျ၍လာစမြဲ။ ဤနည်းဖြင့် စီးကရက်ကအစ ဝယ်ယူ၍ရသော အလိုအလျောက် ဈေးဆိုင်ကလေးများဖြစ်ပြီး ကြော်ငြာသင်ပုန်း သေတ္တာကလေးများ သဖွယ်နေရာတိုင်း၌ ရှိနေကြပါသည်။

စီးကရက်ကမူ ကျသင့်ငွေထည့်ရုံမျှနှင့်မပြီးဘဲ အသက်ပြည့်မှထုတ်ပေးထားသည့် စီးကရက် ဝယ်ယူခွင့်ကတ်ပြားကလေးပါ စက်ကိုပြမှ စီးကရက်ဘူးက ထွက်ကျလာခြင်းဖြစ်ပါသည်။ ပြောရလျှင် သည်လိုဆိုင်ကလေးများက မျက်စိတစ်လှမ်း လက်တစ်ကမ်းတိုင်းမှာ ရှိနေကြပြီး ကုမ္ပဏီအသီးသီးက အချိန်နှင့်အမျှ ပစ္စည်းအသစ်ထပ်ထည့်၊ ငွေလာသိမ်းလုပ်နေသည့် ဆိုင်ကလေးများပဲဖြစ်ပါသည်။

တိုကျိုမြို့က Mini Mart,Family Mart စသည့်ဈေးပေါက်စကလေးတိုင်းမှာ Fast Food ဟု ခေါ်သည့် အမြိန်စာများကိုရောင်းပေး ပါသည်။ ပေါက်စီ၊ ဟန်ဘာဂါ၊ အာလူးကြော်၊ ဆင်းဒဝစ် စသည်စသည်။ Processed Food ခေါ်အသင့်ပြင်ပြီး အစားအစာများ ကိုလည်း ရောင်းချပေးပါ သည်။

အသား၊ ငါး၊ ကြက်ဥ၊ အသီးအရွက်နှင့် ထမင်း၊ ခေါက်ဆွဲစသည်တို့ကိုအသင့်ချက်ပြုတ်ကာ အေးခဲထားသည့်ဘူးများ၊ ပန်းကန်များ။ ဝယ်ယူကာနွှေးပြီး စားလိုက်ရုံ။ အဖိုးနည်းဝန်ပါဘဝကို ရောင့်ရဲ လွန်းစွာဖြတ်သန်းသူတွေအတွက်ကတော့ ထမင်းနှင့် ဟင်းတစ်မျိုးတစ်ပွဲတစ်ပုံကို ယန်း၃၀၀၊ ယန်း ၅၀၀ နှင့်စား၍ ဖြစ်ပေရာ မြန်မာငွေ ၃,၀၀၀၊ ၅,၀၀၀ ကျသင့်သည့်သဘော။

မည်သည့်အလုပ်မဆို တစ်နာရီကို ယန်း ၈၀၀ (မြန်မာငွေကျပ် ၈,၀၀၀) အထက်ရသည့် အရပ်ဒေသပေ မို့ နေပျော်သောဈေးနှုန်းများ ဟု ဆိုနိုင်ပါ၏။ အေးအေးလူ လူအနေအထားသို့ ရောက် သူတို့ကမူ စားသောက်ဆိုင်များရှိရာဆီကို သွားကြပေတော့။ လူတစ်ယောက်အဝစား၊ အဝသောက်ယန်း ၃,၀၀၀ တဲ့။ မြန်မာငွေကျပ်သုံးသောင်း။

သြော်.. လက်ရည်တစ်ပြင်တည်းဖို့ နှီးဒေါင်းလန်းကြီးတွေရဲ့အပါးမှာ ဘယ့်နှယ်ဝိုင်းဖွဲ့ကြရပါ့။

 

(သုံး)

 

www.imagineourlife
www.imagineourlife

ဂျပန်ထမင်းက ရှမ်းထမင်းထက်ပို၍ဖွေး၊ ပို၍မွှေးကာ ပို၍ထွေးပါသည်။ သူတို့က ထမင်းကိုထမင်းချည်းသက်သက်အရသာ ခံ၍စားကြသော လူမျိုးဖြစ်ပါသည်။

ဟင်းက ငါး အမျိုးမျိုးကိုအစိမ်းလိုက်ပါးပါးလှီးကာ ဝါဆာဘီနှင့် ငံပြာရည်ကိုစပ်ပြီး တို့၍တို့၍စားကြခြင်းဖြစ်ပါသည်။ အမဲသားကလည်း အစိမ်း။ ရေဘဝဲကလည်း အစိမ်း။ ကြက်သားအကင်။

ငါးအကင်။ ငါးဥ။ ခရမ်းသီးဆားစိမ်။ သခွားသီးဆားစိမ်။ ဆူရှီ။

ငါးမန်း၊ ဘဲဥနှင့် ဘဲသားကမူအလွန့်အလွန်တွေ့ရခဲ၊ စားရခဲသည့်အစားအစာ။ ဒါ့ကြောင့်လား မသိ။ မြန်မာထမင်းဆိုင်တစ်ဆိုင်က ဘဲဥချဉ်ရည်ကို ကြက်ဥနှင့်ချက်ထားခဲ့ခြင်းဖြစ်ပါလေသတဲ့။

ဂျပန်အစားအစာ တော်တော်များများကဆီ၊ အစပ်နှင့်အချဉ်နည်းပါးပြီး အချိုကဲသည့်အစား အသောက်တွေချည်းသာ။

 

(လေး)

 

သြော်.. တိုကျို တိုကျို။

အဆင်သင့်စား။ အရန်သင့်စား။ ချက်ချင်းစား။ လက်ငင်းစား။ လမ်းဘေးမှာ ကော်ဖီမော့ချ ။

ဘူတာရုံမှာ လက်ဖက်ရည်မော့ချ။ မြေအောက်ရထားပေါ်မှာ ရေနွေးကြမ်းမော့သောက်။ ရွေ့လျားလှေကားပေါ်မှာ အအေးမော့သောက်။

နှီးဒေါင်းလန်းကြီးများ ခေတ်မစားတော့သည့်တိုင် တတ်နိုင်သမျှလူစုံအောင် တစ်ယောက်ကိုတစ်ယောက် စောင့်ပြီးတော့မှ စားတတ်ကြသည့် မြန်မာလူမျိုးများတိုကျိုမှာ အစားစားတဲ့အခါ စားလို့မှမြိန်ကြပါလေစ။ ။

 

+ ++ 7 Day, Vol.13, No.4, March 26 , 2014 ပါ ဆောင်းပါးကို စာရေးသူ၏ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြပါသည်။

ရှုခင်းသစ်