နိုဘယ်လ်ဆုရ စာရေးဆရာ ဂါဘရီရယ် ဂါဇီယာ မားကွက်ဇ် (Gabriel Garcia Marquez) ကွယ်လွန်

Posted on Posted in နိုင်ငံတကာ သတင်း
ဂါဇီယာ မားကွက်ဇ်  Garcia Marquez
ဂါဇီယာ မားကွက်ဇ်
Garcia Marquez

17 April 2014
နိုဘယ်လ်ဆုရ ကိုလမ်ဘီယာ စာရေးဆရာကြီး ဂါဘရီရယ် ဂါဇီယာ မားကွက်ဇ် (Gabriel Garcia Marquez) အသက်(၈၇)နှစ် ဟာ အဆုတ်နဲ့ ဆီးလမ်းကြောင်းမှာ ပိုးဝင်တဲ့ ရောဂါ ကြောင့် ဒီနေ့   မက္ကစီကို စီးတီး ဆေးရုံမှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ ဧပြီလ(၈)ရက်နေ့ကတည်းက နေအိမ်မှာ အဆုတ်ရောင် အအေးမိ နမိုးနီးယား ရောဂါကနေ ပြန်လည်သက်သာလာခဲ့ပြီး နောက် ပိုင်းမှာ သူဟာ ခံနိုင်ရည်မရှိတော့တာ လို့ သူသေဆုံးကြောင်းကို အတည်ပြုပြောကြားခဲ့တဲ့ နီးစပ်တဲ့ဆွေမျိုးတဦးက ပြောပါတယ်။
၁၉၆၇ ခုနှစ်က ထုတ်ဝေခဲ့ပြီး ကျော်ကြား လှတဲ့ One Hundred Years of Solitude စာအုပ်ရဲ့ ဖန်တီးသူ   ဂါဘရီရယ် ဂါဇီယာ မားကွက်ဇ် ဟာ lymphatic cancer လို့ခေါ်တဲ့ ခန္ဓာကိုယ်တွင်း သွေးဖြူဥ နဲ့ တစ်သျှူး ဆိုင်ရာ အရည်ကြည် ကင်ဆာရောဂါကို လွန်ခဲ့တဲ့ (၁၂) နှစ်ကတည်းက ကြံ့ကြံ့ခံနေခဲ့ရပါတယ်။ ဒါကို ကျော်လွှားအောင်နိုင်ခဲ့ပြန်တော့ ၂၀၀၆ ခုနှစ်မှာ အယ်လ်ဇိုင်းမား ရောဂါ ကိုစတင် ခံစား ခဲ့ရပါတယ်။
မက္ကစီကို သမတ Juan Manual Santos ကတော့ သတင်းစာတွေက ရေးနေသလို ကင်ဆာရောဂါနဲ့ မချိမဆန့်ခံစားနေရတယ် ဆိုတာတော့ လုံးဝ မဟုတ်ပါဘူး၊ သူ့အသက်အရွယ်နဲ့ တော့ သူ့ကျန်းမာရေးက ဒီလောက်တော့ရှိမှာပေါ့ လို့ ကျန်ရစ်သူ ဇနီး မာစီဒီး နဲ့ သား ၂ ယောက်ကို သွားရောက်တွေ့ဆုံစဉ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
One hundred Years Of Solitude စာအုပ်ဟာ စောင်ရေ သန်း(၃၀) ရိုက်နှိပ်ထုတ်ဝေခဲ့ရပြီး၊ ဘာသာစကား ပေါင်း ၂၅ မျိုးကို ပြန်ဆိုထုတ်ဝေခဲ့ရပါတယ်။ အနှစ်(၆၀)ကျော် ရေးသားခဲ့တဲ့ စာအုပ်တွေ ထဲက One hundred Years Of Solitude အပါအဝင် Chronicle of a Death Foretold ၊ Love in the Time of Cholera နဲ့ Autumn of the Patriarch အစရှိတဲ့ သူ့ရဲ့ လက်ရာတွေ ဟာ စပိန်ဘာသာနဲ့ ထုတ်ဝေခဲ့တဲ့ စာအုပ်တွေထဲမှာ သမ္မာကျမ်းစာ ကလွဲယင် အများဆုံး ရိုက်နှိပ် ရောင်းချခဲ့ရပါတယ်။

100-years-of-solitude
One hundred years of solitude by Garcia Marquez

One hundred Years Of Solitude ဟာ  လက်တင်အမေရိက ဘယ်လိုဆိုတာကို ထင်ရှားလာစေတဲ့၊ သူတို့ဘိုးဘွားတွေရဲ့ ဆုံးရှုံးမှုတွေကနေသင်ခန်းစာ ယူဖို့ ရာလည်း ဖြစ်တဲ့ ၊ လက်တင်အမေရိက ရဲ့ စွဲမက်စရာ တွေကို ပွဲခံဖို့ ၊ စိတ်ဝိညဉ် နဲ့ စိတ်ကူးစိတ်သန်း ဆိုင်ရာတွေ ပါဝင်တဲ့ လက်တင်အမေရိက ရဲ့ ပထမဦးဆုံး စာအုပ်တအုပ်ပါပဲလို့ ဂါဇီယာ မားကွက်ဇ် ရဲ့ ကိုယ်ရေးအထ္တုပတ္တိ အစိတ်၊အပိုင်းတချို့ကိုရေးသားခဲ့သူ  Gerald Martin ကပြောပါတယ်။
Gabo လို့လည်း မိတ်ဆွေတွေက သိထားတဲ့ ဂါဇီယာ မားကွက်ဇ် ဟာ နိုင်ငံရေးမှာ ထိပ်တန်းက ပါဝင်ခဲ့ပြီး လက်တင်အမေရိက ညီညွတ်ရေးတည်ဆောက် မှုနဲ့ ဒေသတွင်း မှာ အမေရိကန် စွက်ဖက်မှုကို အဆုံးသတ်စေခဲ့တဲ့ လှုပ်ရှားမှုတွေမှာ အတက်ကြွဆုံးပါဝင်လုပ်ဆောင်သူတဦး ဖြစ်ပါတယ်။ ကျူးဘားခေါင်းဆောင် ဟောင်း ဖီဒယ်ကက်စထရို နဲ့ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသူတဦးလည်း ဖြစ်ပါတယ်။
၁၉၂၇ ခုနှစ်က ကိုလမ်ဘီယာ နိုင်ငံ Aracataca မြို့ငယ်လေးမှာ မွေးဖွားခဲ့တဲ့ ဂါဇီယာ မားကွက်ဇ် ဟာ စိတ်ကူးယဉ် နဲ့ သရုပ်မှန် ကိုပေါင်းစပ်ပြီး လက်တင်အမေရိက ရှိ လူ့ဘဝ နဲ့ တိုက်ပွဲကို ပေါ်လွင်စေတဲ့ စာပေ တွေကို ကြွယ်ဝတဲ့ စိတ်ကူး၊ ဖန်တီးမှု အနုပညာ မြောက် အောင် နဲ့ ရေးသားခဲ့တဲ့ အတွက် ၁၉၈၂ ခုနှစ် မှာ စာပေဆိုင်ရာ နိုဘယ်လ် ဆုကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။
ဝင်းသန့်အောင်

Ref: http://www.independent.co.uk/news/people/news/death-of-gabriel-garcia-marquez-colombian-writer-and-nobel-laureate-dies-aged-87-9268558.html