ကဗျာဆရာကြီးနေသွေးနီ ကွယ်လွန်လေပြီ

Posted on Posted in မြန်မာသတင်း

 

ကဗျာဆရာကြီးနေသွေးနီ ကွယ်လွန်လေပြီ

ဆရာနေသွေးနီ -ပန်းချီယဉ်မင်းပိုက်
ဆရာနေသွေးနီ -ပန်းချီယဉ်မင်းပိုက်

မြန်မာကဗျာလောကမှာ အထင်ကရ ကဗျာဆရာကြီး တဦး အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့ ဆရာနေသွေးနီဟာ သင်္ကြန်အတက်နေ့ညက ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ငါးဆူတောင်ကျေးရွာရှိ နေအိမ်မှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။

ကဗျာဆရာကြီးနေသွေးနီ အသက် (၈၅)နှစ်ဟာ ဧပြီလ ၁၆ ရက် ဗုဒ္ဓဟူးနေ့ သင်္ကြန် အတက်နေ့ ည ၈း၃၀ နာရီအချိန်မှာ ကွယ်လွန် သွားခြင်းဖြစ်ပြီး ဆရာကြီး၏ရက်လည်ဆွမ်းသွပ်ကို ၂၀၁၄၊ ဧပြီလ၊ ၂၂ရက်နေ့ နံနက် ၁၀နာရီ မှ ၁၂နာရီအချိန်အတွင်း အမှတ် ၁၃၊ ၄ လမ်း၊ ၄ ရပ်ကွက်၊ ငါးဆူတောင်တွင် ပြုလုပ်မယ်လို့ဆိုပါတယ်။

ဆရာကြီးသက်ရှိထင်ရှားရှိစဉ် ၂၀၁၂ ခုမေလမှာ ရသအလင်း ဖောင်ဒေးရှင်း (စင်ကာပူ)က ပေးအပ် ချီးမြှင့်တဲ့ ဂုဏ်ပြုလွှာကိုလက်ခံရရှိခဲ့ပြီး အဲဒီ့ဂုဏ်ပြုလွှာမှာ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီးစ ပြည်တွင်းစစ်ခေတ် မီးတောက်ကြား ပြည်သူလူထု၏ ဘဝနှင့်ဝေဒနာကို လူငယ်ဒေသနာနှင့် ကဗျာ တွင်ရစ်စေခဲ့သည့်အတွက်လည်းကောင်း၊ ‘ကဗျာ တစ်ပုဒ် ၁၅ ကျပ်၊ ငတ်ချင်ငတ်ပြတ် ချင်ပြတ်၊ စိတ်ဓာတ်မကျ ရေးစို့ဗျ ’ ဟုကြွေးကြော်ခံယူခဲ့သူအဖြစ်ယဉ်ကျေးမှုမျက်နှာစာမှာ ယုံကြည်ရဲဝံ့စွာရပ်တည်ခဲ့သူအဖြစ်ဖော်ပြထားပြီး ဆရာကြီးကို ပြည်သူထဲမှာ သက်တမ်းရှည်ကြာ ကဗျာအလံ မလှဲနေလာခဲ့တဲ့ အတွက်လည်းကောင်း၊ ဒါ့အပြင် စာရေးဆရာနှင့် ကဗျာဆရာအဖွဲ့ အစည်းများတွင် ခေတ်အလျောက် ပါဝင်ပခုံးထမ်းခဲ့ခြင်းအတွက်လည်းကောင်း ရိုးရှင်းခိုင်ကျည်သည့် အနုပညာနှင့် ကဗျာသစ္စာ ခိုင်မြဲနေနိုင်သော ကဗျာဆရာနေသွေးနီလို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။

 

၁၉၇၅- ခု ဇူလိုင်လထုတ် ရှုမ၀မဂ္ဂဇင်းပါ လူပေလူတေ ကဗျာကို ဆရာကြီးနေသွေးနီ ကို အမှတ်တရ အလွမ်းပြေ ပြန်လည်ဖော်ပြအပ်ပါသည်။

ရှုခင်းသစ်

လူပေ လူတေ

 

၁၉၇၅ ခုနှစ်က ရှုမ၀မဂ္ဂဇင်းမှာဖော်ပြခဲ့တဲ့ နေသွေးနီရဲ့ကဗျာ
၁၉၇၅ ခုနှစ်က ရှုမ၀မဂ္ဂဇင်းမှာဖော်ပြခဲ့တဲ့ နေသွေးနီရဲ့ကဗျာ

 

ဘဲပျောက် ကြက်ပျောက်

ပုဆိုးပျောက်

ငမောက်ကလေး လက်ချက်ပင်။

 

ငမောက်ကလေး

မျက်ပေမှေး၊ ဈေးလမ်းကြားတိုး

ဈေးဂျပိုး။

 

ဂျပိုးငမောက်

စိတ်ကူးပေါက်၊ အိမ်အောက်ဝင်ခို

နေ့ငတို။

 

ငမောက်သည်ကား

ငတက်ပြား၊ ကြောင်ဖားအလား

ညမင်းသား။

 

ငမောက်လူပေ

မောင်တေလေ၊ အမေမရှိ

အဖေမရှိ။

 

ကလေကခြေ

ကျရာနေ၊ အခြေမကျ

နေမလှ။

 

ငမောက်အနေ

သည်အခြေ၊ တွေးလေပါက

ခက်လေစွ။

 

ခက်သည့်အဖြေ

တွေးလေလေ၊ နက်လေ နက်လေ

ခေါင်းမူးဝေ။ ။

နေသွေးနီ