စာစီမှားတဲ့ ည (ကိုချို )

Posted on Posted in အက်ဆေး

နိုးသွားချင်းချင်း သူ့အိမ်နဲ့မလှမ်းမကန်း မီတာတစ်ရာအကွာလောက်မှာရှိသည့် သူ့ရဲ့ ရှင်ခိုအိဝအမည်ရှိ မြို့ကလေးရဲ့ဘူတာကလေးဆီ နားစွင့်လိုက်မိသည်။

(ဘူတာကလေးဟုဆိုသော်လည်း ရန်ကုန်ဘူတာကြီးကဲ့သို့ စုလစ်မွန်းချွန်များမရှိသည်ကလွဲလျှင် …..)

စာစီမှားတဲ့ည (ကိုချို)
စာစီမှားတဲ့ည (ကိုချို)

ကိုချို

စာစီမှားတဲ့ ည

 

သူ ရုတ်တရက် လန့်နိုးသွားသည်၊

ဧည့်ခန်းဖက်ဆီမှ တစ်ချက်တစ်ချက် လွင့်ပျံ့လာသည့်မသဲမကွဲ တီလီဗေးရှင်းသံကြောင့်လား၊

လှုပ်ရှားမှုခြေသံ တစ်စုံတစ်ရာကြောင့်လား၊ ရေအိမ်တံခါးပိတ်သံ အနည်းငယ်ကြမ်းသွားခြင်း ကြောင့်လား။

သေချာသည်ကတော့ သူ့အိပ်ခန်းနှင့်ကပ်ရက် ဧည့်ခန်းဖက်ဆီမှ အသံတစ်စုံတစ်ခုကြောင့်

အအိပ်ဆတ်လွန်းသော သူ ရုတ်တရက် လန့်နိုးသွားပါသည်။

နိုးသွားချင်းချင်း သူ့အိမ်နဲ့မလှမ်းမကန်း မီတာတစ်ရာအကွာလောက်မှာရှိသည့် သူ့ရဲ့ ရှင်ခိုအိဝအမည်ရှိ မြို့ကလေးရဲ့ဘူတာကလေးဆီ နားစွင့်လိုက်မိသည်။

(ဘူတာကလေးဟုဆိုသော်လည်း ရန်ကုန်ဘူတာကြီးကဲ့သို့ စုလစ်မွန်းချွန်များမရှိသည်ကလွဲ လျှင် ထိုမျှနီးနီးတော့ ရှိပါသည်။)

ဘူတာကလေးက တိတ်ဆိတ်ငြိမ်သက်နေခဲ့လျှင် ညလည်တစ်နာရီမှ နံနက်လေးနာရီခွဲ အတွင်းဆိုတာ သေချာပါသည်။

အဘယ်ကြောင့်ဆိုသော် သူတို့မြို့ကလေးကို နေ့သစ်တစ်နေ့အတွက် စတင်ဝင်ရောက်သည့် ပထမဆုံးရထားသည် နံနက်လေးနာရီလေးဆယ့်လေးမိနစ်တွင်ဖြစ်ပြီး ထိုနေ့အတွက် နောက် ဆုံးရထားကတော့ ညဆယ့်နှစ်နာရီငါးဆယ့်ရှစ်မိနစ်တွင် ဖြတ်သန်းသွားသောကြောင့် ဖြစ်သည်။

အကယ်၍ ဘူတာကလေးဆီမှ လူသံသူသံ၊ ရထားဖြတ်သန်းမောင်းနှင်သံ၊ ရထားအ၀င် အထွက် ကြေညာသံ၊ ရထားတံခါးပိတ်ရန် စီးမျောနေကျ သတိပေးမယ်လိုဒီသံများကို ကြားရပါက ဦးစွာ အိပ်ရာအတွင်း သူ့နံဘေးကို မျက်လုံးမဖွင့်ပဲ စမ်းကြည့်မည်။ ညတိုင်း ညနှစ်နာရီ ၀န်းကျင်မှ အိပ်ရာဝင်လေ့ရှိသော သူ့အမျိုးသမီး သူ့နံဘေးမှာရှိမနေခဲ့လျှင် ထိုနေ့အတွက် ရထားမသိမ်းသေး။ ထို့နောက် ညတစ်နာရီ မထိုးသေးတာ သေချာပါသည်။

အနားမှာ သူ့အမျိုးသမီး အိပ်ရာဝင်နေခဲ့လျင်တော့ နေ့သစ်အတွက် ဘူတာကလေးက စတင် အသက်ဝင် နေပြီဖြစ်ကြောင်း၊ နံနက်လေးနာရီလေးဆယ့်ငါးမိနစ်ကနေ သူ့နှိုးစက်နာရီမြည် နေကျ နံနက်ငါးနာရီခွဲကြား တွင်ဖြစ်ကြောင်း သူ ကောင်းကောင်းသိပါသည်။

ထိုအခါမျိုးတွင် သူ့ခေါင်းဦးနံဘေးမှာရှိသည့် ဒစ်ဂျစ်တဲလ်နှိုးစက်နာရီကလေးဆီသို့ လက်က အကျင့်တစ်ခုလို ရောက်သွားမည်။ အလင်းအမည်ရှိ ခလုပ်ကလေးကိုနှိပ်၍ အမှောင်ထဲမှာ လင်းလက်လာသည့် ဒစ်ဂျစ်တဲလ်ဂဏန်းစာလုံးလေးတွေကို အတတ်နိုင်ဆုံး မျက်လုံးမှေးစင်း ၍ ကြည့်မည်။

အခုလည်း ရုတ်တရက်လန့်နိုး၊ ဘူတာကလေးဆီနားစွင့်၊ အသံဘလံတွေကြားရ၊ အကျင့် တစ်ခုလို နာရီကိုဖွင့်ကြည့်၊ နံနက် နှစ်နာရီတိတိ..

ခဏနေရင် သူမအိပ်ရာဝင်လာပေတော့မည်။

စိတ်ပျက်လက်ပျက် သက်ပြင်းရှည်တစ်ချက်ကိုပစ်ချလိုက်ရင်း အိပ်ရာဝင်ခါစက အားသွင်း ထားလို့ အားပြည့်နေပြီထင်ရသော စမတ်ဖုန်း ဘက်ထရီကြိုးကို ဆွဲဖြုတ်လိုက်သည်။

အိပ်မ၀ညတွေများခဲ့ပြီမို့ အခုတလော စောစောအိပ်ရာဝင်ဖြစ်အောင် ကြိုးစားခဲ့သည်။

တစ်ပတ်ကိုခြောက်ရက် နံနက်ငါးနာရီခွဲတွင် အိပ်ရာထရသည်မို့ ညဥ့်နက်မှအိပ်ရာဝင်လေ့ ရှိခြင်းမှ ညဆယ်နာရီကနေ ဆယ်နာရီခွဲနောက်အကျဆုံး အိပ်ရာဝင်ဖြစ်အောင် အကျင့်လုပ်ခဲ့ သည်။

လူတစ်ယောက်အတွက် အကောင်းဆုံးအိပ်ချိန်မှာ ညဆယ်နာရီမှ နံနက်နှစ်နာရီအတွင်းဟု ပညာရှင်များက ဆိုသည်။

တစ်နေ့တာ လှုပ်ရှားခဲ့သမျှမှ မိမိအတွက်လိုအပ်သည့်အမှတ်သညာများကို ဦးနှောက်က စနစ် တကျမှတ်သား၊ ထားသိုသိမ်းဆည်းခြင်း၊ မှတ်သားရန်မလိုအပ်သည်များကို ပယ်ဖျက်စွန့်ပစ် ခြင်း၊ တစ်နေ့လုံး ပင်ပန်းနွမ်းနယ်ခဲ့သမျှအတွက် အားသစ်လောင်းခြင်းနှင့် ထိုအချိန်အတွင်း နှစ်ခြိုက်စွာအိပ်ပျော်ခဲ့လျင် တစ်နေ့တာအတွက် အိပ်ချိန်လုံလောက်ပြီဟု မှတ်သားဖူးသည်။

ထို့ကြောင့် ထိုအချိန်အတွင်း အိပ်ပျော်အောင် သူအိပ်ပါသည်။ နှစ်ခြိုက်စွာလည်း အိပ်ပျော်ခဲ့ပါ သည်။

ထို့အတွက် အဆင်မပြေခြင်းတစ်ခုက နံနက်နှစ်နာရီခန့်တွင် နေ့စဉ်အချိန်မှန်မှန် တစ်ရေးနိုး နေတတ်ခြင်းပင် ဖြစ်သည်။

ပို၍ဆိုးရွားသည်မှာ နောက်ကျ၍(ထိုအချိန်တွင်မှ) အိပ်ရာဝင်လေ့ရှိသည့် သူ့အမျိုးသမီး၏ အိပ်ရာဝင်ချိန်နှင့် ထူးထူးခြားခြား တိုက်ဆိုင်နေခြင်းပင် ဖြစ်သည်။

တကယ်တော့ သူစောစောက ရုတ်တရက်လန့်နိုးသွားခြင်းမှာ သူမအိပ်ရာဝင်ရန် သွားတိုက် ခြင်း၊ နောက်ဖေးအပေါ့အပါးသွားခြင်း၊ တီဗီပိတ်လိုက်၍ ရုတ်တရက်ဆိတ်ငြိမ်သွားခြင်း စသော တစ်စုံတစ်ခုခုကြောင့် ဖြစ်ပေလိမ့်မည်။

အဆိုးရွားဆုံးမှာ သူမဘာသာ ငြိမ်ငြိမ်သက်သက်၊ တိုးတိုးတိတ်တိတ်ကလေး အိပ်စက်သွားလျှင် အရာမဟုတ်ပါ။ သူမသည် အိပ်ရာဝင် လာလျှင်လာချင်း သူ့ကို စောင်ပြင်ခြုံပေးခြင်း၊ ခေါင်းဦးအထားအသိုပြင်ခြင်း၊ သူပက်လက်အနေအထားနှင့် အိပ်ပျော်နေခဲ့လျှင် (ဟောက် တတ်လေ့ရှိခြင်းကြောင့်) ဘေးတိုက်တစောင်း အနေအထားသို့ပြင်ခြင်း စသည်တို့ကြောင့် သူတကယ်လို့ နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့လျှင် လည်း ထိုညအတွက် တစ်ရေးတော့ နိုးနေကျ ဖြစ်သည်။

သူနိုးသွားမှန်း သူမရိပ်မိသွားလျှင် တစ်ခုခု စကားဆိုမည်။

အပြင်ဖက်မှာ မိုးရွာနေကြောင်း၊ လေထန်ကြောင်း၊ ဒါမှမဟုတ် တီဗီသတင်းထူး တစ်ခုခု အကြောင်း၊ မနက်ဖြန် အမှိုက်စို ပစ်ရမည့်နေ့ဖြစ်ကြောင်း၊ သို့မဟုတ် ညဘက်အိပ်ရာထ ဆီး၊ ၀မ်းသွားရန် အပျင်းကြီးအောင့်ထားတတ်သည့်သူ့ကို အပေါ့အပါးသွားရန်ဖြစ်ဖြစ် တိုက်တွန်း ပေလိမ့်မည်။

ထို့နောက် သူမလက်တွေက သူ့ခန္ဓာကိုယ်ပေါ် သွေးတိုးစမ်းသလို ဦးစွာ ဇက်ကြောတွေကို ဖွဖွ ကလေးဆွဲမည်။

ဇက်ကြောအလွန်တက်တတ်သည့် သူက ငြိမ်ခံနေလျင် သူ့ပခုံးသားတွေကို နယ်ချဲ့နှိပ်နှယ် ပေးလာမည်။

သူ သည်အတိုင်းအိပ်ပျော်သွားလျှင် အကောင်းဆုံးဖြစ်ပေမယ့် (အိပ်ရေးဝနေပြီမို့) သူဆက်အိပ်မရမှန်း သူမဖတ်မိသွားလျှင်တော့ (ကျမလည်း ဇက်ကြောတွေ အရမ်းတက်နေ တယ်၊ အိပ်လို့ရမှာမဟုတ်ဘူး) ဟုအသနားခံသလိုလို၊ အကြွေးတောင်းသလိုလိုနှင့် အခွင့် အရေးဆိုလျှင် သူငြင်းရ ခက်ပါသည်။

ထို့နောက် သူမကို ဇက်ကြောဆွဲပေးရတော့မည်။

ထိုနောက် လည်ကုပ်၊ ပခုံးသားများကို နှိပ်နယ်ပေးရတော့မည်။

ထိုနောက် ညှပ်ရိုးများ၊ ကျောရိုးတစ်လျောက် ထိုနောက် သူမတောင်းဆိုသော ဟိုနားနည်း နည်း၊ သည်နားနည်းနည်း ထိုနောက်..

ထိုနောက်..

ခြေချော်လက်ချော် တခြားအကြောတွေ လွဲမှားသွားလျှင်..။

တစ်ညစာအလွဲတွေအတွက် နံနက် မကြည်မလင်နွမ်းယိစွာ အိပ်ရာနိုးထရပေတော့မည်၊

အို..

သူ အယောင်ယောင်၊ အမှားမှားနှင့် အိပ်ရေးဝနှင့်နေသော(အားပြည့်နေသော)ခေါင်းဦးနံဘေး မှ သူ့စမတ်ဖုန်းကို လှမ်းဆွဲမိသည်။

ပြီးမှ မျက်နှာစာအုပ်ကိုကြည့်မိလျှင် မျက်လုံးတွေပိုကျယ်ပြီး အိပ်မရဖြစ်မှာကိုတွေးမိကာ ပြန် ချထားလိုက်သည်။

ဒါတောင် သူ့မျက်နှာစာအုပ်မိတ်ဆွေစာရင်းထဲမှ ကောင်မလေးတစ်ယောက်ရဲ့ စတေးတပ် လေးတစ်ခုကို သွားသတိရမိသည်။

အိပ်မရ.. ဖုန်းကလိနေသည်၊ ခွိ ခွိ .. .တဲ့

သူများတွေအတွက်တော့ အင်မတန်သေးငယ်လွန်းကောင်း သေးငယ်နေပေလိမ့်မည်။

သူ့အတွက်တော့ အသည်းတယားယား၊ ရင်တထိတ်ထိတ် ခံစားရပါသည်။

မတော် တစ်ခုခုခြေချော်လက်ချော် မှားယွင်းခဲ့ပါလျှင်..

သူမ ကလိနေသည်မှာ စမတ်ဖုန်းဖြစ်သည်။ စမတ်ဖုန်းမှ စာရိုက်ရန်လက်ကွက်ကလေးများ သည် အင်မတန်စိတ်လည်းစိတ်၊သေးလည်းသေး။ အမှားလည်းလွယ်ပါသည်။

မြန်မာလက်ကွက်ဆို ပိုဆိုးပါသည်။ သေသေချာချာ ဂရုစိုက်နေသည့်ကြားမှ မှားဖြစ်အောင် မှားတတ်ပါသည်။

အကြိမ်ကြိမ်အမှားပြင်ရင်း အကြိမ်ကြိမ် ထပ်ထပ်မှားတတ်ပါသည်။

အထူးသဖြင့် ကပ်ရက်အနေအထားနှင့်ရှိနေသော တ၀မ်းပူ၊ နငယ်နှင့် မ စာလုံးတို့သည် မမှား သင့်သည့်အမှားမျိုးကို ခဏခဏ မှားစေတတ်ပါသည်။

ပို၍ဆိုးသည်မှာ သူမကလိနေသော (ဖုန်း)ဆိုသည့်စာလုံးမျိုး။

ဖ တစ်ချောင်းငင် နငယ်သတ် ၀တ်စာနှစ်လုံးပေါက် (ဖုန်း)ဟူသော စာလုံးတွင် နငယ်သတ်အစား မသတ်နှင့်မှား၍သတ်မိလျင် (ဖုန်း) မှ (ဖုမ်း)ဖြစ်သဖြင့်

ခွင့်လွှတ်နားလည်ပေးနိုင်သော၊ သြော် … သူ ဖုန်းကိုဖုမ်းလို့ မှားရေးတာပဲလေဟု ပြင်ဆင်ဖတ်ရှုပေးနိုင်သော သံတူကြောင်းကွဲ အမှား မျိုးဖြစ်သော်လည်း

မတော်..

မတော်၍.. ဘယ်ဖက်မှ တ၀မ်းပူနှင့် မှားယွင်းသတ်ခဲ့မိလျှင် (အိပ်မရ.. ဖုန်းကလိနေသည်၊ ခွိ ခွိ) ဟုပြောချင် တာကလေးက ဘုရား..ဘုရား။ ညကြီးမင်းကြီး ဖုံးခဲ့သမျှ ပေါ်ပေတော့မည်။

 

တချိန်တည်း သူတက္ကသိုလ်ကျောင်းသားဘ၀တုန်းက ဆရာနွမ်ဂျာသိုင်းရဲ့ (နာမည်မမှတ်မိ တော့တဲ့) ၀တ္တု ရှည်တစ်အုပ်ထဲမှ ဖတ်ဖူးတာလေးတစ်ခုကို ပြန်အမှတ်ရမိသည်။ (၀ိုးတ၀ါးပဲ မှတ်မိနေရုံသက်သက်မို့ မသဲ မကွဲပဲ ပြန်ပြောပါမည်။)၊

ဟိုး… တစ်ခေတ်တစ်ခါက အခုလိုကွန်ပျူတာ (မြန်မာ) စာလုံးတွေ မပေါ်သေးပါ။

ဖလင်ပြားအသုံးပြုပုံနှိပ်သော အော့ဖ်ဆက်တွေလည်း အဲလောက် များများစားစား မရှိသေးပါ။

ခဲစာလုံးများကိုအသုံးပြု၍ စာစီပုံနှိပ်ခဲ့ရပါသည်။ ယခုအခါ ထိုပုံနှိပ်စက်မျိုးရှိသေးသလားတော့

မြန်မာပြည်နှင့် နှစ်အစိတ်နီးနီး ဝေးနေခဲ့ခြင်းကြောင့်လည်းကောင်း၊ ထို (ပုံနှိပ်) လောကသား မဟုတ်သောကြောင့်လည်းကောင်း သူကောင်းကောင်း မသိပါ။

ခဲစာလုံးလေးတွေကို ကကြီး ခခွေး..အစရှိသဖြင့် အမျိုးတူရာတူရာ သူ့ခွက်နှင့်သူ အစီအရီ ထည့်ထားပါသည်။ ထိုခွက်ကလေးတွေကို စတိတ်ခွက်ဟု ခေါ်ပါသည်။

စတိတ်ခွက်ထဲမှ ခဲစာလုံးလေးတွေကို စာစီဆရာက ကျင့်သားရနေသောလက်ဖြင့်နှိုက်ပြီး စာစီ(ဂယ်လီ) ပြားပေါ်တွင် နေရာတကျ စာစီရပါသည်။

စက်မတင်မီ အမှားပြင်ဆင်နိုင်ရန် ဂယ်လီပြားကိုမှင်သုတ်၍ စာရွက်တင်၊ ဒလှိမ့်တုံးနှင့်လှိမ့်ပြီး စာကြမ်းထုတ်ဖြင်းကို ဂယ်လီပရုဖ် ထုတ်သည်ဟု ခေါ်ပါသည်။

ယင်းကို ပရုဖ်ဖတ်သူက နေရာအထားအသို၊ စာလုံးပေါင်းသတ်ပုံအမှား စသဖြင့် စစ်ဆေးရပါ သည်။

ပြောချင်သည်မှာ စာစီဆရာရဲ့မှားယွင်းတတ်သော အမှားအကြောင်း ဖြစ်ပါသည်။

ကွန်ပျူတာလက်ကွက်၌ တ၀မ်းပူ၊ နငယ်၊ မကဲ့သို့ မှားရိုက်လျှင် အမြင်မတော်ဖြစ်သလို စာလုံးမျိုး ခဲစာလုံးစာစီခွက်များတွင်လည်း မှားယွင်းစီမိလျှင် အမြင်မတော်ဖြစ်နိုင်သော ခဲစာလုံးများ ပူးကပ်စွာရှိနေ တတ်ပါသည်။

တစ်ခုဆိုရသော် နသတ်အောက်ကမျစ် (န့်) နှင့် အက္ခရာအု(ဥ)လို စာလုံးမျိုး..

စာရေးသူရဲ့(တစ်ရေးမှေးလိုက် လန့်နိုးလိုက်) ဟူသော စာသားကို စာစီသူက အလုပ်တွေကများ၊ ညအိပ်ရေးပျက်တာတွေများနဲ့ မတော်ခြေချော်လက်ချော် (လန့်)ဟုစီရမည့်နေရာတွင် နသတ်အောက်ကမျစ်(န့်)ခွက်အစား အက္ခရာအု(ဥ)ခွက်နှင့် မှား နှိုက်ပြီးစီမိသော် ပရုဖ်ဖတ်သူရော အမှုမဲ့အမှတ်မဲ့ မျက်စေ့ချော်လဲခဲ့သော်

(တစ်ရေးမှေးလိုက် လန့်နိုးလိုက်) ဟူသော စာသားသည်

…. …. …. …. …. …. …. …. ….

သူ မစဉ်းစားရဲတော့ပါ။

…….

အတွေးတွေ ဟိုတစ်စ၊ သည်တစ်စ ဖရိုဖရဲ ပြန့်ကျဲနေတုန်း (ကလစ်)ဟူသော အိပ်ခန်း တံခါးဖွင့်သံနှင့်အတူ စူးရှသော အလင်းတန်းသေးသေးကမြှားတစ်စင်းလို သူ့မျက်ခွံတွေပေါ် ကို ထိုးစိုက်ကျလာသည်။

ည နှစ်နာရီ..

သူမ အိပ်ရာဝင်လာတော့မှာ သေချာသည်။

ကမန်းကတန်း အလင်းလာရာဖက်ကိုကျောပြု၊ မျက်ခွံတွေကို ပိုပြီးတင်းတင်းမှိတ်၊ အိပ်ပျော် နေဟန် ဆောင်လိုက်သည်။

ဧည့်ခန်းမီးမှိတ်သံ၊ အိပ်ခန်းတံခါးပိတ်သံ၊ အိပ်ရာဆီ လှမ်းလျှောက်လာတဲ့ခြေသံဖွဖွ၊ စောင် ပြင်ခြုံပေး၊ ခေါင်းဦးအနေအထားပြင်၊ ပြီး..သူ့နံဘေးမှာလဲလျောင်း၊ လက်တစ်ဖက်က ဇက် ကြောတွေပေါ်တက်လာ..

အားလုံးကို မသိကျိုးကျွန် ပြုနေလိုက်သည်။

သို့သော် သူမကတော့ သူတစ်ရေးနိုးနေမှန်း ဖတ်မိနေပါသည်။

(နိုးနေတယ်မလား..)

(ဟင့်အင်..)

အို..မြတ်စွာဘုရား၊ ကယ်တော်မူပါ။

သူ ယောင်ယမ်းပြီး ခေါင်းခါလိုက်မိပြီ။

သေချာပါသည်။

တစ်ညစာအလွဲအမှားသည် သူ့အတွက်ကျိန်စာသင့်သလို ဆိုက်ရောက်လာပေတော့မည်။ ။

စာရေးသူ ကိုချိုသည် ယခုအခါ ဂျပန်နိုင်ငံတိုကျိုမြို့တွင်နေထိုင်လျက်ရှိသည်။ ကိုချိုသည် ၁၉၈၀ ခုနှောင်းပိုင်းကာလများကထင်ရှားခဲ့ သည့် မြန်မာမဂ္ဂဇင်းများတွင် ကဗျာများ၊ ၀တ္ထုတိုများပါဝင်ရေးသားခဲ့ဖူးပြီးနောက် ဂျပန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်နေသူဖြစ်သည်။ ယခုအခါ စာပေအနုပညာများ ပြန်လည်ဖန်တီးလျက် ရှိသည်။

ရှုခင်းသစ်