ကျနော်ပြည်ကျော် ပြည်တော်ပြန်ခဲ့ …(ဟိန်းနိုင်-မန္တလေး)

Posted on Posted in သတင်း ရှုခင်း, သူ့ဘဝ၊သူ့ရှုခင်း

“ငယ်ပေါင်း ပြောမနာဆိုမနာ တစ်ယောက် ပြောလိုက်တဲ့ “ ဟေ့ကောင် .. ဒီအစိုးရပေးတဲ့ ဒီမိုကရေစီက လောလောဆယ် တော့ မင်းလို ပြည်ပရောက်က တိုင်းပြည်ပြန်လာခွင့် ခံစားလိုက်ရတာတွေကတော့ လက်တွေ့ပဲ၊ ငါတို့လိုဆင်းရဲသားပညာမတတ်တဲ့ ပြည်သူတွေကတော့ ဘာမှထူးထူးခြားခြား ပြောင်းလဲ မလာသေး ပါဘူးကွာ ” ဆိုတဲ့ အသံကိုလည်း ကြားခဲ့ရပါတယ် …”

 

ကျနော်ပြည်ကျော် ပြည်တော်ပြန်ခဲ့ …

Mandalay-Palace, wakhama.blogspot.com,
Mandalay-Palace, wakhama.blogspot.com,

နွေဦးရာသီလို့ခေါ်မရသေးတဲ့ ဇန်နဝါရီလထဲ ကမန္တလေးမြို့ကြီးရဲ့မွန်းလွဲစံတော်ချိန် သုးံနာရီဟာ ကျနော့်ကိုနွေးနွေးထွေးထွေး နဲ့ ကြိုဆို လိုက်တာကို ဥပေက္ခာမပြုနိုင်တဲ့ ကျနော်ဟာ ကိုယ်ပေါ်က အနွေးထည်တွေကိုချွတ်ပစ်ပြီး၊ လက်စက စွတ်ကျယ်ဝတ်နဲ့ နေခဲ့ရတယ်။

အနှစ်နှစ်ဆယ်လောက် အဝင်အထွက်လုပ်ခွင့် မရတဲ့ မွေးရပ်ချက်ကြွေဒေသကို၂၀၁၄-အဝင်ရောက်တော့ ဇာတိအလွမ်းဇောတွေကြောင့် ကိုယ့်တိုင်းပြည်ကို ပြန်ခဲ့တဲ့ကျနော့်အတွက်၊ ရင်ခုန်မှုတွေနဲ့ အတွေးတွေပေါင်းစပ်လှုပ်ရှားနေတဲ့ ကျနော့်ခန္ဓာကိုယ်ရဲ့အသက်ရှူသံနှုန်း ဘယ်လိုနေမလဲ ဆိုတာ ခန့်မှန်းလို့ရမယ့် ကရိယာနောက်ထပ်အသစ် တီထွင် ရလောက်အောင်ဖြစ်နေတယ်လို့ ပြောပြရင် ရနိုင်ပါတယ်။

ကိုယ့်ရပ်ကွက်ထဲရောက်တာနဲ့ ဦးလေးတွေ အဒေါ်တွေ အစ်ကိုတွေ အစ်မတွေ ညီတွေ ညီမ တွေနဲ့အတူ ငယ်ပေါင်းမှတ်မိသမျှသူတွေ ကို မေးငေါ့နှုတ်ဆက်ရုံမဟုတ်ပဲ နာမည်ခေါ်ပြုးံပြ သူတို့ကလည်း အားရပါးရ ကိုယ့်နာမည်ကိုပြန်ခေါ်၊ အသွေးအသားထဲက အပြုးံတွေ နဲ့ ပြန်နှုတ်ဆက်ကြ စကားပြောကြ၊ ငယ်ပေါင်းတွေနဲ့ခုလိုပြန်တွေ့ရပြီး မင်းနဲ့ငါနဲ့ လွတ်လွတ်လပ်လပ်ပြောရတဲ့အရသာက ဆံပင်မဖြူ ပါးရေမတွန့်တဲ့ဆေး အထိုးခံလိုက် ရသလားမှတ်ပြီး ကြက်သီးထအောင် ဝမ်းသာကြည်နူးခဲ့ရပါတယ်။

ငယ်ဘ၀အကြောင်း ပြန်ပြောင်းပြောသံတွေကြားခဲ့ရတော့လည်း မပျက်ပြယ်သေးတဲ့ အတိတ်ပြန်အပြုးံတွေရဲ့အရသာကို ထိထိမိမိ ခံစားလိုက်ရလို့ နုပျိုသွေးသစ်လောင်းပေးခြင်း ခံလိုက်ရသလို ခံစားမှုကလည်း ပီတိအဟုန်နဲ့ အိပ်မပျော်ရက်စရာညအဖြစ် တနွေးနွေး တလှိုက်လှိုက် ပြန်လည်ခံစားခဲ့ရပါတယ်။

အဲဒီလို ကိုယ့်ရပ်ကွက်ထဲမှာ ကြည်နူးစရာတွေကို ကြုံတွေ့ခံစားရင်း တအိမ်ဝင် တအိမ်ထွက်နဲ့ မနက်စာချက်သူတွေ၊ ညနေစာချက်သူတွေက သူတလှည့် ငါတလှည့် လာခေါ်တာတွေကို တလှည့်စီသွားပြီး ထမင်းလက်ဆုံစား စကားဝိုင်းမှာ ပြုံးပျော်ခဲ့ရတာ တွေကလည်း သတ်မှတ်တိုင်းတာလို့မရတဲ့ ကြည်နူးမှုတွေကို အပြည့်အဝရခဲ့ပါတယ်။

ဇာတိမန္တလေးငယ်မွေးရပ်ကွက်ထဲ တစ်ပတ်ဆယ်ရက်လောက်ကြာတော့ သတိရမိပြီး မမြင်မတွေ့ရတဲ့ ငယ်ပေါင်းတချို့နဲ့ ကိုယ့်ထက် ငယ်သူတွေကိုမေးမြန်းကြည့်တော့ အရက်နာ ကျသူနဲ့ ဘီပိုးစီပိုးကြောင့် လစ်ပြီလစ်ပြီ ဆိုတဲ့အဖြေတွေကလည်း ဆက်မမေး ရဲတော့လောက်အောင် ကြုံလိုက်ရတော့ တဟာဟာနဲ့ ကြေကွဲစရာတွေကိုလည်း ဥပေက္ခာ မပြုနိုင် ခဲ့ပါဘူး။

ရပ်ကွက်ထဲက လက်ဘက်ရည်ဆိုင်ထိုင်ရင်း လက်ဘက်ရည်ဆိုင်ထဲကစကားဝိုင်းတွေ ဟာ လွတ်လပ်ပွင့်လင်းမှုရှိနေကြပေမယ့် အထက်ကြည့် အောက်ကြည့် ဘေးကြည့် ဒေါင့်ကြည့်တွေတော့ ရှိနေသေးတယ်လို့ ပြောရမှာ ဖြစ်နေတယ်။

www.thithtoolwin.com
www.thithtoolwin.com

မျက်လုးံတွေနဲ့မြင်ခဲ့ရတဲ့ အမြင်မတော် တာတွေတွေ့နေရသေး သလို နားတွေနဲ့ကြားခဲ့ရ တဲ့မကြားချင်တာတွေလည်း ကြားခဲ့ရတာတွေက အများကြီးဖြစ်နေသေးတာ ကြုံခဲ့ရပါတယ်။

မန္တလေးမြို့ပေါ်လည်ရင်း မန္တလေးမြင်ကွင်းတွေကလည်း စည်ပင်သာယာကနေ စေတနာ မှန်မှန်နဲ့ ကတ္တရာမခိုပဲ မှန်မှန်ကန်ကန်ပြုပြင်စရာ လမ်းနေရာတွေ အတော်များများ ကျန်သေး တာ တွေ့ခဲ့ရပါတယ်။

ရွှေတချောင်းကြီးညစ်ပတ်နေပုံကလည်း သန့်ရှင်းမှုနည်းနာတွေမရှိတော့လို့များ ဒီချောင်းကြီးက ဒီလောက်အထိညစ်ပတ် နံစော်နေတာလားလို့ မေးရလောက်အောင် ညစ်ပတ်နေတာတွေ့ခဲ့ရပါတယ်။

အစိုးရကပါမစ်ထုတ်ပေးထားတဲ့ကောင်းမှုကြောင့် ဘီယာဆိုင်တွေပေါလွန်းနေတာကလည်း အနာဂတ် လူငယ်တွေကို ဘီယာကောင်းကောင်းသောက် တတ်အောင် သင်ပေး ထားသလားတွေးမိတယ်။ မန္တလေးအိမ်မြေဈေးကောင်းနေပုံ အသံတွေကြားခဲ့ရတာကလည်း ကြောက်စရာလား (တက်ခေါက်)တောက်ခေါက်စရာလား တွေးမိပြန်တယ်၊

မဟာမုနိဘုရားကြီးကတော့ သူ့အလိုလိုအလျောက်လာဖူးနေကြသူတွေနဲ့ စည်ကားနေဆဲတွေ့ရပေမယ့် မဟာမုနိဘုရားပတ်ဝန်းကျင်မှာတော့ သန့်ရှင်းမှုနည်းနေတာတွေ တွေ့ခဲ့ရတယ်။ မန္တလေးကျုံးမြို့ရိုးကြီးနဲ့အတူ ရှေးဟောင်းအမွေ ယဉ်ကျေးမှုအမွေတွေကတော့ ကိုယ့်နိုင်ငံ ရဲ့ ရှေးဟောင်းအမွေအနှစ်တွေကိုထိန်းသိမ်းရမယ်ဆိုတဲ့အသိရှိမယ့် အစိုးရမျိုးနဲ့ ပြည်သူမျိုးတွေရှိမှ ငါတို့ရှေးဟောင်း ယဉ်ကျေးမှုအမွေတွေ တည်တံ့မယ်လို့ ပြောနေသံကို ကြားနေရသလားလို့တွေးထင်မိတယ်။

သိပ္ပံလမ်းကြီးနဲ့ စက်မှုဇုန်တွေတည်ထားတာတွေ မြို့မန္တလေးသစ်ကြီးကို လမ်းကောင်းအောင် ဖောက်ပေးထားတာတွေမြင်ရတော့ ၀မ်းတွင်းက အူလှိုက်သည်းလှိုက် ပြုးံချင်လာမိရုံမက တွေးတောစရာအချက်တခုလိုလည်း ဖြစ်ခဲ့ရပါတယ်။

၈၈ မှာ စစ်တပ်အာဏာသိမ်းပြီးအထိ ရှိနေဆဲ ၃၅-A-လမ်းကရထားသံလမ်းကြီး ဖျက်ပြီးတိုက်ခန်းတွေနဲ့ တိုက်တန်းကြီးတွေ့လိုက်ရတော့ သံလမ်းကြီးဖျက်ပြီး တိုက်တန်း လုပ်လိုက်တော့ နီးစပ်ရာရသွားပြီး လမ်းကြီိးလည်း ကျဉ်းသွားတယ်၊ သံလမ်းဖျက်ပြီး လမ်းချဲ့ပစ်တယ်ဆိုရင် မြို့လူထုအတွက်ရော မြို့ကြီးအတွက်ရော အတော်ကောင်းမှာပဲလို့ တွေးမိခဲ့ပါတယ်။

လောင်းကစားလုပ်နေပုံတွေ တွင်ကျယ်နေတာကလည်း ဒိုင်တွေက အကုန်ပိုင်တယ်ဆိုတဲ့ အသံတွေ ကြားခဲ့ရပြီး၊ ဖမ်းပြီဆီးပြီဆိုရင် တစ်ရက်ထမင်းစားရဖို့ ရုန်းကန်နေတဲ့ ကိုယ်စားလှယ် လေးတွေဖမ်းပြီး အမှုတင် ထောင်ချပြစ်တာတွေလည်း ကြားခဲ့ရတယ်။

ဆင်းရဲသားရပ်ကွက်တွေထဲက မသိနားမလယ်တဲ့ ပြည်သူတချို့ ဥပဒေကို ခလုတ် တိုက်မိတဲ့ အမှားမျိုးကြုံကြပြီဆိုရင် ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကိုငွေပေးရှင်းရတာ ရဲတွေကိုငွေပေးရှင်းရတာ တရားသူကြီးတွေကိုငွေပေးရှင်းရတာ ဆိုတာမျိုးတွေ ကလည်း ခေတ်မကုန်နိုင်ဘူးဆိုတာ ကိုနားနဲ့ဆတ်ဆတ် ကြားခဲ့ရပါတယ်။

ဓာတ်ပုံ- ဟိန်းနိုင်(မန္တလေး)
ဓာတ်ပုံ- ဟိန်းနိုင်(မန္တလေး)

ကိုယ့်အိမ်ကိုအရောက်လာပြီးစကားပြောဖြစ်ခဲ့တဲ့ ငယ်ပေါင်း ပြောမနာဆိုမနာ တစ်ယောက် ပြောလိုက်တဲ့ “ ဟေ့ကောင် .. ဒီအစိုးရပေးတဲ့ ဒီမိုကရေစီ က လောလောဆယ် တော့ မင်းလို ပြည်ပရောက်က တိုင်းပြည်ပြန်လာခွင့် ခံစားလိုက်ရတာတွေကတော့ လက်တွေ့ပဲ၊ ငါတို့လိုဆင်းရဲသားပညာ မတတ် တဲ့ ပြည်သူတွေကတော့ ဘာမှထူးထူးခြားခြား ပြောင်းလဲ မလာသေး ပါဘူးကွာ ” ဆိုတဲ့ အသံကိုလည်း ကြားခဲ့ရပါတယ်။ မြင်တွေ့ကြားခဲ့ရသမျှ အားလုးံ မှာ ကျေနပ်စရာတွေတွေ့ခဲ့ရတာ အနည်းစုဖြစ်နေပြီး မနှစ်မြို့စရာတွေက များနေတယ်လို့ ပြောရ မလိုဖြစ်နေတာပါ။ ဒီအခြေအနေတွေကို ရင်ဆိုင်ခဲ့ရတော့ အဖြေရှာကြည့်ချင်တဲ့ အတွေးရဲ့လှုံ့ဆော် မှုကြောင့် ပေါ်လာတဲ့အဖြေကတော့ တဘို့ထဲသမားတွေ လက်ထဲမှာ တိုင်းပြည်က ထင်ရာအလုပ်ခံလိုက်ရ သလိုဖြစ်ခဲ့လို့ပဲ လို့ တွေးမိတယ်။

မင်းတုန်းမင်းကြီးတည်ထားခဲ့တဲ့ရတနာပုံမန္တလေးကြီးဟာ အင်္ဂလိပ်ကျွန်ခေတ် ဂျပန်ကျွန်ခေတ်လွတ်လပ်ရေးခေတ်၊ ယာယီပါလီမန်ခေတ်၊ မဆလခေတ်၊ နဝတခေတ်၊ အခုအစိုးရခေတ်၊ နောက် အစိုးရခေတ်၊ ဘယ်ခေတ်ထဲမှာ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတဲ့ သမိုင်းမှတ်တမ်းတွေ ကတော့ ရှိနေမှာ ဖြစ်ပါတယ်။

ဟိန်းနိုင် ၊ မန္တလေး

၁၃ ၊ ၄ ၊ ၂၀၁၄