တနယ်အဝေးမှာ ကားရေဆေးနေတဲ့ သူတို့ဘဝ (ဟိန်းနိုင်၊ မန္တလေး)

Posted on Posted in ဒေသန္တရရှုခင်း

ဘဝအမောတွေပြင်းထန်နေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ စားဝတ်နေရေးအတွက် ကိုယ့်နိုင်ငံကိုယ့်ဇာတိကိုစွန့်ခွာ အလုပ်ရှာထွက်ကြရင်း မြန်မာပြည်ပိုင်နယ်စပ် မူဆယ်မြို့ကိုကျော် တရုတ် နယ်စပ်ရွှေလီမြို့ကိုဝင်လာပြီး …

တနယ်အဝေးမှာ ကားရေဆေးနေတဲ့ သူတို့ဘဝ

ရွှေလီမြို့က ကားရေဆေးလုပ်ငန်းခွင် ၁
ရွှေလီမြို့က ကားရေဆေးလုပ်ငန်းခွင် ၁

 

ရွာမှာထန်းတက်တာ တစ်ပိသာမှ (၅၀၀)ကျပ်၊ တစ်ရက် (၅)ပိသာရအောင် တော်တော် ပင်ပင် ပမ်းပမ်းတက်ရတယ်။ ရွှေလီမှာ အစ်မတွေရောက်နေတော့ အစ်မတွေက လှမ်းခေါ်လို့ ရောက်လာပြီး ဒီလုပ်ငန်းလုပ်နေရတာ ထမင်းကျွေးတယ်၊ အိပ်ခန်းပေးတယ်၊ ဝင်စဆိုတော့ ၇၀၀ ယွမ်ပေးတယ်။ မြန်မာငွေပေါက်ဈေးနဲ့ဆိုရင် တစ်သိန်းတစ်သောင်းလောက် ရှိတယ်။ လခကိုအစ်မတွေကထုတ်ယူပြီး အိမ်ပို့ပေးတယ်လို့ ၁၈ နှစ်အရွယ် ပခုက္ကူနယ်သား ဖိုးတာရဲ့ အသံ ကို ရွှေလီမြို့ကားရေဆေးဆိုင်မှာ ကြားခဲ့ရပါတယ်။

ဘဝအမောတွေပြင်းထန်နေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ စားဝတ်နေရေးအတွက် ကိုယ့်နိုင်ငံကိုယ့်ဇာတိကိုစွန့်ခွာ အလုပ်ရှာထွက်ကြရင်း မြန်မာပြည်ပိုင်နယ်စပ် မူဆယ်မြို့ကိုကျော် တရုတ် နယ်စပ်ရွှေလီမြို့ကိုဝင်လာပြီး အလုပ်ကြမ်းမျိုးစုံ လုပ်ကိုင်နေ ကြတဲ့အထဲကနေ ကားရေဆေးအလုပ်နဲ့ရပ်တည်နေသူတွေရဲ့ ဘဝတွေ မြင်တွေ့နေရ သမျှတွေမှာ စားရိတ်ငြိမ်းရှိနေသလို တချို့ ကားရေဆေးခုံတွေမှာတော့ ဝင်စကို (၁၂၀၀)ယွမ် မြန်မာငွေလဲရင် ပေါက်ဈေးတစ်သိန်းရှစ်သောင်း ကိုယ့်စရိတ်ကိုယ်စား ရှိတယ်၊ သက်တမ်းရင့်လာပြီး လုပ်ငန်းကျွမ်းကျင်ရင်တော့ ၁၈၀၀-ယွမ်အထိ ပေးတယ်၊ မြန်မာငွေသုံးသိန်းနီးနီး ရတယ်။ ကိုယ့်စရိတ်စားပြီး မနက်-၈- နာရီကနေ ည-၈-နာရီအထိ အလုပ်ချိန် သတ်မှတ်ထားတယ်။

ရွှလီမှာရှိနေတဲ့ ကားရေဆေးခုံတွေအားလုးံလိုလိုဟာ အလုပ်ကိုရက်မှန်မှန် ဆင်းသူ တွေအတွက် ရက်မှန်ကြေး ဆိုတာတွေ ပေးကြတယ်။ အဲဒီလိုရက်မှန်ကြေးကတော့ တစ်ဆိုင်နဲ့တစ်ဆိုင် မတူကြဘူး။ ယွမ် ၃၀၀-ရှိတယ်၊ ယွမ် ၂၀၀-ကျော်ရှိတယ်၊ ယွမ် ၃၀၀-ကျော်ရှိတယ်။

ကားရေဆေးအလုပ်သမားဘဝကိုငြီးငွေ့နေသူရှိသလို မငြီးမငွေ့နဲ့ရှိနေသူတွေလည်း တွေ့နေရ ပါတယ်။

ကားရေဆေးလုပ်ငန်းရှင် တရုတ်သူဌေးက လမ်းညွှန်မှုအောက်မှာ ..
ကားရေဆေးလုပ်ငန်းရှင် တရုတ်သူဌေးက လမ်းညွှန်မှုအောက်မှာ ..

ကျနော်က တစ်နှစ်နီးနီး ရှိပြီ၊ ဝင်စတုန်းကတော့ ယွမ် ၅၀၀-၆၀၀-ပေါ့။ အခုတော့ တစ်လကိုယွမ် ၉၀၀ ရတယ်။ စားရိတ်ငြိမ်းပါပဲ။ ယွမ် (၁၀၀)လောက်သုးံပြီး ကျန်တာ ငွေလည်း အိမ်ပို့ ဖြစ်တယ်။ မြန်မာပြည်မှာ ဒီထက်ပင်ပမ်းပြီး ဒီလောက်မရဘူး။ ကျနော်က မြန်မာပြည်မှာ လက်ဖက်ရည် ဖျော်ဖူးတယ်။ စားဖိုမှူးလုပ်ဖူးတယ်။ တအားပင်ပမ်းတယ်။ ဒါတောင်မှ ကျပ် ငါးသောင်း ခြောက်သောင်းပဲ ရတယ်။ ဒီမှာနေရတာ အဆင်ပြေပါတယ်။ အခုဆိုရင် အိမ်ကို တစ်လအနည်းဆုံး တစ်သိန်း(၁၀၀,၀၀၀) ပို့ဖြစ်တယ်လို့ မိတ္ထီလာမြောက်လယ်အုပ်စု သိဏ် ကုန်းရွာသား ကိုမျိုးကျော်က ကားရေဆေးခုံမှာ သူ မငြီးငွေ့တတ်ပုံကို အပြုးံလေးစစနဲ့ ပြောပြ ပါတယ်။

သူ့စကားသံအပြီးမှာတော့ “ အစ်မခေါ်လို့ ရောက်လာတာပါ ဝင်စကိုစားရိတ်ငြိမ်း ယွမ် -၇၀၀ ရတယ်၊ ရှစ်တန်းနဲ့ကျောင်းထွက်ခဲ့တယ်လို့ ၁၇-နှစ်အရွယ် မြိုင်မြို့နယ်ဘုန်းကြီးကန် အုပ်စု စိုတောရွာသား မောင်ဟိန်းဇော်ရဲ့ တိုတိုရှင်းရှင်းပြောသံကိုလည်း ကြားခဲ့ရပါတယ်။

တကယ်တော့ တရုတ်နယ်စပ်တစ်ကြောဆိုတာ မြန်မာနိုင်ငံထဲက ရပ်ကွက်တွေရွာတွေ မှာ အလုပ်ရှားနေလို့ စားဝတ်နေရေး ခက်ခဲသူတွေ အတွက်တော့ အလုပ်တွေလာရှာပြီး လုပ် ကိုင်စားသောက်စရာ တွေ တစ်စုံတစ်ရာရှိနေတဲ့ နယ်စပ်လို့ ပြောရမှာပါ။

ဒီလိုအခြေအနေတွေထဲကနေ ရွှေလီရောက်လာပြီး အလုပ်လုပ်နေတဲ့ အများစုထဲက၊ ကားရေ ဆေးလုပ်ငန်းနဲ့ရပ်တည်နေသူတွေရဲ့ ဘဝတွေဟာ တည်ငြိမ်မှုမရှိပေမယ့် ဖယိုဖရဲမဟုတ်ဘူးဆို တာကို တွေ့နေရပါတယ်။ မြန်မာပြည်ကနေရောက်လာပြီး ကားရေဆေး အလုပ်သမားဘဝနဲ့ ရပ်တည်နေသူတွေ ရှိသလို ကားရေဆေးခုံ ကန်ထရိုက်ဆွဲ ကိုယ်ပိုင်ထောင်ပြီး အလုပ်သမားငှားလုပ်တဲ့ လုပ်ငန်း ရှင်အဖြစ်နဲ့ ရပ်တည်နေသူတွေလည်း ရှိနေတာကို တွေ့ရပါတယ်။

၉၈-က ရေဆေးခုံကန်ထရိုက်ဆွဲပြီး ခုံခ တစ်လကို ၇၀၀-ယွမ် ရေဖိုးမီးဖိုးက၂၅၀ ယွမ် ၃၀၀-ယွမ် အလုပ်သမားခတွေပေးပြီး တစ်လကို ၇၀၀-၈၀၀ ယွမ်ပိုတယ်။ ကျနော် ၂၀၀၇-အထိ လုပ်ခဲ့တယ်၊ အဲဒီအချိန်ကအလုပ်သမားတစ်ယောက်စရိတ်ငြိမ်းယွမ်၂၅၀-ပဲ ရှိတယ်။ အခုတော့ ကွာသွားပြီ။ ကျနော်စလုပ်တုန်းက ရွှေလီမြို့မှာ ရေဆေးခုံ -၁၀ ခုလောက်ပဲရှိတယ်။ အခု ခုံ၃၀-လောက် ဖြစ်သွားပြီ။ ကားရေဆေးစနစ်တွေလည်း ကွာသွားပြီ။ အရင်တုန်းက ဆပ် ပြာမှုန့်အရည်ဖျော်ပြီး ပိတ်စနဲ့ဆေးတယ်။ အခုပေါင်မှုန့်ဗူးလို့ခေါ်တဲ့ ဆပ်ပြာအိုး ကို လေဖြည့်ပြီး ကားကိုပန်းတယ်၊ ပက်ရဖြန်းရတယ်။ ကွာသွားတာတွေပြောရင်တော့ အများကြီးပဲ။ အရင်က အခင်းလျှော်ရေညှစ် စက်မလို ဘူး။ အခုတော့ အခင်းလျှော် ရေညှစ်စက်မရှိရင်​မရဘူး အရင်လို ဆပ်ပြာရေတွေဖျော်ပြီး ကားကိုပက်ဆေးရင်လည်း ကားပိုင်ရှင်တွေ လက် မခံတော့ဘူး။ ရေ ဆေးသမားအများစုက ခြေထောက်ဝဲစားခံရတယ်။ လက်တွေကိုဆပ်ပြာကိုက်ပြီး လက်တွေ ပက်ကြား အက်ကွဲ ကြတယ်။

ရွှေလီရောက် မြန်မာ ကားရေဆေးလုပ်သားလေးများ
ရွှေလီရောက် မြန်မာ ကားရေဆေးလုပ်သားလေးများ

 

ရေဆေးလုပ်သားအများစုက ၁၆-နှစ်ကနေ ၂၅-နှစ်ကြားအသက်အရွယ်တွေ များတယ် လို့ ရေဆေးခုံကန်ထရိုက်အဖြစ်-၁၉၉၈ ကနေ-၂၀၀၇-ခုနှစ်အထိ လုပ်ငန်းရှင်ဘဝနဲ့ ကားရေ ဆေးလုပ်ငန်းလုပ်ခဲ့သူ ကိုထီးက သုံးသပ်ပြောဆိုခဲ့ပါတယ်။

အဲဒီလိုပဲရေဆေးခုံကန်ထရိုက်ဆွဲ လုပ်ငန်း လုပ်ခဲ့ ဖူးသူ ကိုစောဗညားပြောပြတာကလည်း  ၁၉၉၉-ခုနှစ် မှာ လုပ်ငန်းစ လုပ်တယ်။ ရေဆေးခုံ လုပ်ဖို့ မြေနေရာ ငှားတာ တစ်နှစ်လုံး ၁၂၀၀- ယွမ် ပေးရတယ်။ ပစ္စည်းစုံဝယ်တာ ယွမ်-၃၀၀၀ လောက် ရင်းရတယ်။ အလုပ်သမားတစ်ယောက်ကို ဝင်စမှာ စားရိတ်ငြိမ်း ယွမ် ၁၅၀။ လနည်းနည်း ကြာလာရင်၂၀၀-ယွမ်။ အဲဒီတုန်းက ကားတစ်စီးရေဆေးခက ၅-ယွမ်ပဲ ရှိတယ်။ ၂၀၀၃-ခုကျတော့ နောက် မြေတစ်နေရာ ပြန်ငှားရတယ်။ ပထမနေရာနဲ့ ဂိုက်တစ်ရာလောက်ကွာတယ်။ တစ်နှစ်ကို ယွမ် -၄၆၀၀နဲ့ ၆-နှစ်စာချုပ်ပြီး ငှားလိုက်တယ်။ အဲဒီနေရာလည်း ၆-နှစ်ပြည့်တော့ ရေဆေးခုံ လုပ် ငန်းမလုပ်တော့ဘူး။ နားပစ်လိုက်တယ်။ ကျနော် အခု အသက် ၄၀-ကျော်လာတော့ ကား ရေဆေးလုပ်ခဲ့တဲ့ဒဏ်တွေက ခြေဆစ် လက်ဆစ် ကိုက်တာတွေ ဖြစ်လာတယ်။ အဆုပ်နဲ့ ပတ်သက် တာတွေ ဖြစ်ချင်လာတယ်လို့ ၁၉၉၉- ခုက နေ-၂၀၀၉-ခုနှစ်အထိ ရေဆေးခုံ ကန်ထရိုက် ဆွဲပြီး ကိုယ်တိုင်အလုပ်သမားဘဝနဲ့ ကိုစောဗညားက သူရပ်တည်ခဲ့ပုံကိုပြန်ပြောပြခဲ့ပါတယ်။

တချိန်က ကားတစ်စီးကို(၅)ယွမ်ပဲ ရပေမယ့် -၂၀၁၃-ခုကစပြီး ကားတစ်စီးရေဆေးခဟာ ယွမ် (၂၀)ဖြစ်နေသလို ကားရေဆေးခုံကန်ထရိုက် လုပ်ငန်းရှင်ရဲ့အရင်းအနှီးကလည်း မြင့်တက်လာ ပါတယ်။

နောက်လမ်းကြုံလို့ရွှေလီမှာရေဆေးခုံကန်ထရိုက်လုပ်ငန်းရှင်လုပ်နေသူဦးထွန်းမြင့်ပြောသံကလည်း ၂၀၀၈- ခုနှစ်တုန်းက မြန်မာပြည်မှာ ဆိုင်ကယ်တွေလိုင်စင်ပေးလို့ ရွှေလီကိုဆိုင်ကယ် လာဝယ် ရင်း ဒီမှာရောက်နေတဲ့ ညီမဖြစ်သူက ဒီအလုပ်လုပ်နေတာ တွေ့ရတယ်။ သူကပဲ ဒီမှာ ဒီလုပ် ငန်းလုပ်ကြည့်ဖို့ပြောတော့ စမ်းကြည့်ရာကနေ လုပ်ဖြစ်ခဲ့တာ။ ဒီရေဆေးခုံကို ကန်ထရိုက်ဆွဲ ပြီး လုပ်နေတာ ၅-နှစ် ရှိသွားပြီ။ ရေဆေးခုံနဲ့ လူနေခန်းတစ်ခန်းပါ တစ်လကို ယွမ် ၃၀၀၀။ လျှပ်စစ်မီးခတွေဘာတွေလည်း ပါတယ်။ ရေးဖိုးကတော့ တစ်လ ၁၅၀၀-ယွမ် လောက်ကုန် တယ်။ ကိုယ့်ဘာသာပေးရတယ်။ ဝင်ငွေကတော့ အမှန်တော့မရှိဘူး။ မိုးတွင်းဘက်ဆိုရင် တရက်၂၀၀-ယွမ်ကနေ ၅၀၀-ယွမ်လောက်ရတာ များတယ်။ အဓိကအများဆုံးဆေးရတာက နွေပိုင်းပေါ့။ ၁၀-လပိုင်းကနေ-၄-လပိုင်းလောက်အထိ အလုပ်ကောင်းတယ်။ တစ်ရက်အများ ဆုံး ဝင်ငွေကတော့ ၁၅၀၀-ယွမ်လောက်အထိရတာ ကြုရံဖူးတယ်း တစ်လကို အားလုံးရှင်းပြီး စာရင်းချုပ် ယွမ် ၃-၄ ထောင်ကျန်တယ်။

စပြီး ခုံကန်ထရိုက်ဆွဲတဲ့နှစ်က ခုံခ တစ်လ-၁၀၀၀-ယွမ်ပဲ။ ခုံခသက်သက်ပဲ ရေးဖိုးမီးဖိုး မပါဘူး။ နောက် လူနေအခန်းတွေဘာတွေ မပါဘူး။ ရေဆေးခုံတစ်ဝိုက်ပဲ၂၀၀၈-ကနေ စဆွဲ တာ။ အဲဒီတုန်းက သိပ်မကောင်းလှဘူး။ အဲဒီအချိန်ကရွှေလီမြို့မှာ ကားလည်း အတော်နည်း သေးတယ်။ ၂၀၁၀-ကနေစပြီး ဈေးတက်တယ်။ အခု ရေဆေးခုံကန်ထရိုက်လုပ်တဲ့ ငါးနှစ်မှာ မြန်မာငွေသိန်း တစ်ရာလောက် ပိုတယ်။ နောက်ပိုင်းနှစ်တွေကြမှ ကောင်းလာတာပါ ။

၂၀၀၉-၂၀၁၀-လောက်ကစပြီး ရွှေလီမှာကားတွေအတော်လေး များလာပြီး ကျနော့် ခုံ လည်း အလုပ်ဖြစ်လာတာပါ။ ဒါပေမယ့် ကျနော်တို့ ကောင်းပေမယ့် အခုလိုအချိန်မျိုးမှာလည်း ကျနော်တို့လို မြန်မာနိုင်ငံသားတွေထဲကနေပြီး ကန်ထရိုက်ဆွဲလုပ်နေတဲ့ ရေဆေးခုန်တွေ အရှုးံပြနေလို့ ဆက်မလုပ်တော့ဘဲ ရပ်သွားကြ တာတွေ အများကြီးပါပဲလို့ လှည်းကူးမြို့ ဖောင် ကြီး၊ မင်းကုန်က ဦးထွန်းမြင့်ရဲ့အတွေ့ အကြုံ ပြောပြတာတွေလည်း ကြားခဲ့ရပါတယ်။

မြန်မာအမျိုးသမီးလေးများလည်း ရွှေလီမြို့ ကားရေဆေးလုပ်ငန်းမှာ ကျင်လည်ရ ...
မြန်မာအမျိုးသမီးလေးများလည်း ရွှေလီမြို့ ကားရေဆေးလုပ်ငန်းမှာ ကျင်လည်ရ …

 

ရွှေလီမြို့က ကားရေဆေးအလုပ်တွေမှာ မြန်မာ လူငယ်တွေတင်မဟုတ်ဘဲ အမျိုးသမီး တွေပါ လုပ်နေကြပြီး ရပ်တည်နေတာတွေ လည်း တွေ့ရ ပါတယ်။ အဲဒီလိုလုပ်နေကြတဲ့ မြန်မာ အမျိုးသမီး အများစုဟာ ရေဆေးပြီးသား ကားတွေကို အဝတ်နဲ့ သုပ်ပေးရပြီး ကားအတွင်းကို စက်နဲ့ဖုန်စုတ် တာတွေကို လုပ်နေကြတာတွေ တွေ့ရပါတယ်။ အမျိုးသမီးလုပ်အားခတွေ ဘယ် လိုရကြသလဲဆိုတာ တစ်ဆိုင်နဲ့တစ်ဆိုင် မတူကြပေမယ့် မိတ္ထီလာမြို့သူ တစ်ဦးပြောပြသံ ကြားခဲ့ရတာကတော့ ကျမက ဒီကားရေဆေး အလုပ်လုပ်နေတဲ့သူတို့ကို ထမင်းချက်ကျွေးရတယ်၊ သူဌေးလင်မယားရဲ့ အဝတ် လျှော်ရတယ်၊ မီးပူတိုက်ပေးရတယ်။ ဒီအလုပ်လုပ်ဖို့ ကျမအတွက် အိပ်စရာနေစရာ တခန်း ပေးတယ်၊ လုပ်အားခက တစ်လ ယွမ်-၁၀၀၀၊ မြန်မာငွေနဲ့တွက်ရင် တစ်သိန်းလေးသောင်း (၁၄၀,၀၀၀) လောက် ရတယ်။ စားစရိတ်လည်း ငြိမ်းတယ်လို့ မိတ္တီလာသူ အမျိုးသမီး တစ်ဦးရဲ့ ကားရေဆေးခုံမှာ သူ့ဘ၀လှုပ်ရှားသက်ဝင်နေပုံလေး ကို ပြောပြ သွားခဲ့ပါတယ်။

 ဟိန်းနိုင်၊ မန္တလေး