သူရဲကောင်းများဖတ်ဖို့ ရေးတဲ့ဝတ္တု (လင်းသူရိယနွယ်)

Posted on Posted in ဝတ္ထုတို

ညညကြရင် သားကြည့်ရတာ ဗိုလ်ချုပ်တွေလည်း အများကြီးပဲ၊ ဗိုလ်ချုပ်မှူး ကြီးဆိုတာလည်း သားတွေ့တယ်ဖေဖေ။ သူတို့က ဖေဖေပြောသလိုနယ်ချဲ့တွေကိုတိုက်လို့ ဗိုလ်ချုပ်မှူးကြီး တွေ၊ ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်တွေဖြစ်လာတာလားဖေဖေ။ ပြီးတော့ သူတို့အင်္ကျီတွေမှာလည်း သူရဲ ကောင်းဆုတံဆိပ်တွေ အင်္ကျီအပြည့်ပဲဖေဖေ။

သူရဲကောင်းများဖတ်ဖို့ရေးတဲ့ဝတ္တု

ပန်းချီ ဖေဦးစ
ပန်းချီ ဖေဦးစ

( တစ် )

ကိုယ့်မြေ ကိုယ့်ဒေသ ကိုယ့်ရေမြေဝန်းကျင်ကိုတော့ သတိတရရှိနေသည်မှာ ပြည်ပရောက်နိုင်ငံသားတို့ အားလုံးထပ်တူညီမည်ဟု သူထင်သည်။ သူ မြန်မာနိုင်ငံမှထွက်ခွာ၍ ပြည်ပတိုင်းပြည်များသို့ အလုပ် လုပ် ကိုင်နေခဲ့သည်မှာ ဆယ်နှစ်ကျော် ဝန်းကျင်။

ကြာတော့သည်လည်း လွမ်းသည်။ သတိရသည်။ ပို၍ ပို၍အမိမြေကို တမ်းတမ်းတတ ရှိလာသည်။ အဝေးတစ်နေရာမှနေ၍ ဖေဖေမေမေတို့နှင့်အတူ သားငယ် ကလေးကို ဖုန်းဖြင့် အရုပ်အသံပြောဖြစ်နေရုံဖြင့် အား မရနိုင်၊ မတင်းတိမ်နိုင်တော့သည့်အဆုံး သူ ခေတ္တ ခွင့်အလည်အပတ်ဖြင့်ပြန်ဖို့ သူဆုံးဖြတ်လိုက်သည်။

မင်္ဂလာဒုံလေဆိပ်မှ သူ့အား ပြုံးရွှင်စွာဖြင့်လာကြိုနေကြမည့် ဖေဖေမေမေတို့နှင့်အတူ သူ့သားငယ်လေး၏ မျက်နှာကို သူမြင်ယောင်မိကာ စိတ်ကူးဖြင့်ပင် သူပျော်နေမိသည်။

…………………………………………………

( နှစ် )

မင်္ဂလာဒုံလေဆိပ်။ လူဝင်မှုကြီးကြပ်ရေးအထွက်ဂိတ်မှ မှန်နံရံတစ်ဖက်ဆီမှ တိုးဝှေ့ကြည့်နေကြသော ဧည့် ကြိုလာကြသည့်လူအုပ်များကြားဆီ သူ့အားလာကြိုကြမည့် မိသားစုဆီ ရှာဖွေကြည့်နေမိသည်။ သူ တွေ့ပါ ပြီ။ မေမေက သားငယ်ကလေးကို လက်ညှိုးထိုးပြကာ သူ့ကိုလှမ်းပြနေသည်။ သူ့ကို သားငယ်ကလေးက လှမ်းတွေ့ လိုက်ရသည့်အခါ ခုန်ပေါက် မြူးထူးနေသည်။ သြော်… ခွဲခွာနေကြရသည်မို့ ….။

လေဆိပ်ပြင်ပရောက်တော့” သားရယ် ပိန်သွားလိုက်တာ ” မေမေက ပြောသည်။

ဆယ်နှစ်သား သားငယ်က ပူးစိကွေးကလေးလုပ်လိုကာ သူ့လက်ကလေးနှစ်ဘက်ကို ဆန့်တန်း ပေးနေ သည်။ သားငယ်ကလေး ကျေနပ်လောက်သည်အထိ သူ မနိုင်တနိုင်ချီထားလိုက်ရသည်။

” ဖေဖေ့ကို သားသားက အဝေးကြီးကနေလှမ်းကြည့်နေတုန်းက ဖေဖေက ဘောင်းဘီကြီးနဲ့ဆိုတော့ ဘယ် ကနိုင်ငံခြားသားကြီးလည်းဆိုပြီး သားက ထင်နေတာ ”

သားငယ်ကလေးစကားဆုံးတော့…

” သားရယ် ဖေဖေက မြန်မာနိုင်ငံသားစစ်စစ်ကြီးပါသားရယ်၊ တကယ်ဆို ဖေဖေက မြန်မာပုဆိုးစစ်စစ် လောက် မြတ်နိုးခုံမင်မှုမရှိတာသားရဲ့၊ သားတို့နဲ့နေမယ့် တစ်ချိန်လုံး ဖေဖေက မြန်မာရှပ်အင်္ကျီလည်ကတုံး၊ မြန်မာ ပုဆိုးနဲ့ကတ္တီပါဖိနပ်ကလေးနဲ့ပဲ ဖေဖေဝတ်ပြီး နေသွားမှာပါသားရဲ့ ”

သားငယ်ကလေးက ရယ်ကျဲကျဲမျက်နှာပေးကလေးနှင့်။

မေမေကပြောသေးသည်။ သားငယ်ကလေးက စကားအရမ်းတတ်တာသတဲ့လေ။

……………………………………………………

( သုံး )

အငယ်ဆုံးညီငယ်က လေဆိပ်အထွက်ပေါက် ကားရပ်နားရာဆီမှာ အသင့်စောင့်ဆိုင်းနေသည်။ အစ်ကိုဖြစ် သူနှင့် နှစ်ပေါင်းများစွာခွဲခွာနေခဲ့ရသူမို့ လှိုက်လှဲဝမ်းသာစွာ သူ့ကိုသိုင်းဖက်ဆီးကြိုလိုက်တော့ သူနွေးထွေး သလို ခံစားရသည်။

“ညီညီရေ…အချိန်စောတုန်းလေး ရွှေတိဂုံဘုရားပေါ်အရင်တက်မယ်၊ ဘုရားတတ်ဖူးမယ်၊ ပြီးရင် ထိုင်လို့ ကောင်းမယ့်လက်ဘက်ရည်ဆိုင်လေးတစ်ဆိုင် ဆိုင်ဝင်မယ်။ ပြီးမှ အိမ်သွားကြတာပေါ့ ” လို့ သူ ပြော
လိုက်တော့ ဖေဖေရော မေမေက သဘောတူလိုက်သည်။

ဗဟန်းမုဒ်ဦးဘက်ဆီသို့လမ်းကိုရွှေးချယ်ရင်း နတ်မောက်လမ်းဘက်မှ ညီဖြစ်သူက မောင်းလာခဲ့သည်။ အမှု မဲ့အမှတ်မဲ့မောင်းလာရင်း ဗိုလ်ချုပ်ပန်းခြံရှေ့သို့အရောက် သားငယ်က …

” ဖေဖေ ဟိုမှာ ဗိုလ်ချုပ်ကြေးရုပ်”

သားက လက်ညှိုးလှမ်းထိုးပြသည်။

” ဟုတ်တာပေါ့သားရယ်၊ အဲ့ဒါ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ပေါ့သားရယ် ”

” ဖေဖေ ….ဘုရားဖူးပြီးရင် သားကိုဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဆီ ခဏလိုက်ပြပေးနော် ဖေဖေ၊ ”

သားအလိုကျ ခေါင်းညိတ်အဖြေပေးလိုက်သည်နှင့် သားပျော်နေလေသည်။

“သားရယ်.. မင်းသားကတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းဆို ဒီအရွယ်ကလေးနဲ့ တော်တော့်ကို စိတ်ဝင်စားနေတာ၊ ဈေးသွားလို့ မင်း သားကိုခေါ်သွားလို့များ ဗီစီဒီခွေအရောင်းဆိုင်ရှေ့ ဖြတ်တာနဲ့ဗိုလ်ချူပ်အောင် ဆန်း အထ္ထုပ္ပတ္တိခွေပဲ ပူဆာနေတော့တာပဲ ”

သည်အရွယ်ကလေးနှင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း သိသည်။ ကြားဖူးသည်ထက် စိတ်ဝင်စားသည်မို့
သူ့သားငယ်ကလေးကို သူအားရ ကျေနပ်နေမိသည်မှာ အမှန်ပင်။

……………………………………………………

( လေး )

ရပ်ဝေးမှနေ၍ မှန်းဆကာတမျိုး၊ အင်တာနက်ပေါ်မှတဆင့် အချို့သောသူငယ်ချင်းများတင်ထားသည့်ကြည် ညိုစဖွယ် ရွှေတိဂုံစေတီတော်ကြီးကိုသာဖူးခဲ့ရသည်မှာ ကာလအတန်ကြာခဲ့ပါပြီ။ ယနေ့မှပင် မိသားစု စုံညီ စွာဖြင့် အနီးကပ် ဖူးမျှော်ခွင့်ရတော့သည်။

ဘုရားပေါ်ကပြန်ဆင်းလာသည်နှင့် သူ ဗိုက်ဆာနေသည့်တိုင် သားငယ်ကလေးကို ကတိပေးထားပြီး သည် မို့ ရွှေတိဂုံစေတီတော်မြတ် ဗဟန်းဘက်မုဒ်ဦးနှင့်အနီးဆုံး ဗိုလ်ချုပ်ပန်းခြံသို့ထွက်လာခဲ့သည်။ ကားရပ် နားရန်နေရာ၌ ကားရပ်နားထားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရှိရာ လျှောက်လာခဲ့ကြသည်။

” ဖေဖေ…သားလေ၊ မေကြီးတို့နဲ့ ပဲခူးဘုရားတွေသွားဖူးတုန်းက ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းထဲမှာ လည်း ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးနေတဲ့ရုပ်ပုံထုထားကြီးသား မြင်ဖူးခဲ့သေးတယ်ဖေဖေ။ နောက်ပြီးတော့ လေ…အခြားမြို့တွေမှာလည်း မေကြီးတို့နဲ့ ဘုရားဖူးအနှံ့လှည့်ဖူးတုန်း က သား ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု တွေ တွေ့ခဲ့ဖူးတယ်ဖေဖေ ”

” ဟုတ်တယ်သား၊ တချိန်က နှစ်တော်တော်များများ ဖေဖေတို့သားတို့ပိုင်တဲ့နိုင်ငံကို တိုင်းတပါးသား နယ်ချဲ့ တွေက အုပ်ချုပ်ခဲ့ကြတယ်သားရယ်။ သားနားလည်အောင်ပြောရမယ်ဆိုရင် ဖေဖေတို့မြန်မာ နိုင်ငံတော်ကြီး ဟာ နယ်ချဲ့တွေလက်အောက်ကို ကျရောက်ခဲ့ရတယ်။ ဒါကို ဗိုလ်ချုပ်အောင်ဆန်းက ပြန်ရအောင် သက် စွန့်ကြိုးပမ်းရယူပေးခဲ့တာမို့ နောင်လာနောင်သားတွေ၊ သားတို့လိုမျိုးဆက်တွေအဆက်ဆက်ထိ သိရအောင် သတိတရရှိနေအောင် မြို့တော်တော်များများမှာ အမှတ်တရ ဂုဏ်ပြုထားတယ်ပေါ့သားရယ် ”

” ဖေဖေ … အဲ့ဒီ့ ဗိုလ်ချုပ်အောင်ဆန်းရှိတုန်းက ဗိုလ်ချုပ်တွေ ဘယ်နှစ်ယောက်ရှိခဲ့သလဲဖေဖေ ”

” တစ်ယောက်တည်းပေါ့သားရယ်၊ မြန်မာ့တပ်မတော်ကြီးရဲ့သူရဲကောင်းကြီးလည်းတဦးဖြစ်သလို ဗိုလ်ချုပ် ရာထူးအဆင့်ကလည်း ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်တည်းပေါ့သား ”

” ဖေဖေ… သားလေ တီဗွီထဲမှာ ညညကြရင် သားကြည့်ရတာ ဗိုလ်ချုပ်တွေလည်း အများကြီးပဲ၊ ဗိုလ်ချုပ်မှူး ကြီးဆိုတာလည်း သားတွေ့တယ်ဖေဖေ။ သူတို့က ဖေဖေပြောသလိုနယ်ချဲ့တွေကိုတိုက်လို့ ဗိုလ်ချုပ်မှူးကြီး တွေ၊ ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်တွေဖြစ်လာတာလားဖေဖေ။ ပြီးတော့ သူတို့အင်္ကျီတွေမှာလည်း သူရဲ ကောင်းဆုတံဆိပ်တွေ အင်္ကျီအပြည့်ပဲဖေဖေ။ ဒါလည်း နယ်ချဲ့တွေကိုတိုက်လို့ သူရဲကောင်းဆုတံဆိပ်တွေ အများကြီးဖြစ်နေတာလားဖေဖေ။

ဘာလို့ ဖေဖေတို့သားတို့သိတဲ့သူရဲကောင်းကြီး ဗိုလ်ချုပ်အောင်ဆန်းကျတော့ အင်္ကျီပေါ်မှာ မဆန့်လောက် အောင် ဘာလို့သူရဲကောင်းတံဆိပ်တွေ မရှိခဲ့ရတာလဲဖေဖေ ”

သူ ခေါင်းကို သွင်သွင်ရမ်းခါနေမိသည်။ ပြီးတော့ ” သားရယ်..သား ဒီအချိန်မှာ သိဖို့စောပါသေးတယ်။ သား တစ်နှစ်ထက်တစ်နှစ် အသက်တစ်နှစ်တိုးတိုးသွားတိုင်း သားသိလာပါလိမ့်မယ် ” ဟု သားငယ်ကလေးကို သူခေါင်းကလေးပွတ်ပြီး ပြန်ပြောလိုက်တော့ သားငယ်ကလေးဆက်မမေးတော့ပဲ ငြိမ်လျက်သား။

……………………………………………………

( ငါး )

တကယ်ဆိုလျှင် သားငယ်ကလေးနားလည်အောင် သူရှင်းပြချင်သည်။ စူးစမ်းတတ်သောကလေးအရွယ်မို့ သူပြောပြချင်ခဲ့သော်လည်း သားငယ်ကလေးသိလိုသော အကြောင်းအရာများကို ပြောပြချင်ခဲ့ပါလျက် မပြောပြနိုင်ခဲ့။

ခုချိန်ခါမျိုးမှာ နိုင်ငံရပ်ခြားပြန်လည်ထွက်ခွာ အလုပ်လုပ်ကိုင်ရအုံးမည်မို့ မင်္ဂလာဒုံလေဆိပ် လူဝင်မှုကြီး ကြပ်ရေးအဖွဲ့က ပြန်ပေးမထွက်ပဲဖြစ်ရပါမူဆိုသည့် စိုးရိမ် စိတ်ဖြင့်သာမို့ ..

” သားရေ … အမှန်တကယ်ပွင့်လင်းမြင်သာလာမယ့်အခါ အဖေ့ကိုသာ ခေါ်လိုက်ပါ ”

 

လင်းသူရိယနွယ်
၁၀ .၀၅ . ၂၀၁၄