ထောင်ဝင်စာ (ချစ်ပါးလုံး)

Posted on Posted in ဝတ္ထုတို

” ရုပ်ရှင်ထဲမှာလို သံတိုင်ကြားမှ လက်ကိုင်ဖို့မဆိုထားနှင့် လက်ချောင်းလေးများထည့်ရန်ပင် မလွယ်လှပေ။ ဆုငယ်ငယ်တုန်းကတော့ သံတိုင်လေးတွေကြားက လက်ကို ထိုးထည့်ရင်း အဖေ့လက်ကိုမမီမကမ်း လှမ်းကိုင်ရသေးသည်။ ခု ဆုတို့အရွယ်လေး ရောက်လာတော့ အဖေ့လက်ကိုထိဖို့မဆိုထားဘိ သံတိုင်ကြားထဲ လက်ထိုးထည့်ဖို့ ပင် မလွယ်တော့။ ထိုအခါ အဖေ့ကိုခပ်လှမ်းလှမ်းအမြင်နှင့်သာမြင်ရခြင်းနှင့် ဆုတို့အချိန် စေ့၍ပြန်ကြရသည့်အခါ အဖေ့၏လည်ပြန်အကြည့်တို့နှင့်မျှ သာ..”

 

ပန်းချီဖေဦးစ
ပန်းချီဖေဦးစ

ထောင်ဝင်စာ

“ ဟဲ့ ဆု၊ နင်က ဒီမှာ မန်ကျည်းရွက်လာခူးနေတာကိုး ရှာလိုက်ရတာ၊ ငါတို့ သဘက်ခါ  အဖေ့ကို သွားတွေ့ကြမယ်တဲ့”

အမောတကောနှင့်အပြေးလာပြောသော ဆု၏ညီမ သဲသဲကိုကြည့်၍ ဆုအံ့သြရ သည်။

“ ဟုတ်လို့လားဟယ်..ဟိုတလောက အမေကြီးပြောတုန်းက အဖေ့ဆီကို သွားဖို့ ပိုက်ဆံ စုရဦးမယ်တဲ့၊ အခုတလော နင်မြင်တဲ့အတိုင်း ပန်းခင်းကလည်း ကျနေပြီ တကယ် သွားရမှာသေချာလို့လား သွားရမယ်ဆိုရင်တော့ ပျော်စရာကြီးဟယ် အဖေ့ ကို မတွေ့ရတာလည်း သုံးလတောင် ပြည့်တော့မယ်” ဟု ဆု၏ညီမအား ပြန်မေးနေ မိသည်။

“ နင်မယုံရင် သွားမေးကြည့်၊ ငါ အမေကြီးတို့ ပန်းစည်းရင်းပြောနေတာ ကြားတာ၊ ငါ ပျော်လွန်းလို့ နင့်ကို လာပြောတာ” ဟု သဲသဲက ပြန်ပြောလေသည်။

“ အေး အဲ့ဒါဆို ငါအခုပဲသွားမေးကြည့်လိုက်မယ်”

ဆုသည် ခူးလက်စမကျည်းရွက်ထုပ်ကိုယူ၍ အမေကြီးဆီ တချိုးထဲ ထပြေးမိတော့ သည်။

ဆုတို့မှာ ညီမလေးယောက် ဖြစ်ပါသည်။ အမေကြီးဆိုသည်မှာ အဖေ့၏အမေ ဆုတို့ ၏အဘွား ဖြစ်သည်။ ရွာတွင် အဘွားအား အမေကြီးဟု ခေါ်ကြပါသည်။ ဆုတို့ နွေ ကျောင်းပိတ်၍ အမေကြီးထံသို့ အလည်လာကြခြင်း ဖြစ်သည်။ အမေကြီးသည် သူ ၏တူမနှင့်အတူတူ ရွာတွင်နေသည်။ စိန်ခြယ်ပန်း၊ သရက်သီးပေါ်ချိန်ဆိုလျှင် ခြံထဲမှ သရက်သီး၊ ဆီးသီး စသည်များအားရောင်း၍ ရသည့်ပိုက်ဆံလေးကို ချွေတာစားကာ ရသမျှကို စုဆောင်းတတ်သည်။

ပိုက်ဆံလေး အဆင်ပြေလျှင်ပြေသလို အဖေ့ဆီ ထောင်ဝင်စာသွားတွေ့လေ့ ရှိသည်။ ဆုတို့ညီအမများမှာ အမေ့အမေဆုတို့အဘွားနှင့် အဒေါ်အပျိုကြီးသုံးယောက် ထံတွင် နေကြရသည်။

ဆု သူငယ်တန်းတက်ချိန်တွင် အဖေ နိုင်ငံရေးမှုဖြင့် ထောင် ၁၃ နှစ်ကျခဲ့သည်။ ထို အချိန်တွင် ဆုညီမအငယ်ဆုံးမှာ လသားလေးသာ ရှိပါသေးသည်။

သဲသဲကမူ ထိုအချိန်က မူကြိုတက်နေဆဲသာ ရှိသေးသည်။ အဖေ့အား စီရင်ချက်ချ သည့်နေ့တွင် ထောင် ၁၃ နှစ်ဟု ကြားကြားချင်း အမေကြီးမှာ ဆယ်ဘီးကားအောက် ပြေးဝင်ကာ ကိုယ့်ကိုယ်ကိုယ်သတ်သေရန် ကြိုးစားခဲ့ဖူးသည်။ လူများဝိုင်းဆွဲ၍သာ အသက်မသေခဲ့ခြင်းပေ။

ထို့နောက်ပိုင်းတွင်တော့ အမေကြီးအဖို့ သူ့သားကို ထောင်ဝင်စာပို့ရေးသာ ကြိုးစားရ တိုက်ပွဲဝင်ရတော့သည့်အခြေအနေသို့ ပြောင်းလဲသွားရလေတော့သည်။

 

…………………………..

အဖေ ထောင်ကျသွားပြီးသည့်နောက် ဆု၏အဒေါ်များနှင့်အဘွားများက ဆုတို့ကို အမြဲအားပေးလေ့ရှိသောစကား ရှိပါ၏။

ထိုသည်မှာ “ အေး…နင်တို့အဖေထောင်ကျတာ မသမာမှုမဟုတ်ဘူး၊ ဒါကြောင့် ရှက် စရာအကြောင်းမရှိဘူး၊ မှန်ကန်မှုအတွက်ထောင်ကျရလို့၊ ဒါကို ဂုဏ်တောင်ယူလိုက် ဦး” စသဖြင့် အမြဲအားပေးတတ်ကြသည်။

အဖေထောင်ကျသွားသည့်နောက် အစိုးရမှ ဆုတို့နေသည့်အိမ်ကို သိမ်းသွားသဖြင့် ဆုတို့မှာ နေစရာအိမ်ပါ မရှိတော့ချေ။ ရွာမှ အဖေ့အမေ အမေကြီးထံတွင်နေမည်ဆို လျှင်လည်း ကျောင်းတက်ရဝေးသည့်အတွက် အဆင်မပြေ။ ဆုတို့မှာ အိမ်ငှားရန် လည်း အလွန်ခက်ခဲခဲ့ရသည်။ နိုင်ငံရေးမိသားစုဖြစ်သည့် ဆုတို့ကို အိမ်မငှားချင်ကြ ပါ။

ဆု၏ဦးလေး အမေ့မောင်မှာလည်း ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်ကာ ၈- လေးလုံးအပြီးတွင် တောခိုသွားခဲ့သည်။ ဘယ်အရပ်ဘယ်ဒေသ ရောက်နေမှန်းပင် မသိ။ အစိုးရဖမ်းမိ၍ နှိပ်စက်ကာ သတ်လိုက်ပြီဟုလည်း ကြားရသည်။ ထိုသို့သော မိသားစုကို အိမ်မငှားရဲကြသည်မှာ တခြားလူတွေ၏အပြစ်ဟုလည်း မဆိုသာပါ။ လူ တိုင်း သူတို့ကိုအမှုပတ်မှာ ကြောက်နေကြရသည်မဟုတ်လား။

ယခုလည်း နွေကျောင်းပိတ်၍ အမေကြီးထံသို့ ဆုနှင့် သဲသဲတို့ လာလည်ကြခြင်း ဖြစ် သည်။ ဆုတို့ညီအမ လေးယောက်လုံးလာနေလျှင် အမေကြီးတွင် ဝန်ပိမည်စိုး၍ ဆု ၏အဒေါ်များက တစ်နှစ်ကို နှစ်ယောက်သာ လည်ခွင့်ပေးထားပါ၏။ ယခုနှစ် ဆုနှင့် သဲသဲတို့အလှည့်။

ဆုတို့ရွာသို့ရောက်လျှင် မန်ကျည်းရွက်သော်လည်းကောင်း သရက်သီးကင်းသော် လည်းကောင်းခူး၍ အမေကြီးနှင့်အတူ ဈေးတွင်လိုက်ရောင်းကြသည်။ ကျောင်းဖွင့် လျှင် စာရေးကိရိယာများဝယ်နိုင်ရန်အတွက် ဖြစ်သည်။ ဆုတို့ညီမလေးယောက်ကို ကျောင်းထားရသည်ဆိုသည်မှာ လွယ်သည်မဟုတ်။ သူများအိမ်အောက်ထပ် အခန်း လေးတခန်းငှားနေရသည်မို့ အိမ်လခပေးဖို့ရန်ပင် အနိုင်နိုင်ကြိုးစားကြရသည်။

သို့ဖြစ်လေရာ ဆုတို့အတွက် စာအုပ်ဖိုးလေး ဖာမိထေမိလည်း မနည်းဟုတွေးကာ ဆုတို့ ယခုလို ပိုက်ဆံစုကြခြင်း ဖြစ်ပါသည်။ အိမ်၏စာဝတ်နေရေး၊ ကျောင်းစရိတ်၊ အိမ်လခ၊ ထိုအရာများနှင့်လုံးလည်လိုက်နေချိန်တွင် အဖေ့ကို ထောင်ဝင်စာတွေ့ရန် မှာလည်း အလွန်ဖျစ်ဖျစ်မြည်အောင် စုရ ဆောင်းရကြသည်မဟုတ်ပါလား။

 

…………………………..

” အိမ်တွင်လည်း အဖေ့ဆီသွားခါနီး ရှိသည့်ပန်းကန်လေးများကို ပေါင်လိုက်၊ နောက် စု၍ ပြန်ရွေးလိုက်နှင့် လုံးလည်လိုက်နေလေသည်။ အမေကြီးကိုလည်း သနားလှပါ သည်။ ဖြစ်သမျှအကြောင်း အကောင်းချည်းပေါ့။ ဘယ်တတ်နိုင်ပါ့မည်နည်းဟုသာ …”

တကယ့်တကယ်မှာတော့ ဆုတို့အားလုံး အဖေ့ဆီ အမြဲတမ်းသွားနိုင်ကြသည်မဟုတ် ပါ။ အဖေ့အတွက် အကြော်အလှော်၊ ကွမ်း၊ နောက် အဖေ့လက်ထဲတွင် ပိုက်ဆံ အနည်းအကျဉ်းလည်း ထည့်ပေးထားချင်သည်။ ထောင်ထဲတွင်လိုအပ်သည့်အခါ အဖေသုံးနိုင်ရန် ဖြစ်သည်။ ထိုသို့ပိုက်ဆံထည့်ပေးရန်မှာလည်း ဆုတို့က အဖေ့ကို ငွေ ၁၀၀ ပေးချင်လျှင် ထိုငွေကို အဖေ့ဆီပေးပေးမည့် ထောင်ဝန်ထမ်းအတွက်လည်း ၁၀၀ ပေးကာ လာဘ်ထိုးရပါသေးသည်။ ထို့အပြင် ထောင်ဝင်စာတွေ့ရန် စာရင်းပေး လျှင်လည်း မြန်မြန်တွေ့ရဖို့အရေး လာဘ်ထိုးရပါသေးသည်။

ထိုသို့သောအကြောင်းများကြောင့် အဖေ့ကိုလွမ်းသော်လည်း ဆုတို့ တစ်နှစ်မှ နှစ်ခါ သုံးခါလောက်သာ တွေ့ခွင့်ရနိုင်ကြပါသည်။

ယခုသဲသဲပြော၍ ဆုတို့အဖေဆီ သဘက်ခါသွားတွေ့ခွင့်ရမည်ဆိုတော့ ဆုမှမပျော် လျှင် မည်သူပျော်မည်နည်း။

“ အမေကြီး.. အမေကြီး..အမေကြီးရေ…” အမောတကောပြေးလာသော ဆုကို ကြည့်ကာ ပန်းစည်းနေသောအမေကြီးမှာ လန့်လန့်ထိတ်ထိတ်ဖြစ်သွားပြီး..

“ ဟဲ့ ဆု ဘာဖြစ်လာတာလဲ၊ လန့်လိုက်တာဟယ်၊ ထီပေါက်လို့လား၊”

“ မဟုတ်ပါဘူး အမေကြီးရယ်၊ သဲသဲပြောတာ သမီးတို့ သဘက်ခါ ထောင်ဝင်စာ သွားတွေ့လို့ရပြီဆို ဟုတ်လားအမေကြီး၊ သမီးက အဖေ့ကိုလွမ်းနေတာ အမေကြီးရဲ့၊ အမေကြီးကိုမေးရင် စိတ်မကောင်းမှာစိုးလို့ မမေးတာ” ဟု ဆုအမေကြီးအား မော မောနှင့် မေးလိုက်မိသည်။

“ အေး သွားလို့ရမယ်ထင်တယ်၊ အမေကြီးမနက်ဖြန် ပန်းရောင်းတဲ့ပိုက်ဆံလေးနဲ့ ဈေးဝယ်ခဲ့မလား စဉ်းစားနေတယ်၊ ထောင်ဝင်စာတခါပို့ရတာလည်းအေ ငါ့သားပေး ရတာထက် ဒင်းတို့ကို ပေးနေရတာ၊ ငါ့သားမျက်နှာလေး ငါးမိနစ်လောက်မြင်ရဖို့ အရေး ဒီမှာ လုပ်လိုက်ကိုင်လိုက်ရတာ”

စိတ်ပျက်လက်ပျက်နှင့်ပြောနေသော အမေကြီးကိကြည့်ပြီး ဆု စိတ်မကောင်းဖြစ်မိ သည်။ ဘယ်သူ့ကို အပြစ်တင်ရမည်နည်း။

“ အမေကြီးရယ် စိတ်မညစ်ပါနဲ့၊ အဖေထောင်ကထွက်တော့ သမီးတို့ပျော်ရမှာပါ လောလောဆယ် သမီးစုထားတဲ့ပိုက်ဆံလေးလည်း နည်းနည်းရှိပါတယ်၊ အမေကြီး လိုရင် ယူသုံးလို့ရတာပဲ” ဟု အမေကြီးအပေါ် ဂရုဏာသက်စွာပြောတော့ ..

“ အေးပါဆုရယ် မလိုပါဘူး၊ လိုတော့ပြောပါ့မယ်၊ နင်တို့ကျောင်းမှာ လိုတာလေး လည်း သုံးရတာပေါ့။ ငါ မလောက်ရင် ပန်းကန်လေး နည်းနည်းလောက် သွားပေါင် လိုက်မယ် ” ဟု အမေကြီးက ပြန်ပြောရှာသည်။

အိမ်တွင်လည်း အဖေ့ဆီသွားခါနီး ရှိသည့်ပန်းကန်လေးများကို ပေါင်လိုက်၊ နောက် စု၍ ပြန်ရွေးလိုက်နှင့် လုံးလည်လိုက်နေလေသည်။ အမေကြီးကိုလည်း သနားလှပါ သည်။ ဖြစ်သမျှအကြောင်း အကောင်းချည်းပေါ့။ ဘယ်တတ်နိုင်ပါ့မည်နည်းဟုသာ နှလုံးသွင်းလိုက်ကြရသည်လေ။

 

…………………………..

“ ဟဲ့ ဆု ဘယ်ရောက်နေလဲ၊ သဲသဲရော ရေစောစောချိုးကြ၊ နေမပူခင်သွားမှဖြစ် မယ်။ စောစောသွားမှ စောစောတန်းစီလို့ရမှာ၊ ငါဒီမှာအထုတ်တွေ စစ်ထည့်ပြီးရင် ရေလာချိုး မယ်၊ ငါမချိုးခင် နင်တို့ရေချိုးထားကြ”

အမေကြီးမှာ မီးဖိုထဲတွင် ကြော်လှော်ချက်ပြုတ်ရင်း ဆုတို့ကြားအောင်အော်ပြောကာ သားနှင့်တွေ့ရမည့်အရေး တက်ကြွ သွက်လက်နေလေသည်။

“ အမေကြီး ကြက်ကြော်က မွှေးနေတာပဲနော်။ ငါးကြော်လည်း မိုက်တယ်။ အဖေ တော့ ဒီအပတ် သေချာစားရတော့မယ်နော်။ တကယ်တော့ အဖေကမှ သုံးလတခါ လေးလတခါပို့ရင် စားရပါသေးတယ်။ သမီးတို့မှာတော့ အရွက်ကြော်လေးနဲ့ ငပိရည် နဲ့၊ အသားဆိုတာ တခါ့တလေဆိုမှတခါ့တလေ စားရတာပါ။ သမီးတို့ဘယ်တော့များ မှ ပိုက်ဆံရှိမလဲမသိဘူးနော်အမေကြီး” ထိုကဲ့သို့ရေရွတ်ရင်း ဆုမေးလိုက်မိသည်။

“ အေးလေရှည်မနေနဲ့ဆု၊ ရေချိုးမယ်ဆို သွားချိုး၊ နင့်အဖေ့ကို သွားပို့တယ်သာဆိုရတာ အကုန်လည်း ရမရ ငါတို့က သိတာမဟုတ်ဘူး။ နင်တို့အဖေ စားရော စားရရဲ့ လားတောင် သိတာမဟုတ်ဘူး။ လောလောဆယ် ရေချိုးမယ်ဆို သွားချိုးချေ။ သဲသဲ ကိုပါ တခါတည်းချိုးခိုင်း။ ပြီးရင် အဝတ်အစားတခါထဲလဲ။ သနပ်ခါးလည်း ဖွေးဖွေး လေး လိမ်းဦး၊ နင့်အဖေမြင်တော့ စိတ်ချမ်းသာအောင်”

အမေကြီးမှာ အကြော်အလှော်များကို ဗူးများနှင့်သေချာထည့်ကာထုပ်ရင်း ပြောနေ လေသည်။

“ ဟုတ်ကဲ့၊ အခုပဲ သွားပါပြီအမေကြီးရဲ့၊ အဖေ့ကိုတွေ့ရမယ်ဆိုတော့ သမီးက ပျော် လွန်းလို့ပါ။ သဲသဲရေ အမေကြီးက ရေချိုးတော့တဲ့ဟေ့” အမေကြီးကို ပြန်ပြောရင်း သဲသဲကိုပါ တဆက်တည်း အော်ခေါ်လိုက်လေသည်။

“ အေး အော်မနေနဲ့၊ ငါက အဖေနဲ့တွေ့ရမယ်ဆိုလို့ ရေစောစောချိုးထားပြီးပြီ၊ ဒီမှာ သနပ်ခါးလိမ်းနေတယ်၊ ကိုယ့်ဟာကိုပဲ ပြီးအောင်လုပ်”

သနပ်ခါးလိမ်းရင်း သဲသဲ ပြန်အော်လေသည်။

ဒါနဲ့ ဆုလည်း ရေမြန်မြန်ချိုး သနပ်ခါးလိမ်း အဝတ်အစားလည်းကာ အမေကြီး အတွက်ပါ သနပ်ခါးသွေးထားပေးလိုက်သည်။ ထို့နောက် ဆုတို့မြေးအဘွား သုံး ယောက် မနက် ၉ နာရီတွင် အိမ်မှ စထွက်ခဲ့ကြလေသည်။

 

…………………………..

နေအလွန်ပူလှသော်လည်း အမေကြီးက ထီးနှင့် ဆုတို့ညီမနှစ်ယောက်က ဦးထုတ် ကိုယ်စီဆောင်း၍ထွက်ခဲ့ကြသည်။ ဆယ်နာရီဆိုလျှင် ထောင်ဝင်စာတွေ့ဖို့စာရင်း စ ကောက်ကြမည်မဟုတ်လား။

ထောင်သို့ နာရီဝက်ကျော်ကျော် လမ်းလျှောက်ရသည်။ မြေးအဘွားများ ဆိုက်ကား မစီးနိုင်ပေ။ ဆုတို့ဆိုက်ကားစီးမည့်အစား အဖေ့ကို ပိုက်ဆံလေးပိုပေးနိုင်လျှင်လည်း မနည်းဟု တွက်ကြရသောကြောင့် မစီးကြခြင်းဖြစ်သည်။

ထောင်သို့ရောက်သောအခါ ထောင်ဝန်ထမ်းတဦးဦး ပုံစံတဆယ်စာရွက်လာယူရန် စောင့်ရပါသည်။

ဆယ်နာရီတွင် စယူသည်ဟုဆိုသော်လည်း တခါတရံ  ဆယ့်နှစ်နာရီ ထိုးသွားတတ် ပါသည်။ ဆုတို့မှာ ထောင်ထိပ်ဝတွင် အရိပ်မရှိဘာမရှိနှင့် နေပူထဲတွင် ရပ်စောင့်ရပါ သည်။ ထိုထောင်ထဲမှ စာရွက်လာမယူမချင်း စာရင်းလာမကောက်မချင်း ဆုတို့ စောင့်ကြရသည်။

ယနေ့ ကံကောင်းထောက်မစွာပင် ဆယ့်တစ်နာရီကျော်တွင် ထောင်ဝန်ထမ်းထွက် လာလေသည်။

ထိုသူကိုမြင်သည်နှင့် အားလုံးတိုးဝှေ့၍ သူ့ထက်ငါ ဦးအောင် စာရွက်တင်ကြရသည်။ ထိုပုံစံတဆယ်နှင့်အတူ မှတ်ပုံတင်ပါ ပေးလိုက်ရပါသည်။ သူတို့ပေးသည့် ဖောင် တရွက်ကိုလည်း ဖြည့်ရပါသေးသည်။ ထို့အပြင် ဖောင်ဖြည့်ခပိုက်ဆံ ၁၅၀ ပေးရပါ သည်။ ထိုဝန်ထမ်းကိုလည်း ကိုယ့်ကိစ္စမြန်မြန်ဆောင်ရွက်ပေးရန် ရရချင်း ပြန်လာ ပေးရန် လက်ဖက်ရည်ဖိုးဟု လှလှပပသုံးကာ ငွေ ၁၀၀ သော်၎င်း၊ ၁၅၀ သော်၎င်း ပေးရပါသေးသည်။

ထိုပိုက်ဆံ ၁၅၀ လောက်ရရန် အမေကြီး မည်မျှအလုပ်လုပ်ရသည်ကို သူတို့သိကြ မည်မဟုတ်ပေ။

အမေကြီးရောင်းသည့်စိန်ခြယ်ပန်းတစည်းမှာ ငွေ ၁၀ ကျပ်သာ ရပါသည်။ ထိုပန်းကို မစိုက်ခင် ပျိုးရပါသည်။ ထို့နောက် မြေပေါက်ကာ အခင်းလုပ်၍ စိုက်ရပါသည်။ နေ့ တိုင်းရေလောင်းရပါသည်။ ပန်းတခါခူးရောင်းရရန် နှစ်လခွဲသုံးလထိစောင့်ရပါသည်။ ထိုသည်များကို သူတို့မသိ။ လက်ဖက်ရည်ဖိုးဟူ၍ပေးရသည်မှာ နင့်ကနဲ။ မစားရက် မသောက်ရက်။

ထိုထောင်ဝန်ထမ်းထွက်သွားပြီးသည်နှင့် အဖေ့အား ဆုတို့တွေ့ရသည်မဟုတ် ထပ်စောင့်ကြရသည်။ ခြေထောက်များပင် ကျင်၍ တောင့်နေတော့သည်။ ညနေ သုံးနာရီ ခွဲခန့်တွင် ထိုဝန်ထမ်းပြန်လာသည်။ ထိုသို့ပြန်လာသော်လည်း မပြီးသေး။ ကိုယ့်နာ မည် ပါမပါ တွေ့ခွင့်ရမရ ရင်တထိတ်ထိတ်နှင့် စောင့်ရပါသေးသည်။

တခါတခါ အမြဲဖြည့်နေကျဖောင်ကိုပင် ဟိုဟာလိုသည် ဒီဟာလိုသည်ဆိုကာ ရစ် တတ်သည်။

ထို့နောက် လေးနာရီဝန်းကျင်တွင်မှ အဖေ့အား ဆုတို့တွေ့ခွင့်ရကြပါသည်။ ထောင် တွင်းသို့ဝင်ရန် ဆယ်မိနစ်ခန့် လမ်းလျှောက်ရသည်။ တခါ ထောင်ထဲတွင် အဖေတို့ မလာမချင်း စောင့်ရပြန်သည်။ ထောင်ဝင်စာတွေ့သည်ဆိုသည်မှာ တမိသားစုတည်း မဟုတ်ပေ။ မိသားစုအများကြီး ဖြစ်သည်။

ရုပ်ရှင်ထဲမှာလို သံတိုင်ကြားမှ လက်ကိုင်ဖို့မဆိုထားနှင့် လက်ချောင်းလေးများထည့်ရန်ပင် မလွယ်လှပေ။ ဆုငယ်ငယ်တုန်းကတော့ သံတိုင်လေးတွေကြားက လက်ကို ထိုးထည့်ရင်း အဖေ့လက်ကိုမမီမကမ်း လှမ်းကိုင်ရသေးသည်။ ခု ဆုတို့အရွယ်လေး ရောက်လာတော့ အဖေ့လက်ကိုထိဖို့မဆိုထားဘိ သံတိုင်ကြားထဲ လက်ထိုးထည့်ဖို့ ပင် မလွယ်တော့။ ထိုအခါ အဖေ့ကိုခပ်လှမ်းလှမ်းအမြင်နှင့်သာမြင်ရခြင်းနှင့် ဆုတို့အချိန် စေ့၍ပြန်ကြရသည့်အခါ အဖေ့၏လည်ပြန်အကြည့်တို့နှင့်မျှ သာ ကျေနပ်ကြ ရတော့သည်။

စင်စစ် ဆုတို့ ထောင်ဝင်စာတွေ့သည့်မိသားစုများက ဘက်တခြမ်း၊ ထောင်သားများ မှာ တခြားဘက်တခြမ်း။ ကြားထဲတွင် အလွန်ကိုစိတ်သော သံဇကာနှစ်ချပ်က ခြား ထားသေးသည်။ ထိုသံဇကာတချပ်နှင့်တချပ်ကြားတွင် သုံးတောင်ခန့်ကျယ်ပါသည်။

အဖေနှင့် ဆုတို့မှာ အလွန်အလှမ်းဝေးလှသည်။  အော်မပြောလျှင်မကြားရ၍ အော် ပြောကြရသည်။ အမေကြီးမှာ စကားပင်မပြောနိုင်။ သူ့သားကြီးကိုကြည့်ကာ မျက် ရည် ဖြိုင်ဖြိုင်ကျနေရှာသည်။

ဆုတို့မှာလည်း မလာခင်သာ အားခဲရသည်။ ရောက်လျှင် စကားပြောရန်ရှာမရပေ။ ခံစားချက်များပြင်းပြလာသည့်အခါ စကားလုံးများနှင့် ပြောင်းပြန်အချိုးကျသည် ဆို သကဲ့သို့ ဆုတို့ရင်ထဲတွင် စကားလုံးများပြည့်နေသော်လည်း စကားရှာရ ခက်ခဲလွန်း လှသည်။ သူများ အဖေ အဖေနှင့်ခေါ်နေချိန်တွင် ဆုတို့မှာ အဖေခေါ်ဖို့နေနေသာ သာ မျက်နှာလေးကြည့်ရန်ပင် ခက်ခဲလှပါသည်။

ထိုကဲ့သို့ တနေ့လုံးစောင့်စိုင်းခဲ့သောထောင်ဝင်စာမှာ “အဖေ နေကောင်းလား။ အဖေ ပိန်သွားတယ်နော်။ သမီးတို့ အမေကြီးဆီ လာလည်တာ။ သမီးတို့အားလုံး စာမေးပွဲ အောင်တယ်။ အဖေ့အတွက် ပစ္စည်းတွေက ဟိုမှာပေးခဲ့တယ်။ ပိုက်ဆံတရာလည်း ပေးခဲ့တယ်နော်အဖေ့။ အဖေ့သူငယ်ချင်းတွေအတွက် ဆေးလိပ်လည်း ပါတယ်နော် အဖေ”  ဆိုတာလောက် မျှ။

အဖေဆေးလိပ်မသောက်သော်လည်း အဖေနှင့်အတူ ထောင်ကျနေသူများအတွက် အဖေ မှာပေးတတ်သည်။ တချို့မှာ ထောင်ဝင်စာဘယ်တော့မှ လာမတွေ့နိုင်သော အရပ်မှဖြစ်သည်။ ထို့ကြောင့် အမေကြီးမှာ သူ့တွင်မရှိသော်လည်း သားသမီးချင်း ကိုယ်ချင်းစာကာ သူတတ်နိုင်သည်များကို ထည့်ပေးတတ်သည်။ သူများအတွက်ပါ ထည့်ကြော်ပေးလေ့ ရှိသည်။

ထိုသို့ အဖေနဲ့ စကားဆယ်ကြောင်းမပြည့်ခင် ငါးမိနစ်ခန့်တွင် အချိန်စေ့သွားပါပြီဟု မကြားချင်ဆုံးသောအသံကိုကြားလိုက်ရသည်နှင့် ဆုတို့မှာ ချက်ချင်းဆိုသလို ပြန် ထွက်ခဲ့ကြရလေသည်။

“ အမေကြီးရယ် တနေ့လုံးမောကြီးပန်းကြီး နေပူထဲမှာ စောင့်လိုက်ရတာ အဖေ့ကို တွေ့ရတော့ ခဏလေးရယ် စိတ်ပျက်ဖို့ကောင်းလိုက်တာ၊ အေးလေ ဘာဖြစ်ဖြစ် မျက်နှာလေးတော့ မြင်လိုက်ရတာပဲလေ..နော့” စသဖြင့် ကြိတ်မနိုင်ခဲမရ ပြောနေမိ သည်။

“အေးလေ နောက်တခေါက်သွားဖို့ မနက်ဖြန်ကစပြီး ပြန်စုရဦးမှာပေါ့ ဆုရယ်” ဟု ပြောသော အမေကြီးအား သနားမိပါသည်။ ဒါပေမယ့် ဆုဘာများတတ်နိုင်မည်နည်း။ ဒါ ဆုတို့မိသားစုသာမဟုတ် အခြားအားလုံးသော ထောင်ဝင်စာတွေ့ကြရမည့် မိသား စုတိုင်း၏ ကြိုးစားအားထုတ်မှုပင် မဟုတ်ပါလား။

ယခုတော့ အဖေလည်း ထောင်မှလွတ်ပြီ။ အမေကြီးလည်း ဆုံးသွားရှာပြီ။ ယခု နိုင်ငံ ရေးအတွက် ထောင်ကျသည်ကြားလျှင်  အရင်ဆုံး ပြေးမြင်မိသည်မှာ ကျန်ခဲ့သည့် မိသားစုပင် ဖြစ်သည်။

သောကတွေတသီကြီးနှင့်အတူ ထောင်ဝင်စာတွေ့ရန် မည်မျှခက်ခဲနေကြမည်နည်း.. စသဖြင့်တွေးရင်း မျက်ရည်လည်မိသည်။ အမေကြီးကိုလည်း လွမ်းမိသည်။

 

ကြိုးစားပါဦးမည်။

 

ချစ်ခင်လေးစားလျက်

ချစ်ပါးလုံး (Chitpalone)

 

One thought on “ထောင်ဝင်စာ (ချစ်ပါးလုံး)

  1. သူတော်ကောင်းတွေ ခေတ်ရောက်ရင် သမိုင်းမှာ မော်ကွန်းတင်ခံရမှာ မြေကြီးလက်ခတ်မလွှဲပါ။ အခုချိန်က သူယုတ်မာတွေ ကောင်းစားနေတဲ့ ခေတ်မို့ ခဏတော့ သည်းခံပြီးစောင့်ပါလို့…

Comments are closed.