အနှစ်လေးဆယ်ကြာ ပျောက်ဆုံးနေသော ဗန်ဂိုးရဲ့ပန်းချီကား (မောင်ရင်ငတေ)

Posted on Posted in ဒေသန္တရရှုခင်း

အနှစ်လေးဆယ်ကြာ ပျောက်ဆုံးနေသော ဗန်ဂိုးရဲ့ပန်းချီကား

အနှစ်လေးဆယ်ကြာ-ပျောက်ဆုံးနေသော-ဗန်ဂိုးရဲ့-ပန်းချီကား
အနှစ်လေးဆယ်ကြာ-ပျောက်ဆုံးနေသော-ဗန်ဂိုးရဲ့-ပန်းချီကား

ဟုတ်မဟုတ် သေချာမသေချာတော့ မသိပါ၊ ဟုတ်တာမဟုတ်တာ အသာလေးထားပါ၊

သတင်းကတော့ မောင်ရင်ငတေတို့ စိတ်ဝင်စားတဲ့ သတင်းပါပဲ။

မနေ့က သတင်းတပုဒ်မှာ ဖတ်လိုက်ရလို့ ပွားလိုက်တာပါ၊

ဟော်လန် Postimpressionnisme ပန်းချီဆရာကြီး Vincent Van Gogh ဗန်ဂိုး (၁၈၅၃-၁၈၉၀) ရဲ့ နှစ်ပေါင်းများစွာကြာ (အနှစ်လေးဆယ်ကျော်ကြာ) ပျောက် ဆုံးနေတယ်ဆိုတဲ့ ပန်ချီကားတချပ်ကို စပိန်နိုင်ငံ ဘဏ်တခုမှာအပ်နှံထားတဲ့ အခွန် မဆောင်နိုင်တော့တဲ့သေတ္တာတွေကို ဖွင့်စစ်ဆေးစဉ် စစ်ဆေးရေးအရာရှိများ က ပြန်လည်တွေ့ရှိတယ်လို့ သတင်းများက ဆိုပါတယ်၊

တွေ့ရှိရတဲ့ သတင်းတွေထဲကပုံအရ ၁၈၈၉ ခုနှစ်မှာ ပြင်သစ်ပြည်တောင်ပိုင်းရှိ Saint- Rémy-de-Provence မြို့မှာ ဗန်ဂိုးနေထိုင်နေစဉ်က ရေးဆွဲခဲ့တဲ့ ဆိုက်ပရပ်ပင် ပန်းချီကားများထဲက တကားဖြစ်ဖို့ များပါတယ်၊ ဒီ Ciprés, cielo y campo ဆိုပြီး စပိန်ဘာသာနဲ့ အမည်ရေးထားတဲ့ ပန်းချီကား တချပ်ဟာ သြစတြီးယားနိုင်ငံ ဗီယာနာ မြို့တော်မှာရှိတဲ့ Kunsthistorisches Art Museum ကနေ လွန်ခဲ့တဲ့ နှစ်လေးဆယ်ခန့် က ပျောက်ဆုံး သွားခဲ့တာလို့ ဆိုပါတယ်။

အဲဒီလို ပြန်လည်တွေ့ရှိခဲ့တဲ့ ပန်းချီကားချပ်ကို ဗန်းဂိုး ရေးဆွဲခဲ့တာ ဟုတ်မဟုတ် မှန်မမှန် ဆိုတာကို သက်ဆိုင်ရာ စပိန်တာဝန်ရှိ ပုဂ္ဂိုလ်ကြီးများက ထုတ်ဖော်ပြောဆိုခြင်း မရှိသေး သလို ပန်းချီကားပုံကိုလည်း သေချာအတိအကျ မဖော်ပြကြသေးပါဘူး၊ အကယ်၍သာ မှန်ကန်ခဲ့ပါက အဲဒီပန်းချီကား ပေါက်ဈေးကို ခန်မှန်းတွက်ချက် တန်ဖိုးဖြတ်နေကြသူတွေ က ဖြတ်နေကြပါပြီ။

၁၈၈၈ ခုနှစ်က ဗန်ဂိုးရေးဆွဲခဲ့တဲ့ Coucher de soleil à Montmajour (Sunset at Montmajour) ပန်းချီကားဆိုပြီး နှစ်ပေါင်း တရာကျော် ကြာပြီးကာမှ နယ်သာလန် အမ်စတာဒမ်မြို့မှာ ရှိတဲ့ ဗန်ဂိုး ပြတိုက် တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ၂၀၁၃ ခု စက်တင်ဘာ လထဲမှာ အတည်ပြုခဲ့ကြပါသေးတယ်။

ဘာမှမဟုတ်တဲ့ ပုံတူကူး ပန်းချီကားတချပ်က ဗန်ဂိုး ရေးဆွဲခဲ့တဲ့ ပန်းချီကားသာ ဖြစ်သွားခဲ့ ရင်တော့ ယူရိုငွေ ရာဂဏန်း ထောင်ဂဏန်းလောက်သာ တန်ကြေးပေါက် ရာ ကနေ သန်း သုံးလေးဆယ်အထိဈေးထိုးတက်သွားမှာ အသေအချာပါပဲ။

အဲဒါမျိုးတွေကြောင့် တကယ်တမ်းကျရင်တော့ ယုံရခက်နေကြတာက မောင်ရင်ငတေတို့လို့ လူမျိုး တွေပါ၊ အထင်ခံရရင်ကိုပဲ ဈေးကသောင်းဂဏန်း ဖြစ်သွားနိုင်တာမို့ သတင်းသမားတွေနဲ့ ပင်းစား ပြီး လုပ်စားနေကြတာမျိုးတွေလည်း ရှိနေတယ်ဆိုတာတွေ ကြားမိဖတ်မိနေရတာပါ။

အဲဒါကြောင့်မို့ ဗန်ဂိုးရူးသွပ်သူများ “Van Gogh is ours. We are van Gogh” ဆိုသူများအထဲမှာ လည်း မောင်ရင်ငတေတို့လို အရေမရအဖတ်မရ ရူးသွပ်နေသူများ ရှိသလို ဒေါ်လာဗန်ဂိုး ယူရိုဗန်ဂိုး တတွေလည်း မနည်းမနော ရှိနေပါကြောင်း။

ဒီ ပန်းချီကားအမည်ကို အင်တာနက်သတင်းတွေမှာ အင်္ဂလိပ်လို Cypress, Sky and Country လို့ အများစုက သုံးနှုံးရေးသားကြတာကိုတွေ့ရှိရပြီး တချို့သတင်းဌာန တနေရာနှစ်နေရာမှာတော့ စပိန် ဘာသာနဲ့ Ciprés, cielo y campo ပြင်သစ်ဘာသာနဲ့ Cyprès, ciel et sur le terrain ဆိုပြီး ရေးသားကြတာကို တွေ့ရှိရတာကြောင့် အင်္ဂလိပ်လိုဆိုရင် Cypress sky and field ဆိုပြီးတော့သာ ဘာသာပြန်ကြသူတွေလည်း ရှိနေပါကြောင်း ……… ။ ။။။

 

မောင်ရင်ငတေ ၁၃၀၅၂၀၁၄