ခုံကလေးတစ်လုံး ရာဇ၀င် (ဆူးငှက်)

Posted on Posted in အက်ဆေး

“မန္တလေးမှာက ပထမဆုံးရက်တွေမှာသာ ဘာမှန်းညာမှန်းမသိလို့ နှစ်ဘာသာ အညိအစွန်းလေးတွေရှိတာ။ နောက်ရက်တွေမှာ ဒါဟာ ပြဿနာမဟုတ်ဘူး။ မင်းတုန်းမင်းကြီးလက်ထက်ကတည်းက အေးအတူ ပူအမျှ နေလာ ကြတဲ့ တစ်မြို့တည်းသားချင်း ကျုံးရေအတူသောက်သူချင်း ရန်သူမဟုတ်ဘူးဆိုတာ သိလာကြတယ်။ မန္တလေးရဲ့ အဓိကအားထားရတဲ့ ရဟန်သံဃာတော်တွေကလည်း မနက်လင်းတာနဲ့မြင်တွေ့နေရတဲ့ မျက်နှာတွေချင်းအချင်း မများစေချင်ဘူး”

ပန်းချီဖေဦးစ
ပန်းချီဖေဦးစ

ခုံကလေးတစ်လုံး ရာဇ၀င်

ကျွန်တော်ငယ်ငယ်က အိမ်မှာ ထိုင်ခုံကလေးတစ်လုံးရှိတယ်။ ကျောမှီပါ ကျွန်းသားထိုင်ခုံလေးပါ။ စရွေး စွပ်နဲ့ လက်ရာကောင်းပြီး အရောင်တင်ဆီ ကို သေချာ သုတ်ထားတဲ့ အစအနတွေကျန်နေသေးတယ်။ ပစ္စည်းကောင်း သုံးစွဲတဲ့ မျက်နှာကြီးအိမ်တစ်အိမ်ကဖြစ်မှာပေါ့။ အရွယ်ရောက် အတော်အတန်သိတတ်တဲ့ အချိန် ရောက်တော့ သုံးပင်နှစ်ခန်းအိမ်လေးထဲက ဒီထိုင်ခုံဟာ လက်ထက်ပွားပစ္စည်းမဟုတ်ဘူးဆိုတာ ကျွန်တော်သဘောပေါက်တယ်။ ဒီတော့ ထိုင်ခုံလေးနဲ့ပတ်သက် ပြီး အမေ့ကိုမေးမိပါတော့တယ်။ အမေက ကျွန်တော့အမေးကို ရယ်ရယ်မောမောနဲ့ ဖြေပါတယ်။

“ဟုတ်တယ်ကွဲ့…။ အဲဒီထိုင်ခံသက်တမ်းက နှစ် ၄၀ လောက်ရှိပြီ။ နေဦး။ ဒီနှစ်က ဗမာလို ၁၃၃၈ မှုတ်လား။ ဒါဆို ၃၈ နှစ် တင်းတင်းပြည့်ပြီပေါ့။ ဒီလိုကွယ့်…။ မန္တလေးမှာ ၁၃၀၀ ပြည့် လောက်ကဖြစ်မယ်။ ကုလား-ဗမာ အဓိကရုဏ်းဖြစ်ပါရောလား…။ ရန်ကုန်မှာတော့ မြို့လယ်ခေါင်မှာထိ ရိုက်ကြနှက်ကြတယ် ဆိုလား…။”

အမေပြောတော့ ကျွန်တော်က ဖတ်ဖူး မှတ်ဖူးတာလေးတွေ ပြန်စဉ်းစားရတာပေါ့။ ကမ္ဘာမှာလည်း အင်အား ချိန်ခွင်လျှာက ပြောင်းစပြု။ အင်္ဂလိပ်အုပ်ချုပ်တို့ မြန်မာပြည်တွင်းမှာလည်း အစစအရာရာ ဖိနှိပ်ချုပ်ချယ်၊ အနိုင် ကျင့်မှုတွေများပြားလာ။ ဒီတော့ လယ်သမားတွေကလည်း မကျေနပ်။ အလုပ်သမားတွေကလည်း မကျေနပ်။ ကျောင်းသားတွေကလည်း မကျေနပ်။ ဒီမကျေနပ်မှုတွေရဲ့အင်အားတွေက စုစည်းလာတော့မယ်။ ဒါကြောင့် ဒီအင်အားတွေကို ဖြိုခွဲမှသာ အစိတ်စိတ်အမွှာမွှာဖြစ်ကုန်ပြီး အားလျော့လာမယ်။ ဒီရည်ရွယ်ချက်နဲ့ အစိုးရက လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်း ဖန်တီးလိုက်တာပဲ။ မူလအစမှာတော့ အထိမခံနိုင်တဲ့ ဘာသာရေး ကိစ္စ အားလုံးဟာ လှည့်စားမှုအပေါ် ကောက်ကောက်ပါ လိုက်သွားကြသေးတယ်။ အယုံသွင်းခံလိုက်ရတယ်။ ဒါပေမယ့် အလှည့်စားခံရ သူတွေဟာ အဖိနှိပ်ခံတွေချည်းဆိုတာ သဘောပေါက်ပြီး အဓိကပစ်မှတ်ကိုပဲ ပြန်ကာ ဦးလှည့် လိုက်ကြလို့ နာမည်ကျော် ၁၃၀၀ ပြည့်အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ တာပါ။ အမေက ဆက်ပြောတယ်။

“မန္တလေးမှာက ပထမဆုံးရက်တွေမှာသာ ဘာမှန်းညာမှန်းမသိလို့ နှစ်ဘာသာ အညိအစွန်းလေးတွေရှိတာ။ နောက်ရက်တွေမှာ ဒါဟာ ပြဿနာမဟုတ်ဘူး။ မင်းတုန်းမင်းကြီးလက်ထက်ကတည်းက အေးအတူ ပူအမျှ နေလာ ကြတဲ့ တစ်မြို့တည်းသားချင်း ကျုံးရေအတူသောက်သူချင်း ရန်သူမဟုတ်ဘူးဆိုတာ သိလာကြတယ်။ မန္တလေးရဲ့ အဓိကအားထားရတဲ့ ရဟန်သံဃာတော်တွေကလည်း မနက်လင်းတာနဲ့မြင်တွေ့နေရတဲ့ မျက်နှာတွေချင်းအချင်း မများစေချင်ဘူး။ ဒါကြောင့် နှစ်ဘက်စလုံးက စိတ်ရိုင်းဝင်နေသူတွေကိုလည်း ထိန်းတယ်။ လူနည်းစုဖြစ်တဲ့ ဘာဝာ၀င်တွေရဲ့ ဘုရားကျောင်းတွေ၊ အိမ်တွေ၊ ဆိုင်တွေကိုလည်း သင်္ဃန်းကြီးတွေ တဖားဖား နဲ့ နေ့ည စောင့် ရှောက်ထားကြတယ်။ ဈေးချိုကြီးနားက တိုက်တန်းဝင်းတို့၊ ဆင်ကျုံးဝင်းတို့၊ အပ်ချုပ်ဝင်းတို့၊ ရွှေတိုက်ဝင်းတို့၊ အိုးတော်ဝင်းတို့၊ ကေလာဝင်းတို့ဆို လည်း သံဃာတော်တွေက စောင့်ရှောက်ထားတာပေါ့။

ကျွန်တော့်မျက်စိထဲမှာ မြင်ကွင်းတစ်ခုပေါ်လာတယ်။ ၁၉၈၄ ဦးကျားကြီးဝင်း မီးဘေးတုန်းကပါ။ မြို့လယ် ခေါင်မှာ အကြီးအကျယ်လောင်တဲ့မီးပါ။ မန္တလေးမြို့ရဲ့ဝင်းတွေ၊ ၀င်းတွေများ ကူးစက်လောင်ကျွမ်းလိုက်တဲ့ မီးက ဒေါသတကြီးပါပဲ။ ဒီမီးဘေးကြီးမှာ သင်းပိုင်တိုတိုဝတ်၊ ဧကသီကို ရင်စည်းပြီး မန္တလေးမြို့ရဲ့ သံဃာတော်တွေက အသက်စွန့်ကာ မီးငြှိမ်းသတ်ခဲ့ကြတာပါ။ မြို့လယ်ခေါင်က ဘာသာခြားများရဲ့ ၀င်းတွေ၊ အိမ်တွေ၊ ပစ္စည်းတွေ၊ ဈေးဆိုင်တွေအများကြီးကို သံဃာတော်တွေက မီးငြှိမ်းသတ်ခဲ့တယ်။ မီးဘေးကကင်းလွတ်အောင် ကာကွယ်ခဲ့ တယ်။ မီးသင့်သမျှလည်း အိမ်ပေါက်ဝက စောင့်ရှောက်ပေးခဲ့ကြတယ်။ အဲဒီအချိန်မှာ ဘယ်ဘာသာဝင်မို့ နာစေ၊ သာစေဆိုတာ မရှိခဲ့ဘူး။ အဓိကရန်သူ မီးဘေးကိုပဲ အသက်စွန့်ခုခခံတိုက်ခိုက်ခဲ့ကြတာပါ။ အမေပြောတဲ့ ဘာသာ ရေးအဓိကရုဏ်း ကာလတုန်းက သံဃာတော်တွေက ဗုဒ္ဓတရားတော်နဲ့အညီ လူသားဆိုတဲ့ အမြင်တစ်မျိုးတည်းနဲ့ မေတ္တာရှေ့ထား စောင့်ရှောက်ခဲ့တာ ဖြစ်မှာပေါ့။” အမေက သူ့စကား ဆက်ပြန်တယ်။

“အမေကလည်း အဲဒီအချိန် ဈေးရောင်းထွက်ရင်းနဲ့တောင် ဘလူဝထဲ ရောက်နေတာလေ။ တစ်ဝင်းလုံးက အမေ့ဖောက်သည်တွေ။ အမေ့ဆီက ဘာမှအရော အနှောမပါတဲ့ ပဲဆီစစ်စစ်ရတယ်ဆိုပြီး ဆွေမျိုးလိုခင်ကြတာ။ ငါ့သားမှတ်မိဦးမှာပေါ့။ သီတင်းကျွတ်လဆန်း ၁၂ ရက် အိမ်တော်ရာဘုရားပွဲဆိုရင်လည်း အမေ့အိမ်ကို မိသားစု လိုက်တွေ မြင်းလှည်းငှားလာကြတာ။(ကျွန်တော်မှတ်မိပြီ။ ဒေါ်မရမ်ဘီတို့ ဒေါ်အမီနာတို့မိသားစုတွေလေလို့ ပြန်ပြောတယ်။) အေး… ဟုတ်တယ်။ သူတို့ အစ်နေ့ရောက်ရင်လည်း အိမ်ကို ချိုင့်ကြီးချိုင့်ငယ်နဲ့ ဒန်ပေါက်တွေ၊ အချိုမုန့်တွေ ပို့ပေးတာ။ အားလုံးစာနိုင်အောင်ဆိုပြီး ကြက်သားနဲ့ကို တကူးတကန့် ပို့ပေးကြတာ။ အဲလိုဆက်ဆံ ခဲ့ကြတာလေ။ အမေက အမီနာတို့အိမ်ထဲရောက်နေတုန်း ဈေးချိုဘက် တလှုပ်လှုပ်ဖြစ်လို့ဆိုပြီး အမေ့ကို ပြန် မလွတ်ဘူး။ သူတို့အိမ်ထဲပဲ နေခိုင်းတာ။

လောလောဆယ်တော့ အမေပြောနေတာက အိမ်မှာရှိတဲ့ထိုင်ခုံလေးအကြောင်း မပြောသေးဘူး။ ဇာတ် သဘောပြောရရင် ပြည်တည်နေတဲ့သဘော။ ကျွန်တော်ကတော့ အခါကြီးရက်ကြီးတွေရောက်တိုင်း အိမ်က အစ်မတွေနဲ့ ဒေါ်အမီနာတို့နဲ့ မန္တလေးတောင်သွားကြတာ။ တောင်သမန်ကျောက်တော်ကြီးသွားကြတာ။ အင်းဝ မယ်နုအုတ်ကျောင်းသွားကြတာ မြင်ယောင်နေမိတယ်။ တစ်ခါကများ မင်းကွန်းသွားကြတော့ ဟိုမှာနားမယ်။ ဘုန်း ကြီးကျောင်းမှာ ဆွမ်းကပ်ဖို့တဲ့။ ဒေါ်အမီနာတို့ က ဆိတ်သားဟင်းနဲ့ ထမင်းတွေချက်လာတာ။ ကျွန်တော်တို့ကလည်း သူတို့အိမ်ကို မြို့ထဲလမ်းကြုံရင် ၀င်နေကျ။ မလိုင်ကူလ်ဖီကို ၀ယ်ကျွေးခိုင်းနေကျ။

“အဲဒီနေ့က အမေလည်း ဘာမှန်းညာမှန်းမသိဘဲ သူတို့အိမ်မှာ တစ်နေကုန် နေဖြစ်တယ်။ အဲလိုနေရင်းနဲ့ မအမီနာ့သမီး စက်ပန်းထိုးနေတဲ့ စင်းကားအပ်ချုပ်စက်နဲ့ တွဲရက်ထိုင်ခုံလေးကိုမြင်တော့ အိမ်မှာ နင့်အစ်မကြီး စက်ချုပ်ခုံမှာလည်း အခုလို တောင့်တောင့်တင်းတင်းခုံလေးတစ်လုံးရှာပြီး ၀ယ်ပေးရဦးမယ်လို့ တွေးမိရင်း ဒီခုံလေး ဘယ်မှာဝယ်ရတာလဲလို့ မေးတာပေါ့။”

ဟုတ်တယ်။ ကျွန်တော့အစ်မ အကြီးဆုံးကလည်း အိမ်မှာ စက်ပန်းထိုးတယ်။ ဈေးချုပ်ဘော်လီဇာတွေ ထိုးတာပါ။ ဒီအလုပ်တွေကိုလည်း ဒေါ်အမီနာတို့က စပ်ပေးတာ…။ ဒီလိုလည်း လုပ်ငန်းသဘော ဆက်စပ်ကြတယ်။

“အမေလည်းပြောရော…။ မအမီနာ့ယောက်ျား ကိုကာစင်ကလေ… ကြီးဒေါ်ချောကို ဘာလက်ဆောင်ပေးရ မလဲ စဉ်းစားနေတာကြာပြီ။ အစက အိန္ဒိယက လာတဲ့ ငွေချည်ပုဝါလေးပဲ ပေးရမလား။ ဘုရားသွားကျောင်းတက် ခြုံရတာပေါ့လို့ စဉ်းစားမိသေးတယ်။ ဒါပေမယ့် ကြီးဒေါ်ချောညီမ အမီနာက ပုဝါက လိမ္မော်ရောင်တောက်တောက် ဖြစ်နေတော့ အဆင်မပြေဘူးလို့ပြောတယ်။ အခု ကြီးဒေါ်ချောကို ဒီခုံလေး လက်ဆောင်ပေးပါရစေ။ အသစ်လေးပါ။ အရှေ့ဖက်တိုက်တန်း ခေတ်ဆန်းမီ ပရိဘောဂတိုက်က၀ယ်ထားတာ တစ်ပတ်ပဲရှိသေးတယ်လို့ပြောပြီး လက် ဆောင်ပေးလိုက်တာ…”

နောက်ထပ် အမေထပ်ပြောတာတစ်ခုက မှတ်မှတ်ရရ…။

အမေ တောင်ဘလူဝင်းကဈေးဗန်းနဲ့ ခုံလေးရွက်ပြီးပြန်လာတော့ တောင်ဘလူဝင်းက ဘာသာခြားတွေကို စောင့်ရှောက်ပေးနေတဲ့ ရဟန်းပျိုလေးက သူ့ကျောင်းတိုက်ရှိတဲ့ စကုတိုက်ကိုပြန်ရင်း ခုံလေးကို ကူသယ်ပေးသတဲ့။

 

ဆူးငှက်