“မျိုးဆက်သစ်နဲ့ အောင်ပွဲခံပါ” (ကိုညို -အော်စလို)

Posted on Posted in ဒေသန္တရရှုခင်း

” ဒီနေ့လို ခမ်းနားပျော်ရွှင်ဖို့  နော်ဝေးလူမျိုးတွေ နှစ်ပေါင်းရာနဲ့ချီပြီး ဒုက္ခတွေနဲ့ ရင်းခဲ့ရတယ်။ တပါး နိုင်ငံတွေရဲ့လက်အောက်မှာ နေခဲ့ရတယ်။ ၁၃ ရာစု အလယ်လောက် (၁၃၄၉) မှာ သူတို့ အားလုံး အမှောင်လွှမ်းတဲ့ခေတ်ထဲ ကျခဲ့တယ်။ ပုလိပ်ရောဂါကပ်ဆိုးကြီးကျခဲ့တယ် ..”

 

မျိုးဆက်သစ်နဲ့ အောင်ပွဲခံပါ

May 16, 2014 at 6:40pm

မေ ၁၇ ချီတက်ပွဲဆင်နွှဲနေတဲ့ နော်ဝေးပြည်သူတွေ
မေ ၁၇ ချီတက်ပွဲဆင်နွှဲနေတဲ့ နော်ဝေးပြည်သူတွေ

လူတွေဟာ လှိုင်းလုံးကြီးတွေလို တရွေ့ရွေ့တအိအိ။ အနီအောက်ခံမှာ အပြာနဲ့ အဖြူကွပ် ထားတဲ့ ကြက်ခြေခတ်အလံတွေကလည်း Karljohn လမ်းမပေါ်မှာ တဖျတ်ဖျတ်။ ဆယ်နှစ်ဝန်းကျင်အရွယ် ရောင်စုံ ယူနီဖောင်းတွေဝတ်ပြီး  လေမှုတ် တူရိယာတွေ၊ ဘင်ခရာတွေ တီးနေကြတဲ့ ကလေးငယ် တွေက တက်တက်ကြွကြွ။

ပျိုပျို၊ ငယ်ငယ် အိုအို အရွယ်သုံးပါးနဲ့ မြို့တော်သူ မြို့တော်သားတွေဟာ ရီမောပျော် ရွှင်လို့၊ ဒုဂ်နပ်လို့ခေါ်တဲ့ ပိုးဖဲနဲ့ ငွေပြားကပ်ဝတ်စုံတွေနဲ့ ၀င့်ဝင့်ကြွားကြွား။

လူတိုင်းဟာ ဒီကနေ့မှာ အတောက်ပဆုံး အလှပဆုံးဝတ်စုံတွေနဲ့ အလံတွေ ကိုယ်စီကိုင်ပြီး လမ်း ပေါ်မှာရော လမ်းဘေးဝဲယာမှာရော ပြည့် ကြပ်နေအောင် လျှောက်နေကြ တယ်။ ပလက်ဖောင်းမှာ ခြေချစရာနေရာမရှိ။ 

သူတို့အားလုံး ပင်လယ်ကမ်းမြှောင်လက်တက်ကို မေးတင်ထား တဲ့ အော်စလိုမြို့ရိုး ကနေ မြို့လည် လမ်းမကြီးအတိုင်း ကြွေးကြော်သံတွေ၊ နိုင်ငံတော်သီချင်းတွေ ကို အားရပါးရဟစ်ဆိုပြီး တရွေ့ရွေ့ ချီတက်နေတယ်။ သူတို့ဦးတည်နေတာက မြို့လည်ခေါင်ကိုစီးမြင်နေရတဲ့ ဘုရင့်နန်းတော်ရာ ကုန်း မြင့်ဆီကိုပါ။

နန်းတော်ရင်ပြင်နဲ့ဥယျာဉ်တလျှောက် လူတွေဟာ ပျားကောင်တွေနဲ့ တူနေ တယ်။ နော်ဝေးဘုရင်နဲ့ မိဖုရားရယ် အိမ်ရှေ့မင်းသားနဲ့ မင်းသမီးအပြင် သူတို့ရဲ့ ရင်သွေးနှစ်ယောက်နဲ့ မင်းမျိုးနွယ်တွေက နန်းတော် လေသာဆောင်ကနေ တန်းစီပြီးချီတက်လာတဲ့ ကလေးတွေနဲ့ လူအုပ်ကြီးကို လက်တွေ ဝှေ့ရမ်းနှုတ်ဆက် ကြိုဆိုနေ တယ်။ ဒီမြင်ကွင်းတွေကို နန်းရှေ့စင်မြင့်တနေရာက ကရိမ်းတပ်ခေတ်မီ ကင်မရာတပ်ဆင်ထားတဲ့မီဒီယာအဖွဲ့တွေက စနစ်တကျ မှတ်တမ်းတင်ပြီး နော်ဝေးတနိုင်ငံလုံး ကို ရုပ်မြင်သံကြားအစီအစဉ်တွေကနေ တိုက်ရိုက်ပြသနေတယ်။

ဒီနေ့ဟာ အော်စလိုတမြို့လုံးကလူတွေ လမ်းပေါ်ရောက်နေတဲ့ နေ့ဖြစ်တယ်။ အ၀တ်အစားသစ် တွေနဲ့တက်ကြွရွှင်ပျတဲ့နေ့ဖြစ်တယ်။ နော်ဝေးနိုင်ငံရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီးကို ရေးဆွဲ အတည်ပြုခဲ့တာ နှစ်ပေါင်း (၁၉၉)နှစ်ပြည့်တဲ့နေ့ ဖြစ်တယ်။ နော်ဝေးနိုင်ငံမှာလူအစည်ကားဆုံးနဲ့ အပျော်ရွှင်ကြဆုံး ဂုဏ်အယူဆုံး အတက်ကြွဆုံးအမျိုးသားထုအောင်ပွဲနေ့လည်း ဖြစ်တယ်။ နော် ဝေးတပြည်လုံးပျော်တဲ့နေ့ဖြစ်တယ်။

သူတို့ရဲ့မူလအစက (၈၀၀-၁၀၃၀) ပင်လယ်ကြီးကို အစာအိမ်လုပ်ပြီး ကျက်စားလှုပ်ရှားခဲ့တဲ့ ဗိုက် ကင်းလူမျိုးတွေဖြစ်တယ်။ ရဲရင့်တယ်၊ စွန့်စားတယ်၊ ရိုးသားတယ်။ အင်္ဂလန်ကိုတောင် ခြိမ်းခြောက် မင်းမူခဲ့တဲ့ ပင်လယ်ဓားပြတွေလို့ပြောရင် မမှားဘူး။ နိုင်ငံကို သြဇာရှိသူတွေက သူတလူ ငါတမင်း အုပ်ချုပ်ခဲ့တယ်။ ဗိုက်ကင်းယဉ်ကျေးမှုဟာ ဥရောပတိုက်မှာ အတော်သြဇာကြီးခဲ့တယ်။ ကျနော်တို့ ဆီက ပုဂံခေတ်ထက် စောတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၉၈၀ ကျော်လောက်မှာတော့ ခရစ်ယာန်အယူဝါဒတွေလွှမ်းမိုးလာပြီး ဘုရင် တပါးထဲ အုပ်ချုပ်တဲ့စနစ်အောက် ညီညွတ်ရေး ရသွားတယ်။ ဒီနေ့အထိ ခရစ်ယာန်ဘာသာလည်း နိုင်ငံတော်ဘာသာ ဖြစ်သွားတယ်။ ဘာသာရေးနေ့မြတ်တိုင်း အားလပ်ရက်၊ ရုံးတွေ ကျောင်းတွေ ပိတ်ရက်ဖြစ်ပေမယ့် မေလ ၁၇ ရက် လိုနိုင်ငံတော် ရုံးပိတ်ရက်လောက် မခမ်းနားဘူး။

noway 1Fဒီနေ့လို ခမ်းနားပျော်ရွှင်ဖို့  နော်ဝေးလူမျိုးတွေ နှစ်ပေါင်းရာနဲ့ချီပြီး ဒုက္ခတွေနဲ့ ရင်းခဲ့ရတယ်။ တပါး နိုင်ငံတွေရဲ့လက်အောက်မှာ နေခဲ့ရတယ်။ ၁၃ ရာစု အလယ်လောက် (၁၃၄၉) မှာ သူတို့ အားလုံး အမှောင်လွှမ်းတဲ့ခေတ်ထဲ ကျခဲ့တယ်။ ပုလိပ်ရောဂါကပ်ဆိုးကြီးကျခဲ့တယ်။ ၁၄ ရာစုထဲအထိ ကပ် ရောဂါနဲ့သေဆုံး သွားကြတာ အဲဒီတုန်းက တနိုင်ငံလုံးရဲ့လူဦးရေ သုံးပုံနှစ်ပုံပဲ ကျန်ခဲ့တယ်။ မင်းမျိုး အနွယ်တွေ မူးမတ်တွေကအစ ရောဂါဘေးသင့်ကုန်လို့ နော်ဝေးလူမျိုး အထက်တန်း လွှာ မင်းမျိုး ဆက်တောင် ပြတ်သွားတယ်။ (အခုနောက်ပိုင်း မင်းဆက်က ဒိန်းမတ် မင်းသားတပါးကနေ ဆက်ခံ လာတာ ဖြစ်တယ်။ မျိုးဆက် ၃ ဆက်ရှိသွားပြီ)။

ကပ်ဘေးသင့်ရာကနေ နော်ဝေးအတွက်  ပိုဆိုးတာက လွတ်လပ်ရေးပါ ဆုံးရှုံးသွား တာပဲ။ အိမ်နီး ချင်း ဒိန်းမတ်နိုင်ငံလက်အောက် ရောက်သွားတယ်။ ဒိန်းမတ်ရဲ့ အစောင့်ရှောက်ခံဘ၀နဲ့ နှစ်ပေါင်း ၄၀၀ လောက် နေလိုက်ရတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀၀ နီးပါး (၁၈၁၄) ကျမှ ဒိန်းမတ်ရဲ့ အုပ်ချုပ် ရေးဟာ အဆုံးသပ် သွားတယ်။ ဒါနဲ့ပဲ နော်ဝေးနိုင်ငံရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မေလ ၁၇ ရက်မှာ အတည်ပြုနိုင်ခဲ့ရာက မေ(၁၇) အောင်ပွဲကြီး ပေါ်ပေါက်လာတယ်။ နော်ဝေး တမျိုးသား လုံးပျော်ရွှင်စရာနေ့ထူးရက်မြတ်ဖြစ်သွားတယ်။

ဒိန်းမတ်အချုပ်အခြာက လွတ်မြောက်ပေမဲ့ နော်ဝေးရဲ့ စီးပွားရေးက ချို့တဲ့တယ်။ ညီနောင် နိုင်ငံ ဖြစ်တဲ့ ဆွီဒင်နိုင်ငံရဲ့ အကူအထောက်ရနိုင်ဖို့ ဆွီဒင်နဲ့ ပြည်ထောင်စု ဖွဲပြီး နေခဲ့ရတယ်။ တပါး သြဇာခံဘ၀က မလွတ်ကျွတ်သေးဖူး။

ပြည်သူတွေဆင်းရဲလွန်းလို့ အမေရိကန်ကို ပြောင်းသွားကြတာ အများကြီး။ လွန်ခဲ့နှစ်ပေါင်း ၁၀၀ ကျော်(၁၉၀၅) လောက်ကျမှ လုံးဝလွတ်လပ်တဲ့နိုင်ငံ ဖြစ်သွားတာပါ။ ဒါတောင် နော်ဝေးနိုင်ငံဟာ ဒုတိယကမ္ဘာစစ် ၁၉၄၀ ကနေ ၁၉၄၅ အထိ ဂျာမဏီလက်အောက် ရောက်ခဲ့တယ်။ ခုခံမှုစစ်ပွဲတွေ မျိုးချစ်တွေနဲ့ ပြည်သူတွေရဲ့ပြောက်ကျား တိုက်ပွဲတွေက ဂျာမဏီအုပ်ချုပ်ရေးကို ဒုက္ခပေးခဲ့တယ်။ ကမ္ဘာစစ်အပြီး စစ်လက်နက်နဲ့ ဗုံးဒဏ်တွေကြောင့် အကြီးအကျယ်ဆုံးရှုံးခဲ့တာမျိုးမရှိပေမဲ့ စီးပွား ရေးကတော့ နလံမထူနိုင်သေးဘူး။ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ သစ်တောလုပ်ငန်းက အဓိကဆိုပေ မယ့် စိုက်ပျိုးရေးက တနှစ်မှ ၃ လထဲစိုက်နိုင်တယ်။ လွန်ခဲ့တဲ့ အနှစ် ၄၀ ကျော်လောက်မှာတော့ ပင်လယ်ရေအောက်ကနေ ရေနံနဲ့သဘာဝ ဓာတ်ငွေ့ကြောကြီးသွားတွေ့ပြီး ဒီကနေ့ဆို ကမ္ဘာ့ထိပ် တန်းအချမ်းသာဆုံး နိုင်ငံအဆင့်ရောက် သွားတယ်။

နော်ဝေးနိုင်ငံဟာ ချမ်းသာပေမဲ့ မနှစ်က စာရင်းအရ လူဦးရေ ၅ သန်းနီးပါးပဲ ရှိတယ်။ ရန်ကုန်မြို့ လူဦးရေကတောင် ပိုများနေသေးတယ်။ လူဦးရေနည်းတော့ ဆိုရှယ်ဒီမိုကရက်စနနစ်ကို အကောင် အထည်ဖော်ရတာပိုပြီး လွယ်ကူဟန်တူတယ်။ ပိုပြီးအဓိကကျတာက အစိုးရက သန့်ရှင်းတယ်။ ပြည်သူတွေကိုလေးစားတယ်။ လူအချင်းချင်း တန်ဖိုးထားတယ်။ ပြည်သူတွေကလည်း ဆိုရှယ် လစ်စိတ်ဓာတ်တွေ ရှိကြတယ်။ အလုပ်ကြိုးစားတယ်။ အစိုးရစီမံကိန်းအတိုင်း လိုက်ပါဖော်ဆောင် တယ်။ လာဘ်ပေးလာဘ်ယူမှု အတော်လေး နည်းတယ်။ ပြည်သူတွေရဲ့ စိတ်ဓာတ်ယဉ်ကျေးမှုက အဆင့်မြင့်တယ်။ တယောက်နဲ့တယောက် ယိုင်းပင်းကူညီတယ်။ မခိုမကပ်စိတ်ရှိသလို စည်းကမ်း ကြီးတယ်။ အခွင့်အရေးနဲ့တာဝန်ကို ခွဲခြားနားလည်ပြီး မိမိတို့ရပိုင်ခွင့် အခွင့်အရေးကို အထိအပါး မခံသလို တာဝန်သိစိတ်နဲ့လည်း မခိုမကပ် အလုပ် ကြိုးစားတယ်။

ဒီကနေ့နော်ဝေးနိုင်ငံဟာ ကမ္ဘာ့နေချင်စရာအကောင်းဆုံး ထိပ်တန်း ၅ နိုင်ငံ အဆင့်ထက် ယုတ် လျှော့သွားတာမျိုးမရှိသလို အော်စလိုဟာလည်း ဒီနှစ်ဆိုရင် ဥရောပမှာ ကမ္ဘာလှည့်ခရီးသွားတွေ ကို အဆွဲဆောင်ဆုံးမြို့တော်စာရင်း ၀င်နေတယ်။ တိုင်းပြည်ရဲ့ကြွယ်ဝမှုတွေကို နိုင်ငံဖွံ့ဖြိုးရေးနဲ့ ပညာရေးသာမက သုသေသနနဲ့ ကလေး သူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စတွေမှာ ပိုပြီး အသုံး ချတယ်။ နိုင်ငံတကာမှာ ရင်းနှီးမြှုပ်နှံမှုမြောက်မြားစွာ ရှိတယ်။ သီးခြားစစ်တပ်အင်အား ကြီးကြီးမား မားမရှိသလို လက်နက်အင်အားခိုင်မာတောင့်တင်းတဲ့ နိုင်ငံလည်း မဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံ သားတိုင်းစစ်မှုမထမ်းမနေရ ဥပဒေရှိပြီး အပျော်ထမ်းတပ်တွေ လည်းရှိတယ်။ အခုဆို အမျိုးသမီး အပျော်တမ်းစစ်သည်တော်တွေတောင် လေ့ကျင့်သင်ကြားပေးနေတယ်။ စစ်ရေးအရ နေတိုးအဖွဲ့ ၀င်နိုင်ငံဖြစ်သလို နိုင်ငံတကာအကြမ်းဖက်နှိမ်နင်းရေး စစ်ပွဲတွေမှာ နေတိုးတပ်တွေနဲ့အတူ အချိုး ကျပါဝင် တိုက်ပွဲဝင်နေတယ်။ စစ်ရေးနဲ့ကာကွယ်ရေးစရိတ် မကြီးမားအောင် လုပ်ဆောင်နေပေမဲ့ တဘက်မှာ ညူကလီးယားနဲ့ စစ်လက်နက်ထုတ်လုပ်မှုဆိုင်ရာသုသေသနနဲ့ နည်းပညာတွေကို လေ့လာဖော်ထုတ်နေတာတွေရှိတယ်။

noway 2Fဒီကနေ့လို တိုင်းပြည်တပြည်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုဖော်ပြတဲ့နေရာ မှာတော့ နော်ဝေးဟာ သူများနဲ့မတူတဲ့ ထူးခြားမှုတွေ ရှိနေတယ်။ အဲဒါက ဘာလဲ ဆိုတော့  ဒီလိုအခါသမယမှာ သူ များနိုင်ငံတွေက စစ်အင်အားတွေ လက်နက် ဆန်းတွေနဲ့ ချီတက်ကြပေမဲ့ နော်ဝေးကတော့ သူတို့ရဲ့ မျိုးဆက်ကလေးငယ်တွေ ရဲ့ပျော်ရွှင်မှုမျက်နှာတွေနဲ့ ချီတက်နေကြတယ်။  ကလေးတွေရဲ့လှုပ်ရှားမှုတွေ ကိုအကြီးအကျယ်ဖော်ထုတ်ပြသနေတာပဲ ဖြစ်တယ်။ 

တိုင်းပြည်ရဲ့တကယ့်ရတနာဟာ သစ်တောတွေ၊ ဓာတ်ငွေ့တွေ ပတ္တမြားတွေ နဲ့ သယံဇာတတွေမဟုတ်ဖူး၊ သူတို့ရဲ့ရင်သွေး ကလေးငယ်တွေဖြစ်တယ်ဆိုတဲ့ စကားလေးအတိုင်း ကလေးတွေကို ဦးစားပေးပြီး တိုင်းပြည်အနာဂတ် အတွက် ရင်းနှီးမြှုပ်နှံနေတာကို တွေ့ရတယ်။ ကလေးတွေပညာရေး၊ ကလေးတွေစွမ်းရည် စိတ် ဓာတ်မြင့်မားရေး၊ ကလေးတွေ ဒီမိုကရေစီနဲ့ လူသားပီသတဲ့သဘောထားတွေ အားပေးမြှင့်တင်နေ သလို တယောက်နဲ့တယောက် ကူညီယိုင်းပင်းတတ်တဲ့ဆိုရှယ် အတွေးအခေါ်တွေကို ပျိုးထောင် ပေး နေတယ်။ အနာဂတ်မှာ  နော်ဝေးနိုင်ငံကို ဆက်လက်ဦးဆောင်သွားမဲ့သူတွေဟာ ဒီကလေး ငယ်တွေသာ ဖြစ်တယ်။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး ကို ဖော်ဆောင်မဲ့သူတွေဟာ ဒီကလေးငယ်တွေ သာ ဖြစ်တယ်ဆိုတာကိုသူတို့ ဦးခေါင်းနဲ့ရော ရင်ဘတ်နဲ့ပါ အတိအကျ ယုံကြည်နေသူတွေ ဖြစ်တယ်။

ယနေ့လူငယ်တွေဟာ အနာဂတ်ခေါင်းဆောင်တွေဆိုတဲ့ စကားကျနော်တို့ ငယ်ငယ်က တည်းက ကြားဖူးနေတာရိုးနေပြီပါပြီ။ ဒါပေမယ့် အဲဒီစကားရဲ့လေးနက်မှုဟာ ကျနော်တို့ ဦးနှောက် နဲ့အသည်းနှလုံးမှာ မစွဲပါဘူး။ ပါးစပ်ဖျားလေးပေါ်က အပေါ်ယံကြွေးကြော်သံတွေပါ။ ဒီနိုင်ငံမှာ တော့ မျိုးဆက်သစ်တွေရဲ့အနာဂတ်ကို အလေး အနက်ယုံကြည်ပြီး လက်တွေ့ကျကျ စီမံကိန်းချ လုပ်နေကြတယ်။ မိဘတွေကလည်း ကလေးတွေကို စိတ်ပိုင်းရုပ်ပိုင်း စနစ်ကျကျ ပျိုးထောင်နေတယ်။ ကျောင်းဆရာ ဆရာမတွေကလည်း ကလေးတွေပညာရေးသာမက စိတ်ဓာတ်နဲ့ လူ့ကျင့်ဝတ်ဆိုင်ရာကိစ္စတွေပါ သုသေသနလုပ်ပြီး သေသေချာချာ သင်ကြားပေးနေတယ်။ စာသင် တာတောင် သင်လို့ သင်မှန်းမသိအောင်ကို လက်တွေ့ဘ၀ထဲကနေ ပြသပေးနေတယ်။ ပျော်စရာ၊ စိတ်ဝင်စားစရာအခင်းအကျင်းတွေ ဖန်တီးပြီး ပုံသွင်းပေးနေ တယ်။

နော်ဝေးနိုင်ငံမှာ ခိုလှုံရောက်ရှိလာတဲ့ဘာသာမတူ၊ လူမျိုးခြား၊ မျိုးရိုးဗီဇနဲ့ အသားအရောင်ကွဲ၊ စရိုက်လက္ခဏာခြားနားမှုတွေအားလုံးကို နေ့ကလေးထိမ်းကျောင်းနဲ့ စာသင်ခန်းတွေကနေ စက်ရုံ တရုံထဲက ထုတ်လိုက်တဲ့ ပုံစံတူအရုပ်တွေလို လှလှပပ ဖန်တီးပေးနေပါတယ်။

နော်ဝေးနိုင်ငံရဲ့နှစ်ပေါင်းရာချီ ရာသီဥတုကြမ်းတမ်းမှု၊ အစားအစာရှားပါးမှု၊ ဆင်းရဲမွဲတေမှုနဲ့ တိုင်း တပါးလက်အောက် အသက်ရှင်သန်ရမှုတွေကနေ ဒီကနေ့ ရာစုသစ်ထဲမှာ ဂုဏ်သိက္ခာ မြင့်မားစွာ သက်တောင့်သက်သာနဲ့ ခရီးဆက်နေပါတယ်။ သူတို့ဟာ သူတို့ဖြတ်သန်းလာတဲ့ဘ၀ကို ကောင်း ကောင်းသိကြ တယ်။ ကောင်းကောင်းတန်ဖိုးထားတယ်။ တချိန်ကဘ၀ဆိုးတွေကို မေ့မေ့ပျောက် ပျောက်မနေခဲ့သလို အနာဂတ်အတွက်လည်း အတွေးသစ်အမြင်သစ်နဲ့ စိတ်ဓာတ်အသစ်တွေ မွေး ကြတယ်။ ကိုယ့်ဘ၀ကို ပြည့်စုံအောင်မွေးမြူသလို အနာဂတ်မျိုးဆက်သစ်တွေကိုလည်း လှလှပပ ဖြစ်အောင် ဖန်တီးနေတယ်။ သူတို့ရဲ့အောင်ပွဲကို မျိုးဆက်သစ်တွေက ဆက်ပြီးကြီးထွားအောင် လုပ်သွားမယ်ဆိုတာ မျက်စေ့မှိတ်မသွားခင်ကတည်းက သူတို့ စိတ်ချလက်ချ ယုံကြည်နေပြီး ဖြစ် တယ်။

နော်ဝေးနိုင်ငံရဲ့အမျိုးသားအောင်ပွဲမြင်ကွင်းတွေကိုကြည့်ပြီး တွေးတော မုဒိတာပွားနေရင်းနဲ့ ကျ နော်တို့တတွေရော ကိုယ့်မျိုးဆက်ကလေးငယ်တွေအတွက် ဘယ်လောက် အချိန်ယူပြင်ဆင် ထား ပြီးပြီလဲ၊ ကိုယ့်ရဲ့မျိုးဆက်သစ်တွေက ကိုယ့်အပေါ်ဘယ်လောက်ယုံကြည်ကြသလဲ၊ ကိုယ်ကရော ကိုယ့်မျိုးဆက်သစ်တွေကို ယုံကြည်စိတ်ချစွာချန်ထားရစ်နိုင်တဲ့အခြေအနေမျိုးရှိသေးရဲ့လား၊ မျိုး ဆက်သစ်တွေအတွက် ကိုယ်ဘာလုပ်ပေးဖို့လိုအပ်နေသေးလည်း ဆိုတာတွေကို အပြန်ပြန်အလှန် လှန်နဲ့ ကိုယ့်ကိုယ်ကိုပဲ ပြန်မေးနေမိပါတော့တယ်။

 

ကိုညို (အော်စလို)

 

– မေလ ၁၇ ရက်တွင် ပြည့်မြောက်ခဲ့သည့် နော်ဝေးနိုင်ငံ၏အနှစ်၂၀၀ ပြည့် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို အောင်မြင်စွာရေးဆွဲနိုင်ခဲ့သော နေ့ထူးနေ့မြတ်အတွက် ၂၀၁၃ ခုနှစ်က ဖော်ပြရေးသားထားသောဆောင်းပါးကို စာရေးသူ၏ခွင့်ပြုချက်ဖြင့် ပြန်လည်တင်ဆက်ပါသည်။

ရှုခင်းသစ်