တစ်နေ့ နှစ်ထောင်ကိုကိုမောင် -သရော်စာ (ဗြိတိသျှကိုကိုမောင် ရေးသည်)

Posted on Posted in ဟာသ

အခုလည်းကြည့် ကာကွယ်ရေးဝန်ကြီးဆိုတဲ့ ဟိုဗြိတိသျှက မိန်းမယူတာ ကောင်းကောင်းမယူဘူး လောကွတ်ချော်ပြီး တစ်နေ့ နှစ်ထောင်ဆို လောက်ပါတယ် ဘာညာလုပ်နေပြီ။ သူလုပ်တာနဲ့ သမ္မတကတော်က သူ့ကို တစ်နေ့ နှစ်ထောင်သာ ပေးပြီး ဈေးသွားခိုင်းရင် ယိုးဒယားငွေ (ဘတ်ငွေ) လေးပင် ကျန်မည်မဟုတ်…။ ဘယ့်နှယ့် နှစ်ထောင်ဆိုတာ မြန်မာဘီယာတစ်လုံးဖိုး သာသာရယ်…။ မဖြစ်ချေဘူး…ဒီဝန်ကြီး နည်းနည်းတော့ ခေါ်သတိပေးမှပါပဲလေ…။

The Voice Weekly ပါ မူရင်းသရုပ်ဖော်ကာတွန်း
The Voice Weekly ပါ မူရင်းသရုပ်ဖော်ကာတွန်း

 

တစ်နေ့ နှစ်ထောင်ကိုကိုမောင်

 

သံချောင်းအစိုးရ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သီဟသူရ ဗြိတိသျှကိုကိုမောင် တစ်ယောက် ကြီးကောင့်ကြီးမားမှ မိန်းမယူတော့မည် ဆိုသည့် သတင်းက သံချောင်း စာနယ်ဇင်းလောကတွင် ဟိုးလေးတကျော် ဖြစ်သွားတော့သည်…။

အစကတော့ ဂျီနီဖာလိုပက်ဇ်နှင့်ပဲ လှိုင်သာယာက တည်းခိုခန်းကို ဝင်သွားတာ တွေ့လိုက်သလိုလို … ရီဟားနားနဲ့ လှည်းတန်းမှာ ဝက်သားတုတ်ထိုး အတူတူ ထိုင်စားနေ သလိုလို သတင်းများ ထွက်ပေါ်နေသော ကာကွယ်ရေးဝန်ကြီး နောက်ကို ယခုတော့ ပါပါရာဇီတွေ လိုက်ကြပြီ..။

ထုံးစံအတိုင်း ကာကွယ်ရေး ဝန်ကြီးကလည်း လူမြင်ကွင်းက ပျောက်နေသည်။ ရန်ကုန်မြို့ထဲမှာ လိုလို… နေပြည်တော်မှာ လိုလို…လွိုင်ကော်မှာ လိုလိုနှင့်… တကယ်တော့ မန္တလေးတောင် သမန်အင်းထဲရှိ ချက်အရက် တဲတစ်လုံးတွင် သံချောင်းဝန်ကြီးပီပီ ချက်အရက်နှင့် ဘီအီးကို ရဲရဲသောက်ရင်း ရဲရဲမှောက်နေခြင်း ဖြစ်သည်။

ဖဆပလခေတ်က မီးခွက်မှုတ်ဝန်ကြီး နာမည်ကြီးခဲ့သလို သံချောင်း ကာကွယ်ရေးဝန်ကြီး ကားမူးပြီးမှောက် ဝန်ကြီးအဖြစ် နာမည်ကြီးလာမည့် ဇာတာပါသည့်အလျောက် ချက်အရက်တဲ အဝင်ဝတွင် “ဧကောတစ်ခွက် ရှိန်း ပိန်းတက်… ဒွိယံနှစ်ခွက် အသိပျက်… တြိနမာမိ မြေကြီးထိ” ဆိုသည့်အတိုင်း မဟာပထဝီ မြေကြီး၏ ကျေးဇူးတော်ကို သိတတ်လွန်းလှသဖြင့် အန်ဖတ်ဆို့ကာ အာဝါးရှလူးနေလေ၏..။

ဖွကလီးသူရဲဖမ်း ဂျာနယ်မှ မန်းလေးသတင်းထောက် ကြွက်ပျင်းနှင့် ကြောင်စုန်းတို့ နှစ်ယောက် ကာကွယ်ရေးဝန်ကြီး အရှာထွက်မည်ဟု ကြွေးကြော်ကာ ကင်မရာတစ်လုံးစီ ဆွဲလျက် တောင်သမန် အင်းတစ်လျှောက် ဖောရိန်းမ ပေါင်တံဖွေးဖွေးတို့အား ၎င်းတို့၏ ပြောင်းတို ပြောင်းရှည်များ (ကင်မရာ) နှင့် လိုက်ချိန်ပြီး သကာလ မောမောရှိသည်နှင့် အသူရာစုပ်ရန် အလို့ငှာ သေတင်းကုတ်အတွင်းသို့ အဝင်တွင်…

“ဟဲ့ သောက်ခွေး…ပလုတ် တုတ်… ဂိန် …”
“ဝှောင့်… x x x…နာ့ညက်ခွက်ကို နင်းတာ ဘူဒွေဒုံးတွဟေ”
“အောင်မယ်…ခင်ဗျားက ဆိုင်ပေါက်ဝမှာ အန်ဖတ်ဆို့ မူးလဲနေပြီးတော့…”

ကြွက်ပျင်းက သူ့ပါးစပ် ချွန်ချွန်လေးနှင့် ပြန်ပက်သည်။

“ဟေ့တွေ x x x… နာဝံကြီးကွ ဝန်လဂျီး…မင်းတို့ ဘကောင်ဒွေလဲ”
“အောင်မယ် ရာရာစစ သူကများ ဝန်ကြီးတဲ့ ကြွက်ပျင်းရေ…ဟဟ”
“ဟိတ်တောင်တွေ…x x x မိဘပြည်သူတွေ…မင်းတို့ကို ဗိုက်လှန်ပြီး နယ်လှည့် ဖားရိုက်လာတဲ့ သီဟသူရဘွဲ့ ရလာတဲ့ကောင်ကွ… လာမကျောနဲ့ အရက်တစ်လုံး လျှော့တိုက်ပြီး ဖယောင်းတိုင်ထွန်း ပုဆိုးလှန်ပြလိုက်မယ်…x x x ပဲ…”

ယင်းကဲ့သို့ ယဉ်ကျေးသိမ်မွေ့လှသည့် ပီယဝါစာ ချစ်ဖွယ်သော စကားများသည် သံချောင်းအစိုးရ ဝန်ကြီးများထံမှ တစ်ပါး အခြားထွက်လာစရာ အကြောင်းမရှိသဖြင့် သတင်းထောက် ကြွက်ပျင်းနှင့် ကြောင်စုန်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း… အမူးသမားကို ဆွဲထူလိုက်ကြသည်။

အလိုလေး … ပုလင်းဖန်ခွက် အရင်းအမှန် မပြတ်တွယ်ပါတဲ့… မူးပြီး ဖင်ပေါ် ကိုကြီးကျော် နတ်မသည့်အလား…မကြာမီ အိမ်ထောင်ပြုတော့မည်ဟု ဟိုးဟိုးကျော်နေသည့် သံချောင်း ကာကွယ်ရေးဝန်ကြီး ဗြိတိသျှ ကိုကိုမောင်ပေတကား…။

“ဟ ကြွက်ပျင်း အဘဟ အဘ… အဘထပါ အဘ…ဆောရီးပါအဘ… တားတားတို့က အဘကို အဘမှန်း မတိလို့ပါ အဘ… အဘထမယ့်ကိစ္စ အဘမမှ အဘရမယ့် မိန်းမကိစ္စလေး အင်တာဘူးချင်လို့ပါ အဘ”

“ဟိတ်လဗျော့ နှစ်ကောင်…အင်တာဘူး လိုချင်ရင် ငါ့အတွင်းရေးမှူးဆီ အရင်ချိတ်ကွ…ငါကို ကျော်မတောင်းနဲ့…ရဘူး”
“လုပ်ပါ အဘရယ်… ဟေ့ ဟေ့… ဘီအီးတစ်လုံး…ပဲကြီးလှော် တစ်ထုပ်ပေးပါ…ဒီက အဘအတွက်”

ဘီအီးဆိုသည့် အသံကြားသည်နှင့် သံချောင်း ကာကွယ်ရေးဝန်ကြီး၏ အာရုံတို့သည် မိုးဦးကျတွင် စိမ်းစိုလာသည့် မြက်ပင်တို့အလား နိုးကြားလာခဲ့ချေဘီ။

“အဟီး…အဘဝန်ဂျီး ခင်ည…အနော်တို့ အဘထတဲ့ အဝှာကိစ္စလေး တိချင်လို့ပါ တားတို့ကို အင်တာဘူး ပေးပါညော် အဘ…”

ကာကွယ်ရေးဝန်ကြီးက ပါးစပ်ထောင့်စွန်းတွင် ပေနေသော အန်ဖတ်တချို့ သုတ်လိုက်ပြီး ခပ်မတ်မတ် ထိုင်လိုက်သည်…ရှေ့သို့ ရောက်လာသော ဘီအီးပုလင်းကို မျက်လုံးစွေကြည့်သည်… အနှီပုလင်းနှင့် တစ်ပြိုင်တည်း တွဲလျက် ပါလာသော ပဲကြီးလှော်ထုပ်ကို စောင်းကြည့်သည်…။ တံတွေးကို မျိုချသည်…။

“အင်း ပြော ဘာကိစ္စ… ဝေ့”
“ဝန်ကြီး အိမ်ထောင်ပြုတော့မလို့ဆို”
“အင်း…ပြုတော့မလို့ မဟုတ်ဘူး ပြုပြီးလို့ အိမ်ပေါ်တောင် ရောက်နေပြီ… ဂွပ်”။ အင်း ဆိုသည်မှာက လူသံဖြစ်၍ ဂွပ်ဆိုသည်မှာကား ခွက်ကို မော့လိုက်သံ ဖြစ်ကြောင်း ကျွန်ုပ်၏ချစ်လှစွာသော ပရိသတ်ကို နားလည်စေလိုပါသည်။

“ဘယ်သူနဲ့ဆိုတာများ သိရမလား အဘ”
“နို့ နင်တို့ နှမမဟုတ်ရင် ပြီးတာပဲမှတ်လား”

ကြွက်ပျင်းနှင့် ကြောင်စုန်းတို့ ဇက်ပုသွားကြသည်။

“အဘ အိမ်ထောင်ပြုပြီဆိုတော့ အရက်ဖိုးနဲ့ လစာနဲ့ အိမ်စားစရိတ်နဲ့ လောက်ပါ့မလား အဘ”
“ဟိတ်ကောင်တွေ ဝန်ကြီးကွ။ တစ်နေ့ နှစ်ထောင်ရှိရင် အကုန်လောက်တယ်”

ဗြိတိသျှ၏စကားဆုံးသည်နှင့် သတင်းထောက်နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဝုန်းခနဲ ဆိုင်ထဲက ပြေးထွက်သွားကြသည်။

နောက်တစ်နေ့ နံနက် သတင်းစာများတွင် “ကာကွယ်ရေးဗြိတိသျှကြီးက တစ်နေ့ နှစ်ထောင်နဲ့ လောက်သတဲ့…”
“တစ်နေ့ နှစ်ထောင် ကိုကိုမောင်” စသည့် ခေါင်းကြီးပိုင်းများ နေရာယူထားကြတော့သည်။

သံချောင်း ပြည်သူများအကြား ပွစိထကုန်ကြသည်။
“ဘီယာ တစ်ခွက်တောင် ၆၀၀ ရှိတာ ဒီဗြိတိသျှ ကိုကိုမောင် ဆိုတဲ့ကောင် သက်သက်ယားနေတယ်”
“ဟေ့ ဘီအီး နှစ်လုံးရှိရင် လောက်တယ်ကွ… ဒီဝန်ကြီးလောက်တော့ သနားတယ်…”
“ထွီ… မာဆတ် တစ်ဆက်ရှင်တောင် ငါးထောင်ရှိတာ…ဒင်းက…ငါတို့ မိန်းမတွေကို အတို့အထောင် လုပ်နေတယ်” စသည်ဖြင့် ပွက်လော ရိုက်ကုန်သည်။

ဝန်ကြီးများ၏ ပီယဝါစာ ချစ်ဖွယ်သော စကားများကြောင့် သူ့အစိုးရအဖွဲ့ နာမည်ပျက်ရသည့်အတွက် သမ္မတကြီး ဦးသံချောင်း စိတ်ညစ်နေသည်။

အခုလည်းကြည့် ကာကွယ်ရေးဝန်ကြီးဆိုတဲ့ ဟိုဗြိတိသျှက မိန်းမယူတာ ကောင်းကောင်းမယူဘူး လောကွတ်ချော်ပြီး တစ်နေ့ နှစ်ထောင်ဆို လောက်ပါတယ် ဘာညာလုပ်နေပြီ…။

သူလုပ်တာနဲ့ သမ္မတကတော်က သူ့ကို တစ်နေ့ နှစ်ထောင်သာ ပေးပြီး ဈေးသွားခိုင်းရင် ယိုးဒယားငွေ (ဘတ်ငွေ) လေးပင် ကျန်မည်မဟုတ်…။ ဘယ့်နှယ့် နှစ်ထောင်ဆိုတာ မြန်မာဘီယာတစ်လုံးဖိုး သာသာရယ်…။
မဖြစ်ချေဘူး…ဒီဝန်ကြီး နည်းနည်းတော့ ခေါ်သတိပေးမှပါပဲလေ…။

သမ္မတ ပြည်သူ့သံချောင်း၏ လိပ်ဥပုံ ရုံးခန်းအတွင်းသို့ ပြည်ထဲရေးဝန်ကြီး ကိုကိုမောင် ဂလေစီယာရေခဲတောင် စီးကရက်အား ဟန်ပါပါခဲလျက် အလွန်တရာမှ သောက်မြင်ကပ်ဖွယ် ကောင်းသော ငါးခူပြုံးလေးပြုံးကာ ဝင်ရောက်လာလေသည်။

ကိုကိုမောင်က သမ္မတ၏ စားပွဲပေါ်သို့ တင်ပါးလွှဲထိုင်လိုက်ပြီး သက္ကလပ် ဦးထုပ်အား လွန်စွာ အော်ဂလီဆန်စရာကောင်းသော အမူအရာဖြင့် ချွတ်ကာ ဆေးလိပ်မီးခိုးငွေ့များကို လူမမာ အသက်ငင်သလို မှုတ်ထုတ်လိုက်ပြီး ၎င်း၏ အောင်မြင် ခံ့ညားသော ညှောင်နာနာ အသံဖြင့် အောက်ပါအတိုင်း ပြောလိုက်တော့သည်။

“အိုင်ဆေး…မင်းကြီး ကျုပ်ကို ခေါ်တယ်ဆိုလို့ပါ”
“ဟေ့လူ ပေါကြောင်ကြောင်တွေ လျှောက်လုပ်မနေနဲ့… ဒီမှာကြည့် ဂျာနယ်တွေမှာ ခင်ဗျားရဲ့ နှစ်ထောင်ကိစ္စ ဖွနေကြပြီ…အဲဒါအကြောင်း မဟုတ်ဘူး၊ ကျုပ်မိန်းမက ဒီနေ့ အိမ်မှာ ဟင်းချက်ဖို့ ဆိုပြီး စရိတ် ၂၀၀၀ ပဲ ပေးသွားတယ်…။ တခြား ဝန်ကြီးတွေကလည်း သူတို့မိန်းမတွေက အခု ဈေးသွားခိုင်းရင် ၂၀၀၀ ပဲ ပေးလို့ဆိုပြီး ကျုပ်ကို ဖုန်းဆက်လှမ်းတိုင်တယ်…
ခင်ဗျားရှင်းပါ…အဲဒီကိစ္စ မရှင်းနိုင်ရင် ကာကွယ်ရေးဝန်ကြီး ရာထူးမှ နုတ်ထွက်ခွင့်တင်ပါ…”။

“အိုကေပါ သမ္မတကြီး…မနက်ဖြန် ကျွန်တော် တစ်နေ့ ငွေ ၂၀၀၀ နဲ့ အလုပ်ဖြစ်ကြောင်း သက်သေပြပါ့မယ်။ သမ္မတကြီး ကျွန်တော့်အိမ်ကိုသာ မနက် ၈ နာရီဆို ကြွခဲ့လိုက်ပါ…”

 

(သံချောင်း ကာကွယ်ရေးဝန်ကြီး၏ နေအိမ်)

 

“ကဲ..သမ္မတကြီး..ထိုင်ပါ… ကျွန်တော် တစ်နေ့ နှစ်ထောင်ထဲပဲ အကုန်ခံပြီး သမ္မတကြီးကိုပါ တစ်နေကုန် ဧည့်ခံပါ့မယ်…ကြည့်နေပါ….ခဏနော် သမ္မတကြီး”

ဗြိတိသျှ ကိုကိုမောင်က သူ့အိတ်ကပ်ထဲက လက်ကိုင်ဖုန်းနှင့် မြန်မာ့ပက်ကျိလိပ် ခရုလုပ်ငန်းမှ ၁၀,၀၀၀ တန် ငွေဖြည့်ကတ် တစ်ခုကို ထုတ်ပြီး ငွေဖြည့်နေလေသည်…။
“ဟကောင်…ဗြိတိသျှ…မင်းပြောတော့ တစ်နေ့ နှစ်ထောင်ဆို…အခု ငွေဖြည့်တာတောင် တစ်သောင်းကုန်နေပြီ…”
“ဟာသမ္မတကြီး ငြိမ်ငြိမ်လေး နေစမ်းပါဗျာ… ကျုပ်တို့ အစိုးရအဖွဲ့ဝင်တွေ ဆိုတာ နှစ်ထောင်တည်းနဲ့ တစ်နေကုန် ဧည့်သည်ကိုပါ ဧည့်ခံလို့ ရတယ်ဆိုတာ ကြည့်နေ…”
ထိုအချိန်တွင်
“တော့ ဦးကိုကိုမောင် လေတွေ ပန်းမနေနဲ့ ဒီမှာပဲ ဆီကုန်ပြီ…လုပ်ပေးဦး”

မီးဖိုခန်းအတွင်းမှ လေဒီ ကိုကိုမောင်၏ အောင်မြင် ခံ့ညားလှစွာသော မသေးမျှင် အသံက စီခနဲ ထွက်လာသည်…။

“အေးပါ..မေရယ်…အခုပဲ စီစဉ်လိုက်ပါ့မယ်”

ပဲဆီ ဆိုတော့…အနည်းဆုံး ငါးထောင်လောက်တော့ လစ်မှာပဲ… ဟွန်း ဒီဗြိတိသျှကောင်တော့ အာချောင်ပြီး ဒုက္ခရောက်နေပြီ ဟူသော အတွေးဖြင့် သမ္မတကြီး ဦးသံချောင်းက ၎င်း၏မူပိုင် ဒိုင်နိုဆော အပြုံးလေး ပြုံးကာ ကြည့်နေလေသည်..။

“အဟဲ…ဒါများ အလွယ်လေးပါ…တီ…တီ…ဟဲလို…အေး…ရေပေါ်ဆီ ကုမ္ပဏီကလားဟေ့…”
“အေး ငါ ကာကွယ်ရေး ဝန်ကြီးပါကွ…မင်းတို့ MD ကို ပြောလိုက်ကွာ…ပြီးခဲ့တဲ့ အပတ်က မင်းတို့ တင်ဒါရထားတဲ့ တပ်မတော်ရိက္ခာအတွက် စားအုန်းဆီ သွင်းမဲ့ကိစ္စက အဆင်မပြေဘူးလို့… ဒီမှာ သမ္မတက အရောအနှော ကုမ္ပဏီကိုပဲ တင်သွင်းရမယ် ဆိုပြီး ပြောနေတယ်…အဲဒါ…ဟမ်… ဘာ… အဲ့လို မဖြစ်ဘူးကွ… ငါက လူကြီးနဲ့ အလုပ်လုပ်နေတာ… မအားဘူးကွ… အိမ်မှာ ပဲဆီကုန်နေလို့ ဒရိုင်ဘာကို လွှတ်ဝယ်ခိုင်းထားတယ်… ဟမ်… ငါးပိဿာလား… ဟေ့ကောင် ဆယ်ပိဿာ လုပ်လိုက်… သမ္မတကို ငါအရက်တိုက်ပြီး ဖျောင်းဖျပေးမယ်…မင်းတို့မို့လို့နော်…ငါတခြားသူဆို အဲ့လောက် မလုပ်ပေးဘူး… ဒါဗြဲ…ဂွပ်…”

“တူတူ..ဟဲလို… ဥက္ကဋ္ဌလား…ကျုပ် ကိုကိုမောင်ပါ… အင်း… ခင်ဗျားတို့ ဟိုနေ့က ဆိပ်ကမ်းမှာ တင်နေတဲ့ ဆန်တွေကိစ္စ ပြောချင်လို့.. ဟုတ်တယ်… ခင်ဗျားတို့ သင်္ဘော နောက်သုံးရက်အတွင်း ကမ်းက မခွာပါနဲ့… ကျုပ်တို့ လုံခြုံရေးအတွက် စစ်ဆေးဖို့ ကာလုံ အစည်းအဝေးက မှတ်ချက်ချထားတယ်… ဟာ…ဟေ့လူ တာဝန်က တာဝန်ပဲဗျ… ကျုပ်တို့ ပြတ်ပြတ်ပဲ… အင်း…ပေါ်ဆန်းပဲနော်…ဟိုတစ်ခါကလို ဆန်ကွဲတွေ မပါစေနဲ့ဗျာ… အေးအေး… မနက်ဖြန် ထွက်လိုက်လေ…ကျန်တာ ကျွန်တော် ကြည့်ပြောထားပေးမယ်… ဟုတ်ပြီလား…”

“ဟဲလို… ညီလေး ခရိုနီဗိုက်ပူလား… အေး…ငါ့ညီ… ဟိုတစ်လောက ငါ့ညီ အစ်ကို့ကို ပြောထားတဲ့ မုံရွာက တပ်ပိုင်မြေ ဧက ၂၀ ကိစ္စလေ… အင်း အဲဒါ ကိုလေပွကလည်း လာပြောနေတယ်ကွာ စက်ရုံ ဆောက်ချင်လို့တဲ့… အဲဒါ…အို မလိုပါဘူးညီရာ…မင်းအစ်မကိုသာ ဖုန်းဆက်လိုက်၊ မီးဖိုချောင် ဟင်းချက်စရာ ကိစ္စပဲ သူကခေါင်းစားနေတာ… အေးအေး… ကိုယ့်အတွက်လား… ရပါတယ်ကွ… ချီးဗက်စ်လောက်ဆို အဆင်ပြေပါတယ်… အေးအေး…”

“ဟဲလို…အေး ငါဝန်ကြီးပါကွ… မင်းတို့ တင်ထားတဲ့ ငွေနဲ့ မင်းတို့ဆောက်တဲ့ အဆောက်အအုံနဲ့ ကုန်ကျစရိတ်တွေက မကိုက်ဘူးလို့ ဆောက်လုပ်ရေးဝန်ကြီး ခုပဲ ဖုန်းဆက်တယ်… အေး မင်းတို့ ကန်ထရိုက်တွေကွာ…. အေး…ညနေ ငါကိုယ်တိုင် လာစစ်မယ်… လာသာစစ်မယ် ပြောတာ သမ္မတကြီးက အိမ်ရောက်နေတာ…ပထမ သူ့ကို ဂေါက်ကွင်း လိုက်ပို့ပြီး ဧည့်ခံဖို့…မင်းတို့ကိစ္စ ပေါ်လာတာနဲ့ကွာ… ကတောက်စ်… ဟေ…ဟိတ်ကောင် ငါတို့က ပန်းကုံးပါ စွပ်မှာကွ… အနင်းအနှိပ်ပါ ပါစေနော် …  အေး…အေး… ဒီလိုသိတတ်ရင်လည်း တော်သေးတာပေါ့… ပြည်သူ့သံချောင်းလည်း ရောက်နေလို့ မင်းတို့ ကံကောင်းသွားတယ် မှတ်ပါ… ဟွင်း…ဟွင်း…ဂွပ်…”

ဗြိတိသျှ ကိုကိုမောင်က ဖုန်းကိုချလိုက်ပြီး သမ္မတကြီးဘက် လှည့်ကာ ခြင်ထောင်သံဖြင့် –

“ကဲ သမ္မတကြီး ဂေါက်ကွင်းကို လစ်ကြစို့… ပြီးရင် စင်တင်မှာ ပန်းကုံးစွပ်မယ်၊ ပြီးရင် မာဆတ်မှာ ဒချိ ဒချိတာပေါ့…လာ…”

ကားပေါ်ရောက်ပြီးနောက် သမ္မတကြီးမှ မအူမလည် မျက်နှာပေးဖြင့် “ဟေ့လူ နေစမ်းပါဦး…ဘယ်မလဲ ခင်ဗျားပြောတဲ့ နှစ်ထောင်ဆို လောက်တယ်ဆို… အခု ဟာတွေက အလကား ရနေတာချည်းပဲဗျ…”

“အာ…လောကမှာ ဘယ်အရာမှ အလကားမရဘူး သမ္မတကြီးရ” ကဲအခု ဆီရော…ဆန်ရော…ဟင်းချက်စရာရော… အရက်တစ်လုံးရော…သမ္မတကြီးနဲ့အတူ ဂေါက်ရိုက်ပြီး ဒချိဒချိဖို့ရော…အားလုံးဟာ အလကားမရဘူး…ဒီမှာကြည့်..။
“တီ..တီ..တီ..လူကြီးမင်း၏ ကြိုတင်ငွေပေး လက်ကျန်ငွေမှာ ရှစ်ထောင့်နှစ်ရာ တစ်ဆယ့်နှစ်ကျပ်” ဖြစ်ပါတယ်ရှင်..။
“ကဲ..တွေ့ပြီလား သမ္မတကြီး… ခုန တစ်သောင်းကတ် ထည့်ထားတာ…အခုမှ တစ်ထောင့်ခုနစ်ရာ ရှစ်ဆယ့်ရှစ်ကျပ်ပဲ ကုန်သေးတယ်…နှစ်ထောင်တောင် မပြည့်ဘူး …

ကဲ မပြောလား ကျွန်တော့်အတွက် တစ်နေ့ နှစ်ထောင်ကုန်ရင် လောက်ပါတယ်ဆိုနေ…ငွင်း…ငွင်း”

“ဟုတ်ပဗျို့… တော်လိုက်တဲ့ နှစ်ထောင်တန် ဝန်ကြီး… ကျုပ်တောင် ပညာတွေ ရသွားပြီ ကိုင်း… ဗြိတိသျှကြီးရေ…. ဟိုးရှေ့က ဖုန်းဆိုင်မှာ ခဏရပ်ဗျာ… ကျုပ်လည်း ခင်ဗျားလိုပဲ တစ်သောင်းတန် ကတ်လေးတစ်ကတ်လောက် ဝယ်ဖြည့်ထားချင်လို့…”

 

ဗြိတိသျှ ကိုကိုမောင်

(သံချောင်းပါတီ)

 May 27, 2014 တွင် ထုတ်ဝေသည့် The Voice Weekly ပါ စာမူကို စာရေးသူ၏ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသည်။