ဘဝတာ တိုတိုမို့ ပိုစိုးရိမ်မိတယ် (နောင်ကျော်)

Posted on Posted in အက်ဆေး

 

” ကျွန်တော်က ဘဝတာတိုတိုမှာ အရသာချိုချိုကို မက်မောချင်ပေမယ့် လောကအတွက် ထမ်းရွက် နိုင်သမျှ ထမ်းရွက်ချင်တဲ့စိတ်က အလေးသာသွားခဲ့ တာကြောင့် တလူလူလွင့်နေတဲ့ အဓမ္မ အလံတွေကို ရိုက်ချိုးကြသူတွေထဲက တစ်ယောက်ဖြစ်ခဲ့တယ်။ အသက်တစ်ရာမနေရပေမယ့် အမှုတစ်ရာတွေ့ခဲ့ သလားဆိုတာကို ပြန်မစဉ်းစားဖြစ်ပေမယ့် လောကအတွက် ကောင်းမှုတစ်ခါတော့ လုပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က အဲဒါကို ကောင်းမှုလို့ ယုံကြည်တယ်  ..”

 

ဘဝတာ တိုတိုမို့ ပိုစိုးရိမ်မိတယ်

နောင်ကျော်

ဇူလိုင် ၂၃၊ ၂၀၁၃

 

www.zoltkovac.com
www.zoltkovac.com

လူ့ဘဝဟာ တိုတောင်းလှတယ်လို့ ပြောစမှတ်ရှိတယ်။ ဘယ်လောက်တောင် အချိန်တို တောင်းနည်းပါးသလဲဆိုတာကို ပေါ်လွင်အောင်ပြောတဲ့စကားတွေထဲမှာ ‘ရေပွက်ပမာ’ ဆိုတာက အပေါ်လွင်ဆုံးပါပဲ။ ‘ရေပွက်ပမာ၊ တစ်သက်တာ’ တဲ့။ ရေပြင်ပေါ်ကိုပွက်ခနဲ (ဒါမှမဟုတ်) ဘွားခနဲ တက်လာတဲ့ ရေပွက်ကလေး တစ်ခုရဲ့တည်ရှိ ကြာရှည်တဲ့အချိန်ဆိုတာ ဘယ်လောက်များရှိလို့လဲ။

ဂယက်ထပြီးရင် တဖြည်းဖြည်းနဲ့ ရေပြင်ဟာ အရင်အတိုင်းပြန်ဖြစ်သွားတယ်။ လူ့ဘဝသက်တမ်း ဆိုတာလည်း အဲဒီလောက်ပါပဲတဲ့။ ကမ္ဘာကြီးဖြစ်ပေါ်လာတဲ့ သက်တမ်းနဲ့နှိုင်းတာလား၊ စကြဝဠာ ကြီးရဲ့သက်တမ်းနဲ့ တိုင်းတာလား၊ ဘဝပေါင်းများစွာ ဖြစ်ခဲ့ပျက်ခဲ့တာနဲ့နှိုင်းတာလား၊ ဘာနဲ့ပဲနှိုင်း နှိုင်း၊ လူ့သက်တမ်း ကာလဆိုတာဟာ တိုတိုလေးဆိုတာ ငြင်းရခက်တဲ့ စကားပါ။

ဘဝကိုခင်တွယ် နေကြသူတွေအတွက် လူ့သက်တမ်းဟာ တိုသလိုရှိပြီး ဘဝကိုစိတ်ပျက်နေသူတွေအတွက် (အသက်ရှင်ရတဲ့ နှစ်ချင်းတူရင်တောင်) သက်တမ်းကာလရှည်သလို ဖြစ်နေတတ်ပါတယ်။

အဲဒီလို ဘဝတိုတဲ့အကြောင်းစဉ်းစားမိတဲ့အခါ သတိရလိုက်တဲ့ စာစကား နှစ်ခု ရှိတယ်။ တစ်ခုက ‘ဘဝတာတိုတိုမှာ အရသာချိုချိုကို ရှာမယ်’…တဲ့။နောက်တစ်ခုက ကဗျာစာပိုဒ်လေးပါ။’ လောက အတွက် ထမ်းရွက်နိုင်သမျှထမ်းရွက်ကြပါ ဘဝဆိုတာ တိုတို လေး’..တဲ့။ ဒါကလည်း အမြင်မတူ ပုံပါပဲ။

 

တစ်ရာထဲက တစ်မှုနဲ့

 

အဲဒီလိုဘဝတိုတိုလေးမှာနေရတဲ့အခိုက်အတန့်နဲ့ပတ်သက်ပြီး ပြောကြတဲ့စကားကိုလည်း သတိရမိ သေးတယ်။ ‘အသက်တစ်ရာ မနေရပေမယ့်၊ အမှုတစ်ရာ တွေ့ရ တတ်တယ်’ … တဲ့။

ဒီနေရာမှာပြောတဲ့အမှုဆိုတာ ရုံးရောက်၊ ဂါတ်ရောက်တဲ့အမှုမျိုး ဖြစ်ချင်မှဖြစ်မှာပါ။ ပြဿနာ၊ အခက်အခဲ၊ အကျပ်အတည်းတွေကို ရည်ညွှန်းတာလို့ ပြောရင်ရပါလိမ့်မယ်။ အဲဒီအမှုတစ်ရာထဲ မှာပဲ ရုံးတွေ၊ ဂါတ်တွေရောက်ပြီး ထောင်ကျလောက်တဲ့ ‘ပြဿနာ’ မျိုးလည်း ပါနိုင်ပါလိမ့်မယ်။ ထောင်ကျတယ်ဆိုတာကို ကိုယ့်အမှားကြောင့် လို့ ယေဘုယျ ပြောလေ့ရှိပါတယ်။ အဲဒီအမှားဟာ လူ့အဖွဲ့အစည်းက မကောင်းမှု၊ အပြစ်ရှိမှု၊ ဥပဒေအရ အပြစ်ဒဏ်ခံသင့်တဲ့အမှုမျိုးထဲ အကျုံးဝင်ရင်တော့ ထောင် ကျလောက်တယ်လို့ ဆိုနိုင်ပါတယ်။ ‘ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး’ လို့ ဆိုတဲ့ စကားရှိတယ်။ ကိုယ်ကောင်းနေရင် မမှားဘူး။ မမှားရင် အပြစ်မရှိဘူး။ အပြစ်မရှိရင် ထောင်ကျ စရာ အကြောင်းမရှိဘူးဆိုတာအထိ တွေးယူလို့ ရနိုင်ပါတယ်။

ဒါပေမဲ့ လူ့အဖွဲ့အစည်းမှာ ကိုယ်ကောင်းနေပါလျက်နဲ့ ခေါင်းရွေ့ခဲ့ရတာ၊ ကိုယ်မှန်နေပါလျက်နဲ့ အပြစ်ဖြစ်ခဲ့ရတာ၊ ကိုယ်က တရားနေပါလျက်နဲ့ အမှားလို့သတ်မှတ် ပြီး ပြစ်ဒဏ်ပေးခံရတာတွေ လည်း ရှိတတ်ပါသေးတယ်။ ရှိလည်းရှိခဲ့၊ ဖြစ်လည်းဖြစ်ခဲ့ပါတယ်။ အဲဒါမျိုးတွေက မတရားမှု ကြီးစိုး တဲ့ခေတ်၊ တောတွင်းသားဥပဒေ (နိုင်ရာစားဥပဒေ) လွှမ်းမိုးတဲ့ခေတ်၊ အာဏာရှင်တွေရဲ့ ထင်ရာ စိုင်းအမိန့်တွေနဲ့ အုပ်ချုပ်တဲ့ခေတ်တွေမှာ ပိုပြီးဖြစ်လေ့ရှိတယ်။

အမှန်တွေက မှားပြီး အမှားတွေက မှန်နေတဲ့ ဓမ္မပြောင်းပြန်လှန်ထားတဲ့ ခေတ်တွေမှာ အဲဒါမျိုးတွေ က အဖြစ်ဆုံးပါပဲ။ ဓမ္မပြောင်းပြန်လှန်ထားတော့လည်း အဓမ္မ အလံတွေချည်းပဲ လေထဲမှာ လွင့်ပျံ နေတော့တာပဲပေါ့။ မဝေးသေးတဲ့အတိတ်က အဓမ္မအလံတွေလွှင့်ထူခဲ့ကြတာ အခုထိအောင် အဲဒီ အလံတွေက လေထဲမှာ တလူလူလွင့်နေတုန်း။ မတရားမှု၊ အနိုင်ကျင့်မှု၊ ဗိုလ်ကျစိုးမိုးမှု၊ ဥပဒေ ပြဋ္ဌာန်းပြီး အပြစ်ဒဏ်မခံရအောင် ခံတပ်ဆောက်ထားမှုများ။

 

ကောင်းမှုကို ပြစ်မှု … တဲ့

 

ကျွန်တော်က ဘဝတာတိုတိုမှာ အရသာချိုချိုကို မက်မောချင်ပေမယ့် လောကအတွက် ထမ်းရွက် နိုင်သမျှ ထမ်းရွက်ချင်တဲ့စိတ်ကအလေးသာသွားခဲ့တာကြောင့် တလူလူလွင့်နေတဲ့ အဓမ္မ အလံတွေကို ရိုက်ချိုးကြသူတွေထဲက တစ်ယောက်ဖြစ်ခဲ့တယ်။ အသက်တစ်ရာ မနေရပေမယ့် အမှု တစ်ရာတွေ့ခဲ့သလားဆိုတာ ကို ပြန်မစဉ်းစားဖြစ်ပေမယ့် လောကအတွက် ကောင်းမှုတစ်ခါတော့ လုပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က အဲဒါကို ကောင်းမှုလို့ယုံကြည်တယ်။

လူအများစုကလည်း ကောင်းမှုဆိုတာကို သဘောတူလက်ခံတယ်။ ဒါပေမဲ့ သူတို့က ပြစ်မှုလို့သတ်မှတ်တယ်။ အဲဒါနဲ့ပဲ ကျွန်တော်လည်း ထောင်ထဲရောက်သွားပါတော့ တယ်။ အဲဒီကာလက ကျွန်တော်တို့ တိုင်းပြည်မှာ လောကကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုး၊ ပြည်သူလူထုကောင်းကျိုး လုပ်ခဲ့မိလို့ ထောင်ကျခဲ့တဲ့ လူပေါင်း သောင်းနဲ့ ချီပြီး ရှိတယ်။ ကောင်းမှုကို ပြစ်မှုလို့သတ်မှတ်ပြီး ထောင်ချခဲ့ကြတဲ့ သူတွေက တော့ ဘယ်သူရှိဦးမှာလဲ။ အဓမ္မအလံကိုတလူလူလွှင့်ပြီး လူတွင်ကျယ်လုပ် ဗိုလ်ကျခဲ့တဲ့ စစ်အာ ဏာရှင်စနစ်ကို မောင်းနှင်ခဲ့သူတွေပဲပေါ့။

သြော်…သူတို့ကတော့ ဘဝတာတိုတိုမှာ အရသာချိုချိုကိုမက်ပြီး ရက်စက်ခဲ့ကြသူတွေလေ။ သူတို့ သေရင် သူတို့မတရားရှာထားခဲ့တဲ့ အရသာချိုချိုတွေဟာ သူတို့နဲ့ပါ သွားမယ်လို့ ထင်ခဲ့ကြသူတွေ လေ။ နောက်ဘဝရှိတယ်ဆိုတာ ယုံကြည်သူတွေရဲ့အမြင်မှာတော့ အခုဘဝမှာ မတရားလုပ်ပြီး ကောင်းစားခဲ့သူတွေဟာ အခုဘဝအလွန် မှာ ငရဲနွံနစ်ရုံတင်မကဘဲ ဝဋ်ပါလည်မယ်လို့သတ်မှတ် ကြမှာ သေချာပါတယ်။ တချို့ဆိုရင် နောက်ဘဝတစ်ခုကို မကူးခင်ကာလမှာပဲ တင်ခဲ့တဲ့ အကြွေး ကိုပြန်ဆပ်နေကြ ရပါပြီ။ သူတို့တစ်တွေခမျာ ဘဝကူးတောင်မှ ကောင်းရှာကြပါ့မလား။

 

ဖျက်ဆီးပြီး ကြီးပွားသူ

 

ကျွန်တော်ထောင်က လွတ်လာပုံကို တခြားနေရာမှာ ပြောပြခဲ့ဖူးတယ်။ ထောင်ကျတော့ အကျဉ်း သားတိုင်း (ဘယ်သူမဆို) ခံစားခွင့်ရှိတဲ့ ထောင်ဥပဒေအရပေးထား တဲ့ လျှော့ရက်ကို မရခဲ့ဘူး။ အဲဒီကာလ (၁၉၉၇) မှာ ကျွန်တော်တစ်ယောက်တည်း မရတာတော့ မဟုတ်ပေမယ့် လူသိပ်မများသေးဘူး။

ဒါနဲ့ပဲ ထောင်ထဲမှာ ဆယ်နှစ် အပြည့်နေလိုက်ရတယ်။ ချုပ်ရက်အပါအဝင် ၁ဝ နှစ်ကျော် ကျော် ထောင်ထဲမှာ စာမဖတ်ရ၊ သတင်းနားမထောင်ရဘဲနေခဲ့တဲ့ လူ(တချို့)ကို နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးသူများရဲ့ဘေးအန္တရာယ်က ကာကွယ်တဲ့ဥပဒေ (ပုဒ်မ ၁ဝ-က) နဲ့ထပ်ပြီး ထိန်းသိမ်းထားတယ်။ လွတ်ရမယ့်ရက်မှာ ထောင်အပြင်ကိုတောင် မထွက်လိုက်ရဘူး။ အုတ်တံတိုင်း အပြင်ကလေတောင် မရှူလိုက်ရဘူး။ မအီမလည်နဲ့ မန္တလေးထောင်ရဲ့တိုက်ခန်းထဲ ကို ပြန်ဝင်သွား ရတယ်။ အပြင်လောကမှာ ဘာတွေဖြစ်နေသလဲ ဆိုတာကို ဘာမှမသိတဲ့လူက နိုင်ငံတော်ကိုနှောင့် ယှက်ဖျက်ဆီးနိုင်မှာတဲ့လားဗျာ။

တကယ်ပဲ နိုင်ငံတော် (ပြည်သူလူထု) ကို နှောင့်ယှက်ခဲ့တာ ဘယ်သူတွေ လဲ။ နိုင်ငံတော်ကြီးကိုဖျက်ဆီးပြီး ကြီးပွားသွားခဲ့သူတွေက ဘယ်သူ တွေလဲ။ စာဖတ်သူတွေ သိပြီးသားမို့ နာမည်တပ်ပြီး ပြောမနေတော့ပါဘူး။ ရာထူးအာဏာတွေကိုင်ပြီး ရိုးရိုးသားသား လုပ် ကိုင်ခဲ့တဲ့အတွက် နောက်ထပ်ဆယ်ဘဝအထိ (လူဖြစ်နေသေးရင်) စားမကုန်အောင် ဖူလုံသွားတဲ့ လူတွေလို့ပဲ ဆိုပါစို့။

 

ရေပုံးပဲ သိတာ

 

၁ဝ နှစ်နောက်မှာ အပိုဆောင်းတဲ့ (၁ဝ-က) နဲ့ ၃ နှစ်ခွဲနေပြီးတော့ ကျန်းမာရေးမကောင်းလို့ ပြန် လွှတ်ပေးလိုက်တယ်။ မန္တလေးကနေ ရန်ကုန်ကိုအပြန်မှာ တာဝန်ခံစောင့်ရှောက်တဲ့သူနဲ့။ ရန်ကုန် ရောက်တော့ စစ်ထောက်လှမ်းရေး (၆) ကိုအပ်၊ ထောက်(၆)က ကျွန်တော်နေတဲ့ မြို့နယ် အပိုင် စားထောက်လှမ်းရေးတပ် (ရေတပ်)ကို တစ်ခါအပ်၊ ရေတပ်ထောက်လှမ်းရေးက ရပ်ကွက်ဥက္ကဋ္ဌနဲ့ ကျွန်တော့်အိမ်ကို လိုက်ပို့တယ်။

အဲဒီနောက်ပိုင်း ၇ လကျော်ကျော်ကြာတဲ့အထိ ထောက် (၆) က ထောက်လှမ်းရေးနှစ်ယောက်က တစ်ပတ်နှစ်ခါလောက်ပုံမှန်လာတယ်။ မြို့နယ်ထောက်လှမ်းရေးက တစ်ပတ်တစ်ခါ ပုံမှန်လာ တယ်။ ဒီကြားထဲမှာ မြို့နယ်စစ်ထောက်လှမ်းရေးတာဝန်ကျ တစ်ယောက်က ကျွန်တော့်ကို ”ရန်ကုန်မြို့ထဲသွားရင်တောင် သတင်းပို့ရမယ်” လို့ပြောတာကြောင့် ဘုဆတ်ဆတ် ပြန်ပြောလိုက် ရတယ်။ သတ္တိရှိလို့ မဟုတ်ပါဘူး။ တရားလွန်လွန်းလို့ ကြောက်ကြောက်နဲ့ပဲ ပြန်ပြောခဲ့တာပါ။ အဲဒီလို ပြန်ပြောလိုက်တော့ ရှေ့တစ်လှမ်းထပ် တိုးမလာတော့ပါဘူး။

ဒီကြားထဲ ၂ဝဝ၅ မှာနဲ့တူတယ်။ ရန်ကုန်က ဒဂုံစင်တာအပါအဝင် နေရာသုံးနေရာမှာ ဗုံးတွေကွဲပြီး အပြစ်မဲ့ ပြည်သူတွေသေကြပြီး နောက်တစ်နေ့မှာ အိမ်ကို ရဲတစ်ယောက်လာပြောတယ်။ ဘယ် သူကဆိုလား၊ တွေ့ချင်လို့တဲ့၊ ရုံးကိုလာခဲ့ပါဆိုပြီးပြောတာနဲ့ သူ့ကိုတစ်ခါတည်းပဲပြောလိုက်တယ်။ 

‘ငါ့ဘာသာ အေးအေးဆေးဆေးနေတာကို ပြဿနာလာမရှာနဲ့၊ တွေ့ချင်ရင် အိမ်လာခဲ့၊ ၁၅ မိနစ် စောင့်မယ်’ လို့ပြောလိုက်တယ်။ အဲဒီ ရဲက ကျွန်တော်လည်း ကြားထဲ က ခေါင်းစားတယ်ဗျာလို့ တောင် ပြောသွားသေးတယ်။ ၁၅ မိနစ်စောင့်တာမလာလို့ ကျွန်တော်လည်း လက်ဖက်ရည်ဆိုင် သွားထိုင်နေလိုက်တယ်။ ဗုံးကွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်ကို လာကျစ်ဖို့၊ ရစ်ဖို့လုပ်တာလေ။ ကျွန်တော်ကလည်း လူသေစေတတ်တဲ့ လက်နက်ဆိုတာကို ဓာတ်ပုံနဲ့ ရုပ်ရှင်ထဲမှာ ပဲ မြင်ဖူးတာ။ ဗုံးဆိုလို့ ရေပုံးလောက်ပဲသိတာ။ ဒါကိုသူတို့ သိနိုင်လျက်နဲ့ ပြဿနာလာရှာတာလေ။

 

ကျွန်တော့်လို တိုင်းပြည်

 

ကျွန်တော်ထောင်ပြင်ရောက်ပြီး နောက်ပိုင်းမှာ စစ်ထောက်လှမ်းရေး၊ ရဲထောက်လှမ်းရေး၊ ပြီးတော့ သတင်းပေးပေါင်းစုံရဲ့မျက်စိဒေါက်ထောက် စောင့်ရှောက်မှုနဲ့ နေခဲ့ရ တယ်။ ဒါကို ပုံကြီးချဲ့ပြောနေ တာမဟုတ်ပါဘူး။ ထောင်ကလွှတ်ပေးလိုက်ပေမယ့် မလွတ်လပ်တဲ့ဘဝမှာ နေခဲ့ရ(နေနေရ) တယ် ဆိုတာကိုပြောတာပါ။ ဒီလိုအခြေအနေမျိုးကို နိုင်ငံရေးမှုနဲ့ထောင်ကျခဲ့ပြီး အပြင်ရောက်နေသူတွေ ဘယ်နှယောက်တောင် ကြုံနေရသလဲမသိဘူး။

 

ကျွန်တော်စဉ်းစားကြည့်မိတယ်။ ကျွန်တော့်ရဲ့ထောင်အပြင်ဘဝဟာမလွတ်လပ်သလို ကျွန်တော် တို့ တိုင်းပြည်ရဲ့ဒီမိုကရေစီအခွင့်အရေးဆိုတာတွေဟာလည်း တကယ်လွတ်လပ်မှုရှိနေပြီလားလို့ ပါ။ ခဏလောက်လွှတ်ထားပေးပြီး (လိုချင်တဲ့အခြေအနေ ရလာတဲ့အခါ) ပြန်ပြီးထိန်းချုပ်ထားမှာ လားဆိုတာကိုစဉ်းစားရင်း နဲ့ နောက်ထပ်တွေးမိတာ ရှိလာတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ပါတီစုံ နိုင်ငံရေး စနစ်နဲ့ဈေးကွက်စီးပွားရေးစနစ်ဆိုတာမှာလည်း နိုင်ငံရေးဒီမိုကရေစီနဲ့ စီးပွားရေးဒီမို ကရေစီ ရနေပါပြီလား။ ဒီမိုကရေစီပေးခွင့်ကို ကိုင်ထားသူတွေက ဘယ်သူတွေလဲ။ ၂ဝဝ၈ ဖွဲ့စည်းပုံ လား၊ လူတွေလား။ အဲဒါတွေမှာရော ဒီမိုကရေစီစိတ်သဘောထား ခိုင်ခိုင် မာမာရှိရဲ့လား။

 

စိုးရိမ်တယ်

 

ဘဝတာတိုတိုမှာ အရသာချိုချိုကိုရတဲ့နည်းနဲ့ ယူချင်တဲ့သူတွေနဲ့ လောကကောင်းကျိုးအတွက် ထမ်းရွက်နိုင်သမျှ ထမ်းရွက်ချင်သူတွေကြားမှာ ကွဲပြားနေတတ်တာကိစ္စ မရှိပေမယ့် ပဋိပက္ခကြီး ထွားပြီး နိုင်ရာစားဥပဒေနဲ့ ထင်ရာစိုင်းလူရိုင်းစိတ်တွေက ကောင်းမှုကို ပြစ်မှုလို့သတ်မှတ်ပြီး အဓမ္မ အလံတွေ ထပ်ပြီးတလူလူလွှင့်မှာကိုတော့ စိုးရိမ်နေမိတုန်းပါခင်ဗျာ့။

Popular Myanmar News Journal မှ စာရေးသူ၏ခွင့်ပြုမှုဖြင့် ပြန်လည်ဖော်ပြသည်။

ရှုခင်းသစ်