ကဗျာဆရာ သုံးဦးတို့ရဲ့ကဗျာ (စည်သူငြိမ်း၊ ဘုန်းသက်ပိုင်၊ အောင်ခိုင်မြတ်)

Posted on Posted in ကဗျာ, သတင်း ရှုခင်း

” တို့ပြည်”

elliottbledsoe.com
elliottbledsoe.com

သာပါရဲ့ပြည်ရွှေဝါ

လာပါလှည့်လေး

ခရိုနီခရိုပြာ ခရိုဝါနက်နဲ့

လှမ်းခက်လှသေး ။

စည်သူငြိမ်း

…………….

ကျွန်တော်မပျော်ခဲ့ပါဘူး

www.mde-art.com
www.mde-art.com

အခုမှတော့ ဒီဝါကျနဲ့ပဲ

အရာအားလုံးအဆုံးသတ်ရတော့မှာပဲ

ကျွန်တော်မပျော်ခဲ့ပါဘူး။

 

တစ်နေ့ပြီးတစ်နေ့

တစက္က္ဘန့်ပြီး တစ်စက္ကန့်

တစ်နှစ်ပြီးတစ်နှစ်

ကျွန်တော်ဟာ ရင့်ရော်လို့။

 

ပျောက်ကွယ်သွားတော့မယ့်ကြယ်ပွင့်လေးလို

ကျွန်တော့်မျက်လုံးတွေဟာ တဖြည်းဖြည်းမှေးမှိန်လို့

ရက်စက်ကြမ်းတမ်းတဲ့ခေတ်ကြီးကို

တစ်ဘ၀လုံးကူးနေခဲ့တာဆိုတော့

တစ်ဘ၀လုံးတောင့်ခဲနေတော့တာပေါ့

ကျနော်မပျော်ခဲ့ပါဘူး။

 

ငယ်တုန်းကတော့

အင်ဂျင်နီယာကြီးဖြစ်ချင်ကြောင်း

လေယာဉ်ပျံကြီးမောင်းပြီး ကမ္ဘာကြီးကိုအပေါ်က မိုးကြည့်ချင်ကြောင်း

တဖွဖွပြောပြမိတယ်။

အခုတော့ ဘာဖြစ်ချင်သေးလဲ

ကမ္ဘာကြီးကိုကောင်းစေချင်တယ်

ရွေးမိတဲ့လမ်းအတိုင်း

တစ်ယောက်ထဲ ဒယီးဒယိုင်လျှောက်လို့၊

ဒဏ်ရာတွေနာလွန်းပေမယ့်

မငိုအောင်တောင့်ထားလို့

ရင်တစ်အုံလုံး မီးဟုန်းဟုန်းတောက်လို့

ကတ်ကိုဘိန်း သူ့ဘ၀သူ ဆုံးဖြတ်လိုက်ချိန်မှာ

ဘယ်သီချင်းကို သူဆိုသွားခဲ့သလဲ၊

 

ဟဲမင်းဝေးရွေးလိုက်တဲ့ကျည်ဆံဟာ

နံပတ်ဘယ်လောက်လဲ၊

ကျွန်တော်မပျော်ခဲ့ပါဘူး။

 

နေလည်းနေလို့မရ

သေလည်းသေလို့မရ

ပိန်းပိတ်နေတဲ့အမှောင်ထဲ

တစ်ဘ၀လုံးကိုဒီအတိုင်း စိမ်ထားလိုက်မိတယ်။

 

ချစ်ခြင်းမေတ္တာ၊ ညစာနဲ့အမှန်တရား

ဒီဘ၀အတွက်

ဘုရားသခင်မှာ ငါ့အတွက် ကိုယ်တာမကျန်တော့။

ခွေးတစ်ကောင်လို ကိုယ့်အရိပ်ကိုယ်ပြန်ဟောင်လိုက်တယ်။

 

တောင်တန်းလို ပင်လယ်လို

တခမ်းတဖွဲ့နေထိုင်ရင်း

လူမသိသူမသိကြွေကျနေမိပေါ့။

ဘ၀ကိုတရွတ်တိုက်ဆွဲလို့

တစ်သက်တာရွေ့လျားမှုများ

ဒီဘ၀ ဒီကမ္ဘာမှာ ကျွန်တော်မပျော်ခဲ့ပါဘူး

ဒီဝါကျတစ်ကြောင်းနဲ့ လုံလောက်ခဲ့ပြန်တယ်။

 

ဘုန်းသက်ပိုင်

      ၂၊ ၅၊၂၀၁၃

   

……………….

ကြွက်တွင်း

blog.paintings.name
blog.paintings.name

 

မီးပျက်နေတယ် ဘ၀ပျက်နေတယ်

ခေတ်ပျက်နေတယ်

သွေးမပျက်ကြတာကိုပဲ ဂုယ်ယူကြရမယ်

လာမယ့် နှစ်ကလည်း စစ်အင်အားအပြည့်နဲ့။

 

အမှန်က

ခံရပါများလာတော့

ကိုယ်တို့လည်းခံရတဲ့ဘက်က ဆက်အားပေးရမှာပေါ့

မှားလား

ကိုယ်တို့က

နှစ်တွေအများကြီးကို နံရံမှာ သံနဲ့အရိုက်ခံခဲ့ရတာပါ

ကိုယ်တို့မှာ မတွေ့တာကြာခဲ့ကြပေမယ့်

နုတ်ဆက်ရတာသွေးအလိမ်းလိမ်း။

 

အမှိုက်ကားတွေမလာခင်အမှိုက်တွေပျော်ကြ

မီးသတ်ကားတွေမလာခင်အထိ မီးတွေပျော်ကြ

သူတို့ကဒီလိုလား။

 

အဖြစ်မှန်က ယဉ်ကျေးတဲ့ခေတ်ထဲ

ပွဲခင်းထဲ မြွေအုပ်ဖြတ်ဝင်လာနေတာ

ကိုယ်ရှင်းပြစရာ လိုလို့လား ။ ။

 

အောင်ခိုင်မြတ်

၎၊ ၂၊ ၂၀၁၄