အမေ (နေနေ)

Posted on Posted in ဝတ္ထုတို

“ကျနော်က“အစိုးရတခုကိုသာအသိအမှတ်ပြုနိုင်မည်တခြားအဖွဲ့တဖွဲ့ကိုအခွန်မပေးနိုင်” ဟူသောသဘောမျိုးပြောသောအခါ ထိုအဖွဲ့ကခေါင်းဆောင်က မခံမရပ်နိုင်ဖြစ်ကာ ခါးကြားမှသေနတ်ထုတ်ပြီး ကျနော့်ကိုပစ် ရန်ချိန်ရွယ်ထားခဲ့သည်။ အမေသည်အိမ်ပေါ်မှပြေးဆင်းလာပြီး ကျနော့်ရှေ့မှာကာရပ်ရင်း“ဒါငါ့သား၊ဒါငါ့သား” ဟုအော်နေခဲ့ သည်ကို …”

အမေ

 နေနေ

 

သရုပ်ဖော် - ဖေဦးစ
သရုပ်ဖော် – ဖေဦးစ

ကျနော်သည်ငယ်ငယ်က အဖေ့ကို အချိန်မရွေးနေရာမရွေး နမ်းရဲသော်လည်းအမေ့ကိုမနမ်းရဲပါ။ အမေကိုတခါနမ်းရဲလျှင်ငွေငါးကျပ်ပေးမည်ဟု အဖေကပြောသောအခါ ပိုက်ဆံကိုလိုချင်သဖြင့် အမေ့ပါးကိုမရဲတရဲနမ်းခဲ့ပါသည်။နောက်ပိုင်းတွင်တော့ မနမ်းတော့ပါ။

သားသမီး ခုနစ်ယောက်မွေးခဲ့သောအမေသည်အဖေလို မရော၊အဖေ့လို မဆူ၊အဖေ့လိုလည်း မရိုက်ပါ။ ကျနော် မှတ်မိသလောက်အမေကရိုက်တာတခါသာ ခံခဲ့ရဖူးပါသည်။ အိမ်ခေါင်းရင်းဘက်ဇီးပင်အောက်တွင်ဇီးကိုင်းခြောက်ဖြင့် အရိုက်ခံခဲ့သည်ကို မှတ်မိပါသည်။ ဘာအကြောင်းကြောင့်ရိုက်ခဲ့သည်ကိုကား မမှတ်မိတော့ ပါ။နောက်တခါမှာ ခေါင်းကိုခေါက်ခဲ့သည်။ ကျနော်သည် အမေ့လိုပင် ဒညင်းသီး၊ ဆူးပုတ်၊ ငါးပိ ရည်တို့ကို အလွန်ကြိုက် ပါသည်။ ကျနော်တို့မိသားစုသည် ထမင်းဝိုင်းဖွဲ့ပြီး စားလေ့ ရှိသော်လည်း တညနေတွင် မိသားစုအားလုံး အလုပ်များနေ ခိုက် ညစာကိုကျနော်တယောက်တည်း စားခဲ့သည်။ ထိုညနေကဟင်း မချက်၊ ဒညင်းသီးပြုတ်တအိုး၊ ငါးပိရည် တအိုးသာ ပြင်ထားသည်။ ကျနော်သည် စားကောင်းကောင်းနှင့် ဒညင်းသီးလေးလုံးနှင့်တခြမ်းကို စားလိုက်မိသည်။ အမှန်မှာ ထိုနေ့ညစာအတွက်တယောက် အတွက်၂ လုံး ကျနှုန်းဖြင့်ပြုတ် ထားရာ ကျနော်ကမသိဘဲ ပိုစားသဖြင့်ခေါင်းခေါက်ခံရသည်။

ကျနော်သည် တက္ကသိုလ်အောင်ပြီးနောက် နှစ်အတန်ကြာအိမ်ပြေးဖြစ်ခဲ့သည်။ အငယ်ဆုံးသားလည်းဖြစ် သဖြင့်အိမ်မှပျောက်သွားသည့်အခါတအိမ်လုံး စိတ် မကောင်း ဖြစ်ကြသည်။ ကျနော့်အစ်မတယောက်ဆိုရင် ကျနော့်အတန်းဖော်ငယ်သူငယ်ချင်းတွေအိမ်ကိုအလည်လာတိုင်း ငိုနေတတ်သည်ဟုနောက်မှပြန်ကြားရ ပါသည်။ အဖေသည် ကျနော့်နေ့စဉ်ဒိုင်ယာရီထဲမှဓာတ်ပုံကိုထုတ်ပြီး အိမ်ခေါင်းရင်းမြေကွက်မှာညနေတိုင်း လိုလိုထိုင်မှိုင်နေတတ်သည် ဟုနောက်မှပြန်သိရပါသည်။ အမေကားသူ့စရိုက်အတိုင်းခံစားချက်ကိုမပြခဲ့ပါ။ သို့သော် မိသားစုထမင်းဝိုင်းတွင် ဒညင်းသီးပြုတ်ပါလာလျှင် အမေသည်သူ့သားထွေးကိုသတိမရဘဲ မနေနိုင်တော့။ ဒညင်းသီးဇာတ်လမ်းကိုမျက်ရည်ဝဲရင်း ပြန်ပြောနေတတ်သည်ဟုနောက်မှပြန်သိရသောအခါ ကျနော်လည်း ၀မ်းနည်း နောင်တရမိပါသည်။

အမေသည် ကျနော့်ကိုသေမည့်ဘေးမှလည်း ကယ်ခဲ့ဖူးပါသည်။ တခါမှာ ကျနော့်အသက် ၆နှစ်၊ ၇နှစ်ဝန်းကျင်ရှိမည်ဟု ထင်သည်။ ထိုစဉ်ကကျနော်သည် အလယ်တန်း မရောက်သေးသဖြင့်တောအိမ်တွင်မိဘ များနှင့်အတူနေပါသည်။ ကျနော့်အထက်မှ အစ်ကိုနှင့်အစ်မတို့မှာ အလယ်တန်းတက်နေသဖြင့်ကျောင်းနှင့်နီးသော ကျနော်တို့ အိမ်အသစ်တွင်နေကြသည်။ အိမ်နှစ်အိမ်မှာ ၁၀ မိုင်သာရှိသော်လည်း ယခုခေတ် ကဲ့သို့လမ်းပမ်းဆက်သွယ်ရေးမလွယ်ကူသေး။ မိုးတွင်းကာလတွင် ကုန်းတတန် ရေ တတန် သွားရသည်။ တယ်လီဖုန်းတွေမပေါ်သေးသဖြင့် လူကြုံစောင့်ပြီးစာပါးရသည်။ မိုးတွင်းတခုတွင် မိုးသည်းလေထန်သဖြင့်အမေသည် အစ်ကိုတို့အစ်မတို့ကိုစိတ် မချနိုင်ဘဲ ကျနော့်ကိုခေါ်ပြီးသွားပါသည်။ အမေက စားစရာတွေခေါင်းပေါ်ရွက်၊ ကျနော်က ကြက်ပေါက်ကလေးနှစ်ကောင်ကိုပိုက်ပြီး သွားကြပါ သည်။လှေကြုံမရသဖြင့် လယ်ကွင်းကျယ်ကြီးကိုဖြတ်ပြီးလယ်ကန်သင်းပေါ်ကသွားရသည်။ဗွက်တောများကိုလည်းဖြတ်ရသည်၊ချောင်းရိုးများကိုလည်းခနိုးခနဲ့ဝါးလုံးတံတားများပေါ်မှ သတိထားဖြတ်ကူးခဲ့ရသည်။မိုးထဲလေထဲရေထဲတွင် ကျနော်သည် ရေလျှံနေသောဝါးလုံးတံတားကိုအလောသုံးဆယ်ဖြတ်ကူးရာ အဆက်နေရာတွင်ခြေလှမ်းကျွံ ပြီးရေထဲသို့ ကျသွားတော့သည်။ရေမကူးတတ်သော ကျနော်သည် အရှိန်နှင့်စီးနေသောရေစီးကြောင်းနှင့် မျောပါသွားရာ အမေကရေထဲအမြန်ခုန်ချပြီးအချိန်မီလိုက်ဆယ်ခဲ့သဖြင့်သေဘေးမှလွတ်မြောက်ခဲ့ပါသည်။

နောက်တခါမှာ ကျနော်တက္ကသိုလ်ကျောင်းသားအရွယ်ဖြစ်သည်။ကျောင်းပိတ်ရက်ကာလတခုတွင်ကျနော် သည်အိမ်မှာဆက်ကြေးလာကောက်သော လက်နက်ကိုင် အဖွဲ့နှင့် တည့်တည့်တိုးမိသည်။ ကျနော်တို့မိသား စုပိုင်ဆန်စက်အတွက်အခွန်ကောက်သည်ဟုဆိုကာ ပိုက်ဆံအဆမတန် တောင်းလာသည်။ ကျနော်သည် ငယ်စဉ်က တည်းကတောအိမ်တွင်အနေနည်းခဲ့သဖြင့် ထိုအရပ်တွင်ကြီးစိုးသောလက်နက်ကိုင်အဖွဲ့၏အကြောင်းကို လည်းကောင်းကောင်းမသိ။ ထိုအဖွဲ့ကလည်း ကျနော့်ကို လူစိမ်းဟု ထင်နေသည်။ အိမ်ရှေ့မြေကွက်လပ်တွင် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်နဲ့ ကျနော်တို့ စကားအခြေအတင်စကားများကြသည်။ ကျနော်က“အစိုးရတခုကိုသာအသိအမှတ်ပြုနိုင်မည်တခြားအဖွဲ့တဖွဲ့ကိုအခွန်မပေးနိုင်” ဟူသောသဘောမျိုးပြောသောအခါ ထိုအဖွဲ့ကခေါင်းဆောင်က မခံ မရပ်နိုင်ဖြစ် ကာ ခါးကြားမှသေနတ်ထုတ်ပြီး ကျနော့်ကိုပစ် ရန်ချိန်ရွယ်ထားခဲ့သည်။ အမေသည်အိမ်ပေါ်မှပြေးဆင်းလာပြီး ကျနော့်ရှေ့မှာ ကာရပ်ရင်း“ဒါငါ့သား ဒါ ငါ့သား” ဟုအော်နေခဲ့ သည်ကို ယခုစာရေးနေသည့်အချိန်တွင်ပင်မြင်ယောင်နေပါသည်။

အမှန်မှာ ထိုလူမှာအရင်ကကျနော်တို့အိမ်မှာဝင်ထွက်စားအိမ်သောက်ခဲ့သဖြင့်ကျနော်တို့မိသားစုနှင့် ရင်း နှီးပါသည်။နောက်တော့ ဘယ်ကဘယ်လိုဖြစ်သွားသည်မသိ။ အပစ်ရပ်အဖွဲ့တဖွဲ့၏နယ်မြေထိန်းကြီးဖြစ် သွားခဲ့သည်။နဂိုပုံစံလည်းမဟုတ်တော့ဘဲအတော်ကြမ်းသဖြင့်နယ်ခံတွေကသူ့ကိုကြောက်ကြသည်။ ထို အကြောင်းကို မသိသောကျနော်က သူ့ကိုကြောက်ရကောင်းမှန်းမသိခဲ့။စောင်းပါးရိပ်ခြေနားမလည်ဘဲစာ အုပ်ကြီးအတိုင်းခံပြောခဲ့ရာ အမေက ၀င်မကာလျှင် ဘယ်သို့ဖြစ်မလဲမပြော တတ်ပါ။

အမေသည်ငယ်စဉ်ကတည်းကကိုယ့်အားကိုယ်ကိုးခဲ့ရ၍လားမသိ၊အလွန်သတ္တိကောင်းသည်ဟုကျနော်ထင်သည်။ အမေတို့မောင်နှမတတွေသည် လူမမယ်အရွယ် ကတည်းက မိဘနှစ်ပါးစလုံးကိုရှေ့ဆင့် နောက်ဆင့်ဆုံးရှုံးခဲ့ကြရှာသည်။ အမေ၏အမေ ကွယ်လွန်ပြီးသိပ်မကြာခင်မှာပဲအမေတို့ဖခင်မှာဓားပြတွေ သတ်တာ ခံလိုက်ရ သည်။ ထိုစဉ်ကအမေတို့ညီအစ်မတွေမှာအပျိုပေါက်အရွယ်တွေသာရှိသေးပြီးကျနော်ဦးလေးနှစ်ယောက်မှာလူမမယ်အရွယ်မျှသာ ရှိသေးသည်။ ယခုအထိ အမေ သည်မောင်နှမများအပေါ်အလွန်သြဇာရှိနေသည်ဟုကြည့်လျှင်ဉာဏ်ကောင်းပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိသော အမေသည်မောင် နှမတွေကိုမှန်မှန်ကန်ကန် ဦးဆောင်မှုပေးခဲ့သည်ဟုခန့်မှန်းမိပါသည်။

အဖေနှင့်အမေတို့ဇာတ်လမ်းမှာလည်းရုပ်ရှင်ဆန်ပါသည်။အဖေတို့မျိုးရိုးမှာတောသူကြီးမျိုးရိုးဖြစ်ပြီးငွေ ကြေးအတန်အသင့်ပြည့်စုံပါသည်။ အဖေသည်ကိုးတန်းကျ ပြီးနောက် ရွာပြန်ကာမူလတန်းကျောင်းဆရာ လုပ်နေခဲ့သည်။ထို့နောက်သမ၀ါယမဆိုင်များပေါ်လာသောခေတ်တွင် ဆိုင်တာဝန်ခံပြောင်းလုပ်သည်။ ဆိုင်တွင် အကူ ၀န်ထမ်းအဖြစ်ခေါ်ထားသောအမေနှင့်မေတ္တာမျှပြီးခိုးပြေးကြသည်။အဘွားကသဘောမတူ သဖြင့် အဖေ့ကိုအ၀တ်အစားပင်မပေးဘဲသေတ္တာသော့ပိတ်ထားခဲ့ သည်။မြေးဦးရသည့်အထိ အဘွားကအမွေဖြတ်ထားခဲ့သဖြင့် အမေနှင့်အဖေသည်အမေတို့သည် အိမ်ထောင်ဦးကာလမှာ ဥစားကြက်မွေး၊နို့စား နွားမွေးရင်း ဘ၀ကို သုညကစခဲ့ရသည်ဟု သိရပါသည်။

ကျနော်မှတ်မိသည့်အရွယ်မှစ၍အဖေနှင့်အမေသည်ရန်ဖြစ်သည့်အခါ ဖြစ်သည်။ သို့သော် သိပ်မကြာခင် မှာပင် ပြန်တည့်သွားတတ်ပါသည်။ တခါတွင်ဘာကြောင့်မှန်း မသိ၊ စကားမပြောဘဲအကြာကြီးနေခဲ့ကြ သည်။အလယ်တန်းကျောင်းသားကျနော်က အိမ်ပြောင်းသွားပြီ။ သို့သော် အဖေနှင့်အမေတို့စကား မပြောသည့်သတင်းကြောင့် ကျနော်တို့မောင်နှမတတွေမှာစိတ်မချမ်းသာဖြစ်ကြသည်။ ကျနော်သည်လူ ကြုံဖြင့်စာတိုလေးရေးပို့လိုက်သည်။

‘ သို့

အဖေနှင့်အမေ၊

ကမ္ဘာမှာအီရန်နဲ့အီရတ်တောင်တည့်သွားကြပြီ၊အဖေနဲ့အမေတို့မတည်ကြသေးဘူးလား။

သား”

စာမှာဤမျှသာဖြစ်သည်။ ယခုပြန်စဉ်းစားသည့်အခါထိုစဉ်က အီရန်၊အီရတ်ဆက်ဆံရေးနောက်ခံအကြောင်းကို ကျနော်မမှတ်မိတော့ပါ။ ကျနော်သည်ငယ်စဉ်ကတည်း ကရေဒီယိုနားထောင်သဖြင့်ထိုကဲ့ သို့ကိစ္စမျိုးတွေကိုသိနေခဲ့တာဖြစ်မည်။ စာတိုကလေးမှာအလွန်ထိရောက်ပါသည်။နောက်တရက်တွင် လင်မယားနှစ်ယောက် ကျနော်တို့စားဖို့အသီးအရွက်၊အသားငါးတွေထမ်းပိုးပြီးကျနော်တို့ဆီချီတက်လာ ကြတော့သည်။

ပုံမှန်ဆိုလျှင်စာမေးပွဲရက်များတွင်အဖေသည်ကျနော်တို့မောင်နှမတွေဆီကိုရောက်လာတတ်သည်။ဖျား နာသည့်အခါမျိုးတွင်အမေအလှည့်ဖြစ်သည်။ အမေသည် သားသမီးတယောက်ချင်း၏အကြိုက်အလိုက်ကို နောကျေသည်။ ဖျားနာသည့်အခါမြိုးမြိုးမြက်မြက်မထပ်အောင်ချက်ကျွေးတော့သည်။ထို့ကြောင့်ကျနော် တို့ဖျားသည့်အခါ အမေ့ကိုမျှော်ကြသည်။အမေမလာမချင်းအဖျားမပျောက်၊ အမေလာမှအဖျားပျောက် ကြသည်။ တခါတရံလည်းလယ်ယာလုပ်ငန်းခွင်တွင် ခဏနားသည့် အခါ  တောဘက် တွင် သားငါးပေါသည့်အခါမျိုး၊ အိမ်တွင်စားကောင်းသောက်ကောင်းချက်စားသည့်အခါ၊ မုန့်လုပ်စားသည့်အခါမျိုးတွင်လည်း အမေသို့မဟုတ်အဖေ၊ သို့မဟုတ်နှစ်ယောက် စလုံး အထုပ်အပိုးတွေသယ်ပြီးရောက်လာလေ့ ရှိပါသည်။ လမ်းပမ်းဆက်သွယ်ရေးခက်ခဲသဖြင့်ကုန်းကြောင်းလာကြသည်။ တခါတလေ မုန့်တွေနှင့်ရောက်လာသည်။ တခါတရံကြက်အရှင်ကိုကြိုးနှင့်တုပ်ပြီးပေါက်လာသည်။ တခါတရံမိုးဖွဲဖွဲတွင်ရာသီပေါ်မှို၊အင်ဥ၊မြစ်၊ခြံထွက်အသီးအနှံတွေကို တရွက်တပိုးနှင့် လာကြသည်။ ပင်ပန်းမှာ စိုး၍တားလည်း ဘယ်လိုမှတားမရပေ။ကျနော်တို့ကိုလည်းကျွေးသည်၊အနီးအနားအိမ်တွေကိုလည်းအဝေခိုင်းသည်။

 

“တခါတွင်ကျနော်သည် ပထမဆုံးရသည့်စာမူခစာအိတ်ကလေး ၆အိတ်၊၇အိတ်ကို အမေ့ကိုအမှတ်တရ ကန်တော့ခဲ့ဖူးပါသည်။ စာပေအသိုင်းအ၀ိုင်းမှမဟုတ်သောအမေသည် စာမူခစာအိတ်များကိုတခါမှမမြင်ဖူး။ထူးဆန်းနေသည်။ ကျနော်က ဂုဏ်ယူစွာ ရှင်းပြသောအခါ အမေသည်ကျနော်နည်းတူဂုဏ်ယူရွှင်လန်းစွာပြုံးနေလေသည်။ အတန်ကြာသည့်အထိလည်းငွေတသောင်းစီပါသော ကျနော့်စာမူခ စာအိတ်လေးများကို မဖောက်ရက်ဘဲ…”

 

အမေက ကျနော့်ကိုစစ်ဗိုလ်ကြီးဖြစ်စေချင်သည်။တကယ်တမ်းကျနော့်မှာ စစ်တက္ကသိုလ်သို့မရောက်ဘဲ အင်ဂျင်နီယာတက္ကသိုလ်ရောက်သွားတော့လည်း အမေသည် သားအတွက်ဂုဏ်ယူပါသည်။ ပုံမှန်ဆိုလျှင်ခရီးထွက်လေ့မရှိသောအမေသည်ပြည်မြို့အစွန်ကကျနော်တို့အဆောင်၊ ကျနော်တို့ကျောင်းအထိ လိုက်ကြည့်ခဲ့သည်။ ဘွဲ့ယူသည့်အခါတွင်လည်း အဖေနှင့်အတူ ရန်ကုန်သို့တက်လာသည်။ ထိုစဉ်ကကျနော် သည်အာစီတူးထဲကသူငယ်ချင်းအဆောင်မှာနေပြီး ကွန်ပျူတာ သင်တန်းတခု တက်နေသည်။ ဘွဲ့ယူဖို့လည်း စိတ်မ၀င်စားသလို အိမ်ကိုလည်း အကြောင်းမကြားခဲ့ပါ။ သူငယ်ချင်းကအကြောင်းကြားသဖြင့် အမေတို့လိုက်လာကြခြင်းဖြစ်သည်။ ကျနော်သည် အင်ဂျင်နီယာတက္ကသိုလ်တွင် ထူးချွန်သူမဟုတ်သဖြင့် ဘွဲ့ယူသည့်အခါ ခုံနံပတ်အစဉ်အတိုင်း ဘိတ်ဆုံးပိုင်းကျမှ စင်ပေါ်တက်ခဲ့သည့်အခါ အမေတို့ကို အားနာမိပါသည်။

မောင်နှမ ၇ ယောက်တွင် အငယ်ဆုံးဖြစ်သည့်ကျနော်သည်ငယ်စဉ်က ပညာအထူးချွန်ဆုံးဖြစ်သလိုအလို လိုက်အခံရဆုံး၊ ပညာရေးအတွက် အကုန်ကျအများဆုံးဖြစ်ပါ သည်။ တခါတွင်အိမ်မှာငွေကြေးကျပ်တည်းချိန်ကိုမလိုက်ကန်းဆိုးမသိဘဲ ကျနော်ကသင်တန်းတခုတက်ချင်သည်ဟု ပူဆာလွန်းသဖြင့်အမေသည်သူ့ ၏ရွှေ လက်ကောက်ကိုထုတ်ပေးဖူးပါသည်။ အသက်ကြီးလာသောအခါ အမေသည် သားထွေးဆီမှသိ တတ်မှုကိုမျှော်လင့်နေသည်ကိုလည်းနောက်တော့ သိခဲ့ရပါသည်။ တခါတွင်ကျနော်သည်“ကြီးမေ” ဟုကျနော်တို့ခေါ်သောအမေ၏အစ်မကြီးထံသို့လူနာမေးသွားခဲ့ပါသည်။“ ဟဲ့.. နင့်အမေကနင့်လုပ်စာကိုစားချင်တယ်လို့ ငါ့ကိုပြောနေ တယ်” ဟု လေထိထားသောကြီးမေက အားမနာဘဲပြောသောအခါ ကျနော် သည်မျက်နှာပူခဲ့ရပါသည်။

အမှန်မှာ အမေသည်ကျနော်ဆီမှသိတတ်မှုကိုသာမျှော်လင့်နေခြင်းဖြစ်သည်။ တခါတွင်ကျနော်သည် ပထမဆုံးရသည့်စာမူခစာအိတ်ကလေး ၆အိတ်၊၇အိတ်ကို အမေ့ကိုအမှတ်တရ ကန်တော့ခဲ့ဖူးပါသည်။ စာပေအသိုင်းအ၀ိုင်းမှမဟုတ်သောအမေသည် စာမူခစာအိတ်များကိုတခါမှမမြင်ဖူး။ထူးဆန်းနေသည်။ ကျနော်က ဂုဏ်ယူစွာ ရှင်းပြသောအခါ အမေသည်ကျနော်နည်းတူဂုဏ်ယူရွှင်လန်းစွာပြုံးနေလေသည်။ အတန်ကြာသည့်အထိလည်းငွေတသောင်းစီပါသော ကျနော့်စာမူခ စာအိတ်လေးများကို မဖောက်ရက်ဘဲ တသသဖြစ်နေသည်ဟု အစ်မလတ်က ကျနော့်ပြန်ပြောပြပါသည်။ တခါတွင်အမေသည်ရွှေဆွဲကြိုးတကုံး ကိုကျနော့်ကိုပြပါသည်။ “အမေတို့လိုတာသုံးပါ’ ဟုဆိုကာအဝေးမှ ကျနော် ကန်တော့သောငွေကို မသုံး ရက်ဘဲရွှေဆွဲကြိုးတကုံး ၀ယ်ထားခြင်း ဖြစ်သည်။ “အခုတော့ အမေ၀တ်ရတာပေါ့၊ အမေသေတော့ သားတို့ယူပေါ့” ဟုပြောသောအခါ ကျနော်သည်ဝမ်းနည်းဝမ်းသာဖြစ်ရပါသည်။

ကျနော်သည်အိမ်ပြေးဘ၀တွင်အဖေနှင့်အမေကိုအသက်ရှင်လျက်ပြန်မတွေ့ရလည်းနောင်တမရဖို့အဆိုး ဆုံးအခြေအနေအထိမိမိစိတ်ကိုကြိုတင်ပြင်ဆင်ခဲ့ဖူးပါသည်။ သို့သော်နှစ်အတန်ကြာသောအခါအမေနှင့်အမေကိုကျန်းမာစွာပြန်တွေ့ရသဖြင့်ကံကောင်းသည်ဟုတွေးမိပါသည်။ အဖေနှင့်အမေသည် ကျနော်က အိမ်ကို အဆက်အသွယ်ဖြတ်ထားခဲ့ခြင်းအတွက် အပြစ်မဆို၊အမေသည် ကျနော်ကြိုက်တတ်သောဟင်း၊ မုန့်များကိုသာမနားမနေချက်ပြုတ်ကျွေးမွေးနေသည်။ ထုံးစံအတိုင်းအစောဆုံးအိပ်ရာမှထပြီးမိသားစုစား သောက်ရေးကိစ္စတကုတ်ကုတ်ချက်ပြုတ်စီစဉ်နေလေသည်။ အမေ့လက်ရာအရမ်းကောင်းသည်ဟုပြော လျှင် အမေသည်ပီတီဖြာ၍ ပြုံးနေတတ်သည်။

သို့သော်အိမ်တွင်ငယ်ငယ်ကလိုလူမစုံတော့ပါ။ အိမ်ထောင်ကျသူကျပြီး သားသမီးခုနစ်ယောက်အနက်လေးယောက်မှာ တနယ်တကျေးမှာရောက်နေ သည်။ ကျန်းမာရေးအနည်းငယ်ချူချာနေသောအဖေက သားသမီးအားလုံးကိုဆုံစေချင်သည်ဟု တဖွဖွမှာ သည်။အဖေ့ဆန္ဒသည်အမေ့ဆန္ဒပင်ဖြစ်ပါလိမ့်မည်။သို့သော် အမေသည်ဘာမှမပြောဘဲဆိတ်ဆိတ်သာနေသည်။

ကျနော်တို့မိသားစုသည်ငွေကြေးအရမပြည့်စုံသော်လည်း အမေနှင့်အဖေတို့ကြောင့်မေတ္တာအရာတွင်လိုလေသေးမရှိအောင်ပြည့်စုံခဲ့ပါသည်။ အမေသည်ယခုအခါဆံပင်တွေပိုဖြူလာသည်။ ခါးအနည်းငယ်ကုန်းလာသည်။ သို့သော်အမေအိုသည် အနားမရသေးဘဲသားသမီးများမှမွေးသောမြေးများ ကိုပြုစုပျိုး ထောင်နေပြန်သည်။ စိတ်ကောက်နေသောအသက် ၄ နှစ်အရွယ် မြေးမလေးကို အမေက စိတ်ရှည်လက် ရှည်ချော့မော့နေသည်ကိုတွေ့ရသောအခါ ကျနော်ငယ်စဉ်ကဇီးပင်အောက်မှာအရိုက်ခံခဲ့ပုံ ၊ရေနစ်စဉ်နှင့်သေနတ်ချိန်ရွယ်ခံရစဉ်မှာ အမေက အတင်းဝင်ပြီးကာကွယ်ပေးခဲ့ပုံများကိုပြန်အောက်မေ့ရင်း အမေအိုကိုငေးကြည့်နေမိပါသည်။