အမှိုက်ပုံးထဲရောက်သွားသော အချစ်သော့များ (မောင်ရင်ငတေ)

Posted on Posted in ဒေသန္တရရှုခင်း

 ” မကြာသေးခင် လေးငါးခြောက်နှစ်အတွင်းမှာတော့ အထူးရေပန်းစားလာကတော့ ဒီသံမဏိတံတား လက်ရမ်းသံဇကာ ကွက်တွေမှာ သော့ခလောက်ချိတ်တဲ့ ယဉ်ကျေးမှုထွန်းကား လာတာ ဖြစ်ပါတယ်၊”

 

ဥရောပရှုခင်း

အမှိုက်ပုံးထဲရောက်သွားသော အချစ်သော့များ

ရှေးရှေးတုန်းက Passerelle des Arts 1867                                (ပန်းချီ Auguste Renoir)
ရှေးရှေးတုန်းက Passerelle des Arts 1867 (ပန်းချီ Auguste Renoir)

 

ပါရီမြို့ရဲ့နာမည်ကျော်စဲန်းမြစ်ပေါ်က လူကူးတံတားဖြစ်တဲ့ (Passerelle des Arts) Pont des Arts တံတားလက်ရမ်းများမှာ ချိတ်ဆွဲထားတဲ့ အချစ်ကြီးသူတွေရဲ့သော့ခလောက်တချို့တော့ တနင်္ဂနွေ နေ့ ၂၀၁၄ ခုနှစ် ဂျွန်လ ၆ ရက်နေ့ မနေ့က ဇာတ်သိမ်းခန်း သို့ ရောက်ရှိသွားပါပြီ။

 

ပါရီမြို့ အနုပညာအကယ်ဒမီကျောင်းရှေ့က ဒီတံတားကို Napoléon I (Napoléon Bonaparte) ပထမမြောက် နပိုလီယံ (၁၇၆၉-၁၈၂၁) ဘုရင်လက်ထက် ၁၈၀၄ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ၊

 

၁၈၅၂ ခုနှစ်မှာ တကြိမ်ပြန်လည်ပြင်ဆင်ခဲ့ပြီးတော့ ၁၉၈၄ ခုနှစ်မှာ အသစ်ပြန်လည်တည်ဆောက် ခဲ့ပါတယ်။ ပြင်သစ်သမ္မတဟောင်း Jacques Chirac (၁၉၃၂-…) ပါရီမြို့တော်ဝန်ဘဝက ဖွင့်လှစ် ပေးခဲ့တာ ဖြစ်ပါတယ်။

 

ဟိုးအရင်ရှေးခေတ်က စာရေးဆရာ ပန်းချီဆရာ ဓာတ်ပုံဆရာတွေ အနုပညာသမားတွေ ကျက်စား လေ့ရှိကြတဲ့ အဲဒီတံတားကလေးကို နိုင်ငံတကာက လာရောက်လည်ပတ်ကြသူများကြားမှာလည်း တနှစ်ထက်တနှစ် ပိုမိုရေပန်းစားလာပါတယ်။ ဖလင်ထည့်ရိုက်စရာမလိုတော့တဲ့ ကင်မရာတွေရဲ့ ခေတ်၊ တယ်လီဖုန်းတွေ တက်ပလက်တွေ ခေတ်စားလာတဲ့ ဒီနေ့ခေတ်မှာ ဓာတ်ပုံရိုက်လိုသူတွေ က ဒီတံတားပေါ်မှာ တနေ့တခြား ပိုမိုများပြားလာတာပါ။

 

အချစ်သော့များ အခတ်ခံထားရတဲ့ Passerelle des Arts 2014                   (ဓာတ်ပုံ မရငတ)
အချစ်သော့များ အခတ်ခံထားရတဲ့ Passerelle des Arts 2014 (ဓာတ်ပုံ မရငတ)

မကြာသေးခင် လေးငါးခြောက်နှစ်အတွင်းမှာတော့ အထူးရေပန်းစားလာကတော့ ဒီသံမဏိတံတား လက်ရမ်းသံဇကာ ကွက်တွေမှာ သော့ခလောက်ချိတ်တဲ့ ယဉ်ကျေးမှုထွန်းကား လာတာ ဖြစ်ပါတယ်၊ မောင်ရင်ငတေတို့ ပါရီမြေကိုရောက်ခါစနှစ်များ မှာတုန်းကတော့ ဧည့်သည်လာရင် ဒီတံတားပေါ်မှာ တကူးတက လိုက်ပြစရာ သော့ခလောက်တွေ မရှိသေးပါဘူး၊ အခုကတော့ ဧည့်သည်တွေလာရင် လိုက်ပြရမယ့် အရေးကြီးနေရာစာရင်းထဲမှာ တစတစဝင်လို့ လာနေပါပြီ။

မနေ့က တနင်္ဂနွေနေ့ ၂၀၁၄ ခုနှစ် ဂျွန်လ ၆ ရက်နေ့မှာ အဲဒီတံတားလက်ရမ်းမှာ ချိတ်ဆွဲထားတဲ့ သော့ခလောက်တွေရဲ့ အလေးချိန်ဝန်ကိုမခံနိုင်တော့လို့ အကန့်တကန့်ပြုတ်ထွက် ကျိုးပြတ်သွားခဲ့ ပါတယ်။ အဲဒါလိုပြုတ်ထွက်သွားတဲ့သော့ခလောက်တွေကို ပါရီမြို့တော်ရဲ့ စည်ပင်သာယာဌာနက လာရောက် သိမ်းဆည်းသွားခဲ့ပါတယ်။

တံတားလက်ရမ်းတွေက သော့ခလောက်တွေ အားလုံး ဖြုတ်သိမ်းသွားတာတော့ မဟုတ်သေးပါဘူး။

ပြိုပျက်သွားတဲ့နေရာက သော့တွေကိုသာ စည်ပင်သာယာက လာရောက်အမှိုက်သိမ်းသွားတာပါ တဲ့။ သော့ခလောက်တွေ အားလုံးကို ဖြုတ်ပစ်ဖို့ကတော့ ပါရီမြို့တော်ဝန်မကြီးက အမိန့် မပေးသေးပါဘူး။

အမိန့်တခုချဖို့ရာ အစည်းအဝေးတွေအထပ်ထပ်ထိုင်ပြီး အများသဘောတူမှ ဆုံးဖြတ်ချက်ချနိုင်မှာ ဆိုတော့ကာ (ပြင်သစ်ရဲ့ ကြိုးနီးစနစ်အရ) အချိန်အတန်ငယ် ကြာနိုင်ပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ခရီးသွားသူများနဲ့စီးပွားရေးတွက်ခြေကိုက်နေတဲ့ ပါရီမြို့တော်ကြီးရဲ့ခရီးသွားဧည့် သည်များ အထူးစိတ်ဝင်စားရာ သော့ခလောက်ချိတ် ယဉ်ကျေးမှုကိုတော့ လွယ်လွယ်ကူကူနဲ့ ဖျက် သိမ်းပစ်ဖို့ ပါရီမြို့ကိုအုပ်ချုပ်နေသူများ စဉ်းစားမှာတော့ မဟုတ်ပါဘူး။

 

သတင်းထောက်တွေ အလုပ်ရှုတ်တဲ့နေ့                                                  (ဓာတ်ပုံ မရငတ)
သတင်းထောက်တွေ အလုပ်ရှုတ်တဲ့နေ့ (ဓာတ်ပုံ မရငတ)

 

ဒီအတောအတွင်းမှာ အဲဒီသော့ခလောက်များကို ဓာတ်ပုံရိုက် မှတ်တမ်း တင်ချင်သူများကတော့ ပိုပြီး များပြားလာမှာ အသေအချာပါပဲ။ ဒီကနေ့ အဲဒီတံတားရှိရာကို မောင်ရင်ငတေရောက်သွားတော့ နေသာတဲ့နေ့ လည်းဖြစ်တာကတကြောင်း လူတော်တော်စည်ပါတယ်။ သတင်းဌာနတွေက သတင်းလာယူသူများ မှတ်တမ်းလာတင်သူ များကိုလည်း တွေ့ရပါတယ်။

 

အကယ်၍သာ ဒီသော့တွေကို အကုန်ဖြုတ်ပစ်လိုက်မယ်ဆိုရင်တော့ ဒီတံတားကို လာလည်သူတွေ လျော့သွားမလား ဒါမှမဟုတ် ပိုလို့ပိုလို့သာ သော့တွေမရှိတော့တာကို မှတ်တမ်းတင်သူများလို့ လာ လေမလား မပြောနိုင်ပါဘူး။

 

မောင်ရင်ငတေရဲ့အမြင်အရ သော့ခလောက်တွေကို ဖြုတ်ပစ်လိုက်ဖို့ကောင်းနေပါပြီ။ ဖြုတ်လည်း ဖြုတ်ပစ်သင့်ပါပြီ။ တံတားရဲ့ခံနိုင်ရည်ဝန်နဲ့အား မမျှသလောက်ဖြစ်နေ ပါပြီ၊ သော့ခလောက်တွေရဲ့ စုစုပေါင်းအလေးချိန်က တန်တရာကျော်နေပါပြီတဲ့၊ ထုံးစံအတိုင်း သော့ခလောက်တွေ ဖြုတ်ပစ်ရေး လှုပ်ရှားသူတွေရယ် သော့ခလောက်တွေ မဖြုတ်ပစ်ဘဲ ဒီအတိုင်းထားရေးလှုပ်ရှားသူတွေရဲ့ ဝေဖန် လေကန် ငြင်းခုန်သံတွေကတော့ ပို၍ပို၍ ညံလာတာကို တွေ့ရပါတယ်ခင်ဗျား။

 

သတင်းထောက်တွေ အလုပ်ရှုတ်တဲ့နေ့                                                   (ဓာတ်ပုံ မရငတ)
သတင်းထောက်တွေ အလုပ်ရှုတ်တဲ့နေ့ (ဓာတ်ပုံ မရငတ)
သတင်းထောက်တွေ အလုပ်ရှုတ်တဲ့နေ့                                                  (ဓာတ်ပုံ မရငတ)
သတင်းထောက်တွေ အလုပ်ရှုတ်တဲ့နေ့ (ဓာတ်ပုံ မရငတ)

 

      

 

« Cadenas d'amour » (ဓာတ်ပုံ မရငတ) « Cadenas d'amour » (ဓာတ်ပုံ မရငတ)မရငတ)
« Cadenas d’amour » (ဓာတ်ပုံ မရငတ)

 

အဲဒီလောက်များတဲ့ သော့ခလောက်တွေ တံတား လက်ရမ်းတွေ မှာ နောက် တခါ ပြန်ပြည့်ဖို့ကတော့ သုံးလေးနှစ်လောက် စောင့်ရလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သော့ခလောက်တွေ မရှိတော့လို့ ဟာလာဟင်းလင်းဖြစ်သွားပြီး အလှပျက်သွားမယ့် တံတားလက်ရမ်းတွေကို မကြည့်ရက်သူများက အရင်က အချစ်သော့ ခတ်သူများအရေအတွက်ထက် နှစ်ဆသုံးဆမက ပိုမိုပြီး တိုးပွားလာရင်တော့ နောက်တနှစ် မပြည့်ခင်မှာပဲ သော့ခလောက်တွေ ပြန်ပြည့် သွားနိုင်ကြောင်း ပါခင်ဗျာ။

အဲဒီလိုသာ သော့တွေခတ်လိုက်ပြည့်လိုက်ဖြုတ်လိုက် နဲ့ သော့သံသရာ လည်နေ မယ်ဆိုခဲ့ ရင်တော့ မောင်ရင် ငတေလည်း ရွှေပြည်တော်သို့ ခါတော်မီပြန်တော် မူပြီး သော့ ခလောက်စက်ရုံကလေးကို သွားပြီးထောင် ရင် ကောင်းမလား ပါရီမှာပဲဆက်နေပြီးတော့ စဲန်းမြစ်နဘေးမှာ သော့ခလောက် အရောင်းဆိုင်လေး ဖွင့်စား ရင် ကောင်းမလားစဉ်းစားရတော့မယ့် ကိန်းဆိုက် လို့နေပါပြီ။

တနေ့ ခရိုနီ မောင်ရင်မစ်ကီငတေဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင် မလဲနော်။

 

မောင်ရင်ငတေ ၀၉၀၆၂၀၁၄

 

Read more at https://www.youtube.com/watch?v=hw5so6gCB2M

http://www.atlantico.fr/pepites/cadenas-amour-paris-grille-pont-arts-cede-poids-1605415.html#EH8KhPbf0STAvwHP.99

http://fr.wikipedia.org/wiki/Cadenas_d’amour

 

Voici la preuve que l'amour n'est pas éternel !!! (Sathit Khreuanarong) (ဓာတ်ပုံ ဂူဂဲလ်)
Voici la preuve que l’amour n’est pas éternel !!! (Sathit Khreuanarong) (ဓာတ်ပုံ ဂူဂဲလ်)
နှမျောသတစွာနဲ့ ကြည့်နေတဲ့ စည်ပင် လုပ်သားကြီး
နှမျောသတစွာနဲ့ ကြည့်နေတဲ့ စည်ပင် လုပ်သားကြီး