ဘ၀ပခုံးဖြင့် ထမ်းရသော စကားလုံး (နောင်ကျော်)

Posted on Posted in အက်ဆေး

အက်ဆေး

 

စာဖတ်သောအသိုင်းအ၀ိုင်းလည်း ပို၍ကျယ်လာ၊ စာတွေဖတ်ပြီး ဆွေးနွေးပြောဆိုသောအလေ့အထလည်း ရလာခဲ့ သည်။ လူ့အဖွဲ့အစည်းဟောင်းကို ပြောင်း၍ လူ့အဖွဲ့အစည်းအသစ်ကိုတည်ဆောက်ချင်သော အတွေးအမြင်များကလည်း ကျွန်တော့် စိတ်ထဲတွင် ပို၍ခိုင်မာစွဲမြဲ လာသည်။ မတရားမှုများပယ်ဖျောက်၍ တရားမျှတမှုများသာပဲ စိုးမိုးစေ ချင်စိတ်တွေ အမြစ်တွယ်လာသည်။ ကိုယ်တိုင်က ဒုက္ခဆင်းရဲမှုကြားတွင် ကျင်လည်နေရသော်လည်း ကိုယ့်ပတ်ဝန်းကျင် တွင် မြင်တွေ့ကြားသိနေရသောလူမှုဒုက္ခများကို ပြေလည်ပြေပျောက်စေ ချင်စိတ်တွေ ရုန်းကြွခံစားမိလာသည်…

 

ဘ၀ပခုံးဖြင့် ထမ်းရသော စကားလုံး

နောင်ကျော်

dmsartblog.edublogs.org
dmsartblog.edublogs.org

၁။

 

လူတိုင်းတွင် ခံယူချက် ယုံကြည်ချက်တွေရှိသည်။ တချို့က ပြောကြသည်။ တချို့က ရေးကြသည်။

လက်တွေ့ကျင်လည်ရာဘ၀တွင် ကိုယ်ပြောသလို ရေးသလိုမကျင့်သုံးနိုင်ကြလျှင် အထင်သေးခြင်း ခံရတော့သည်။ ဤသဘောကို “စာတွေ့” ဖြင့် နားလည် သလိုလို ရှိခဲ့သည်မှာ ကြာပါပြီ။ “ငါတွေ့” ဖြင့် နားလည်သဘောပေါက်ခဲ့သည်မှာ သိပ်မကြာလှသေး ပါ။ မနေ့ကတနေ့ကအထိလည်း အသစ် အသစ်တွေကို တွေ့မြင်ခဲ့ရ၊ ကြားသိခဲ့ရ၊ ကြုံဆုံခဲ့ ရသောကြောင့် သိပ်မကြာလှသေးပါဟု ဆိုရခြင်း ဖြစ်ပါသည်။
၂။
“ပရဟိတ” ဟူသောစကားလုံးကို ခပ်ငယ်ငယ်ကတည်းက ကြားဖူးသည်။ စကားလုံးအနေဖြင့် လည်း တွေ့ခဲ့ဖူးမည်ထင်သည်။ သို့သော် မြန်မာအဘိဓာန်တွင်အဓိပ္ပာယ်ဖွင့်ထားသလို “သူတပါး အကျိုး။ (ပါဠိ၊ ပရဟိတ)” ဟူ၍ မသိခဲ့ဖူးပါ။ ယခုလက်တွေ့ဆောင်ရွက်နေကြသော “အကူအညီလိုအပ်နေသူများ အားအဆင်ပြေအောင် ကူညီဆောင်ရွက်ခြင်း” ဟူသည့်အလုပ်မျိုးကို ကလေးဘ၀ တုန်းက ပြေးလွှားဆော့ကစားရင်း၊ အပျော်သဘောနှင့်တွဲရင်း လုပ်ခဲ့ဖူးခြင်း ကို ပြန်စဉ်းစားနေရင်း မှာပင် အကွက်အကွင်းတချို့ကိုပါ သတိရလာမိသည်။ ကျွန်တော့်အသက်အရွယ်တမ်းတွင်ရှိပြီး ကျွန်တော်ကျင်လည်ရသော ၀န်းကျင်မျိုး တွင် နေထိုင်ခဲ့ဖူးသူတိုင်းလိုလိုကလည်း ကျွန်တော် လုပ်ဖူးသလိုမျိုး လုပ်ခဲ့ကြလိမ့်မည် ထင်ပါသည်။

ကျွန်တော်က ရန်ကုန်မြို့တော်ကြီးနှင့် ပုဇွန်တောင်ချောင်းခြားသော ဒေါပုံမြို့နယ်ထဲက ရပ်ကွက် တခုတွင် ကြီးပြင်းခဲ့သည်။ အဲဒီတုန်းက ဒေါပုံသည် ယခုလို ဒေါပုံ မဟုတ်။ ရန်ကုန်ဘက်ကမ်းသို့ ကားဖြင့်ကူးမည်ဆိုလျှင် ပုသိမ်ညွန့်တံတားကို ဖြတ်ရသည်။ ၁၉၆၈ ခုနှစ်ကျမှ သာကေတ တံတား သစ်ဟုခေါ်ခဲ့ကြသော တံတားတစ်စင်း ထပ်မံဖွင့်ပေး ခဲ့ခြင်း ဖြစ်သည်။ ရပ်ကွက်ဟုဆိုသော်လည်း ရွာဆန်သည်။ တရပ်ကွက်နှင့်တရပ်ကွက်ကြားတွင် လယ်ကွင်းတွေ၊ ကွင်းပြင်ကွက်လပ်တွေ ခြားသည်။ သောက်ရေ သုံးရေ အတွက် ရေကန်ကြီးတွေကိုပဲ အားထားရသည်။ သစ်သား တံတားကြီး ငယ်တွေက ရပ်ကွက်တိုင်းလိုလိုမှာ ရှိနေတတ်သည်။ ပုဇွန်တောင်ချောင်း၏ ဒီရေအတက် အကျ နှင့် ဆက်စပ်သောကြောင့် ဖြစ်သည်။

ထိုရပ်ကွက်အများစုတွင် နေထိုင်ကြသူအတော်များများကလည်း နယ်ပေါင်းစုံမှ ရေကြည်ရာ မြက် နုရာရှာရင်း ရန်ကုန်တွင်အခြေချဖို့ ရောက်လာသူတွေထဲမှ တချို့ဖြစ် သည်။ မူလတုန်းကတည်းက ရှိနေခဲ့သော ရွာနေပြည်ထိုင်ဆိုသူများကလည်း သိပ်မများလှပါ။ ထိုဒေသကိုရပ်ကွက်များ အဖြစ်သို့ မသတ်မှတ်ခင် “ရွာ” အဆင့်ရှိတုန်းက ဖွဲ့စည်းပုံကိုငုံ၍ အိမ်တွေ တလုံးပြီးတလုံး၊ လမ်းတွေ တလမ်း ပြီးတလမ်း တိုးလာခဲ့ခြင်း ဖြစ်သည်။ ရပ်ကွက်ဟူ၍ဖြစ်လာသော်လည်း ရွာပုံစံ မပျောက်၊ ရွာဓလေ့ မပျက်ခဲ့ ပါ။ ရွာသားတွေစုပြီး နေထိုင်ကြသောကြောင့် ဖြစ်ပါသည်။

ရပ်ကွက်သောက်ရေကန်အဖြစ်သတ်မှတ်ထားသော ရေကန်များကတော့ တကန်လုံးတွင် ကြာပင် များပြည့်ပြီး ရေကကြည်စိမ်းနေတတ်သည်။ သုံးရေကန်များကတော့ သောက်ရေကန်လောက် မကြည်။ ထိုကန်များကို မိုးလယ်လောက်တွင် ကန်ဆယ်ကြလေ့ရှိသည်။ ကန်ပေါင်လေးဖက် ရေစပ် တွင်ပေါက်နေသော မြက်ပင်များ၊ သုံးရေကန်တချို့ထဲမှရေမှော်များကို ကန်ပေါင်အပြင်ဘက် သို့ဆယ်တင်ပြီး ကန်ကိုသန့်ရှင်းအောင်လုပ်ခြင်းကို ကန်ဆယ်သည် ဟု ခေါ်တတ်သည်။ သောက် ရေကန်ကိုတော့ လူကြီးပိုင်းထဲက လေးငါးယောက်လောက်ဦးဆောင်ပြီး ကျွန်တော်တို့လို ဆယ်နှစ် ကျော် ဆယ့်လေးငါးနှစ်အရွယ် လူငယ်များက ၀ိုင်လုပ်ကြခြင်း ဖြစ်သည်။

လော်စပီကာဖြင့်အော်၍ အိမ်တိုင်းသို့ မလာမနေရ ခွဲတမ်းချ၍ ဆောင်ရွက်ကြခြင်း မဟုတ်ပါ။ ကန် ဆယ်မည်ဟု သုံးလေးငါးယောက်လောက်ကတိုင်ပင်ပြီး စတင်လုပ်ကိုင် လိုက်သည်နှင့် မြင်တွေ့မိ သူတွေထဲမှ အလုပ်အားသူတွေကထွက်လာပြီး ၀ိုင်းကူညီကြခြင်း ဖြစ်သည်။ ကျွန်တော်တို့လို အသက်ဆယ်နှစ်ကျော် အရွယ်ရှိသောကလေးတွေကတော့ ရုန်းရုန်းရုန်းရုန်းနှင့် လုပ်ရင်းကိုင်ရင်း ရေကန်ထဲမှာ ဟိုနားဒီနားရေကူး၍ရသောကြောင့် ပျော်ချင်စိတ်နှင့် ၀င်လုပ်ကြခြင်းဖြစ်သည်။ ကန် ဆယ်သောအလုပ်ကို တကယ်တမ်း အင်နှင့်အားနှင့်ဝင်လုပ်ကြသူအများစုမှာ ကလေးများနှင့် လူ ငယ်များသာ ဖြစ်ပါသည်။ သုံးရေကန်ထဲမှရေမှော်များကို ဆယ်သောအလုပ်ကိုတော့ ကျွန်တော်တို့ ကလေးတွေကပဲ လုပ်ကြခြင်း ဖြစ်သည်။

မိုးရွာချိန် ကန်ဘေးရှိကွက်လပ်ထဲတွင် ကစားဖော်ကစားဖက်များ ဆော့ကစားရင်း၊ ဘောလုံးကန် နေရင်းမှ တယောက်က “မှော်တွေ ဆယ်ရအောင်” ဟုပြောလိုက်လျှင် ကျန်သူများက မငြင်း ကြ တော့ဘဲ ၀ါးလုံးရှည် (ကြသောင်းဝါး) သုံးလေးလုံးလောက်ရှာကာ ရေကန်ထဲ ချလိုက်ကြသည်။ ပြီးတော့ ကျွန်တော်တို့ကစားဖက်သူငယ်ချင်း ကိုးယောက် ဆယ်ယောက်လောက်က ကန်ရေပေါ် တွင်အပြည့်ရှိနေသော ရေမှော်များကို ၀ါးလုံးဖြင့် ကန်စပ်ဆီသို့ ရေကူးရင်း တွန်းယူသွားကြသည်။ ကန်စပ်ရောက်သောအခါ ထိုရေမှော်များကို ကန်ပေါင်ပေါ်သို့ဆယ်တင်ကြ၊ ကန်ပေါင်ဘေး ဘက် သို့ ပစ်ပုံသူ ပုံကြနှင့် လုပ်ကြသည်။ ပြီးတော့ ရေကန်ထဲပြန်ဆင်းကာ ၀ါးလုံးကိုကိုင်၍ ရေကူးရင်း မှော်တွေကို ကန်ပေါင်ဘက်သို့ စုတွန်း ကြပြန်သည်။

ဤသို့ ကျွန်တော်တို့သူငယ်ချင်း တသိုက်လုပ်နေကြချိန်တွင် မိုးကလည်း ရွာနေချိန်မျိုး ဖြစ်သည်။ လူကြီးတွေကလည်း “ဒီကလေးတွေ ဆော့ချင်စိတ်နဲ့အလုပ် လုပ်နေကြ တာပဲ” ဟု သဘောထား သည်။ ကန်ထဲမှရေမှော်တွေသန့်သွားစေချင်တာထက် ကျွန်တော်တို့ရေကူးချင်၍လုပ်မှန်းလည်းသိ သည်။ သို့သော် ကျွန်တော်တို့ အားရအောင်ရေကူးပြီးသွားချိန်တွင် ကန်ထဲမှာရေမှော်များ ပြောင် သလောက်ရှိသွားတတ်သည်ကိုလည်း သိသည်။ ထို့ကြောင့် ၀ါးလုံးတွေလိုက်ရှာသောအခါတွင် အလွယ်တကူပေးကြခြင်း ဖြစ်သည်။ နှုတ်ခမ်းတွေပြာလာပြီး လက်ချောင်းကလေးများထိပ်တွင် ပဲ ကြီးရေတွန့်လာချိန်ကျမှ ကျွန်တော်တို့ကလည်း ရပ်သည်။ ပြီးတော့ အိမ်သို့ပြန်သွားကြသည်။

ပြန်စဉ်းစားကြည့်တော့ အများသုံးသောရေကန်တွင် မှော်များကင်းစင်ပြီး သန့်ရှင်းသွားစေချင်သော အများကောင်းကျိုးလိုလားသည့်စိတ်ထက် ကျွန်တော်တို့ ဆော့ ချင်၊ ပျော်ချင်စိတ်က ပိုကဲခဲ့သည် ကို သတိပြုမိသည်။ ယခုခေတ်တွင် ဤသို့သောစိတ်မျိုးဖြင့် လုပ်ကြကိုင်ကြသောလူငယ်တွေ ရှိနေကြသေးရဲ့လားဟု တခါ တလေ တွေးမိတတ်သည်။ ရန်ကုန်၏ရပ်ကွက်ပုံစံတွေလည်း ပြောင်းသွားခဲ့ပါပြီ။

ရွာဆန်သောရပ်ကွက်တွင် လူငယ်ဘ၀ကို ဖြတ်သန်းကြီးပြင်းခဲ့သည့်ကာလတွင် အလေးအပင် သယ်ပိုးလာသောလူတွေကိုတွေ့လျှင် ကိုယ်နိုင်သလောက် ၀င် ကူပေးခြင်း၊ ဈေးဗန်းခေါင်းရွက်ထား သော ဈေးသည်တွေက သူတို့ပစ္စည်းတခုခု မြေကြီးပေါ်ကျသဖြင့် ကုန်းပြီး ထိုင်ပြီးကောက်ယူရတာ ခက်ခဲနေလျှင် ၀င်ကူပေးခြင်း၊ လမ်းပြင်နေတာမျိုးကိုတွေ့လျှင် ၀င်ကူလုပ်ပေးခြင်း၊ သာရေးနာရေး ကိစ္စများတွင် ကိုယ်ကူညီနိုင်သောကိစ္စမျိုးကို ၀ိုင်း၍ကူညီပေးခြင်းတို့သည် ကျွန်တော်တို့အရွယ် လူ ငယ်များကြားတွင် ထူးခြားဆန်းပြားသောစရိုက်မျိုး မဟုတ်ခဲ့ပါ။ ထိုစဉ်ကာလတုန်းက ကျွန်တော်တို့ တတွေသည် “ပရဟိတ” ဟူသောစကားလုံး၏အဓိပ္ပာယ်ကို မသိခဲ့ကြခြင်းက သေချာသည်။ သူများ ၏အခက်အခဲကိုကူညီသည့်အတွက် မိမိတို့၏ကိုယ်ကျိုးစီးပွားအဆင်ပြေနိုင်သည်ဟူသောအတွေး မျိုးမရှိခဲ့ကြခြင်းက လည်း သေချာခဲ့သည်။ ရွာဆန်သောဓလေ့ကြားမှာကြီးပြင်းလာသူတိုင်း ကြုံတွေ့ ဖြတ်သန်းခဲ့ကြဖူးမည် ထင်ပါသည်။

 

၃။
ကျွန်တော်တို့ အထက်တန်းကျောင်းသားဘ၀ကျမှသတိထားမိခဲ့သော ဆောင်ပုဒ်တခု ရှိသည်။ အများအကျိုးဆောင် ကိုယ်ကျိုးအောင်ဟူ၍ ဖြစ်သည်။ ဤဆောင်ပုဒ်၏ဆိုလိုချက်ကို ထိုစဉ်တုန်း က တခါတလေ ခေါင်းထဲဝင်လာတတ်သော်လည်း မစွဲမြဲခဲ့ပါ။ ကျောင်းသုံးဗလာစာအုပ်တချို့တွင် ထိုဆောင်ပုဒ် ကိုပုံနှိပ်ထားလေ့ရှိသောကြောင့် သတိထားမိခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် ပြန် မေ့သွားခဲ့သည်။ အများအကျိုးကိုဆောင်ရွက်ရင်းဖြင့် ကိုယ့်အတွက် အကျိုးစီးပွားအောင်မြင်အောင် ကျွဲကူးရေပါလုပ်ချင်စိတ်ရှိသောအရွယ် မဟုတ်ခြင်းကြောင့် ဖြစ်နိုင်သည်။ ကိုယ့်အကျိုး အောင်မြင်ရေးအတွက် အများအကျိုးဆောင် ရွက်ပြချင်သော အတွေးမျိုးပင်လျှင် မတွေးမိသေးသောကြောင့် ဖြစ်နိုင်သည်။ ထိုဆောင်ပုဒ်နှင့် ကျွန်တော်က ဘာမျှဆက်ဆက်စပ်စပ် မဖြစ်ခဲ့ပါ။ ဆယ်တန်းအောင် ပြီးနောက်ပိုင်းတွင် စာတွေပိုဖတ်ဖြစ်လာသည်။ စာဖတ်သောအသိုင်းအ၀ိုင်းလည်း ပို၍ကျယ်လာ၊ စာတွေဖတ်ပြီး ဆွေးနွေးပြောဆိုသောအလေ့အထလည်း ရလာခဲ့ သည်။ လူ့အဖွဲ့အစည်းဟောင်းကို ပြောင်း၍ လူ့အဖွဲ့အစည်းအသစ်ကိုတည်ဆောက်ချင်သော အတွေးအမြင်များကလည်း ကျွန်တော့် စိတ်ထဲတွင် ပို၍ခိုင်မာစွဲမြဲ လာသည်။ မတရားမှုများပယ်ဖျောက်၍ တရားမျှတမှုများသာပဲ စိုးမိုးစေ ချင်စိတ်တွေ အမြစ်တွယ်လာသည်။ ကိုယ်တိုင်က ဒုက္ခဆင်းရဲမှုကြားတွင် ကျင်လည်နေရသော် လည်း ကိုယ့်ပတ်ဝန်းကျင်တွင် မြင်တွေ့ကြားသိနေရသောလူမှုဒုက္ခများကို ပြေလည်ပြေပျောက်စေ ချင်စိတ်တွေ ရုန်းကြွခံစားမိလာသည်။ စာအုပ်တွေဖတ်ရင်း မိတ်ဆွေ သူငယ်ချင်းများနှင့် ခေတ်ပြိုင် အခြေအနေအကြောင်းများကိုပြောဆိုဆွေးနွေးရင်း၊ နိစ္စဓူဝသွားလာချိန်တွင် အဆင်မပြေသောဘ၀များကို ပို၍သတိထားမိရင်းမှာပဲ အများအကျိုးသယ်ပိုးချင်စိတ်တွေကပို၍ ပြင်းပြလာခဲ့သည်။

ထိုအချိန်တုန်းက ကျွန်တော်တို့အချင်းချင်းကြားတွင် လက်ခံထားခဲ့ကြသောဆောင်ပုဒ်မှာ အများ အကျိုးအတွက် ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံဆောင်ရွက်ကြဟူ ၍ဖြစ်သည်။ တိုင်းပြည် လွတ်လပ် ရေးကြိုးပမ်းမှုကာလတုန်းက တို့ဗမာသီချင်းစာသားထဲမှ တို့ကိုယ်ကျိုးလုံးလုံးမပါ ဟူသော စာသား ကိုပါ သတိရစရာဖြစ်မည် ထင်သည်။

ထိုကာလများတုန်းက သိချင်စိတ်တွေများခဲ့ကြသည်။ ကူညီဆောင်ရွက်ချင်စိတ်တွေ များခဲ့ကြ သည်။ တချို့ကိစ္စတွေက ပိုက်ဆံရှိမှကူညီ၍ရသောအလုပ်မျိုးတွေ ဖြစ်သည်။ တချို့လူမှုရေး ကိစ္စ တွေက ပိုက်ဆံမလိုဘဲ ကိုယ်ချင်းစာစိတ်၊ ကူညီချင်စိတ်ရှိလျှင် သွားရင်းလာရင်း၊ လိုင်းကားစီးရင်း၊ ရုံးမှာအိမ်မှာနေရင်း လုပ်၍ရသော အလုပ်မျိုး ဖြစ် သည်။ သူများအခက်အခဲကိုပြေလည်အောင် ကိုယ်တတ်နိုင်သည့်အဆင့်မှ ၀င်ရောက်ကူညီဆောင်ရွက်ခြင်းမျိုး ဖြစ်သည်။ လူတဦးတယောက် ၏အခက်အခဲတခုခုကို မိမိက ၀င်ရောက်ကူညီလိုက်သဖြင့် အဆင်ပြေသွားခြင်းကြောင့် ကိုယ့်စိတ် ထဲရရှိလိုက်သော ကျေနပ်ပီတိမျိုးကိုကြုံဖူးသူတိုင်း နှစ်သက်မိကြ ပါလိမ့်မည်။

ဤစာကိုဖတ်နေသော စာဖတ်သူသည် ကျွန်တော်ပြောခဲ့သော ကျေနပ်ပီတိဖြစ်မှုမျိုးကို ခံစားဖူးပါ သလား။ ခံစား ကြည့်မိဖူးချင် စိတ်ကော ရှိပါရဲ့လား။

 

၎။
အများအကျိုးသယ်ပိုးချင်စိတ်ဖြင့် လူ့ဘ၀ကြီးကို အလျားလိုက်ဖြတ်သန်းရင်း မည်မည်ရရမလုပ်နိုင် ဘဲ အသက်တွေလည်း ကြီးလာခဲ့ပါပြီ။ အတွေ့အကြုံတွေလည်း ရသင့်သလောက် ရခဲ့ပါပြီ။ လူတွေ အကြောင်းကိုလည်း အတော်အသင့်နားလည်သလိုလို ရှိခဲ့ပါပြီ။ လူ့အဖွဲ့အစည်းအခြေအနေကို လည်း သိသင့်သလောက် သိမြင်ခဲ့ ပါပြီ။ ကိုယ်ကျင်လည်နေထိုင်သောလူ့အဖွဲ့အစည်းအတွက် ကိုယ် လုပ်သင့်တာတွေကိုမြင်အောင်ကြည့်ပြီး လုပ်နိုင်တာတွေလုပ်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက် ဖို့ ပြင် ဆင်သင့်သလောက် ပြင်ဆင်ခဲ့ပါပြီ။ ဤကာလအတောအတွင်းမှာပင် အများကောင်းကျိုး ဖြစ်စေ မည့်ကိစ္စများ ဆောင်ရွက်ချင်စိတ်ကတော့ ရင်ထဲခိုင်မာစွာ ရှိနေဆဲဖြစ် သည်ကို သတိထားမိသည်။

ကိုယ်သွားလာနေကျလမ်းမှာ ချိုင့်တွေခွက်တွေရှိနေခြင်းကြောင့် ကိုယ့်လိုလူတွေ အဆင်မပြေ ဖြစ် ရခြင်းကို သတိထားမိသောအခါတွင် ထိုလမ်းကို ပြင်ချင်စိတ်ပေါ်လာ သည်။ ကိုယ်က လမ်းပြင်ခွင့် မရှိသူဖြစ်သောကြောင့် လမ်းပြင်ခွင့်ရှိသူများသို့ အသိပေးချင်စိတ်၊ သတိပေးချင်စိတ် ၀င်လာသည် မျိုးလည်းရှိသည်။ “ကိုယ်ပြောတော့ကော ပြင်ပေးမှာလား” ဆိုသော အတွေးကြောင့် သတိမပေး ဖြစ်ခဲ့သေးပါ။ ပျက်နေသောလမ်းမှာ ခရီးသည်တစ်ယောက်အဖြစ်သွားရင်း လာရင်းမှာပဲ ထိုလမ်း ပျက်အပေါ် ဘာခံစားမှုမှ မရှိသော လူတွေ၊ လမ်းပျက်နေခြင်းအပေါ် မသိချင်ယောင်ဆောင်နေသူ တွေကို တွေ့ရတတ်သည်။ လမ်းပျက်ပေါ်မှာ မောင်းနေသော ကိုယ်စီးနင်း လိုက်ပါလာသည့် ခရီး သည်တင်ကားက ထပ်ပျက်ခြင်းကိုလည်း ကြုံရပါသေးသည်။ ကားပေါ်မှ တာဝန်ရှိသည် ဆိုသူများ က ခရီးသည်များအတွက် ငဲ့ကွက် မှု၊ တာဝန်ယူမှုနည်းတာမျိုး၊ မရှိတာမျိုးကြုံရသော အခါတွင် လည်း ဒေါသဖြစ်ရပါသေးသည်။

ဤအချိန်မျိုးတွင် ခရီးသည်တင်ကားဘက်မှ တာဝန်ယူဖို့လိုသည့်အကြောင်းကို ခရီးသည် တယောက်စ၊ နှစ်ယောက်စလောက်က ရင်ဆိုင်ပြောနေသည့်အခါ၌ ကွက်ကြည့် ကွက်ကြည့်လုပ် ပြီး ခပ်ရှောင်ရှောင်နေကြသူများထဲတွင် ကိုယ်ပါ ပါဝင်နေတတ်တာမျိုးလည်း ရှိသည်။

ထိုအချိန်မျိုးတွင် ကိုယ့်ကိုယ်ကိုယ် မကျေနပ်စိတ် ၀င်မိတတ်သည်။ လမ်းပျက်ပေါ်၌ ကားပျက်ရ သည့်အထဲ၌ စိတ်ဓာတ်ပါ ပျက်နေကြသည်မျိုးနှင့်ကြုံရသည့်အခါတွင် မည်သူ့ကို အပြစ်တင်ရမှန်း မသိလောက်အောင် စိတ်ပျက်လက်ပျက် ခံစားမိရသည့်အချိန်တွေလည်း ရှိပါသေးသည်။ လမ်းကို ပြင်ချင်သော်လည်း မပြင်နိုင်၊ ကားကိုပြင် ချင်သော်လည်း မပြင်တတ်၊ စိတ်ဓာတ်တွေကို ပြင်ချင် သော်လည်း မည်သို့ပြင်ရမှန်း ကောင်းကောင်းနားမလည်သောကြောင့် ဖြစ်လာရသောခံစားမှုကို မည်သို့ စကားလုံးဖြင့် ဖော်ပြရမှန်းမသိအောင်ဖြစ်ရသည်မျိုးလည်း ကြုံရဖူးသည်။ ထိုအချိန်မျိုးတွင် အမြဲတမ်းကျွန်တော့်ရင်ထဲမှာစွဲနေသည်ဟုထင်သော အများအကျိုး သယ်ပိုး လိုစိတ်က တချက် လောက်တော့ ခေါင်းထောင်ထလာပြီးနောက် ပြန်ငြိမ်ကုပ်သွားပါသေးသည်။

ခါချဉ်ကောင်မာန်ကြီး၍ တောင်ကြီးကိုဖြိုမည်ကြံ၊ ခါးကမသန် ဟူသောခံစားမှုမျိုး ၀င်လာခြင်း ကြောင့်လည်း ဖြစ်နိုင်ပါသည်။ သို့သော် ဤခံစားမှုမျိုးကို ဆင်ခြင်စိတ်ဖြင့် ဖယ်ရှားပစ်ရ လေ့ရှိပါ သည်။

၅။
ကျွန်တော်ကျင်လည်ရသည့်ဝန်းကျင်က အတန်အသင့်ကျယ်လာသောအခါတွင် နယ်ပယ်သစ်မှ လူသစ်များနှင့် ဆုံတွေ့ရ၊ သူတို့အကြောင်း မြင်ရကြားရသိလာရတာတွေ ရှိတတ်ပါသည်။ လူမှုရေး နယ်ပယ်ဝန်းကျင်မှ နိုင်ငံရေးနယ်ပယ်၏ နယ်စပ်အထိ ရောက်မိ၊ ကြုံမိရတာမျိုးတွေလည်း ပါဝင် လာပါသည်။ နယ်ပယ်အတော်များများတွင် အများကောင်းကျိုးအတွက် အနစ်နာခံဆောင်ရွက် နေသူတွေ၏အကြောင်းကို သိရကြားရသောအခါမျိုးတွင် လေးစားအားကျစိတ်၊ ရင်ထဲမှာကျိတ်၍ ဂုဏ်ပြုလိုက်မိသော အတွေးတို့ ပေါ်တတ်ဖြစ်တတ်သည်။ ဤသို့သောပုဂ္ဂိုလ်ကြီးငယ်တွေကပင် လျှင် လူ့အဖွဲ့အစည်းကောင်းရာမွန်ရာဆီသို့ ဆောင်နိုင်စွမ်းရှိသူများအဖြစ် အသိအမှတ်ပြုမိ တတ် သည်။

ကိုယ်မလုပ်နိုင်သောအလုပ်တခုကို တယောက်ယောက်က လုပ်နေသည် လုပ်ခဲ့သည် ဆိုလျှင် လက်ခုပ်သြဘာပေးဖို့ ၀န်မလေးခဲ့ပါ။ အထူးသဖြင့် ကိုယ်ကျင် လည်နေထိုင်ရာဝန်းကျင်မှာရှိနေ သော လူမှုဒုက္ခများကိုပြေလည်အောင်ဖြေရှင်းဖို့အားထုတ်နေသော၊ ဖြေရှင်းနိုင်သမျှ ဖြေရှင်းပေး နေသောလူပုဂ္ဂိုလ်များကို မြင်တွေ့ရ ကြားသိရသောအခါမျိုး၌ အနည်းဆုံးတော့ စကားဝိုင်းတွင် ချီး ကျူးပြောဆို မိတတ်ပါသည်။

၆။
လူတိုင်းတွင်ခံယူချက်ယုံကြည်ချက်များ ရှိကြသည်။ လက်တွေ့ကျင်လည်နေထိုင်ရာလူ့အဖွဲ့အစည်း အတွင်း၌ ပြောဖူးသလိုရေးဖူးသလိုကျင့်သုံးဆောင်ရွက်နိုင်မှုမရှိလျှင် အထင်သေးခံရမှုက ကပ် လျက် ပါလာတတ်သည်။ ဤသဘောကို ငါတွေ့ဖြင့်နားလည်ခဲ့မှုတွင် နယ်ပယ်တခုချင်းစီအတွက် နားလည် သဘောပေါက်မှုများက အဆုံးမသတ်ရသေးပါ။ အသစ်တွေ၊ အသစ်တွေကို ထပ်၍သိ နေ ကြားနေရသောကြောင့်ဖြစ်သည်။ ထိုအသစ်များထဲတွင် အထင်ကြီးစရာတွေပါသကဲ့သို့ အထင်သေး စရာတွေက ပို၍များလာကြောင်းကိုပါ သတိပြုမိသည်။ ဤအတွက် အကြောင်းတရားတွေ ရှိ နေပါလိမ့်မည်။

အထင်သေးစရာတွေကို သိရကြားရပြီး သဘောမကျစိတ်များ ဖြစ်မိသည်ဆိုလျှင် အသင့်လျော်ဆုံး လုပ်သင့်လုပ်ထိုက်သည်ကတော့ တခုတည်းသာ ရှိပါသည်။ ကိုယ်ကိုယ်တိုင်က သဘောကျ၊ အား ကျခဲ့ဖူးသောအပြုအမူမျိုးကို နယ်ပယ်တခုခုတွင် မတ်မတ်ထ၍ လုပ်ပြဖို့ပဲ ဖြစ်ပါသည်။ ထိုသို့ လုပ် ပြရမည့်ကိစ္စ၏ရည်ရွယ်ဦးတည် ချက်သည် ပရဟိတနှင့်ဆက်နွှယ်မှုရှိနေရန်သာ လိုအပ်သည်ဟု သဘောပေါက်မိလိုက်ပါသည်။ 

 

ရွှေအမြုတေမဂ္ဂဇင်း ၊ ဒီဇင်ဘာလ ၂၀၁၁-မှ စာရေးသူ၏ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြပါသည်။

ရှုခင်းသစ်