အက်ပီဂရမ်ကဗျာ (Epigram) ဇော်ဇော်ထွန်း

Posted on Posted in စာပေဆောင်းပါး

 

 

အက်ပီဂရမ်ကဗျာ (Epigram)

March 31, 2013

ဇော်ဇော်ထွန်း

ipaintchickens.com
ipaintchickens.com

 

အက်ပီဂရမ်ကဗျာ (Epigram)

       

အက်ပီဂရမ်ကဗျာတွေက တိုတယ်၊ အားပါတယ်၊ ပုံမှန်အားဖြင့် ကာရံပါတယ်။ အဆုံး သတ်မတော့ သရော်ထားတဲ့စာကြောင်းတွေနဲ့ ပိတ်လေ့ရှိတယ်။ အတွေးတခု (ဝါ) အဖြစ်အပျက် တခုကိုပဲ အခြေခံထားတယ်။ ဒီစကားလုံး Epigram ဟာ ဂရိဝေါဟာရ “Epigraphein” ကလာပြီး ထွင်းစာလုံး ရေးသားခြင်းလို့ အဓိပ္ပာယ်ရှိတယ်။

ဒါဟာ ရှေးဟောင်းဂရိကျောက်တုံးအမှတ်တရ နေ ရာတွေမှာ ဆောက်ထွင်းရေးသားမှုနဲ့ ဆက်စပ်နေတယ်။ အက်ပီဂရမ်တွေရဲ့ပထမရာစုဟာ ရောမ ကဗျာဆရာကြီး မာရှယ် (Roman Poet Martial) ကတဆင့် မော်ဒန်အက်ပီဂရမ်ရယ်လို့ ဖြစ်လာခဲ့ တယ်။ အက်ပီဂရမ်တွေဟာ ခြောက်ရာစုနဲ့ ခုနစ်ရာစုတွေမှာ ပိုပြီးထင်ရှားလာတယ်။

 

ဂျွန်ဒုန်း (John Donne)၊ ရောဘတ်ဟားရစ် (Robert Herrick)၊ ဘင်ဂျွန်ဆင်၊ အလက်ဇန္ဒားပုတ် (Alexander Pope)၊ ဘိုင်ရွန်၊ ကိုးလားရစ် (Samuel Taylor Coleridge) တို့ရေးပြီး ပြင်သစ်တွေ ထဲက ဘော်လတဲလ်ယား (Voltaire) တို့ရေးခဲ့တယ်။ ကိုးလားရစ်ရဲ့ အက်ပီဂရမ်လေးတပုဒ်ကို ကြည့်ပါ။

 

What is an Epigram? A dwarfish whole,

          Its body brevity and wit its soul

          အက်ပီဂရမ်ဆိုတာ ဘာလဲ ? သေးသေးငယ်ငယ် အပေါက်လေးတပေါက်ပေါ့

          သူ့ရဲ့ ခန္ဓာက အကျဉ်းချုံ့ထားပြီး ထူးခြားတဲ့ ဝိညာဉ်ရှိရဲ့။

ကိုးလားရစ်ရဲ့အက်ပီဂရမ် နောက်ထပ်တပုဒ်ကို ဒီလိုရေးပြန်တယ်။

 

Sir, I admit your general rule,

          That every poet is fool,

          But you yourself may serve to show it,

          That every fool is not a poet.

          ကိုယ့်ဆရာရေ ၊ ကိုယ့်လူရဲ့ ယေဘုယျစည်းမျဉ်းကိုတော့ ကျုပ်ဖြင့် ထောက်ခံပါရဲ့

          ဘာတဲ့ …. ကဗျာဆရာတိုင်းဟာ အရူးတွေဖြစ်တယ်ဆိုတာ

          သို့ပေမယ့် ကိုယ့်ဆရာကိုယ်၌ကတော့ တခုကို သက်သေပြဖို့ကြိုးစားပါဦး

          အဲဒါက ….. အရူးတိုင်းကဗျာဆရာတွေ မဟုတ်ဘူးဆိုတာကိုပ။

 

ကိုးလားရစ်ရဲ့ အက်ပီဂရမ်ကိုကြည့်ရင် သရော်ထားတယ်။ ကဗျာဟာ တိုတယ်။ ဒါပေမယ့် အမြင် က စူးရှတယ်။ “အလှည့်” ဟာ တိုလွန်းတဲ့ကဗျာရဲ့ဆန့်ကျင်ဘက်ဝါကျနဲ့ မထင်ထားတဲ့ ရှုထောင့် ဆီကိုသွားတယ်။ ကျွန်တော်တို့ဆီမှာပဲ ကဗျာဆရာတွေကို လူတွေက လှောင်တာမဟုတ်ဘူး။ သူ တို့ဆီမှာလည်း ဒါမျိုးရှိတယ်။ မင်းတို့ကဗျာဆရာတွေကတော့ …. ဘာဘာညာညာ ပြောတဲ့သူတွေ အများကြီး။ ရူးနေသလို ဒါမှမဟုတ် ခပ်ကြောင်ကြောင်လို့ ပတ်ဝန်းကျင်က ပြောမယ်။ ကိုးလား ရစ်ဟာ ပတ်ဝန်းကျင်ကပြောတဲ့ကဗျာဆရာတိုင်း ငကြောင်တွေဆိုတာကို မငြင်းခဲ့ဘူး။ အိုကေ။ ဒါ ဆို အဲဒီငကြောင်တိုင်း ကဗျာရေးလို့ရသလား။ ကဗျာရေးနိုင်သလား။ ရေးလို့မရတဲ့အကြောင်းကို ကျုပ်တော့ သက်သေမပြတော့ဘူး။ ခင်ဗျားကိုယ်တိုင်သာ သက်သေပြပေတော့လို့ ဆိုတယ်။ အနု ပညာရှင်နဲ့ အရပ်ဖက်လူသားတွေနဲ့ထိပ်တိုက်ရင်ဆိုင်မှုကို ကိုးလားရစ်က လောဂျစ်အက်ပီဂရမ်တခု တည်ဆောက်ပြတယ်။ စကတည်းက ဒီအဆိုဟာ အဓိပ္ပာယ်မဲ့အဆို (meaningless) မဟုတ်ဘူး၊ မမှန်ကန်တဲ့အဆို (untruth) ဖြစ်နေတယ်။ မှန်ကန်မှုကိုတိုင်းတာပြဖို့ ခိုင်မာတဲ့အကြောင်းတရား မရှိဘူး။ ဒီနေရာမှာကြုံလို့ပြောရရင် ကိုးလားရစ်ဟာ ဒီလိုလောဂျစ်မျိုးကိုတည်ဆောက်ပြလို့ ကျွန် တော်ဝမ်းသာတယ်။ အနုပညာသမားဟာ နာမည်မကြီးခဲ့ရင် ပတ်ဝန်းကျင်ရိုက်ခတ်မှုကို အများဆုံး ခံရရှာတဲ့သူကိုး။ အနုပညာကိုတစိုက်မတ်မတ်လုပ်ခဲ့လို့ရတဲ့အကျိုးက ဘာလဲ။ ကဗျာဟာ ကမ္ဘာကြီးကို ပြောင်းလဲနိုင်ပါသလား။ ကဗျာစာအုပ်တအုပ်ရဲ့ဈေးက နိုင်ငံရေးစာအုပ်ဈေးနဲ့ အတူတူပဲ။ ဒါပေမယ့် ကဗျာဆရာတယောက်ရဲ့တန်ဖိုးဟာ မျှော်လင့်ထားတာထက်နည်းနေဆဲပဲ။

ကဗျာသမားတွေဟာ ကဗျာကိုရေးရင်း ဘာသာဗေဒအဆောက်အဦးထဲကိုဝင်ဖို့ကြိုးစားတယ်။ ဘာသာဗေဒကို ဦးဆုံးမြည်းခွင့်ရတာ ကဗျာဆရာပဲ။ “linguistic” ဆီက လူသားနဲ့ ဘာသာစကားထိပ်တိုက်ဖြစ်မှုကို လူတွေသတိထားလာတယ်။ အတွေးအခေါ်ရှုထောင့်ဟာ သင်္ချာအခြေခံကနေ ဘာသာစကားနဲ့ ဘာသာဗေဒဘက်ကို ရွေ့သွားတယ်။ ဒါရီရာ၊ ဖူကိုး၊ ခရုမ်းစကီးတို့ဟာ သင်္ချာပညာရှင်တွေ မဟုတ်ဘူး။

ဒါပေမယ့် သူတို့အတွေးအခေါ်တွေဟာ ရှေ့ရောက် လာတယ်။ ကမ္ဘာ့ဘာသာစကား၊ ကမ္ဘာ့သဒ္ဒါ (Universal Language and Grammar) စကားလုံးတွေ ပေါ်လာတယ်။ ခင်ဗျားဟာ တနေ့နေလို့ သင်္ချာတပုဒ်ကို မတွက်ဘဲ နေလို့ ရတယ်။ စကားမပြောဘဲ၊ စာမရေးဘဲ၊ အမိန့်မပေးဘဲ နေလို့မရဘူး။ ဘဒ္ဒကမ္ဘာရဲ့ဖြစ်ပျက်မှုတွေရဲ့အစဟာ ဘာသာစကားပဲ။ လူတွေဟာ ဘာသာစကားနဲ့ စဉ်းစားတယ်။ လှုံ့ဆော်တယ်၊ စည်းရုံးတယ်၊ မှတ်တမ်းတွေ ရေးတယ်၊ အတွေးအခေါ်တွေကို တည်ဆောက်တယ်။ ဘာသာစကားနဲ့ ကြော်ငြာတယ်။ လူသားတွေဟာ မထင်မှတ်ဘဲ ဘာသာ စကားရဲ့ခိုင်းစေမှုကို ခံလိုက်ရတယ်။ အဲဒီလူသားတွေကပဲ ဘာသာစကားနဲ့ ဆော့ ကစားနေတဲ့ ကဗျာဆရာတွေကို အရူးတွေလို့ပြောတာ အံ့သြဖို့လည်း ကောင်းတယ်။ စက်ဘီးနင်းနေသူ က  လေယာဉ်ပျံမောင်းတဲ့သူကို ကျိန်ဆဲတာပဲ။

ဒါတွေထားတော့။ ကိုးလရစ်ကို ကျွန်တော့်ခန္ဓာကိုယ်ကျိုးပဲ့သွားသည်ထိ ကွေးညွတ် ဂုဏ်ပြုပစ်ဖို့ အသင့်ပါပဲ။ နောက်ထပ်အက်ပီဂရမ်တပုဒ်ကိုပြရရင်တော့ …

“အေးစက်မှုဖြိုဖျက်ခြင်း” “Ice Breaking” ဆိုတဲ့ကဗျာ။ နာမည်ကြီး အက်ပီဂရမ်တပုဒ်ပါ။ ရေးသူ က အော့ဒန်နက်ရှ် (Ogdan Nash) ပါ။

Candy

          Is dandy

          But liquor

          Is quicker

          (သကြားလုံး ကန်ဒီ

          ကတော့ ကောင်းပါတယ်

          ဒါပေမယ့် ဗျစ်ရည်

          ကတော့ ပိုပြီးမြန်ပါ့ဗျာ။) လို့ရေးတယ်။ တယောက်နဲ့တယောက် ခပ်စိမ်းစိမ်း အေးစက်စက် အနေအထားကို ဖြိုဖျက်ဖို့ ဗျစ်ရည်က အကောင်းဆုံးပါပဲ။

တကယ်တမ်းပြောရရင် သမိုင်းဆရာကြီး ဒရိုင်ဆင် (J.G. Droysen) အမည်ပေးခဲ့တဲ့ ဟယ်လန်နစ် စတစ်ခေတ်(Hellenistic Period)လို့ခေါ်တဲ့ အလက်ဇန္ဒား ဘုရင်နယ်ချဲ့တဲ့ခေတ်မှာ ဂရိတွေ သြဇာ အာဏာ အာရှနဲ့ ဥရောပဆီကိုပျံ့နှံ့တဲ့အချိန်မှာ “အက်ပီဂရမ်” တွေ ပိုရေးခဲ့တယ်လို့ ဆိုတယ်။ အဲဒီ ဟယ်လန်နစ်စတခေတ် ဟာ ရောမတွေ ဂရိကိုအောင်နိုင်တဲ့ ၁၄၆ ဘီစီမှာ ပြီးတယ်။ ဂရိယဉ်ကျေးမှု ထွန်းကားချိန်မှာတော့ ဆိုင်ပိုဆီယမ် (symposium) ဓလေ့ဆိုတာ ရှိခဲ့တယ်။ ဆိုင်ပိုဆီယမ် ဆိုတာ ဂရိဘာသာနဲ့အတူတူသောက်စို့ (to drink together) လို့ ခေါ်တဲ့ သေသောက်ပါတီ ဓလေ့တခုပဲ။

သူကောင်းမျိုးဝင်တွေဟာ အဲဒီသေသောက်ပွဲမှာ စကားပြောမယ်၊ ငြင်းမယ်၊ လူသစ်တွေကို မိတ် ဆက်ပေးမယ်။ ပါတီတခုကျင်းပတဲ့ ဓလေ့ပေါ့။ မကြာခဏလုပ်တယ်ဆိုပဲ။ ကဗျာတွေဘာတွေလဲ ရွတ်တယ်။ စစ်ပွဲအောင်နိုင်ရင်လည်း လုပ်လေ့ရှိတယ်ဆိုပဲ။ အဲဒီမှာ ရွတ်လေ့ရှိတဲ့ အက်ပီဂရမ်တွေဟာ များသော အားဖြင့် (to drink and live for today because life is short) “ဒီနေ့တော့ တဝသောက်၊ ပျော်အောင်နေ၊ ဘဝဆိုတာ တိုတယ်” ဆိုတဲ့ အဓိပ္ပာယ်တွေများတယ်။ မူရင်း ဂရိ အက်ပီဂရမ်တွေဟာ ရိုးရှင်းပြီး ” အလှည့်” (punchline and satirical twist) မပါဘူး။ လက်တင် ကဗျာဆရာ မာရှယ်ဟာ သူ့ခေတ်ပြိုင်ဂရိတွေဖြစ်တဲ့ လူဆဲလီးယပ်(Lucillius) နဲ့ နီကားချီးယ်ပ် (Nicarchus) တို့ဆီက ကော်ပီလုပ်ရင်း ရောမရိုးရာ ခြောက်မီတာအသွားနဲ့ သရော်ဟန်ကို ဖန်တီး ခဲ့တယ်လို့ဆိုတယ်။ မာရှယ်ရဲ့အက်ပီဂရမ် နည်းစနစ်ဟာ (His technique relies heavily on the satirical poem with a joke in the last line) သူ့ရဲ့နည်းစနစ်ဟာ သရော်ဟန် ကဗျာပေါ်တွင် လုံးလုံးမှီခို၍ နောက်ဆုံးအကြောင်းတွင် ဟာသ(သို့) ပျက်ရယ်ပြုမှု ပါဝင်သည်လို့ ပညာရှင်တွေသုံး သပ်တယ်။ မာရှယ်ဘယ်လိုရေးခဲ့သလဲ …..

“Mentula tam magna est quantus tibi, Papyle, nasus

          ut possis , quotiens arrigis, olfacere”  အဓိပ္ပာယ်က နည်းနည်း ညစ်ညမ်းပါတယ်။

          “ပါပလီ, မင်းရဲ့ လိင်အင်္ဂါဟာ မင့်နှာခေါင်းလောက်ရှိတော့ အလွယ်တကူ အနံ့ခံလို့ ရတာပေါ့လေ” လို့ အဓိပ္ပာယ်ရှိတယ်။ အင်္ဂလိပ်စာပေထဲမှာ သတိထားမိလောက်တဲ့ အက်ပီဂရမ် တွေရှိတယ်။ ဥပမာ ရှိတ်စပီးယားရဲ့ဆွန်းနက်အမှတ် (၇၆)ဟာ အတော်လေးကောင်းတဲ့ အက်ပီ ဂရမ် ဖြစ်တယ်။ အမ်မလီဒစ်ဆင်ရဲ့ကဗျာအမှတ် “၁၅၃၄” ဟာလည်း ကောင်းတယ်ဆိုပဲ။

“Little strokes

          Fell great oaks”

          “သေးငယ်သော ဖြတ်ချက်များက သစ်ချပင်ကြီးများကို လဲပြိုစေ၏” ဆိုတာ ဘင်ဂျမင် ဖရန်ကလင် ရေးခဲ့တာ။ တချို့သောအက်ပီဂရမ်တွေဟာ စကားပုံ လို ဖြစ်သွားတယ်။ လှောင်ပြောင် သရော်ရာကနေ အမှန်တရားဘက်ချဉ်းကပ်သွားတော့ အဆိုအမိန့်ဆန်ဆန်လည်း ဖြစ်သွားတယ်။ ဒါက ရေးတဲ့သူရဲ့ဒဿ       နနဲ့ Statement ပေါ် မူတည်တယ်။ ကျွန်တော်ကြိုက်တဲ့ အက်ပီတပုဒ် ရှိတယ်။ ရေးတဲ့သူက အလက်ဇန္ဒားပုတ် “Alexander Pope”။ ပဒေသရာဇ်စနစ်ကို သရော်ထား တာပါ။

I am his Highness dog at Kew

          Pray tell me, sir, whose dog are you

          “ကျွန်တော်မျိုးဟာ “Kew” နန်းတော်က အရှင့်ခွေးတကောင်ပါ

          ကျွန်တော်မျိုးအား မိန့်ကြားတော်မူပါ အရှင်၊ အရှင်က မည်သူ၏ခွေး ဖြစ်ပါသနည်း” တဲ့

 

Kew ဆိုတဲ့စကားလုံးပါတော့ သူပြောချင်တာက အင်္ဂလိပ်တော်ဝင်တွေကိုပဲ။ “Kew” ဟာ ဗြိတိသျှ တော်ဝင်နန်းပါ။ Kew ဥယျာဉ်မှာရှိပြီး သိမ်းမြစ်နဖူးပေါ်မှာ ရှိပါတယ်။ နောက်တပုဒ်က အော်စကာ ဝိုင်းရေးတာ။ “ထိန်းသိမ်းရမယ့်အရာကလွဲပြီး ကျန်တာအကုန်လုံး ထိန်းနိုင်တယ်” ဆိုတဲ့ အော်စကာ ဝိုင်းရဲ့အက်ပီဂရမ် “I can resist everything except temptation” ဟာ ကြော်ကြားတယ်။ အက်ဇရာပေါင်းနဲ့ ဝီလီယံဘတ်တလာယိစ်(တ)တို့လည်း ဒါမျိုးတွေ ရေးတယ်။ ထင်ရှားတဲ့ အက်ပီ ဂရမ်တွေကတော့…

–       Underwoods by Robert Lousis Stevenson

–       The Stalin Epigram by Osip Mandelstam

–       Epigram on Rough woods by Robert Burns

–       On my First Son by Ben Jonson တို့ ဖြစ်တယ်။

 

Ref: Poet.org (Poetic Forms & Techniques)