၁၉၇၀ နှစ်များမှ မိုးဝေခေတ်ဝတ္ထုတိုတပုဒ် -လိမ္မော်သီးတလုံး (ကိုဆွေ)

Posted on Posted in ဝတ္ထုတို

” တို့ဗမာစကားပုံမှာ ငတ်မရှက်ဆိုတဲ့စကား ရှိသားပဲ၊ လူတွေဟာ ငတ်လာရင် မရှက်တော့ဘူးကွ၊ မင်းစားခဲ့တဲ့ လိမ္မော်သီးလေးကို စားချင်ရက်နဲ့ ဟန်ဆောင်ပြီး မင်းမစားခဲ့ရင် နောက်နှစ်ပေါင်းများစွာကြာတဲ့အထိ ငါတော့ မစားမိလေခြင်းလို့ နောင်တရနေမှာပေါ့၊ ငါတော့ မင်းလုပ်ရပ်ကို မှန်တယ်လို့ ဆိုချင်တယ် ….” 

 

လိမ္မော်သီးတလုံး

ကိုဆွေ

ပန်းချီဖေဦးစ
ပန်းချီဖေဦးစ

 

(၁)
လွန်ခဲ့သောဆယ်နှစ်လောက်က လိမ္မော်သီးလေးတလုံးကို ကျွန်တော် သတိရနေမိသည်။ အဲဒီတုန်းက ဒီဇင်ဘာလရဲ့ ညတညမှာပါပဲ။ မြို့ရဲ့လမ်းပေါ်မှာအရှုပ်အထွေးမရှိ၊ ပကတိ ရှင်းလင်းနေဆဲ၊ အသံ ဆူညံမှုလည်း ကင်းပလို့ပေါ့

 

(၂)
ဆောင်း၏မြောက်လေအေးဒဏ်သည် အနွေးထည်ကောင်းကောင်းမရှိသော ကျွန်တော့် တကိုယ်လုံး အား ရိုးတွင်းချဉ်ဆီခိုက်အောင် နှိပ်စက်နေတော့၏။ ညကား နှင်းတို့ဖြင့် ဖြူလျက်။ ဓာတ်တိုင်ခြေရင်း၌ မာကျူရီမီးလုံးမှ အလင်းရောင် လဲကျသေဆုံးနေ၏။ အိမ်တံခါးတွေလည်း ပိတ်ကုန်ကြပြီ။ တအားညှစ်အော်လိုက်တဲ့ ဟိုးအဝေးကြီးက မော်တော်ကား စက်သံဟာ ကျယ်ရာကတိုး၊ တိုးရာကဝေး၊ ဝေးရာက ပျောက်သွားပေမယ့် နောက်မီးနီရဲခြင်းကတော့ လင်းကြည်ဝင်းပလို့။
လွန်ခဲ့တဲ့ဆယ်နှစ်လောက်က လိမ္မော်သီးလေးတလုံးကို တွေ့ခဲ့တဲ့နေရာ ကျွန်တော်ပြန်ရောက်နေပြီ။

 

 

(၃)
ဟိုတုန်းကလိုပင် လမ်းချိုးကွေ့တခု၌ ဆိုက်ကားတစီးရပ်ထားလျက်။ ဒါပေမယ့် ကျွန်တော်လမ်း လျှောက်လာတဲ့ ပလက်ဖောင်းဘေးမှာတော့ အမှိုက်တစပင် မရှိ၊ လိမ္မော်သီးလေးရေ မင်းဘယ်မှာလဲ။ အခုတော့ တခုခုကို တမ်းတပေမယ့် စိတ်အင်အားဟာ တည်ငြိမ်ရင့်ကျက်ခဲ့ပြီ။

“ရေစိုနေတဲ့ စာအုပ်တအုပ်လို ဒုက္ခတွေစွတ်စိုလာတဲ့အခါ ဘ၀ဟာ ပိုမိုလေးလံလာတယ်” .. ဆိုတဲ့ အကြောင်းကိုလည်း ကောင်းကောင်းကြီး သိခဲ့ပြီ။
လူနေအိမ်တွေရဲ့အမိုးပေါ်မှာ နှင်းတွေဝေလို့ပါလား၊ နှင်းတွေဝေမှဖြင့်ကွယ်။ လိမ္မော်သီးလေးရေ၊ ကျွန်တော်ဟာ လိမ္မော်သီးကို ချစ်ခဲ့တယ်၊ ဒီဇင်ဘာကို ချစ်ခဲ့တယ်၊ ပြီးတော့ ကျွန်တော့်ကိုယ် ကျွန်တော် ချစ်ခဲ့တယ်။
အရောင်ဆိုတာ စားကြည့်လို့မရသလို အချိန်ကိုလည်း ကျွန်တော်မပိုင်စိုးခဲ့။ ဤသို့ဖြင့် နေ့သစ်များသည် မြန်မြန်ကြီး ရောက်လာတော့၏။ မနေ့တနေ့ကလိုပင် သိပ်မကြာလိုက်ဟု တွေးနေရင်း ကျွန်တော်တယောက်တည်း နှင်းပင်လယ်ပြင်ကြီးကို ကူးဖြတ်နေမိတော့သည်။ ကျွန်တော်နေတဲ့ မြို့ကလေးမှာတော့ ဆောင်းဟာ လှပစွာ ကိုယ်ထင်ပြလာပြန်ပြီ။

မြမှိုင်းသောညမှာ စာအုပ်များမှတဆင့်သိရသော ၀င်ရိုးစွန်း ရာသီဥတုကဲ့သို့ အအေးပိုကဲလာ၏။
အံကိုကြိတ်ကာ ခံနေရပြီပေါ့။
နှလုံးသွေးများလည်း ခဲမတတ်ဘဲ။
ဂစ်တာတီးနေသော ကောင်လေးတယောက်၏ နှုတ်ခမ်းမှ ဖိတ်စဉ်လွင့်ကျလာသော ခေတ်ပေါ်သီချင်း တပုဒ် အကြားအာရုံကို လာ၍ရိုက်ခတ်သောအခါ အနွေးထည် မရှိသော ကျွန်တော့်မျက်နှာ မဲ့တဲ့တဲ့ ဖြစ်သွား၏။ ပိုက်ဆံရှိရင်တော့ ဟောင်ကောင်လုပ် ဆွယ်တာအဖြူလေးတထည် ၀ယ်ဝတ်ဦးမယ်။

 

(၄)
ပလက်ဖောင်းရဲ့ နောက်ဘက်ခပ်ကျကျ လက်ဖက်ရည်ဆိုင်ထဲက ထောင့်စွန်းနေရာ စားပွဲတလုံးမှာ တော့ ကျွန်တော့်သူငယ်ချင်းဟာ ကျွန်တော့်ကို စောင့်လို့။ လက်ဖက်ရည်အခါးအိုးမှ ရေနွေးစီးကျသံမှာ ရပ်နားသွားလိုက်၊ ပြန်လည် ထွက်ပေါ်လာလိုက်၊ ဆောင်း တွင်း ရေနွေးကြမ်း သောက်ခြင်းကား ကျွန်တော်၏ ကုသမှုတမျိုးပင် ဖြစ်သည်။
စီးကရက်မှ နီကိုတင်ဓာတ်ငွေ့များမှာ လက်ဖက်ရည်ဆိုင် အခန်းကျဉ်းကလေး၏ မှောင်ရိပ်ကျသော ထောင့်ချိုးများသို့တိုင် ပျံ့နှံ့လျက်။ ကျွန်တော်ကား ပြင်သစ်ကဖီးဆိုင်များ၌ ထိုင်တတ်သူ ပန်းချီ ဆရာများအကြောင်း သူငယ်ချင်းက ရှင်းပြနေသည်ကို စိတ်ဝင်စားစွာ နားထောင်နေမိ၏။
လက်ဖက်ရည်ဆိုင်ရဲ့အပြင်ဘက်မှာတော့ နှင်းတွေဝေလို့။ ကြည့်ရင်းကြည့်ရင်းမှာပင် နှင်းများသည် လည်း ထူထပ်သိပ်သည်းစွာ ကျလာ၏။ ဆိုင်ပိုင်ရှင် မိန်းမကြီးက ပျင်းရိစွာ သမ်းဝေလိုက် ရင်း ကက်ဆက်ခလုတ်ကို နှိပ်လိုက်ရာ လွန်ခဲ့သော အနှစ်နှစ်ဆယ်က တေးတပုဒ် ဝေ့၀ဲ၍ ထွက်ပေါ် လာလေသည်။
“အလွန်အေးတဲ့ရာသီ … အလွန်ချမ်းတဲ့ရာသီ”

 

(၅)
“လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကပေါ့ကွာ” … ဟု ကျွန်တော်က စကားစလိုက်၏။
“အဲဒီတုန်းက အခုလိုသိပ်အေးတဲ့ ဒီဇင်ဘာရဲ့ ညတညပေါ့၊ ငါလဲ အမေတော့ အိမ်ပြန်နောက်ကျလို့စိတ်ပူနေမှာပဲလို့တွေးရင်း ခြေလှမ်းကို ခပ်သွက်သွက်လှမ်းပြီး ပလက်ဖောင်းအတိုင်း လျှောက်လာမိ တယ်။ အိမ်တံခါးတွေလဲပိတ်၊ လူလဲ တယောက်မှ မရှိ၊ လမ်းထောင့်မှာတော့ ဆိုက်ကားတစီး ရပ်ထားတယ်၊ ဒါပေမယ့် ဆိုက်ကားဆရာကလဲ အိပ်ငိုက်လို့။
ပလက်ဖောင်း အောက်ခြေနားမှာ ကပ်နေတဲ့ လိမ္မော်သီးလေးတလုံး တွေ့လိုက်ရတော့ ငါ အရမ်း ၀မ်းသာသွားတယ်။ လူဆိုလို့ အိပ်ငိုက်နေတဲ့ ဆိုက်ကားဆရာ တယောက်ပဲ ရှိပေမယ့် သူသိမှာစိုးလို့ လိမ္မော်သီးလေးကို ဟန်မပျက် ခပ်ဆဆကန်ရင်း လမ်းလျှောက်လာရတယ်၊ သူ့ကိုလဲကျော်ရော ဘာပြောကောင်းမလဲကွာ အခွံနွှာပြီး စားပစ်လိုက်မိတယ်၊ လိမ္မော်သီးကလဲ အရမ်းချိုလိုက်တာ စားပြီး ငါ့စိတ်တွေဟာ အရင်ကထက် ပိုလတ်ဆတ်လာတယ်လို့ ကိုယ့်ကိုယ်ကိုထင်ရင်း လမ်းလျှောက် ရတာလဲ ပေါ့ပါးလာတယ်၊ လုပ်ချင်တာတခုကို ဟန်မဆောင်ဘဲ လုပ်လိုက်ရတာ တကယ်အရသာ ရှိတယ်နော်၊ သိပ်လွတ်လပ်တာပဲ။”
နားထောင်နေသော သူငယ်ချင်းက သူ့ထင်မြင်ယူဆချက်တို့ကို ပြန်ပြော၏။
“ဒါပေါ့ကွာ၊ တို့ဗမာစကားပုံမှာ ငတ်မရှက်ဆိုတဲ့စကား ရှိသားပဲ၊ လူတွေဟာ ငတ်လာရင် မရှက်တော့ဘူးကွ၊ မင်းစားခဲ့တဲ့ လိမ္မော်သီးလေးကို စားချင်ရက်နဲ့ ဟန်ဆောင်ပြီး မင်းမစားခဲ့ရင် နောက်နှစ်ပေါင်းများစွာကြာတဲ့အထိ ငါတော့ မစားမိလေခြင်းလို့ နောင်တရနေမှာပေါ့၊ ငါတော့ မင်းလုပ်ရပ်ကို မှန်တယ်လို့ ဆိုချင်တယ်။ မြေကြီးပေါ်မှာ ကျနေတဲ့ လိမ္မော်သီးကောက်စားတော့ ဘာဖြစ်လဲ၊ သူတပါးပစ္စည်း ခိုးတာလဲ မဟုတ်၊ ပိုပြီးတော့ ပံ့သကူတောင် ဖြစ်သေး၊ မင်းအခုလို ငါ့ကို ဖွင့်ပြောတာလဲ မင်းကို ငါချီးကျူးတယ်၊ တကယ်တော့ လူဆိုတာ မသေခင်သာ ထင်ရာလုပ်ရတာ၊ သေပြီးတော့ ဘာမှ မလုပ်ရဘူး၊ ဒါပေမယ့် သူများမထိခိုက်ဖို့ကတော့ အရေးကြီးတာပေါ့”
စကားကောင်းနေဆဲမှာပင် လက်ဖက်ရည်ဆိုင်ရှင်မိန်းမကြီးလည်း ဆိုင်ပိတ်ရန် ဟန်ပြင်နေပြီ။ အံဆွဲဖွင့်လိုက်၏။ ငွေစက္ကူများကို ရေတွက်နေသည်။ ဆိုင်ထဲမှာလည်း လူတွေကျဲပါးစပြုခဲ့ပြီ။

ကျွန်တော်တို့လည်း ပြန်ရန် ဟန်ပြင်လိုက်ကြ၏။ အပြင်ဘက်မှာတော့ နှင်းက သိပ်သိပ်သည်းသည်း ထူထူထပ်ထပ် ကျနေဆဲ။ သူငယ်ချင်းလည်း နှုတ်ဆက်လမ်းခွဲသွားပြီ။

 

(၆)
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က လိမ္မော်သီးလေး တလုံးကို တွေ့ခဲ့တဲ့နေရာ ကျွန်တော်ပြန်ရောက်နေပြီ။
ဟိုတုန်းကလိုပင် လမ်းချိုးကွေ့တခု၌ ဆိုက်ကားတစီး ရပ်ထားလျက်။ ဒါပေမယ့် ကျွန်တော်လမ်းလျှောက်လာတဲ့ ပလက်ဖောင်းဘေးမှာတော့ အမှိုက်တစပင် မရှိ။
“ဖေဖေ သမီးဖို့ လိမ္မော်သီးဝယ်ခဲ့နော်…”
အိမ်မှာ အိပ်ပျော်နေမည်ဖြစ်သော သမီးလေး၏ အသံလွင်လွင်လေး နားထဲမှာ ပြန်လည်ပဲ့တင်ထပ်လာသောအခါ လိမ္မော်သီးတလုံးလောက်များ တွေ့လေမလားဟု အာသာငမ်းငမ်း တမ်းမက်စွာဖြင့် ကျွန်တော်ရှာဖွေနေမိသည်။
ညကား… နှင်းတို့ဖြင့် ဖြူလျက်။ လိမ္မော်သီးရေ မင်း ဘယ်မှာလဲ။

 

ကိုဆွေ
၁၉၇၈ ခုနှစ်၊ မတ်လထုတ် မိုးဝေမဂ္ဂဇင်း၊ အောက်တိုဘာလတွင် ဖော်ပြခဲ့သည့် ခေတ်ပေါ်အာရုံခံစားမှုဝတ္ထုတိုတပုဒ်ကို

http://moveablearchives.wordpress.com မှ ကူးယူဖော်ပြပါသည်။