ကလေး၊ မီဒီယာ၊ အနုပညာ (တင်မင်းထက်)

Posted on Posted in စာပေဆောင်းပါး

 

 

ကလေး၊ မီဒီယာ၊ အနုပညာ

စာရေးသူ၏ ဂ နှစ်သားအရွယ် Htet Myat Min -၏ သတင်းစာစက္ကူပေါ်မှာ ဖန်တီးထားတဲ့  အနုပညာလက်ရာ
စာရေးသူ၏ ဂ နှစ်သားအရွယ် Htet Myat Min -၏ သတင်းစာစက္ကူပေါ်မှာ ဖန်တီးထားတဲ့ အနုပညာလက်ရာ

 

ခုလို မီဒီယာကို ပေါပေါများများ ထိတွေ့နေရတဲ့ ခေတ်မှာ ကလေးတွေကို ဘာမသိရဘူး၊ ဘာမလုပ်ရဘူး ထိန်းချုပ်ထားဖို့က အတော်ခက်ပါတယ်။ သီချင်း၊ ဗီဒီယို၊ စာပေစတဲ့ အနုပညာတွေမှာလည်း ဘာနဲ့ သင့်တော်တယ် ဘာနဲ့ မသင့်တော် ကိုယ်က လိုက်ပြီး ဆုံးဖြတ်ပေးဖို့ ခက်ပါတယ်။ အကောင်းဆုံးလုပ်နိုင်တာက သူတို့ကို ကောင်းမွန်တယ်လို့ ကိုယ်ယူဆတဲ့ မီဒီယာ၊ အနုပညာကို လက်လှမ်းမီအောင် ထားပေးဖို့ပါပဲ။

နမူနာအနေနဲ့ ပြောရရင် ကျွန်တော့်သားက စကားပြောနောက်ကျတယ်။ ကလေးတယောက်အနေနဲ့ ဘာလုပ်ရမယ် မလုပ်ရဘူး သိတာနောက်ကျတယ်။ အခု ၈ နှစ်ရှိတာတောင် အပြင်သွားရင် အောက်က ကြမ်းခင်းတွေ ဘာတွေ မကိုင်ရဘူး ဘာညာ သိပ်သိလှတာ မဟုတ်ဘူး။ ဒါပေမဲ့ တခါတလေ သူမသိဘူး ထင်တာတွေ သိနေတတ်တယ်။ ယူကျုက အခြားအင်တာနက် မီဒီယာတွေကနေ တဆင့်သိတာ များပါတယ်။

ခုနက ကျွန်တော် မီးပူတိုက်ရင်း သီချင်းဖွင့်ထားတယ်။ ဖွင့်ထားတာက ပင့်ခ်ဖလွိုက်။ သူက ကွန်ပျူတာနှိပ်နေရင်းကနေ လှမ်းမေးတယ်။ အဲဒါ ပင့်ခ်ဖလုဒ်လားတဲ့။ သူ့ကို ဟုတ်တော့ ဟုတ်တယ်။ ဒါပေမဲ့ ပင့်ခ်ဖလွိုက်လို့ ခေါ်တယ် ပြန်ပြောရင်း အံ့ဩသွားတာနဲ့ ဘယ်လိုသိတာလဲ မေးတော့ ဒီလိုပဲ သိနေတာတဲ့။

သေချာမေးကြည့်တော့မှ သူက အခုလာနေတဲ့ သီချင်းကို သိတာကိုး။ သေချာ ထပ်မေးကြည့် တော့ သူက အဲဒီ သီချင်း “Another brick in the wall” အမ်တီဗွီကို သေချာကို သိနေတာ။ ပြောပြပါ ဆိုတော့ သေချာ ပြောပြနိုင်တယ်။ (သူပြောတာက အင်္ဂလိပ်လိုပါ။ အရမ်းအသေးစိတ် ပါတယ်။ ကျွန်တော်က အကြမ်းဖျင်း ပြန်ပြောပြတာ။) ဆိုးတဲ့ ဆရာတွေ (သူပြောသလိုဆို Evil Teachers) က ကျောင်းသားတွေကို ဘယ်လိုလုပ်တာ၊ ထုတ်လုပ်ရေးလိုင်းမှာ တန်းစီပြီး  အသားကြိတ် ပစ်တာ။ နောက်ဆုံးကလေးတွေက ပြန်ချပြီး ကျောင်းကို ဖျက်ဆီးပစ်တာ စသည် ….။

နားထောင်ရင်း သူ အဲဒီသီချင်းကို ဘယ်လိုလက်ခံလဲ နည်းနည်းကြောက်သွားတယ်။ အဲဒါနဲ့ သားတို့ကျောင်းမှာ ဆရာဆိုးတွေရှိလားဆိုတော့ ဝမ်းသာအားရဖြေရှာတယ်။ မရှိဘူး တဲ့။ အဲဒီတော့မှ စိတ်အေးသွားတယ်။

 

တင်မင်းထက်

June 28, 2014 at 10:48pm