စုံနံ့သာမြိုင်မှာ ရွာသောမိုး(ဂျက်ကွမ်းခြံကုန်း)

Posted on Posted in စာပေဆောင်းပါး

 

 

 

စုံနံ့သာမြိုင်မှာ ရွာသောမိုး

 

မူရင်း သရုပ်ဖော် 7daydaily Journal
မူရင်း သရုပ်ဖော် 7daydaily Journal

ဆရာကြီးဂျက်၊ ကမ္ဘာပေါ်မှာ မိုးဘယ်နှမျိုးရှိသတုံးဗျတဲ့။ အဲဒါမြေခွေးက ဂျက်ကိုမေးတဲ့ စကားပါ။ စုံနံ့သာမြိုင်မှာ ဆက်တိုက်ကြီးဆိုသလို မိုးခေါင်ပြီး ရာသီဥတုတွေ ဖောက်လွဲဖောက်ပြန် ဖြစ်လာနေခဲ့တာ အနှစ်သုံး၊ လေး၊  ငါးဆယ်လောက်တော့ ရှိရောပေါ့။

သည်ဘက်ပိုင်းနှစ်တွေကို ရောက်လာလေလေ မိုးလေ၀သ ဖောက်ပြန် တဲ့ ဒဏ်ကို တိရစ္ဆာန် ကလေးတွေ ခံကြရလေလေ။ အဲသလို အနေ အထားတွေနဲ့ စုံနံ့သာမြိုင် ထွေပြားလာတဲ့ တရက်သားမှာ အဆိုပါ မေးခွန်းကို တောရဲ့ဦးသျှောင် မြေခွေးမောင်က ဂျက်ကို မေးမြန်းသမှု ပြုလာခဲ့တာပါ။ ကမ္ဘာပေါ်မှာ မိုးဘယ်နှမျိုး ရှိသတုံးတဲ့။ ဘယ့်နှာလုပ်ပြောတတ်ပါ့မတုံးဗျာ။ ဂျက်က မိုးလေ၀သ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်မှမဟုတ်တာ။ အနို့သော် သို့သော်လည်းပေါ့။ ဖတ်ထား မှတ်ထားတာကလေးများကတော့ ပါးစပ်ဖျားကနေ စီးဆင်းလို့ လာခဲ့ရပေတာပေါ့။

‘‘ကွက်ကျားမိုးတဲ့၊ တောင်ပြန်မိုးတဲ့၊ အညာမိုးတဲ့၊ မိုးပြေးတဲ့၊ စနေမိုးတဲ့၊ မုတ်သုံမိုးတဲ့၊ မိုးဖြူ တဲ့၊ မိုးမည်းတဲ့၊ သင်္ကြန်မိုးတဲ့၊ တပေါင်းမိုးတဲ့၊ တော်သလင်းမိုး တဲ့၊ မေမြို့မိုးတဲ့၊ အများကြီးပေါ့ မစ္စတာ ဆရာ မြေခွေးရယ်’’

ဂျက်ဖြေပုံကို သဘောကျသွားလို့ထင်ပါရဲ့။ မြေခွေးက ရယ်သွမ်းတောင် မှ သွေးနေလိုက် ပါသေးတယ်။ သူ့အပါးမှာ ၀န်းရံခနေတဲ့ ဆင်တွေ၊ ကျားတွေ၊ ခြင်္သေ့တွေ၊ ၀ံပုလွေတွေကတော့ မရယ်မပြုံး ရှုတည်တည် မျက်လုံး ကြီးတွေနဲ့ ရယ်သာပါ။

‘‘မိုးနဲ့ဆိုင်တဲ့အကြောင်းဆက်တွေကို ကျွန်ုပ်တို့အဖွဲ့က ၎င်းထက်တော့ ပိုပိုမိုမိုကလေး သိလိုလှပေသဗျ’’

မြေခွေးက ပါးစပ်တဆင့်တက်ကာ ထပ်ဆင့်လို့ တောင်းဆိုလာခဲ့ပြန်တာပါ။

သြော်… အမျိုးကောင်းဆရာ ငါအနှီဂျက်ပေမို့ မိုးအကြောင်းအရာတွေကို ပကာသနီစွက်ရ ပြန်ပါပေါ့။

 

(နှစ်)

ပေါက္ခရ၀ဿမိုးဆိုတာကိုတော့ ဂျက်တော်တော်ကလေး ကြိုက်သဗျ။ စွတ်စိုလိုသူတို့ကိုသာ စွတ်စိုစေပြီး စွတ်စိုလိုတဲ့ဆန္ဒမရှိရင် လုံးဝမစွတ်စိုဘူးလို့ဆိုတာကိုးဗျ။ သိပ်မိုက်တဲ့မိုး။ စိတ်ကြိုက်စဖွယ့်မိုး။

အက်စစ်မိုးဆိုတာကိုတော့ ဂျက်သောက်မြင်ကတ်သဗျ။ စက်မှုထွန်းကားတဲ့အရပ်မှာ ရွာတာတဲ့။ ဆာလဖာဒိုင်အောက်ဆိုက်နဲ့ နိုက်ထရိုဂျင်အောက်ဆိုက်တွေရောနေတဲ့ မိုးပါတဲ့။ အမေရိကန်တဲ့၊ ကနေဒါတဲ့၊ ဆွီဒင်တဲ့၊ ဂျာမနီတဲ့၊ တရုတ်တဲ့။ အက်စစ်မိုး ရွာလေ့ရှိတဲ့ နိုင်ငံတွေလေ။ မိုးရေတွေက ချဉ်စူးစူးကြီးနေမှာပေါ့။

ဂေါတမဘုရားရှင် လက်ထက်က ဓားမိုး၊ လှံမိုး၊ ကျောက်ခဲမိုး၊ ပြာပူမိုး၊ သလဲမိုး၊ ရေယဉ် မိုးဆိုတာတွေကိုတော့ ဂျက်အတော်ကလေး ဖြုံသဗျ။ ထား။

ဂျက်လည်း အနို့နှယ် သို့နှယ်သော တောင်စဉ်ရေမရ မိုးစကားတွေကို တောရောက် တောင်ရောက် လျှောက်ပြောနေခဲ့ရာက ဖျတ်ခနဲဆိုသလို မိုးကို ကွန်ထရိုးလုပ်တာကလေးတွေကိုသွားပြီး သတိရ မိလိုက်သဗျ။

‘‘အခုခေတ်ကြီးမှာက ရွာ မယ့်မိုးကို တားလို့ရပြီ။ မိုးမရွာတာကိုလည်း ရွာအောင်လုပ်လို့ရပြီ အဆွေမြေခွေးရဲ့’’

ဂျက်စကားမှာ မြေခွေးနဲ့တကွ တိရစ္ဆာန်အကောင်ကြီးတွေ ခေါင်းထောင်သွားကြသဗျ။ တချို့ကဆို ခေါင်းကြီးတွေကို တောင်မှခါလို့။ မဖြစ်နိုင်တဲ့ သတင်းတွေကွာတဲ့။

တရုတ်ပြည်မှာ မိုးကိုတားတာ တိရစ္ဆာန်တွေ မသိကြဘူးထင်ပါရဲ့။ ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်မှာ ကွန်မြူနစ်နိုင်ငံဖြစ်ခဲ့တဲ့ တရုတ်ဟာ ၂၀၀၉ အောက်တိုဘာ ၁ ရက်မှာ အနှစ် ခြောက်ဆယ်ပြည့်ခဲ့လေပြီဗျာ။ အဲသမှာ နှစ် ၆၀ ပြည့်ပွဲပြီး ၀ှဲချီးကျင်းပခဲ့တာ ပေကျင်းက တီယန် မင်ရင်ပြင်မှာပေါ့။ ဂုဏ်ယူဖွယ်အခမ်းအနားကြီး ကျင်းပနေတုန်းမှာ မတော်တဆ မိုးရွာချအံ့လတံ္တ့ မည်ကို စိုးရိမ်ကြတာပေါ့။ အဲသမှာ မိုးကိုတားပြီပေါ့။ လေတပ်က မိုးလေ၀သပညာရှင် ကျူလင် ကင်းက ဦးဆောင်ကာ လေယာဉ် ၄၈ စီးက အဆင်သင့်တဲ့ခင်ဗျ။ မိုးတိမ်တွေတက်လာတာနဲ့ ဆေး နဲ့ချေဖျက်ပစ်မယ့် လေယာဉ်တွေ။ လေယာဉ် ၁၈ စီးကတော့ မိုးတိမ်တွေအနီးအနား ၀န်းကျင်တ၀ိုက်ဆီ ရောက်ရှိ၍မလာရလေအောင် ကောင်းကင်ယံမှာ ဓာတုပစ္စည်းတွေ ကြိုတင်လို့ ကြဲချထားခဲ့ပါလေသတဲ့။

‘‘တီယန်မင် ကောင်းကင်ယံကို အဘယ် မိုးတိမ်မှမလာတော့ဘူး အဆွေမြေခွေး’’

ဂျက်က မိုးရွာအောင်လုပ်တာကိုလည်း ဖွင့်ဟလိုက်ပါသေးတယ်။ ‘ဖုန်လွမ်’ ဆိုတာကို ကြား ဖူးသလားလို့ စပြီးမေးရတာပေါ့။ ‘ဖုန်’ ဆိုတာက ‘မိုး’၊ ‘လွမ်’ ဆိုတာ က ‘ဘုရင်’ ဆိုတော့ ‘ဘုရင့်မိုး’ လို့ အဓိပ္ပာယ်ရပေမှာပေါ့။ ထိုင်းဘုရင်ကြီး ဘူမိဘောရဲ့ မိုး၊ ထိုင်း၌ ရွာသောမိုးပေါ့ခင်ဗျာ။

မိုးမရွာလို့ ပြည်သူလူထု ပူတဲ့အိုက်တဲ့အချိန်မှာ ထိုင်းကောင်းကင်ယံကို လေယာဉ်တွေနဲ့ ပျံတက်၊ ဆေးဖျန်း၊ မိုးတိမ်အတုတွေ ဖန်ဆင်း။ ထိုင်းနိုင်ငံပေါ် မိုးတွေရွာချ။ ဘုရင့်မိုး ရွာသွန်းဖြိုးလေပြီလို့ ဆိုကာ ထိုင်းလူထုက ဘုရင်ကို ရည်မျှော်လို့ ရှိခိုး။ ဖုန် လွမ် ဖုန်လွမ်နဲ့။

‘‘ထားပါ ဂျက်ရာ..အခု စုံနံ့သာမြိုင်မှာ မိုးခေါင်နေခဲ့တာ ဂျက်လည်းသိမယ်ထင်ပါတယ်’’

မြေခွေးက သူ့တော စုံနံ့သာမြိုင်ရဲ့အနေအထားကို ပြောပြလာခဲ့တာပါ။ ဟုတ်ပါတယ်။ ‘က ဆုန်ကို မိုးဖြုန်၊ နယုန်ကို မိုးမရွာ၊ ၀ါဆိုကို မိုးရှောင်၊ ၀ါခေါင်ကို မိုးရှင်း၊ တော်သလင်းကို မိုးလွတ်၊ သီတင်းကျွတ်ကို မိုးသုဉ်း၊ တန်ဆောင်မုန်းကိုမိုးနေ’ ဆိုတဲ့ ကြည့်ကန်ရှင်ကြီးရဲ့မေတ္တာစာထဲက နှယ် စုံနံ့သာမြိုင်မှာ မိုးခေါင်ခဲ့တာ ကြာခဲ့ပါပြီ။ တိရစ္ဆာန်ကလေးတွေ ရေငတ်ကြပါပေါ့။ ရေအိုင်စပ်စပ်ကလေးတွေဆီမှာ ဆင်းဆင်းပြီး ရေကိုလျှာနဲ့လျက်နေတဲ့ တိရစ္ဆာန်ကလေးတွေဟာ မမြင်ချင်မှ အဆုံးပါ။ နှမ်း၊ ပဲ၊ ပြောင်းတောမှာ ကောင်းကောင်းမဖြစ်တော့ပါဘူး။ ဂျုံနဲ့ စပါးရှာမှ ရှားခဲ့ပါပေါ့။ ဒူးရင်း၊ သြဇာ၊ မာလကာ၊ သရက် ကောင်းကောင်းမထွက်တော့ဘူး။  သင်္ဘော၊ ပိန္နဲ၊ သံပရို၊ သံပရာ ဘယ်မှာမှ ရှာမရတော့။

‘‘အဲဒါ သစ်ပင်တွေ ပြောင်လို့ မိုးခေါင်လာတာ အဆွေမြေခွေးရဲ့’’

‘‘ဟုတ်ပါတယ်.. ကဲ အနို့သော်လည်းပေါ့ စုံနံ့သာမြိုင်မှာ မိုးပြန်ပြီး မှန်လာစေရန်အလို့ငှာ ကျုပ်တို့လည်း တိရစ္ဆာန်အတွေး၊ တိရစ္ဆာန်ဉာဏ်နဲ့ တောလုံးညံအောင် စီမံထားကြပါပြီ ဆရာ ကြီးဂျက်။ ကျွန်ုပ်တို့နဲ့အတူ လိုက်လံရှုစားပါလေ’’

ဂျက်ကွမ်းခြံကုန်းရဲ့ဘ၀မှာ ဤတပွဲလောက် အနှီငနဲ ခန့်တာမရှိတော့ဘူးထင်ပါရဲ့။ အကောင်ကြီး တွေဝန်းရံကာ မြေခွေးနဲ့ ဂျက်တို့က တောကို လှည့်လည်ရှုစားခွင့်ရခဲ့တာကိုး။ မိန့်မိန့်ကြီးခင်ဗျ။ တလှမ်းချင်း။

အို… ဟုတ်ပါရဲ့။ လွန်ဆွဲပွဲတွေ .. လွန်ဆွဲပွဲတွေ။ တောလုံးအနှံ့ကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေခဲ့ ကြတာကလား။ မျောက်တွေ၊ သမင်တွေ၊ ဒရယ်တွေ၊ ချေငယ်၊ စိုင်ဆတ်၊ ပုတတ်၊ ယုန်၊ ခါတော သတ္တ၀ါ အကုန်လုံးပါပဲဗျာရယ်။ သူ့နေရာနဲ့သူ လွန်ဆွဲနေလိုက်ကြတာ။ စုံနံ့သာမြိုင်မှာ မိုးပြန်ရွာ အောင်လို့တဲ့။ လူတွေကလည်း လူတွေအလျောက်၊ တိရစ္ဆာန်တွေကလည်း တိရစ္ဆာန်တွေအလျောက် ကိုယ့်နည်းပညာနဲ့ ကိုယ်ပေါ့။

မြေခွေးက ဂျက်ကိုတစ်ချက် လှည့်ကြည့်ပုံမှာ ဘယ့်နှယ့်လဲ၊ မြင်ပြီမဟုတ်လား။ ကျုပ်တို့ကြိုးစားနေကြပါတယ်ဗျဆိုတဲ့ အဓိပ္ပာယ်တွေအပြည့်အ၀ပေါ့။

ဟုတ်ပါတယ်လေ။ စုံနံ့သာ မြိုင်မှာ တနေ့တော့ မိုးလေ၀သပြန်ကောင်းလာမှာပါ။ မြေကြီးကို လက်နဲ့ခတ်တာကမှ လွဲချင်လွဲဦးမယ်။ 

 

ဂျက်ကွမ်းခြံကုန်း

မူရင်း http://7daydaily.com မှ ဖော်ပြထားမှုကို စာရေးသူ၏ခွင့်ပြုချက်ဖြင့် ထပ်မံ တင်ဆက်သည်။