မှိုင်းမသိရင် သမိုင်းမသိ…မဟာမှိုင်းအလွန်နှစ်ငါးဆယ်အထိမ်းအမှတ် (မောင်ရင်ငတေ)

Posted on Posted in သမိုင်းရေစီး

မှိုင်းမသိရင် သမိုင်းမသိ

” သခင်ကိုယ်တော်မှိုင်းဟာ ၁၉၃၄ ခုနှစ် ပထမဦးဆုံး သော (တို့ဗမာညီလာခံ) သခင်များညီလာခံကို ရေနံချောင်းမြို့ လည်ပေါ်ဘုရားကျောင်းဝန်းမှာ ပြုလုပ်ချိန်ကလည်း တက်ရောက်ခဲ့ဖူးပါတယ်…”

 

သခင်ကိုယ်တော်မှိုင်း ရေနံချောင်းလာစဉ် (၁၉၅၄-၅၅)

သခင်ကိုယ်တော်မှိုင်း ရေနံချောင်းလာစဉ် (၁၉၅၄-၅၅)
သခင်ကိုယ်တော်မှိုင်း ရေနံချောင်းလာစဉ် (၁၉၅၄-၅၅)

သခင်ကိုယ်တော်မှိုင်း (၂၃မတ်လ ၁၈၇၆ – ၂၃ ဂျူလိုင်လ ၁၉၆၄ ) အကြောင်းကတော့မောင်ရင် ငတေအနေနဲ့ကိုယ်ပိုင်အိုင်ဒီယာတွေနဲ့ ဘာမှရေးစရာအထူးမရှိပါဘူး။ တခြားတခြားသောစာရေးဆရာကြီးများထင်ရှားသူများကော မထင်မရှားသူများကောရေးထားတာတွေမှအများကြီးပါ။

အဲဒါတွေကိုသာအွန်လိုင်းခေတ် ရသမျှ အင်တာနက် စာမျက်နှာတွေပေါ် မှာမောင်ရင်ငတေလည်း လိုက်လံရှာဖွေ ဖတ်နေရတာပါ။

မောင်ရင်ငတေမှာသခင်ကိုယ်တော်မှိုင်းနဲ့ ပတ်သက်ပြီးတော့ပြောစရာပြ စရာတခုတော့ ရှိပါတယ်။

အဲဒါကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းခြောက်ဆယ် ၁၉၅၄ ခုနှစ်က “သခင် ကိုယ်တော်မှိုင်းရေနံချောင်း မြို့သို့လာစဉ်” ဆိုတဲ့ လက်ရေးစာပါဝင်တဲ့ အဖြူအမည်း ဓာတ်ပုံသေးသေးလေးတွေပါပဲ။ အဲဒီ ရှားပါးဓာတ်ပုံများ ကိုမောင်ရင်ငတေရဲ့ဖေ့စ်ဘုတ်ခ် မှာ၂၀၁၁ ဒီဇင်ဘာလက တင်ထားခဲ့ဖူးပါ တယ်။

https://www.facebook.com/micky.naing/media_set?set=a.333148083364992.87586.100000094105776&type=1 ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

အဲဒီဓာတ်ပုံသေးသေးလေးတွေကိုစုဆောင်းသိမ်းဆည်းထားသူကတော့မောင်ရင်ငတေရဲ့အမေဖြစ်သူပါ၊

မောင်ရင်ငတေရဲ့အမေဖြစ်သူကအဲဒီလိုရှေးပစ္စည်းလေးတွေကိုသိမ်းဆည်းရတာအတော်ဝါသနာကြီးသူတဦးပါ၊အဲလိုတဝက်တပျက် ပျက်လွှင့်နေတဲ့ဆေးသားတွေနဲ့ သိမ်းဆည်းထားတဲ့ အဖြူ အမည်းဓာတ်ပုံလေးတွေကိုအယ်လ်ဘမ်အဟောင်းတွေထဲမှာဖြုတ်လိုက်တပ်လိုက်နေရာရွှေ့လိုက်နဲ့ အားရင်အားသလို လုပ်နေတတ်တာက သူရဲ့ဝါသနာပါ၊အဲဒီပုံလေးတွေကိုမောင်ရင် ငတေတောင်းဆိုခဲ့လို့ လူကြုံရှာပြီး ပို့ပေးခဲ့ပါတယ်၊ အဲဒါကြောင့် သမိုင်းဝင် ရှားပါးပုံလေးများဟာ မောင်ရင်ငတေ့လက်ဝယ် လွှဲပြောင်းရောက်ရှိ သိမ်းဆည်းထားမိခဲ့ရတာပါ၊ ကိုယ့်လက်ထဲမှာ ထား ရင် စာအုပ်စင်တနေရာမှာသာ ရှိနေတော့မယ့်ပုံလေးတွေကို အများသူငှာမြင်တွေ့နိုင်အောင် အခု ခေတ်မှာ အလွယ်ကူဆုံးဖြန့်ဝေရေးစနစ်ဖြစ်တဲ့ ဖေ့စ်ဘုတ်ခ်စာမျက်နှာများကနေ ထပ်ဆင့် ဖြန့်ဝေခဲ့ပါတယ်။

သခင်ကိုယ်တော်မှိုင်း ရေနံချောင်းလာစဉ် (၁၉၅၄-၅၅)
သခင်ကိုယ်တော်မှိုင်း ရေနံချောင်းလာစဉ် (၁၉၅၄-၅၅)

အဲဒီပုံများဟာ တခြားဘယ်သူဆီမှာမှမရှိဘူးလို့ယူဆရပါတယ်၊ မူရင်းရိုက်ကူးသူ ဓာတ်ပုံဆရာဆီမှာတော့ ရှိကောင်းရှိနိုင်ပါတယ်၊ ဒါပေမယ့် အွန်လိုင်းပေါ် မှာတော့ တွေ့ရှိနိုင်ဘွယ်ရာ မရှိပါဘူး။

အဲဒီအချိန်ကာလက ခေတ်စားခဲ့တဲ့နှစ်လက်မပတ်လည် ဓာတ်ပုံလေးတွေပေါ်မှာ လည်း ဓာတ်ပုံ ရိုက်ကူးသူအမည် ဆိုင်အမည် ဘာအမှတ်အသားမှ မပါရှိပါဘူး၊ ၁၉၅၄ ခုနှစ်ဆိုတာ မောင်ရင် ငတေရဲ့အမေဖြစ်သူက ဆယ့်လေးနှစ်အရွယ်ပါ၊ ၁၉၅၀ ခုနှစ်ကျော်တဝိုက်က ပြည်တွင်း ငြိမ်း ချမ်းရေးအတွက် အထက်ဗမာပြည်ကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့ လှည့်လည်သွားရောက် စဉ် ရေနံချောင်းမြို့ ကို ရောက်ရှိလာခိုက်မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်လို့ မောင်ရင်ငတေ့အမေက အတိတ် အကြောင်းတွေကို ပြန်ပြောင်းပြောပြခဲ့တာပါ၊

မောင်ရင်ငတေ့ အမေတို့ရဲ့ လူထုလက်ရုံးစာပေ မိသားစုတွေ မိတ်ဆွေတွေ သူငယ်ချင်းတွေ အဲဒီသခင်ကိုယ်တော်မှိုင်း ကြိုဆိုရေးပွဲအသွား လှည်းတွေပေါ်မှာ ဓာတ်ပုံရိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ရေနံချောင်းမြို့ပေါ်မှာ မောင်ရင်ငတေတို့ အဘိုးအဘွားတွေရဲ့လူထုလက်ရုံးဆိုတဲ့ ဆိုင်ရယ် နဘေး တအိမ်ကျော်မှာတော့ ဒို့ဗမာစာအုပ်ဆိုင်ရယ်ဆိုပြီး ဆိုင်းဘုတ် အကြီးကြီးတွေ တင်ထားကြတဲ့ သတင်းစာနဲ့ စာအုပ်ဖြန့်ချိရေး ဆိုင်နှစ်ဆိုင်ကိုတော့ အဲဒီအချိန်တုန်းက ရေနံချောင်းမြို့နယ် တဝိုက် မှာ ဖြတ်သန်းခဲ့ဖူးသူများ မှတ်မိကြပါလိမ့်မယ်။

မောင်ရင်ငတေ ဖတ်မိထားသလောက်ကတော့ သခင်ကိုယ်တော်မှိုင်းဟာ ၁၉၃၄ ခုနှစ် ပထမဦးဆုံး သော (တို့ဗမာညီလာခံ) သခင်များညီလာခံကို ရေနံချောင်းမြို့ လည်ပေါ်ဘုရားကျောင်းဝန်းမှာ ပြုလုပ်ချိန်ကလည်း တက်ရောက်ခဲ့ဖူးပါတယ်။

၁၈၇၆ ခုနှစ်မှာမွေးဖွားခဲ့တဲ့ သခင်ကိုယ်တော်မှိုင်းဟာ ၁၉၅၄ ခုနှစ်မှာတော့ အသက် ၇၈ နှစ် ရှိပါပြီ၊

ဒါကြောင့် အခု ဒီပုံမှာက ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို လှည်းပေါ်က ချီမပြီးချခဲ့ရတဲ့ ပုံဆိုတော့ မောင်ရင်ငတေ့ အမေမှတ်မိသလောက်ရေးသားထားတဲ့ အချိန်ကာလ ၁၉၅၄-၅၅ ဆိုတာ ဖြစ်နိုင်ပါ တယ်။ (တနေရာမှာတော့ ဖတ်လိုက်ရတာက ၁၉၅၆ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ကုန်အထိ အထက်မြန်မာပြည်တလွှားသို့လှည့်လည်၍ ပြည်တွင်းငြိမ်းချမ်းရေးတရားများ လိုက်လံ ဟောပြောခဲ့ပါတယ်လို့ ရေးသားထားတာကိုပါ၊)

 

သခင်ကိုယ်တော်မှိုင်း ရေနံချောင်းလာစဉ် (၁၉၅၄-၅၅)
သခင်ကိုယ်တော်မှိုင်း ရေနံချောင်းလာစဉ် (၁၉၅၄-၅၅)

မောင်ရင်ငတေရဲ့အမေကတော့ ဒီပုံထဲမှာ ပါဝင်ခဲ့တဲ့သူများကို သူမှတ်မိသ၍တော့ ပြောပြပါသေး တယ်။

အခုထိ သက်ရှိထင်ရှားရှိနေသူတွေလည်း ရှိနေပါသေးတယ်။ ဘယ်သူတွေလဲ ဆိုတာကတော့ မသေချာလို့ မောင်ရင်ငတေ မဖော်ပြတော့ပါဘူး၊ အကယ်၍များ အကြောင်းတိုက်ဆိုင်ပြီး ဒီစာကို ဖတ်မိခဲ့လို့ ဘယ်သူတွေဆိုတာ သေချာသိသူများပေါ်လာခဲ့ပါက ကျေးဇူးအထူးတင်စွာဖြင့် ဖြည့်စွက်မှတ်တမ်းတင်မယ်ဖြစ်ကြောင်းပါ ခင်ဗျာ။

သခင်ကိုယ်တော်မှိုင်း ရေနံချောင်းလာစဉ် (၁၉၅၄-၅၅)
သခင်ကိုယ်တော်မှိုင်း ရေနံချောင်းလာစဉ် (၁၉၅၄-၅၅)

အဲဒီလို မောင်ရင်ငတေရဲ့ဖေ့စ်ဘုတ်ခ်မှာ သာမန်အမှတ်မထင် တင်ထားဖြစ်ခဲ့တဲ့ သမိုင်းမှတ်တမ်း ဝင် ဓာတ်ပုံလေးတွေကို ရှုခင်းသစ်အွန်လိုင်း မဂ္ဂဇင်းအယ်ဒီတာ ကို ပြောဖြစ်ပြသဖြစ်ရာက ရေးထား ခဲ့ဖူးတဲ့ အတိုအစစာများနဲ့ပေါင်းစပ်ပြီး အခုနှစ် သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း နှစ်ငါးဆယ်ပြည့် အဖြစ်ရှုခင်းသစ် စာဖတ်ပရိသတ်များအတွက် ပေးပို့လိုက်ရပါတယ် ခင်ဗျာ။

ရဲဘော်ဖိုးသံချောင်း ရေးသားခဲ့ဖူးတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း အကြောင်းက မောင်ရင်ငတေ အကြိုက်ဆုံး စာကြောင်းကတော့ …..

“ဆရာကြီးရဲ့ ထူးထူးခြားခြား မှတ်သားလောက်တဲ့ အရည်အချင်း တခုကတော့ သမိုင်းအကွေ့ အပြောင်းတွေမှာ နိုင်ငံရေး အရှုပ်အထွေးတွေ ဘယ်လိုပဲရှိရှိ မျက်စေ့မလည်တာပါ ပဲ။”

ဒီနေရာမှာ … ဒီကနေ့မှာလည်း မျက်စေ့လည် လမ်းမှားနေသူတွေ အများကြီးပါဆရာကြီးခင်ဗျား လို့ မောင်ရင်ငတေ ထပ်လောင်း ပြော လိုက်ချင်ပါတယ်။

အချက်အလက်များ မှားယွင်းမှုရှိပါက ဖြည့်စွက်ပေးကြပါရန်၊ အားလုံးကို ကျေးဇူးအထူးတင်ပါ တယ်။

 

မောင်ရင်ငတေ ၂၁၀၄၂၀၁၄