မဟာမှိုင်းအလွန်နှစ်ငါးဆယ် အထိမ်းအမှတ်(ရဲဘော်ဖိုးသံချောင်း)

Posted on Posted in သမိုင်းရေစီး

ဤဆောင်းပါးသည် ရဲဘော်ဖိုးသံချောင်း၏ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၃၅ နှစ်ပြည့်အထိမ်းအမှတ်ဂုဏ်ပြုအစီအစဉ်အဖြစ် ၂၀၀၄ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ ဒီမိုကရက်တစ်မြန်မာ့အသံမှ ထုတ်လွှင့်ချက်ကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါကြောင်း …..

 

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂုဏ်ပြုအစီအစဉ်

ရဲဘော်ဖိုးသံချောင်း

 

“ဆရာကြီး တသက်လုံးလက်တွဲသွားတဲ့ အင်အားစုတွေအကြောင်းပြောရင် ချန်ထားလို့မဖြစ်တဲ့ အင်အားစု တခုရှိပါတယ်။ အဲ့ဒါကတော့ ကျောင်းသားတွေပါ။ ဗမာပြည်မှာ ကျောင်းသားတွေရဲ့ပထမဆုံးနိုင်ငံရေး လှုပ် ရှားမှုလို့ဆိုရမယ့် ၁၉၂ဝ ခုနှစ် က ယူနီဗာစီတီသပိတ်ကြီးကစလို့ နောက်ဆုံးအချိန်အထိ ဖဆပလ အစိုးရ လက်ထက်၊ ကြားဖြတ်စစ်အစိုးရလက်ထက်အထိ သူဟာ ကျောင်းသားတွေနဲ့ လက်မြဲမြဲတွဲခဲ့ပါတယ်။”

ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်း
ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်း

 

ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ ကျနော်တို့ဗမာနိုင်ငံမှာ တခေတ်ထွန်း တယောက်ပေါ် ပုဂ္ဂိုလ်မျိုး ဖြစ်ပါ တယ်။ သူ့ကို ဗမာပြည်နိုင်ငံရေးလိုအပ်ချက် က ပြဋ္ဌာန်းဖော် ထုတ်လိုက်တာ ဖြစ်ပါတယ်။ သူလို့လူ နောက် ထပ်မပေါ်နိုင်တော့ပါဘူး။ ဆရာကြီးရဲ့ ဂုဏ်ပုဒ်တွေကိုပြောမယ်ဆိုလို့ရှိရင် အများကြီးပါ။

စာပေပညာရှင်ကြီးအနေနဲ့ ပြောမလား၊ လွတ်လပ်ရေးတိုက်ပွဲဝင် ပုဂ္ဂိုလ်ကြီးတယောက်အနေနဲ့ ပြောမလား၊ ငြိမ်းချမ်းရေး ဗိသုကာကြီးအနေနဲ့ ပြောမလား ပြောစရာတွေ အများကြီးပါ။

သူဟာ စာပေလောကမှာ၊ သတင်းစာလောကမှာ မီးရှူးတဆောင်သူတဦးဖြစ်ခဲ့တာလည်း အမှန်ပါပဲ။ ဒါပေမယ့် ကျနော်ရှုထောင့်ကပြောရရင်တော့ ဆရာကြီးရဲ့ ဂုဏ်သရေဟာ သူရဲ့နိုင်ငံရေးလုပ်ရပ်တွေ ကြောင့် ပိုမိုကြီးလာရတယ်လို့ ပြောချင်ပါတယ်။

အင်္ဂလိပ်အစိုးရရဲ့ ရန်သူတော် နံပါတ် ၁ ကြီးဟာ ဂျပန်ခေတ်ရောက်တော့လည်း တောပြေးရင်း ပုန်းရတယ်။ ဖဆပလ လက်ထက်ကြတော့လည်း ဆိုရှယ်လစ်တွေနဲ့ သူတို့ရဲ့စစ်ဗိုလ်တွေက တောထဲကလူတွေရဲ့ ကိုယ်စားလှယ်လို့ အမနာပပြောပြီး သူ့တရားပွဲတွေကို ပြူစောထီးတွေ လွှတ်ပြီး ခြိမ်းခြောက်တာခံရတယ်။

အဲဒီလို ခေတ်အဆက်ဆက်မှာ အာဏာရအသိုင်းအဝိုင်း၊ အာဏာရလူတန်းစားနဲ့ ထိပ်တိုက်တွေ့ အငြို အငြင်ခံပြီးတော့ ခေါင်းမာမာတိုက်ပွဲဝင်ခဲ့လို့ ဆရာကြီးရဲ့ဂုဏ်သိက္ခာဟာ ထွန်းပြောင်တာ၊ တပြည်လုံးက လေးစားရတာ ဖြစ်ပါတယ်။ ဆရာကြီးရဲ့ထူးခြားချက်တခုက သူဟာ ပြည်သူလူထုနဲ့ အမြဲတသားတည်း ရှိတာပါ။ သူဟာ ပြည်သူလူထုတိုက်ပွဲနဲ့ အမြဲဆက်နေပါတယ်။ အမြဲတမ်း သူပါ,ပါတယ်။ သူ့ခေတ်မှာ သူ မပါလိုက်တဲ့ ပြည်သူလူထုရဲ့တိုက်ပွဲရယ်လို့ မရှိပါဘူး။

‘ငါ့ဘဝမှာ တိုက်ပွဲတွေနဲ့ ပြည့်လျှမ်းနေပါစေ’ ဆိုတဲ့ မာက်စ်ရဲ့ကြွေးကြော်သံလိုပဲ ဆရာကြီးရဲ့ဘဝတခုလုံး ဟာ တိုက်ပွဲတွေချည်းပါပဲ။ သူဟာ ပြည်သူလူထု ဆိုတဲ့အထဲမှာ အထူးသဖြင့် အဖိနှိပ်ခံ ဆင်းရဲသူ ဆင်းရဲသားတွေနဲ့ တသားတည်းကျတာဟာ အင်မတန် ထူးခြားပါတယ်။

သူဟာ ဗမာပြည်ရဲ့ ဆင်းရဲသူ ဆင်းရဲသားတွေကိုလည်း နားလည်တယ်၊ စာနာတယ်၊ အဲဒီလူတွေအတွက် တိုက်ပွဲဝင်တယ်။ သူရေးတဲ့စာတွေထဲမှာ အညာမင်္ဂလာဆောင်လိုဟာမျိုးကအစ လက်ဖက်ကိစ္စအဆုံး သေ ချာကြည့်လိုက်လို့ရှိရင် ဆရာကြီးရဲ့ရပ်တည်ချက်ဟာ ဘယ်တော့မှ ပြည်သူလူထုကို သစ္စာမဖောက်ခဲ့ဘူး။ ဆင်းရဲတဲ့သူတွေနဲ့ အောက်တန်းအကျဆုံးလူတွေနဲ့ သူဟာ အမြဲတမ်းတသားတည်းရှိခဲ့တယ်။ သူကို ငွေ ကြေးတွေ၊ ရာထူးတွေနဲ့ဆွယ်တာတွေ သူ့ဘဝမှာ ခဏခဏ ကြုံခဲ့ရတယ်။

အဲဒါတွေ အားလုံးကို သူက ပြတ်ပြတ် ငြင်းပယ်နိုင်ခဲ့တယ်။ သူဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ် တော် လှန်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးလို အရေးတော်ပုံတွေအားလုံးမှာ အရှေ့ဆုံးက ပါခဲ့တာ အမှန်ပါပဲ။

ဒါကြောင့်မို့လည်း ၄၈ ခုနှစ်ဒီဘက်ပိုင်းမှာ လူငယ်တွေဟာ ဖဆပလအစိုးရနဲ့ ကြားဖြတ်စစ်အစိုးရတို့ရဲ့ ခြိမ်း ခြောက်မှုတို့ကို ဆရာကြီးအရှိန်အဝါနဲ့ ရင်ဆိုင်ကျော်လွှားခဲ့ရတာတွေကို အများကြီးရှိခဲ့ပါတယ်။ သူ့ကို ရှေ့ ဆုံးကတင့်ကားကြီးပေါ်ထားပြီး နောက်က ချီတက်ခဲ့ရတာပါ။ ကမ္ဘာငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးမှာ၊ ပြည်တွင်း ငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးမှာ ဆရာကြီးရဲ့အရှိန်အဝါမရှိရင် ဘယ်လိုဖြစ်မလဲဆိုတာ အတော်စဉ်းစားရပါ လိမ့်မယ်။

ဆရာကြီးဟာ အင်္ဂလိပ်စာမတတ်ပါဘူး။ ဒါပေမယ့် သူဟာ အသစ်ကို၊ တိုးတက်တာကို လက်ခံနိုင်စွမ်း ရှိ တာမှာ အံ့သြစရာ အလွန်ကောင်းပါတယ်၊ သူ့အတွေးအခေါ်က သာမန်ပဒေသရာဇ်ဆန်ဆန် နယ်ချဲ့ မုန်း တီးမှုကနေပြီးတော့ ဝံသာနုစိတ်၊ တို့ဗမာအစည်းအရုံးစိတ်ဓာတ်၊ နောက်ဆုံး ဆိုရှယ်လစ်ဝါဒအထိ ပြောင်း လဲလာပါတယ်။

ဒါကို သမိုင်းပါမောက္ခ ဆရာကြီး ဦးသန်းထွန်းက ‘တိုတိုပြောရရင် ပထမ အင်္ဂလိပ် အင်ပါရာထဲမှာပဲ ဒိုမီနီယံ ရရင်တော်ပြီလို့ မှန်းတယ်၊ နောက်တော့ လုံးဝလွတ်လပ်ရေး က တပြားမျှ မလျော့ဘူးဖြစ်လာတယ်။ လွတ် လပ်ရေးရပြီးရင် ဘယ်လိုနိုင်ငံတည်ဆောက်မလဲဆိုတာ ချက်ချင်း မစဉ်းစားနိုင်သေးဘူးပေါ့၊

ပဒေသရာဇ်နိုင်ငံပြန်ဖြစ်ရင်လည်း ဖြစ်နိုင်တယ်ဆိုတဲ့သဘောက ရှိနေသေးတယ်။ နောက်တော့ ဆိုရှယ်လစ် နိုင်ငံပိုင် စနစ်ရယ်လို့ ပီပီသသဖြစ်လာပါတယ်’ လို့ သူ့စာတမ်းတစောင်မှာ ရေးထားပါတယ်။

အဲဒီစာတမ်းရဲ့နောက်တနေရာမှာတော့ ဆရာသန်းထွန်းက ‘ဒါပေမယ့် ဒုတိယကမ္ဘာစစ်အတွင်းမှာ နောက် ဆုံးကာလ ၁၉၄၄ ခုနှစ်က ဆရာကြီးကွယ်လွန်တဲ့ ၁၉၆၄ ခုနှစ်အထိ အနှစ်၂ဝ အတွင်းမှာ ဆရာကြီးရဲ့ဘဝ က ဆိုရှယ်လစ်နိုင်ငံထူထောင်ရေးနဲ့ ငြိမ်းချမ်းရေးက ပန်းတိုင်လို့ပြသွားပါတယ်’ အဲလို ရေးထားပါတယ်။

ဆရာကြီးရဲ့ဈာပနကာလမှာ ဆရာကြီးရဲ့အကြောင်း စာတမ်းတွေဖတ်ကြတော့ ကျနော့်အဖေရေးတဲ့ စာ တမ်းထဲမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း (သို့မဟုတ်) မြန်မာနိုင်ငံသမိုင်းလို့ ညွန်းသွားပါတယ်။ ဒါဟာ သိပ်ကိုမှန်ပါတယ်၊ ဗမာပြည်ရဲ့သမိုင်း၊ ဆိုလိုတာ ဒီဘက်ခေတ်သမိုင်းအကွေ့ထဲမှာ ဆရာကြီးက ရှေ့ဆုံး က ပါသူပါ။ ဆရာဗန်းမော်တင်အောင်ပြောတဲ့စာနဲ့ပြောရလို့ရှိရင် သူဟာ သူ့ခေတ်ကပေးတဲ့တာဝန်ကို အကျေပြွန်ဆုံး ထမ်းဆောင်ပြသွားတဲ့ လူထုသူရဲကောင်းကြီးတယောက် ဖြစ်ပါတယ်။

ဆရာကြီးရဲ့ ထူးထူးခြားခြား မှတ်သားလောက်တဲ့ အရည်အချင်းတခုကတော့ သမိုင်း အကွေ့အပြောင်းတွေ မှာ နိုင်ငံရေးအရှုပ်အထွေးတွေ ဘယ်လိုပဲရှိရှိ မျက်စေ့မလည်တာပါပဲ။ သူ ဒီလိုမျက်စေ့မလည်တဲ့အဓိက အကြောင်းအရင်းကတော့ သူဟာ ပြည်သူလူထုအပေါ်မှာ သစ္စာရှိလို့ ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ပဲ တသား တည်းရပ်လို့ ဖြစ်ပါတယ်။

 

—-

သူရဲ့သက်တမ်းနဲ့အမျှ ကျင်လည်ရတဲ့ခရီးကြမ်းကြီးတလျောက်မှာ သူနဲ့လုပ်ဖော်ကိုင်ဖက် အမြောက်အမြား မှာ သူ့လိုအတွေးအခေါ် မပြောင်းလဲနိုင်တဲ့ အတွက် ပြတ်ကျန် ခဲ့တာတွေ၊ ခွဲထွက်သွားတာတွေ၊ အများကြီး ကြုံခဲ့ရပါတယ်။ ဒါပေမယ့် ဆရာကြီးကတော့ သမိုင်းကပြဋ္ဌာန်းလာတဲ့ အရေးတော်ပုံသစ်တွေ၊ တိုက်ပွဲသစ် တွေအတွက် အယူအဆသစ်တွေကိုလက်ခံပြီး လူငယ်တွေ၊ အင်အားအသစ်တွေနဲ့ လက်တွဲပါတယ်။

ဆရာကြီးက အသစ်ကိုဘယ်လောက်အထိ လက်ခံနိုင်စွမ်းရှိသလဲဆိုလိုရှိရင် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲ မှာ သူအရင်တုန်းက တွဲခဲ့တဲ့ ဒိုင်အာခီစေ့စပ်တွဲခဲ့တဲ့ လူကြီးတွေနဲ့ခွဲပြီးတော့ အမျိုးသားကျောင်း ထောင်ခဲ့ တာရယ်၊ အမျိုးသားကျောင်းမှာ ဝင်ပြီးလုပ်ခဲ့တာ၊ လူငယ်တွေနဲ့ တွဲခဲ့တာ၊ တို့ဗမာအစည်းအရုံးမှာလည်း ဗိုလ်ချုပ်အောင်ဆန်းတို့လို ပုဂ္ဂိုလ်တွေနဲ့တွဲခဲ့တာ၊ နောက်ဆုံးလွတ်လပ်ရေး ဒီဘက်ခေတ်မှာကိုပဲ အဲဒီခေတ် က တိုးတက်တဲ့လူငယ်တွေဖြစ်တဲ့ ဗန်းမော်တင်အောင်တို့၊ ဒဂုန်တာရာတို့လို လူငယ်တွေနဲ့ တွဲတာ၊ နောက် ပြီး ဗိုလ်မှူးချုပ်ကျော်ဇောတို့၊ ဝတ်လုံထွန်းတင်တို့လို ပုဂ္ဂိုလ်တွေနဲ့တွဲတာ ဒါ ဆရာကြီးရဲ့ အသစ်အင်အားစု ကို လက်ခံနိုင်စွမ်းရှိမှု၊ အမှားအမှန် ခွဲနိုင်စွမ်းရှိမှုကိုပြသတဲ့ သာဓကတွေဖြစ်ပါတယ်။

ဆရာကြီး တသက်လုံးလက်တွဲသွားတဲ့ အင်အားစုတွေအကြောင်းပြောရင် ချန်ထားလို့မဖြစ်တဲ့ အင်အားစု တခုရှိပါတယ်။ အဲ့ဒါကတော့ ကျောင်းသားတွေပါ။ ဗမာပြည်မှာ ကျောင်းသားတွေရဲ့ပထမဆုံးနိုင်ငံရေး လှုပ် ရှားမှုလို့ဆိုရမယ့် ၁၉၂ဝ ခုနှစ် က ယူနီဗာစီတီသပိတ်ကြီးကစလို့ နောက်ဆုံးအချိန်အထိ ဖဆပလ အစိုးရ လက်ထက်၊ ကြားဖြတ်စစ်အစိုးရလက်ထက်အထိ သူဟာ ကျောင်းသားတွေနဲ့ လက်မြဲမြဲတွဲခဲ့ပါတယ်။

သူဟာ ဦးဘဖေတို့လို ဒိုင်ယာခီသမားတွေနဲ့လက်တွဲဖြုတ်ပြီး ကျောင်းသားတွေဘက်က ပြတ်ပြတ်ရပ်၊ ကလောင်ထမ်းပြီး တိုက်ပွဲဝင်ခဲ့တယ်။ မျောက်ဋိကာ၊ ဘွိုင်းကောက်ဋိကာတို့ဟာ အဲဒီတုန်းက ဆရာကြီးရဲ့ ရပ်တည်ချက်ကို ထင်ဟပ်နေပါတယ်။

ကျောင်းသားတွေက ‘ထီမထင်ကျောင်းတော်သားတွေရဲ့ အမည်အစဉ် ခေါင်းပေါ်ဖျားမှာလ မင်းတို့ဆရာကို စာရင်းတို့ကာသာ ထားလိုက်ပေတော့’ ဆိုပြီး ကတိပြုထားတဲ့ ဆရာကြီးကို သူတို့ရဲ့ ဦးထိပ်မှာ အမြဲထားပြီး ဆိုးတိုင်ပင် ကောင်းတိုင်ပင် တိုင်ပင်ခဲ့ကြပါတယ်။

ရန်ကုန် တက္ကသိုလ်သမဂ္ဂ အဆောက်အဦမှာ အခါအားလျော်စွာပဲ ဆရာကြီးကို ဖိတ်ပြီး တရားနာကြတယ်။ အရေးကြီးတဲ့ အခန်းအနားတွေမှာ ဆရာကြီးကို ဖိတ်ကြားခဲ့တယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက ဆရာကြီးကွယ်လွန်တဲ့အချိန်မှာကျတော့ အဲဒီသူ့တပည့်အရင်းတွေ ဂါဝရ လာမပြုနိုင်ကြတော့ပါဘူး။

ဆရာကြီးရဲ့ဈာပနကို ကြီးကြီးကျယ်ကျယ်ကျင်းပတာ အမှန်ပါပဲ။ တို့ဗမာအစည်းအရုံး အပါအဝင် လုပ်ဖော် ကိုင်ဖက်ဟောင်းကြီးတွေ၊ စာပေလောကကလူတွေ အမြောက်အမြားလည်း တက်ရောက်ကြပါတယ်။ ဒါပေ မယ့် အဲ့ဒီအချိန်မှာ ကျောင်းသားသမဂ္ဂတွေ တက်လို့ မရတော့ဘူး။

ဆရာကြီးရဲ့ဈာပနမှာပေးပို့လာတဲ့ ပန်းခွေတွေဟာ ရာဂဏန်းလောက် ရှိပါလိမ့်မယ်၊ ဒါပေမယ့် အဲဒီအထဲမှာ ကျောင်းသား သမဂ္ဂတွေရဲ့ပန်းခွေတွေ မတွေ့ရတော့ပါဘူး။ ဆရာကြီးရဲ့ဈာပနကျင်းပတဲ့ မဏ္ဍပ်ကြီးမှာ ပန်း ခွေတွေ၊အလံတွေရှိပေမယ့် အဲဒီပန်းခွေတွေ၊အလံတွေအရေအတွက်ထက် ထောက်လှမ်းရေးအရေအတွက် က ပိုများနေတယ်လို့ ထင်ရပါတယ်။

အဲဒီအချိန်မှာ ဗိုလ်နေဝင်းဟာ ငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးတယ်ဆိုတဲ့ မျက်လှည့်ပွဲကို တန်သင့်ပြီ လို့ဆုံးဖြတ်ပြီး ဖျက်သိမ်းလိုက်ပါပြီ။ ဖျက်သိမ်းပြီးတာနဲ့တပြိုင်နက် တောထဲကလူတွေကို ပြန်ခိုင်း၊ နောက်က နေ ထိုးစစ်တွေလိုက်ဆင်၊ မြို့ပေါ်မှာကျတော့ အကုန်လုံးလိုက်ဖမ်း၊ တောထဲကိုမောင်းပို့၊ အဲဒီလိုနဲ့ ကျောင်း သားခေါင်းဆောင်တွေလည်း အဖမ်းခံသူခံရ၊ ပြေးသူပြေးရ ဖြစ်ကုန်ပါတယ်။

ဦးနုတို့တတွေကလည်း ထောင်ထဲမှာပါ၊ အဲဒီလို ဗမာပြည်မှာငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေပျက်တာနဲ့ ဆရာ ကြီး သခင်ကိုယ်တော်မှိုင်းကွယ်လွန်တာဟာ ဘာမှမကွာဘူး။ ဒီဖြစ်ရပ် ၂ ခု တိုက်တိုက်ဆိုင်ဆိုင် လာပြီး ဆုံနေတာ အင်မတန်မှ အံ့သြစရာကောင်းပါတယ်။

ဆရာမသေခင် ငြိမ်းချမ်းရေးရတာ မြင်သွားချင်တယ်ဆိုတာ ဆရာကြီးပါးစပ်က တဖွဖွပြောတဲ့စကားပါ၊ ဒါပေမယ့် သူမကွယ်လွန်မီ ပြည်တွင်းငြိမ်းချမ်းရေး မတည်ဆောက် လိုက်နိုင်တာဟာ ကျနော်တို့နိုင်ငံ အတွက် ကြမ္မာငင်တာ ဖြစ်ပါတယ်။

 

—-

တကယ်တော့ ဆရာကြီးကို ကွန်မြူနစ်များက ကြည်ညို၊ ဖဆပလကလည်း လေးစား၊ ဒါကြောင့် သူဟာ နှစ်ဖက်အကြားမှာ တကယ်ဝင်နိုင်သူ ဖြစ်ပါတယ်၊ အာဏာရနေတဲ့ အစိုးရထဲမှာရော၊ တောထဲက လူတွေထဲ မှာရော အားလုံးက သူ့တပည့်တွေ၊ သူ့ တိုက်ဖော်တိုက်ဖက်တွေ ဖြစ်နေတယ်။

သူပြောရင် မငြင်းဝံ့တဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီတုန်းက အခြေအနေနဲ့အခုအခြေအနေက အများကြီး ကွာ ပါတယ်။ အခုကာလက အဲဒီလိုမဟုတ်ဘူး၊ ကြားဝင်နိုင်တဲ့ ဆရာကြီးလို သြဇာရှိတဲ့ပုဂ္ဂိုလ်မရှိဘူး၊ အခု ကြားဝင်တယ်ဆိုတာက ရာဇာလီလိုပုဂ္ဂိုလ်ဖြစ်နေတယ်။ သူက နိုင်ငံခြားသား၊ နောက် သူ့ကိုယ်ကျိုးက လည်း တလှေကြီး ရှိတယ်။

( “ရာဇာလီ” ဆိုသည်မှာ ဤဆောင်းပါးရေးစဉ်က မြန်မာပြည်ဆိုင်ရာအရေးကိစ္စများကို ဆောင်ရွက်ရန် တာဝန်ပေးထားသည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ရာဇာလီ အဇ္ဇမေးလ် ဖြစ်သည်။ ရှုခင်းသစ်)

သူ့ကို ဘယ်ဘက်ကမှ တကယ်ယုံကြည်တာ မဟုတ်ဘူး။ သူဟာ ဒီနေ့ဆိုရင် ပဋိပက္ခရဲ့ ဆန့်ကျင်ဖက်မှာ ရှိနေသူတွေ ဘယ်သူကမှ သူနဲ့ တိုက်ဖော်တိုက်ဖက် မဟုတ်ဘူး။ ဆရာကြီးဟာ တောထဲကလူတွေနဲ့ရော ဦးနုတို့နဲ့ရော တိုက်ဖော်တိုက်ဖက် လုပ်ဖော်ကိုင်ဖက်၊ ရာဇာလီဟာ ဘယ်သူနဲ့မှ သံယောဇဉ် မရှိဘူး။ သူ့ကိုယ်သူကလွဲပြီး ဘာသံယောဇဉ်မှ မရှိတဲ့သူဖြစ်တယ်။

တကယ်လို့သာ ဆရာကြီးရှိတုန်းမှာ ငြိမ်းချမ်းရေးကိစ္စကို ဖိဖိစီးစီး ဆက်လိုက်မတ်တပ် လုပ်မယ်ဆိုလို့ရှိရင် ကျနော် ထင်တယ်၊ ဗမာပြည်ရဲ့သမိုင်းဟာ ပြောင်းလဲသွားနိုင်ပါတယ်။ ၁၉၆၃ ခု ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ဦးနုလက်ထက်မှာသာဆိုရင် ပြေလည်နိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အဲတုန်းက ပဋိပက္ခဖြစ်နေတဲ့သူတွေ အထူးသဖြင့် ခေါင်းဆောင်တွေပေါ့လေ၊ ပြန် ကြည့်ပါ။ ဦးနုဆိုတာက သူ့ကို ဆရာကြီးကခွေးမသားလို့ မခေါ်တာကိုပဲ “ဟာ…ဆရာကြီးက ငါ့အပေါ် စိတ် ဆိုးနေသလား” လို့ စဉ်းစားခဲ့သူမျိုးပါ၊ နောက်ပြီး ဆရာကြီးက တပိုးတည့်တည့်ထမ်းခဲ့ကြတဲ့ သုံးထပ်တန်း ဆိုတဲ့ အထဲက သခင်သန်းထွန်းဆိုတာကတော့ ပြောစရာတောင် မလိုပါဘူး။

၁၉၆၃ ခုနှစ် ကွန်မြူနစ်ပါတီရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က ဆရာကြီးအတွက် ဒေါင်းနဲ့ ပျားရည် ယူလာတဲ့ နမိတ်ပုံကိုပဲကြည့်ပါ။ ဒေါင်း ဆိုတာက ဗမာနိုင်ငံသားတွေရဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေး လက္ခဏာပါ။ ဒါ အထူးရှင်းပြနေစရာ မလိုပါဘူး။

ပျားရည်ကကော ပျားရည်ဆိုတာက ဆရာမြို့မငြိမ်းရဲ့ ငြိမ်းချမ်းရေးသီချင်းထဲက ငြိမ်းချမ်းရေးသည် ပျား ရည်ကဲ့သို့ ရှိတယ်၊ တမာပင် သရက်ပင် ဘာပင်ပဲစွဲစွဲ ချိုမြိန်တဲ့အရသာ မစွန်သည်သာပင် ဆိုတဲ့ အဓိပ္ပာယ် ကို ဆောင်ပါတယ်။ ငြိမ်းချမ်းရေးဟာ အမြဲတမ်း ချိုမြနေတယ်ဆိုတဲ့လက္ခဏာပါ။ အဲဒီ လက္ခဏာနဲ့ သခင်သန်းထွန်းက ဆရာကြီးဆီ လက်ဆောင်ပို့လိုက်တာပါ။

အဲလို လူနှစ်ဦးနှစ်ဖက်ကြားမှာ ဆရာကြီးဝင်ရင် အခြေအနေတွေဟာ ပြောလို့ဆိုလို့ရနိုင်တဲ့ဟာပါ။

ဒါပေမယ့်ဖြစ်ချင်တော့ ၁၉၆၃ ခုနှစ် အဲဒီအချိန်မှာ အာဏာရနေတာက ဆရာကြီးကို အာခံထွက်ထားတဲ့ ဂေါ့သမိန် ဗစိန်တို့ရဲ့ နောက်လိုက် ဗိုလ်နေဝင်း ဖြစ်နေပါတယ်။

ဒီနေ့အခါမှာ ငြိမ်းချမ်းရေးအဖွဲ့တွေရထားတဲ့ ငြိမ်းချမ်းရေးဟာ ဆရာကြီး သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့၊ မျှော်မှန်းခဲ့တဲ့ ငြိမ်းချမ်းရေးမျိုး မဟုတ်သေးကြောင်းဘဲ ကျနော်တော့ ပြောချင်ပါတယ်။ ကျနော်တို့ ဆရာကြီး ရဲ့မပြီးသေးတဲ့လုပ်ငန်းစဉ်၊ ဆရာကြီးရဲ့မျှော်မှန်းချက်တွေအတွက် ဆက်ပြီး အများကြီးလုပ်ရဦးမှာ ရှိပါသေး တယ်။

အဲ့ဒီ ၆၄ ခုနှစ်တုန်းက ဆရာကြီးရဲ့ဈာပနကို ကျနော်တက်ခဲ့ပါတယ်။ ကျနော်အနေနဲ့ ဆရာကြီးကို အသက် ရှည်လျက်ရော၊ အသက်မဲ့ ခန္ဓာကိုယ်အဖြစ်နဲ့ရော ကျနော် အကြိမ်ကြိမ်ကန်တော့ဖူးပါတယ်။ အခု သူ့မွေးနေ့မှာ ကျနော် အခုလိုဂါဝရပြုရတာကို အင်မတန်မှ ဝမ်းမြောက်ဝမ်းသာ ကြည်နူးမိပါတယ်။

တချိန်တည်းမှာ ကျနော်လို့ပဲ ဆရာကြီးရဲ့ကျေးဇူးကိုသိ၊ ဆရာကြီးကို ကြည်ညိုလေးစားသူတွေကို အထူး သတိရမိပါတယ်။ ဒီနေ့အခါမှာ ကျနော်တို့နိုင်ငံမှာက ဆရာကြီးကို ကြည်ညိုလေးစားကြောင်း ဖော်ပြရတာ ကိုပဲ မင်းပြစ်မင်းဒဏ်သင့်တော့မလိုလိုဖြစ်နေတာ ကျနော်အားလုံး သိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဆရာကြီးရဲ့မွေးနေ့ ဒါမဟုတ် ဆရာကြီး ကွယ်လွန်တဲ့နေ့တွေမှာ ဆရာကြီးကို ကျနော်တို့ ဂုဏ်ပြုကြရင်း တချိန်တည်းမှာ ဆရာကြီးမျှော်မှန်းတဲ့ ငြိမ်းချမ်းတဲ့နိုင်ငံကြီးတည်ဆောက်နိုင်ရေးအတွက် ကျနော်တို့ ဆက်လက်ပြီးတော့ ချီတက်ကြရမယ်လို့ ထင်ပါတယ်။

နောက်ဆုံးအနေနဲ့ ကျနော်ပြောချင်တာက ၁၉၅၅ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တုန်းက ကဗျာဆရာ အသင်းချုပ်ရဲ့ သင်းလုံးကျွတ်အစည်းအဝေးမှာ ဆရာကြီးပြောခဲ့တဲ့စကားတွေကိုပဲ ကိုးကားပြုခဲ့ပါတော့ မယ်။

“တို့ဗမာပြည်ဟာ အမှန်အားဖြင့် မကောင်းတဲ့ခေတ်ပဲ၊ တို့တတွေ ကမ္ဘာပျက်ခါနီးမှာ လူလာဖြစ်ရသလိုပဲ”
(ယခုဖော်ပြပါ ရဲဘော်ဖိုးသံချောင်း၏ဆောင်းပါးသည် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၃၅ နှစ်ပြည့်အထိမ်းအမှတ်ဂုဏ်ပြုအစီအစဉ်အဖြစ် ၂၀၀၄ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ ဒီမိုကရက်တစ်မြန်မာ့အသံမှ ထုတ်လွှင့်ချက်ဖြစ်သည်။

dobamaasiayone.blogspot.fr/2012/08/blog-post_222.html မှတဆင့် စာဖတ်သူများအကျိုးငှာ ကူးယူဖော်ပြပါသည်။)

ရှုခင်းသစ်