သူစိမ်းဆန်ဆန် ရန်ကုန်မင်းသားကြီးရဲ့နောက်ဆက်တွဲ … (မောင်ရင်ငတေ)

Posted on Posted in သူ့ဘဝ၊သူ့ရှုခင်း

” ..BEYOND RANGOON ဆိုတဲ့ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ခံ ရုပ်ရှင် ဇာတ်ကားနဲ့ကျော်ကြားလူသိများခဲ့တဲ့သူတဦးဖြစ်ခဲ့လို့ ရန်ကုန်မင်းသားကြီးလို့ တင်စား ပြီးခေါ်လိုက်ရခြင်းဖြစ်ပါတယ်။…”

 

 

သူစိမ်းဆန်ဆန်ရန်ကုန်မင်းသားကြီးရဲ့ နောက်ဆက်တွဲသမိုင်းကြောင်း

ဂိုးစောင့်သမားမင်းသားလေး (၁၉၅၀)                                           (Photo AKBR 77)
ဂိုးစောင့်သမားမင်းသားလေး (၁၉၅၀) (Photo AKBR 77)

 

ပြီးခဲ့တဲ့ရက်သတ္တပတ်ကရန်ကုန်မင်းသားကြီးဦးအောင်ကိုဟာ သူ့ရဲ့ဖေ့စ်ဘုတ်ခ် စာမျက်နှာမှာ ဓာတ်ပုံနှစ်ပုံတင်ခဲ့ပါတယ်၊ သူငယ်စဉ် ဘဝရဲ့ပုံရိပ်နှစ်ပုံပါ၊ ပုံတွေက ရှားပါးပုံဖြစ်သလို ပိုပြီးရှားပါး တာက ဘောလုံးသမား ဝတ်စုံနဲ့ပါ။ ဘောလုံးသမားမှ ဂိုးသမားဝတ်စုံပါ။ အဲဒီပုံတွေကိုမြင်တွေ့ရပြီး အရင်ရေးခဲ့ဖူးတဲ့ မင်းသားကြီးရဲ့ အကြောင်းနဲ့ပေါင်းစပ်ပြီး ဒီစာကို ရေးမိပါတယ်၊

(https://www.facebook.com/aung.ko.16/posts/740514369340528)

မင်းသားကြီးနဲ့ မောင်ရင်ငတေ အမြဲလိုလို သောက်ရင်း စားရင်း တောအကြောင်းတောင် အကြောင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်ပါတယ်။

မင်းသားကြီးကပြောတာများတာပါ၊ မောင်ရင်ငတေက နားထောင်ရုံ မှတ်သားရုံ တခါတရံ ဆရာကြီး ဝင်လုပ်ရုံပါ။

အဲဒီမှာ မင်းသားကြီးပြောပြလေ့ရှိတာ ငယ်စဉ်ဘဝအကြောင်း နှစ်ခုပါ။ ပထမတခုက သူငယ်စဉ် အခါက ရဲညွန့်ဘဝအကြောင်းပါ၊ (၁၉၅၀ ခုနှစ်များမှာ ဗမာ့တပ်မတော် လေ့ ကျင့်ရေးတပ်ရဲ့ “Boy’s Army” “ရဲညွန့်” တပ်ခွဲမှတပ်သားလေး) ဖြစ်ခဲ့ဖူးတဲ့ အကြောင်းတွေပါ။

နောက်တခုက ဘောလုံးကန်ခဲ့တဲ့ဘဝပါ၊ သူ ပြောပြလေ့ရှိတာက သူ ဘောလုံးကန်ခဲ့တယ်။

ကန်ခဲ့တာမှ အခုခေတ် အောင်ဆန်းအားကစားပြိုင်ကွင်း သူတို့ခေတ်တုန်းက BAA ဘောလုံးကွင်း (Burma Athletic Association) ရဲ့ Away Ground ကွင်းမှာ ကန်ခဲ့ဖူးတဲ့အကြောင်းတွေ သူဟာ ဂိုးသမားဖြစ်ကြောင်းတွေပါ။

အဲဒီအောင်ဆန်းကွင်း ဘီအေအေ အဝေးကွင်းဆိုတာက မောင်ရင်ငတေတို့ခေတ် ၁၉၈၀ နှစ်များ ခေတ်မှာ မကြားဖူးတော့ပါဘူး။ အဲဒီလို ဘောလုံးသမား ဂိုးသမားဘဝအကြောင်းတွေကိုပြောတော့ မောင်ရင်ငတေကတော့ နားထောင်ရုံ ထောင်ပါတယ်။ အဲဒီလိုဓာတ်ပုံထဲကလိုမျိုးတော့ သိပ်မထင် ရိုးအမှန်ပါ။ အဲလိုပြောတုန်းကတော့ မောင်ရင်ငတေကိုကြည့်ပြီး ခပ်ထေ့ထေ့ ပြုံးလေ့ ရှိပါတယ်။

နေနှင့်အုံးပေါ့ကွာ၊ ငါ သက်သေအထောက်အထားနဲ့ပြမယ်၊ မင်းစောင့်ကြည့်ပေါ့ကွာ သဘောပေါ့။

အခုတော့ မင်းသားကြီး ဘယ်တုန်းက ဘယ်လိုမှတ်တမ်းတင်ထား သိမ်းထားမှန်း မသိတဲ့ ရှားပါးပုံ နှစ်ပုံနဲ့ တကယ့်ကို ကိုယ်ထင်ပြလိုက်တော့ မိုးမခ အွန်လိုင်းမဂ္ဂဇင်း (၂၀၁၂ ဒီဇင်ဘာ ) မှာ မောင်ရင်ငတေ ရေးသားခဲ့တဲ့ (ပါရီမြို့စားရန်ကုန်မင်းသားကြီးရဲ့ဘဝအနုပညာ) ဆိုတဲ့ခေါင်းစဉ်ကို အခုလို (ပါရီမြို့စား ရန်ကုန်မင်းသားကြီးရဲ့ဘဝ “အားကစား” အနုပညာ) ဆိုပြီး ဖြည့်စွက်ရတော့မှာပါ။ တကယ်ကို သက်သေနဲ့ ကိုယ်ထင်ပြလိုက်တာပါ။

 

Camus, à l’âge de 16 ans, gardien de but au Racing universitaire d'Alger en 1930
Camus, à l’âge de 16 ans, gardien de but au Racing universitaire d’Alger en 1930

အဲလို မင်းသားကြီးက သက်သေအခိုင်အလုံ ပုံနဲ့တကွ ထုတ်ဖော်ပြ သလိုက်တော့ မောင်ရင် ငတေတေးမှတ်ထားတဲ့ တိုက်ဆိုင်မှုအကြောင်းအရာတခုကိုပါ ဆက်စပ်တင်ပြချင်ပါတယ်။

မင်းသားကြီးက ပြင်သစ်စကားပြန်ဟောင်း “အောင်မျိုး” အမည်နဲ့ သူစိမ်းဆန်ဆန် ဘာသာပြန်စာအုပ်ကို ၁၉၆၆ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့ဖူးပါတယ်။ သူစိမ်းဆန်ဆန်ရဲ့ မူရင်းစာအုပ်ဖြစ်တဲ့ L’Étranger (The Outsider) ကို ရေးသားခဲ့သူက ပြင်သစ်လူမျိုး အယ်ဂျီးရီးယားနွယ်ဖွား Albert Camus အဲလ်ဘဲလ် ကမျူး (၁၉၁၃-၁၉၆၀) ဖြစ်ပါတယ်။

တိုက်ဆိုင်မှုအကြောင်းအရာက နာမည်ကျော်စာရေးဆရာကမျူးသည်လည်းပဲ စာတွေမရေးခင်ငယ်စဉ်အချိန်ကဘောလုံးသမားဖြစ်ခဲ့ဖူးတယ်ဆိုတာပါပဲ။ ကမျူးဘောလုံးကန်ခဲ့စဉ်မှာလည်းတခြားနေရာက ကန်ခဲ့တာမဟုတ်ပါဘူး။ မင်းသားကြီးလိုဂိုးသမားနေရာကကစားခဲ့တာပါ။

မင်းသားကြီးနဲ့ကမျူးဘောလုံးကန်ခဲ့ရာမှာလူသိမများခဲ့ပေသော်လည်း ရှားရှားပါးပါးနဲ့ ထူးထူးခြားခြားတိုက်ဆိုင်နေတာကိုတော့ မင်းသားကြီးရဲ့ကိုယ်စားမောင်ရင်ငတေအနေနဲ့

မှတ်တမ်းတင်ရမယ့် အကြောင်းအရာတခုအဖြစ် မှတ်တမ်းတင်လိုက်ရကြောင်းပါခင်ဗျား။

လေးစားပါတယ်အန်ကယ်လ်ကြီးမင်းသားကြီးခင်ဗျား။

 

ငယ်ငယ်တုန်းက ဘောလုံးသမား မင်းသားလေးပေါက်စဘဝ                     (Photo AKBR 77)
ငယ်ငယ်တုန်းက ဘောလုံးသမား မင်းသားလေးပေါက်စဘဝ (Photo AKBR 77)

 

မင်းသားလေးခေတ် ဘီအေအေဘောလုံးကွင်းအကြောင်းကို ဒီနေရာမှာ အကျယ်ဖတ်ရှုနိုင်ပါတယ်၊

http://www.themff.org/index.php?option=com_content&view=article&id=79:2012-07-18-17-33-26&catid=40&Itemid=498

မိုးမခ အွန်လိုင်းမဂ္ဂဇင်း (၂၀၁၂ ဒီဇင်ဘာ) မှာ မောင်ရင်ငတေရေးသားခဲ့တဲ့ မင်းသားကြီးအကြောင်း (ပါရီမြို့စားရန်ကုန် မင်းသားကြီးရဲ့ ဘဝ အနုပညာ) ကိုပါ ပူးတွဲဖော်ပြလိုက်ပါတယ်၊

(http://moemaka.com/archives/30411)

 

မောင်ရင်ငတေ ၁၇၀၇၂၀၁၄

 

ရောက်တတ်ရာရာအတိုအစများ

အလန်းဇယားရန်ကုန်မင်းသား (ကြီး) (၂၀၁၄)               (Photo NW PARIS)
အလန်းဇယားရန်ကုန်မင်းသား (ကြီး) (၂၀၁၄) (Photo NW PARIS)

ပါရီမြို့စားရန်ကုန်မင်းသားကြီးရဲ့ဘဝအနုပညာ

 

ရန်ကုန်မင်းသားကြီးပါရီမြို့စားဆိုလို့ ၁၈၇၂ ခုနှစ်ကကင်းဝန်မင်းကြီးသံအဖွဲ့နဲ့အတူပြင်သစ်ပြည်ကိုရောက်ရှိခဲ့ပြီး ကျန်နေရစ်ခဲ့တဲ့မင်းသားတပါးပါးရဲ့ အဆက်နွယ်ထဲကလို့တော့ မထင်လိုက်ကြပါနဲ့၊သူဟာအသက် ၇၀ကျော်အရွယ်ရှိပြီး ပါရီမှာရောက်ရှိနေထိုင်ခဲ့တာနှစ်ပေါင်းလေးဆယ်ကျော်ကြာခဲ့ပါပြီ၊ ဥရောပရောက်မြန်မာလူမျိုးများအကြားဝယ် ယခုထက်ထိတိုင်အောင်လူသိအများဆုံး၊လူကြားသူကြားထဲအဝင်ဆုံး ၊မောင်ရင်ငတေတို့လိုနောက် ပိုင်းရောက်လာသူများနဲ့ အဆက်စပ်အရှိဆုံးသူတဦးဖြစ်ပါတယ်၊ BEYOND RANGOON ဆိုတဲ့ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ခံ ရုပ်ရှင် ဇာတ်ကားနဲ့ကျော်ကြားလူသိများခဲ့တဲ့သူတဦးဖြစ်ခဲ့လို့ ရန်ကုန်မင်းသားကြီးလို့ တင်စား ပြီးခေါ်လိုက်ရခြင်းဖြစ်ပါတယ်။

 

မင်းသားကြီးရဲ့ ဂန္ထဝင်မြောက် ဒုက္ခသည်စခန်း (၂၀၁၂)                               (ဓါတ်ပုံ မရငတ)
မင်းသားကြီးရဲ့ ဂန္ထဝင်မြောက် ဒုက္ခသည်စခန်း (၂၀၁၂) (ဓာတ်ပုံ မရငတ)

မောင်ရင်ငတေနဲ့ မင်းသားကြီးဦးအောင်ကိုတို့ဟာ ဘယ်ဘဝက ရှေးရေစက်လည်းတော့ မသိပါ ဘူး။ ပါရီရောက်ပြီး သိပ်မကြာခင်ကာလက စတင်ပြီးတွေ့ဆုံခဲ့ရတာ ဒီကနေ့အထိတိုင်အောင်ပါပဲ ခင်ဗျ။ ဆယ်နှစ်ကျော်သက်တမ်းကာလမှာ တူတာတွေ တော်တော်များများရှိခဲ့သလို ကွဲလွဲခြင်းတွေ လည်း တော်တော်များများရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်။ မောင်ရင်ငတေအမည်နဲ့ ပါရီ အကြောင်း ပြင်သစ်အကြောင်း ဥရောပအကြောင်း တောက်တိုမယ် ရ ရောက်တတ် ရာရာရေးတဲ့ အခါမှာ ပါရီကို လွန်ခဲ့သောနှစ်ပေါင်း ၄၀ ကျော်ကာလကတည်း က ရောက်ရှိပြီးနေတဲ့။ ယနေ့ထက် ထိတိုင်အောင် ရွှေပြည်တော်ကြီးရဲ့နိုင်ငံ့ရေးရာ အဖြာဖြာနဲ့ အကြောင်းအရာပေါင်းစုံနဲ့ ဆက်စပ်ပတ် သက်နေတဲ့၊ ရွှေစကားကိုပြော ရွှေ ထမင်းရွှေဟင်းတွေကို မြိန်မြိန်ယှက်ယှက် ရွှေလက်နဲ့အားပါးတရ စားမြဲစားနေ ဆဲဖြစ်တဲ့၊ အန်ကယ်ကြီး ရန်ကုန်မင်းသားကြီးအကြောင်းကိုတော့ ချန်လှပ်ထားလို့ ဘယ်လိုမှမရနိုင် မဖြစ်နိုင်ပါဘူးခင်ဗျာ။ သူ့ရွှေစံအိမ်တော်ရောက်ရင် စိတ်တိုင်းကြသောက်လို့ရတာ မှန်သမျှသောက်ခဲ့ စားလို့ရတာမှန်သမျှစားခဲ့ ဆေးလိပ်ငွေ့ တထောင်းထောင်း ထအောင်ဖွာခဲ့ အဲလို ကျေးဇူးတွေလည်း ရှိတယ်မဟုတ်ပါလား။

ပါရီရောက်စ ရန်ကုန်မင်းသားလေး ကိုအောင်ကို (၁၉၆၆)                          (Photo AKBR 77)
ပါရီရောက်စ ရန်ကုန်မင်းသားလေး ကိုအောင်ကို (၁၉၆၆) (Photo AKBR 77)

 ပဲခူးတိုင်းရွှေကျင်မြို့နယ်ကွမ်းဆိပ်ကျေးရွာသားမင်းသားကြီးဦးအောင်ကိုကို၁၉၃၆ခုမှာမွေးဖွားခဲ့ပါတယ်။၁၉၅၀ ခုနှစ်များမှာ ဗမာ့တပ်မတော်လေ့ကျင့်ရေးတပ်ရဲ့ “Boy’s Army” “ရဲညွန့်” တပ်ခွဲမှ တပ်သားလေး။ နောက်တော့ ရန်ကုန်တပ်နယ်ဆေးရုံမှာသင်တန်းသားဆေးတပ်သား။၁၉၆၃ ခုနှစ် မဆလအစိုးရလက်ထက် ချော်တွင်းကုန်းဗဟိုနိုင်ငံရေးသိပ္ပံကျောင်းစတင်ဖွင့်လှစ်ခဲ့ပြီးမကြာခင်မှာမင်းသားကြီးလည်းစာကြည့်တိုက်ရေးရာဌာနမှာ ရုံးဝန်ထမ်းဖြစ်လာခဲ့ပါတယ်။ မင်းသားကြီးဟာ၁၉၅၈ခုနှစ်လောက်ကစတင်ပြီးပြင်သစ်စာပြင်သစ်စကားနဲ့ထိတွေ့ခွင့်ရရှိခဲ့တာပါ၊၁၉၆၁ ခုနှစ်မှာ Alliance Française de Rangoun ကျောင်းကို ရန်ကုန်မြို့၌ဖွင့်ခဲ့ပြီး နောက်တနှစ်မှာတော့ မင်းသားကြီး ပြင်သစ်စာသင်တန်းကျောင်းသား ဖြစ်ခဲ့ရပြန်ပါတယ်၊

၁၉၆၆ခုနှစ်အရောက်မှာတော့ကံကောင်းခြင်းလက်ဆောင်အဖြစ်ပြင်သစ်ယဉ်ကျေးမှု ပညာသင်ဆုကိုရရှိခဲ့ပြီးတော့ပါရီမြေကြီးကို နင်းခွင့်ရရှိခဲ့ပြီး L’université de Paris-Sorbonne ဆော်ဘွန်းတက္ကသိုလ်မှာ ပြင်သစ်ဘာသာနဲ့ ယဉ်ကျေးမှုသင်တန်းသားကျောင်းသား ဖြစ်လာပြန်ပါတယ်၊သုံးနှစ်တာပညာသင်ကာလအတွင်းမှာ ကြင်ယာလောင်းလည်း တပြိုင်နက် ရှာဖွေတွေ့ ရှိခဲ့ပါတယ်၊ ဒါပေမဲ့ မင်းသားကြီးဟာ ပြည်ချစ်စိတ် အပြည့်နဲ့ ၁၉၆၉ သင်တန်းပြီးဆုံးချိန်မှာပြန်ခဲ့ပါတယ်။ ရန်ကုန်သို့ပြန်လည်ရောက်ရှိခဲ့ပြီး ဟိုတယ် နှင့် ခရီးသွားလာရေးကော်ပိုရေးရှင်းမှာ ဝင်ရောက်၍ စကားပြန်အလုပ်ကို ဆက်လက်လုပ်ကိုင်ပါတယ်။

မဟာစကားပြန် ဦးအောင်ကို (၁၉၇၃)                                               (Photo AKBR 77)
မဟာစကားပြန် ဦးအောင်ကို (၁၉၇၃) (Photo AKBR 77)

 

တကယ်တော့ စကားပြန်အလုပ်ကို ၁၉၆၂-၆၃ ပြင်သစ်စာ သင်တန်းပြီးကာလကစလို့ ရန်ကုန်မြို့ရှိ ပြင်သစ်သံရုံးနဲ့ အဲဒီအချိန်က ပြင်သစ်လူမျိုးတွေ လာရောက် အလုပ်လုပ် ကိုင်နေတဲ့ ဂျိုးဖြူ ရေကူး ရေအားပေးစက်ရုံ စီမံကိန်းတွေမှာ လုပ်ခဲ့တာပါ၊

စကားပြန်အလုပ်အဖြစ် (République du Zaïre ခေါ် La République démocratique du Congo) ဆိုပြီး အမည်အမျိုးမျိုး ခဏခဏ အပြောင်းလဲ များခဲ့တဲ့ ဇိုင်ယာခေါ်ကွန်ဂိုနိုင်ငံ သမတကြီး ဗိုလ်ချုပ်ကြီးမိုဘူတူ (၁၉၃၀-၁၉၉၇) (Joseph-Désiré Mobutu) ၁၉၇၃- ခုနှစ် ရန်ကုန်မြို့သို့ လာရောက်လည်ပတ်ချိန်၌ ပြည်ထောင်စုမြန်မာနိုင်ငံတော် တော် လှန်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနေဝင်းနဲ့တွေ့ဆုံရာမှာ ပြင်သစ်စကားပြန် အဖြစ် ထူးထူးခြားခြားလုပ်ကိုင်ခဲ့ရတာပါ။

အဲဒီခေတ်ခါက ကမ္ဘာမှာထင်ရှားခဲ့တဲ့ တပါတီ အာဏာရှင် နှစ်ဦးရဲ့တွေ့ဆုံပွဲ မှာ ပြင်သစ် စကားပြန်အလုပ်ကိုလုပ်ခဲ့ရတာဟာ ထူးခြားခဲ့သော အဖြစ်ပျက်ပါ ပဲ။ နောက်ထပ် ထူးခြားချက်တခုကတော့ မင်းသားကြီးရဲ့ ကြင်ယာတော်လောင်းဟာ မိန်းမကြိုက်တော့ စိုက်စိုက်လာဆိုသလို မင်းသားကြီး ရှိရာရန်ကုန်မြို့တော်ကို လိုက်လာရောက်ရှိပြီး ၁၉၇၁ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ ရန်ကုန်မှာပဲ သမီးလေး တဦး မွေးဖွားခဲ့ပါတယ်။

 

 

အောင်မျိုး (ပြင်သစ်စကားပြန်ဟောင်း) သူစိမ်းဆန်ဆန် (၁၉၆၆)                   (ဓါတ်ပုံ မရငတ)
အောင်မျိုး (ပြင်သစ်စကားပြန်ဟောင်း) သူစိမ်းဆန်ဆန် (၁၉၆၆) (ဓါတ်ပုံ မရငတ)

 

မင်းသားကြီး ဦးအောင်ကိုဟာ စကားပြန်အလုပ်လုပ်ကိုင်ရင်း တဖက်မှာလည်း ကလောင်ကိုင်ပြီး အောင်သာ၊ အောင်ကိုကို၊ အောင်မျိုး (ပြင်သစ်စကားပြန်ဟောင်း) အမည်များဖြင့် အိုးဝေဂျာနယ်၊ ဟံသာဝတီသတင်းစာ၊ THE WORKING PEOPLE’S DAILY သတင်းစာတို့မှာ ဆောင်းပါးမျိုးစုံကို ရေးသားခဲ့ပါတယ်။

ထို့အပြင် ပြင်သစ်နိုင်ငံ၌ နေထိုင်စာသင်ကြားနေစဉ် ၁၉၆၆ ကာလကတည်းက ဘာသာပြန်ဆို ရေးသားထားသော နာမည်ကျော် အသက်အငယ်ဆုံး စာပေနိုဘယ်ဆုရှင် ပြင်သစ် အယ်ဂျီးရီးယားနွယ်ဖွား ကမ္ဘာသိ မြန်မာသိ Albert Camus အဲလ်ဘဲလ် ကမျူး (၁၉၁၃-၁၉၆၀) ရဲ့ L’Étranger The Outsider ကို အပြင်လူ သို့မဟုတ် သူစိမ်းဆန်ဆန်အမည်ဖြင့် ပြင်သစ်မူရင်း ဘာသာမှ တိုက်ရိုက်ပြန်ဆို ထုတ်ဝေဖြန့်ချိ နိုင်ခဲ့ပါတယ်။ ဒီ မြန်မာဘာသာပြန် စာအုပ်ကိုတော့ အခုအခါ ရှာဖွေတွေ့ရှိဖို့ မလွယ်တော့ပါဘူး။ မင်းသားကြီးက ပြန်လိုချင်လွန်းလို့ ရန်ကုန်နေသူတွေ ကို ပြန်လည်ရှာဖွေခိုင်းခဲ့တာ အချိန်အတော်ပေးရှာယူခဲ့ရကာ ကံကောင်းလွန်းလို့ ရှာဖွေတွေ့ရှိခဲ့တာပါ။

ဒါကြောင့် ဒုတိယအကြိမ်ပြန်လည်ပြီးထုတ်ဝေချင်သူများ ရှိပါက ပြန်လည်ထုတ်ဝေ ဖို့ အောင်မျိုး (ပြင်သစ်စကားပြန်)ကိုယ်စား မောင်ရင်ငတေ ကြော်ငြာဝင်ပေးလိုက်ပါ တယ်။ အောင်မျိုးဘာသာ ပြန် “သူစိမ်းဆန်ဆန်”ဝတ္တုကို ကိုယ်တိုင်ဖတ်ဖူးသူ မှတ်မိသူ တဦးကတော့ ကဗျာကဝေ ဆရာကြီး ဦးတင်မိုး ဖြစ်ပါတယ်/ ၂၀၀၂ ခုနှစ် မင်းသားကြီး အိမ်ကို ကဗျာဆရာလာလည်စဉ် စကားတိုက်ဆိုင် သွားရင်း ဦးတင်မိုးရဲ့ “ ခင်ဗျား အောင်မျိုး ပြင်သစ်စကားပြန်ဟောင်းလားလို့ ” မေးလိုက်သံကြီးကို တော့ အခုထိအောင်ပဲ ကြားယောင်နေမိပါသေးတယ်။

 

အောင်မျိုး (ပြင်သစ်စကားပြန်ဟောင်း) သူစိမ်းဆန်ဆန် (၁၉၆၆)            (ဓာတ်ပုံ မရငတ)
အောင်မျိုး (ပြင်သစ်စကားပြန်ဟောင်း) သူစိမ်းဆန်ဆန် (၁၉၆၆) (ဓာတ်ပုံ မရငတ)

 

၁၉၇၅ ခုနှစ်အရောက်မှာတော့ မင်းသားကြီးဟာ အကြောင်းကြောင်းသော အကြာင်းတို့ကြောင့် အမိရွှေနိုင်ငံတော်ကြီးကို မခွဲခွာချင်ပဲခွဲခွာခဲ့ရပါတယ်။ မိန်းမကြိုက်တော့ ဆိုက်ဆိုက် လာခဲ့ပြီးတော့ နောက်တဖန် ဆံထုံးနောက်ကို ရောင်မထုံးပါဘဲ ပြန်ပါသွားခဲ့ရပြီပေါ့။ အဲဒီအချိန်ကာလက နိုင်ငံခြား သွားရောက်ခြင်းဆိုတာ မောင်ရင်ငတေတို့ တိုင်းပြည်မှာ တော်တော်ကို နည်းပါးလွန်းပါသေးတယ်။ မင်းသားကြီးသွားရတဲ့ ပုံစံကတော့ ကျမ်းကျိန်ပြီး ထာဝရလက်ပြနှုတ်ဆက်ခဲ့ပါတယ် ပုံစံမျိုးပါ။ ဗီဇာ တောင်း အလည်ပြန်လို့တော့ ရတာပေါ့ဗျာ။ အဲဒီခေတ်အချိန်က မောင်ရင်ငတေတို့ ရွှေပြည်တော် တိုင်းပြည်ကြီးကလည်း သယံဇာတတွေ ပေါလို့များတုန်း၊ ကုန်ဈေးနှုန်းတွေကလည်း မကြီးမြင့်သေး၊ ရွှေတကျပ်သား လစာတဝက်တရာကျော်နှစ်ရာပေးရတဲ့ခေတ်။ အိမ်ထောင်ဦးစီးတယောက်လုပ်စာ တအိမ်လုံးမက ဂျီးဒေါ်ကြီးပါခေါ်တင်ကျွေးထားနိုင်တဲ့ခေတ်။ မလေးရှားဆိုတာစာရင်းထဲမှာမရှိသေး တဲ့ခေတ်၊ မင်္ဂလာဒုံလေဆိပ်ကနေ နိုင်ငံတကာကို တိုက်ရိုက်ဖလိုက်နဲ့သွားနိုင်တဲ့ခေတ်၊ နိုင်ငံခြားကို အပြီးအပိုင်သွားတယ်ဆိုတာက ရွှေမြန်မာအိပ်မက်ထဲမှာတောင် မရှိသေးတဲ့ခေတ်ပါ။ အဲဒီလိုခေတ် အခါမျိုးမှာ မင်းသားကြီးက သွားရတာဆိုတော့ ကံဆိုးတာလား ကံကောင်းတာလား မသိပါခင်ဗျာ။ ဒီလိုမျိုးရွေးချယ်ခြင်းကိုခံခဲ့ရတဲ့ မင်းသားကြီးဟာ ပါရီမြို့တော်လမ်းမများပေါ်မှာ ကားလေးတစင်းနဲ့ စာသင်သားပြင်သစ်လူမျိုးတွေရှိရာကိုသွားရင်း အင်္ဂလိပ်စာသင်ကြားပေးရတဲ့ ကျောင်းဆရာ ဘဝနဲ့ လောကကြီးကို ဖြတ်သန်း ရပြန်ပါတယ်။ ပြင်သစ်လူမျိုးတွေကြား ထဲမှာနေ ပြင်သစ် စကားပြော ပြင်သစ်အစာတွေစားရင်း ပြင်သစ်ယဉ်ကျေးမှုထဲ စီးဝင်နစ်မြောခဲ့တဲ့အချိန် ကာလပိုင်းတွေ ဖြစ်ခဲ့ပါ တယ်။ မစီးဝင်မနစ်မျောလို့လည်း မရနိုင်တဲ့အခြေအနေပါ။ မင်္ဂလာဒုံလေဆိပ်က ထွက်သွားတာနဲ့ ရွှေပြည်တော်နဲ့ ဆက်သွယ်မှု ပြင်ပနေရာကို ရောက်ရှိလို့ သွားပါပြီ။ ယနေ့ခေတ်အခါလို အိုင်ဖုန်းတို့ အင်တာနက်အွန်လိုင်းတို့ မပြောပါနဲ့။ ဌာနဆိုင်ရာရုံးတွေမှာတောင် လက်နဲ့တဂျစ်ဂျစ်လှဲ့ပြီး ခေါ်ရတဲ့ ဂဏန်းနှစ်လုံးနဲ့ဖုန်းမည်းမည်းကြီးတွေသာ ရှိတဲ့ခေတ်ပါ။ မောင်ရင်ငတေ ဖားသားကြီးရဲ့ ရုံးဖုန်း နံပါတ်တောင်မှ မှတ်မိသေးရဲ့ ၁၈ ဆိုလားပဲ။ ဆက်သွယ်မှုလုပ်ချင်ရင် စာတိုက်ကနေ စာထည့်ရ ကြေးနန်းရိုက်ရ ဒီအဆင့်ပဲ ရှိတာပါ။ ၁၉၉၀ ခုနှစ် မောင်ရင်ငတေတို့ ဘန်ကောက်ရောက်တော့ မြန်မာပြည်က ရည်းစားဆီ စကားပြောချင်လွန်းလို့ စာတိုက်ကြီးရှိရာ တယ်လီဖုန်းရုံးကို တကူးတကသွားပြီး တမိနစ် ဖုန်းခေါ်ခ ဘတ်သုံးဆယ်ပေးပြီး ခေါ်ခဲ့ရတာတွေကို လွမ်းတောင် လွမ်းမိပါသေးရဲ့၊ ဒါတောင်မှ တနာရီကျော် ဖုန်းဒိုင်ခွက်ကို အဆက်မပြတ်လှည့်ပြီး ခေါ်သာခေါ်ငြား ဆက်သွယ်မှု ပြင်ပမှာသာ ဖြစ်ခဲ့စမြဲပါ၊ အခုခေတ်မှ ဆက်သွယ်မှု ပြင်ပရောက်တာ မဟုတ်ပါဘူး။

 

မင်းသားကြီးအမည်တွင်စေခဲ့တဲ့ Beyond Rangoon        (Photo AKBR 77)
မင်းသားကြီးအမည်တွင်စေခဲ့တဲ့ Beyond Rangoon (Photo AKBR 77)

ဒီလိုနဲ့ ပြင်သစ်လူမျိုးတပိုင်း ဖြစ်သွားတဲ့ မင်းသားကြီးကို ရန်ကုန်မင်းသားကြီး ဖြစ်စေခဲ့သူကတော့ ဟောလီဝုဒ်မှ ဒါရိုက်တာ John Boorman ပဲ ဖြစ်ပါတယ်။ ဆရာဂျွန်ဘိုးမန်းရဲ့ Beyond Rangoon ရန်ကုန်အလွန်အမည်ရ ရုပ်ရှင်ကားရဲ့ဇာတ်ပို့မင်းသားရှာပုံတော်ဖွင့်ချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် မင်းသားကြီးကိုတွေ့ရှိ သဘောကျပြီး ရွေး ချယ်ခြင်းခံခဲ့ရပါတယ်။ မင်းသားကြီးပါဝင်သရုပ်ဆောင်ပြီး ရိုက်ကူးနေစဉ် အတွင်းမှာပဲ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုများအပြင် အကြံပေးနိုင်မှုများကြောင့် အဓိကဇာတ်ဆောင် တဦးသဖွယ် ဇာတ်ရုပ်အခန်းများစွာ သရုပ်ဆောင်ခွင့်ကို ရရှိခဲ့ပါတယ်။

 

အဲဒီချိန် ကာလက မင်းသားကြီးလို ဒီလိုဇာတ်လမ်းကို လက်ခံရိုက်ကူးချင် ရိုက်ကူးရဲသူ ရွှေကိုယ်တော်တွေ သိပ်မရှိနိုင်ပါဘူး။ ဟောလီဝုဒ်ကရိုက်တဲ့ ရှားရှားပါးပါး မြန်မာဇာတ်လမ်းနောက်ခံ ဇာတ်ကားမှာ နာမည်ကြီးချင်လို့ ပါဝင်သရုပ်ဆောင်ချင်သူ များကောင်းများနိုင်ပေမဲ့ ၈၈၈၈ အရေးတော်ပုံကြီးကို ဇာတ်လမ်းနောက်ခံထားပြီး ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားမှာတော့ ဝင်ရောက်သရုပ် မဆောင်ရဲကြပါဘူး။

 

ဥရောပရောက်ပြီး အနောက်တိုင်းနိုင်ငံသားတွေအဖြစ် ခံယူထားပြီးသူများဟာ အများအားဖြင့် တော့ ဟိတ်နဲ့ဟန်နဲ့ ငါကွဆိုပြီး ပြည်တော်ပြန်လည်ချင်သူ အများစုပါ။ ဒီလိုလူတွေဟာ အဲဒီအချိန်မှာ စစ်အာဏာရှင် မကြိုက်တဲ့ အလုပ်တွေကို ဘယ်လိုလုပ် လုပ်ရဲကြပါ့မလဲနော်။ ပြည်တော်ဝင်ခွင့် ဗီဇာ အပိတ်မခံနိုင်ကြဘူး မဟုတ်ပါလား။ ဒီတချက်တည်းနဲ့ပဲ မောင်ရင်ငတေ မင်းသားကြီးကို လုံးဝ လုံးဝ ထောက်ခံခဲ့ပါတယ်။ အဲဒါ ၁၉၉၄-၁၉၉၅ ခုနှစ်များပါ။

 

 

မင်းသားကြီးရဲ့ ရန်ကုန်အလွန် (၁၉၉၅)                                        (Photo AKBR 77)
မင်းသားကြီးရဲ့ ရန်ကုန်အလွန် (၁၉၉၅) (Photo AKBR 77)

အခု ၂၀၁၀ ခုအလွန် ကာလတွေမှာတော့ ဟန်မဆောင်နိုင် လောက်အောင်ကိုပဲ သူ့ထက်ငါဦးစွာ အတိုက် အခံ လောကသား နာမည်ကြီးငယ် နိုင်ငံရေးတော်လှန်ရေး ဆရာ့ဆရာကြီး ဆရာငယ်များ အပါအဝင် လူကြီးလူငယ် လူသစ်လူဟောင်း အားလုံး အားလုံးလိုလို ခါတော်မီ ပြန်တော်မူရောဂါ စွဲကပ်ခံရပြီး တန်းစီစံနစ် ထားရလောက်အောင်ပင် ငါးမရလည်း ရေချိုးပြီးပြန်တာပေါ့ ဆိုသူတွေ သိပ် ပေါများနေတာ ကို မောင်ရင်ငတေ ဘာမှမပြောချင် မပြောရဲပါဘူး။

 

ရွှေပြည်ကြီး မြန်မြန်ဖွင့်ဖြိုးတိုး တက်အောင် မြန်မြန်ပြန်မြန်မြန်လုပ်ကြပါလို့ တိုက်တွန်းနှိုးဆော် လိုက်ရပါ တယ်။ မောင်ရင်ငတေ တို့ကတော့ အခြေခံပညာရေးကလည်း အဆင့်မမီ နိမ့်လေတော့ နိုင်ငံရပ်ခြား မှာပဲ အလုပ်ကြမ်းနဲ့ ဘေးထိုင်ဘိုင်ကျ ဘုပြောတဲ့အလုပ်လုပ်ရင်း ပေးအပ်လာတဲ့ ဒို့အရေးတာဝန်ကြီးများ ကို အော်ပေးဖို့ ဆက်လက်တာဝန်ယူပါတယ် ခင်ဗျာ။

 

ဖွဘုတ်ထဲက ဖတ်လိုက်ရတာ တခုလို “ဒို့များကတော့ ချစရာ လက်နက်လည်း မရှိသလို ပြန်စရာ ခရီးစရိတ်လည်း မရှိပါဘူးကွယ်”။ မင်းသားကြီးကို ချီးမွမ်းခန်း ဖွင့်နေရာကနေ ဘယ်လိုလုပ် ချော်တောငေါ့ပြီး အများမကြိုက်တဲ့ လူမိုက်စကားတွေကို ပြောမိ နေရ ပြန်ပါပြီ။ ဗဲရီးဆောရီးပါ ခင်ဗျာ။ ခွင့်လွှတ်တော်မူကြပါ ခင်ဗျာ။

 

 

 

မင်းသားကြီးရဲ့ စာပေပိုးသက်သေ (၂၀၀၆)                                              (ဓာတ်ပုံ မရငတ)
မင်းသားကြီးရဲ့ စာပေပိုးသက်သေ (၂၀၀၆) (ဓာတ်ပုံ မရငတ)

 

၂၀၀၃-၂၀၀၄ လောက်ဆီမှာတော့ မင်းသားကြီးဟာ ကဗျာဆရာကြီးဦးတင်မိုးဆီက ကူးစက်လာတဲ့ ကဗျာပိုးကြောင့် အချိန်ရတဲ့အခါတိုင်း ကဗျာစပ်ဖို့ ကြိုးစားခဲ့ပြီးနောက် ကဗျာရှည်ကြီးတပုဒ် ဖြစ်ပေါ် လာပါတော့တယ်။ မင်းသားကြီးကတော့ ဘယ်လောက် ပင်ပန်းလည်းတော့မသိပါဘူး။ ကြံရာပါ မြှောက်ထိုးပင့်ကော်လုပ်ပေးခဲ့တဲ့ မောင်ရင်ငတေမှာတော့ သူပြင်လိုက်ဖျက်လိုက်တိုင်းလက်ရေးနဲ့ အချောပြန်လိုက်ကူးပေးခဲ့ရလို့ လက်တော်တော် ညောင်း ရပါတယ်။ အဲဒီကဗျာရယ် မင်းသားကြီးရဲ့ ငယ်လက်ရာ ဆောင်းပါးတချို့နဲ့ပေါင်းစပ်ပြီးထုတ်ဝေတဲ့ “မင်းသားကြီးကဗျာ” အမည်ရတဲ့ စာအုပ်ကို ထိုင်း မြန်မာ နယ်စပ်တနေရာက မင်းသားကြီးကို ချစ်ခင်ကြတဲ့သူတွေ ဝိုင်းဝန်းကူညီခဲ့ကြလို့ ၂၀၀၅ ခုနှစ်မှာ ပုံနှိပ်စာအုပ်အဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။

 

မင်းသားကြီးရဲ့ ဟောလိဝုဒ်စတိုင်လ် (၂၀၁၂)                                           (ဓာတ်ပုံ မရငတ)
မင်းသားကြီးရဲ့ ဟောလိဝုဒ်စတိုင်လ် (၂၀၁၂) (ဓာတ်ပုံ မရငတ)

 

မြန်မာလိုနေ မြန်မာအစာကိုကြိုက်ပြီး မြန်မာသီချင်းဂီတတွေကို နေ့စဉ်လို နားထောင်နေ တတ်တဲ့ မင်းသားကြီးမှာ မြန်မာမှု မြန်မာစရိုက်တွေ ခုထိတိုင်အပြည့်ရှိနေတာကတော့ အသေအချာပါပဲ။ အခုထိနှစ်ပေါင်း ၄၀ ကျော် ယူရိုပီယန်သားလုံးလုံး ဖြစ်နေပေမဲ့ မင်းသားကြီးရဲ့တိုက်ခန်းလှေခါးခွင် အတွင်း ရောက်တာနဲ့ပဲ ငပိငံပြာရည် ငရုတ်သီးနံ့ သင်းထုံတဲ့ မြန်မာ့ဟင်းရနံ့ စစ်စစ်တွေကို စရပါပြီ။

လွမ်းမောတမ်းတဖွယ်ရာ မြန်မာသံစစ်စစ်သီချင်းသံတီးလုံးသံတွေကို ကြားရပါပြီ။ သွားလည်နေကြမောင်ရင်ငတေတို့ တသိုက်ကတော့ ဆာလောင်နေတဲ့ ဗိုက်ကိုပွတ်ပြီး ကိုယ်ကဝယ်မလာနိုင်လည်း စားပွဲပေါ်မှာရှိနေတဲ့ ဝီစကီပုလင်းဖွင့် ငါးလီတာအပြည့်ရှိနေမြဲ စက္ကူဝိုင်ပုံးကိုဖွင့်ပြီး စိတ်ကြိုက် သောက်ကြစမြဲပါ။ ဒါတွေဟာ တခါတရံမဟုတ်ပါ။ အမြဲတမ်းလိုလိုပါ။ သူဟာ လူတန်းစားခွဲခြားမှု မရှိပါ၊ လာလည်သောသူ မျက်နှာစိမ်းကျက်မရွေး မည်သူကိုမဆို ဧည့်ခံခြင်းပါ၊ လူတွေ တဝုန်းဝုန်း တရုန်းရုန်းနဲ့ နေရခြင်းကို ကြိုက်နှစ်သက်သော သူပါ။ ပျော်ပျော်နေတတ် သူပါ။ သူများတွေ ဆိုတာ ကတာကို အားမရနိုင်လို့ ကိုယ်တိုင် ဝင်ကဝင်ဆိုတတ်သူပါ၊ သူများအကြောင်းကို မကောင်း မပြော ချင်သူပါ၊

သူရဲ့အဓိကအားနည်းချက်က လူတိုင်းကို အားနာတတ်လွန်းခြင်းပါ။ အားနာလွန်းလို့ ခါးနာသွားရတာတွေလည်း အကြိမ်ကြိမ်ပါ။ ဒါပေမယ့် ဘယ်တော့မှလညှ်း မမှတ်ပါခင်ဗျာ။ မှတ်များ ထားရင်တော့ မောင်ရင်ငတေက အကြိမ်ရေ အများဆုံးမှာ ပါနေမလားပဲနော်။

 

မင်းသားကြီးရဲ့ ဟောလိဝုဒ်စတိုင်လ် (၂၀၁၂)                      (ဓာတ်ပုံ မရငတ)
မင်းသားကြီးရဲ့ ဟောလိဝုဒ်စတိုင်လ် (၂၀၁၂) (ဓာတ်ပုံ မရငတ)

မောင်ရင်ငတေ ပြင်သစ်မြေကိုနင်းပြီး သုံးလေးလအကြာမှာ မင်းသားကြီးကို စတင်တွေ့ရှိသိခွင့်ရခဲ့ တာပါ၊ နောက်သိပ်မကြာခင် ကာလမှာတော့ ရှိသမျှသောပစ္စည်းထုပ်လေးဆွဲပြီး မင်းသားကြီး အိမ် ရောက်ခဲ့ ပါတယ်။ တနှစ်ကျော်ကျော်လောက် မင်းသားကြီးရဲ့အိမ်ရိပ်အောက်မှာ ခိုလှုံခွင့်ရခဲ့ပါတယ်။ အခကြေးငွေအကြောင်း တလုံးတပါဒမှမပြောဘဲ ခိုလှုံခွင့်ရခဲ့တာပါ။ ဒီအကြောင်းတွေ ဒီကို ရောက်နေ သူ တော်တော်များများသိကြသလို အခုလက်ရှိ တိုင်အောင်လည်းပဲ ခိုလှုံနေကြသူတွေ ရှိနေပါသေးတယ်။ အဓိကအရေးကြီးဆုံးသော အချက်တချက် ကျန်ရှိပါသေးတယ်။ ပြင်သစ် တိုင်း ပြည်ကို မောင်ရင်ငတေတို့ လိုရောက်ရှိလာသူများ အားလုံးနီးပါးကို စကားပြန်လုပ်ပေးရတာပါပဲ။ တချိန်က နိုင်ငံတော်သမတကြီးရဲ့ စကားပြန်ဖြစ်ခဲ့သူမင်းသားကြီးက မောင်ရင်ငတေရဲ့ စကားပြန် လည်း ဖြစ်ခဲ့ဖူးပါတယ်။

ပါရီမြို့တော်ကို ရောက်ရှိလာသမျှ ရွှေပြည်တော်သား တော်တော်များများ ဟိုတယ်အန်ကယ်လ်ကြီးမှာ တည်းခိုဖူးနေထိုင်ဖူးကြပါတယ်။ မောင်ရင်ငတေကတော့ ကံဇာတာ တက်ချိန်ဖြစ်ခဲ့လို့ အန်ကယ်လ်ကြီး ဟိုတယ်ကိုရောက်ရှိချိန်မှာ မင်းသားကြီးက တပါးတည်း စံမြန်း နေချိန်နဲ့ ကြုံကြိုက်ခဲ့ပါတယ်။ ကြိုက်သလိုနေကြိုက်သလိုစား တပြားမှမပေးရဘဲ ဖရီးနေခွင့် ကြုံခဲ့ ရတာပါ။

ကိုယ်ပေးနိုင်တဲ့အတိုင်းအတာကိုပဲလက်ခံရယူပြီး ငွေတန်ဖိုးအကြောင်း တခါမှ မပြောခဲ့ တာပါ။ ပြည်ပအတိုက်အခံ နိုင်ငံရေးနယ်ပယ်မှာ ငွေကြေးအရှုတ်တော်ပုံတွေကြောင့် စိတ်ဓာတ်ရေး ရာတွေ ပျက်စီးခြစားကုန်ပြီး အဲဒီအများစုဟာ ပြန်တော်မူတီးလုံးအသစ်တွေနဲ့ သာရာစီးကုန်ပါပြီ။ မျောပါကုန်ပါပြီ။ အဲဒီခေတ်အခါကိုကောင်းကောင်းမီခဲ့ပြီး လုပ်စားချင်ရင်လုပ်စား(ခွ)ဂွင် ကို ကောင်း ကောင်းမိခဲ့တဲ့ မင်းသားကြီးဟာ သူပြောပြောနေကြ သူ့ရဲ့စကားအတိုင်းပြောရရင် တလုံးချိုင့် ဘဝ ကိုပဲ ပျော်ပျော် ကြီးဖြတ်သန်းရင်း ပါရီမြို့တော်ကြီးနဲ့သိပ်မဝေးကွာလှတဲ့ အနှစ်နှစ်ဆယ်ကျော် သုံး ဆယ်နီးပါး သူနေထိုင်နေခဲ့ရာ ပါရီမေထရိုမြေအောက်ရထားနံပတ်(၈)လိုင်းပေါ်က Créteil-Univer- sité ခရေတေးလ် ယူနီဗာစီတေးဘူတာရုံနားက တိုက်ခန်းကလေးမှာ ယနေ့ထိတိုင် ဆက်လက်နေ ထိုင်နေဆဲ ဖြစ်ပါကြောင်း။

မောင်ရင်ငတေရဲ့ နေ့ခင်းကြောင်တောင် အိပ်မက်တွေထဲ ရန်ကုန်မြို့လယ် သမတရုပ်ရှင်ရုံကြီးမှာ မင်းသားကြီးရဲ့ ရန်ကုန်အလွန် ဇာတ်ကားကြီးကို ခဏခဏ ကြည့်ဖြစ်ကြောင်းပါ။

ပါရီမြို့စား ရန်ကုန်မင်းသားကြီး အန်ကယ်လ်ကြီး မင်းသားကြီးဦးအောင်ကို အသက်ရာကျော် ဆက် လက်ရှည်ကာ သောက်နိုင်စားနိုင် ပျော်နိုင်ပါးနိုင် ကနိုင် ခုန်နိုင်ပါစေကြောင်း အားလုံးရဲ့ကိုယ်စား မောင်ရင်ငတေ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ခင်ဗျာ။

နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ မင်းသားကြီးခင်ဗျား၊

 

http://moemaka.com/archives/30411    

မောင်ရင်ငတေ ဒီဇင်ဘာ ၂၂၊ ၂၀၁၂

 

One thought on “သူစိမ်းဆန်ဆန် ရန်ကုန်မင်းသားကြီးရဲ့နောက်ဆက်တွဲ … (မောင်ရင်ငတေ)

  1. ဪ…
    စာရေးစာသားကောင်းလွန်းတော့လည်း ကိုယ့်အကြောင်းကို ကိုယ်ဖတ်နေရမှန်းတောင် မသိသလောက်ဖြစ်ရပါတယ်ဗျာ။ ကျေးဇူးကြီးလှပါပေ၏ဆရာ။

    AK(BR)

Comments are closed.