ဒုတိယမြောက် ခင်ဝမ်းနှင့်ထိတွေ့ခြင်း (မောင်ရင်ငတေ)

Posted on Posted in လူမှုရှုခင်း

 

 

 

ဒုတိယမြောက် ခင်ဝမ်းနှင့်ထိတွေ့ခြင်း

 

ဒုတိယမြောက် ခင်ဝမ်းနှင့်ထိတွေ့ခြင်း                                            (ဓာတ်ပုံ မရငတ)
(ဓာတ်ပုံ မရငတ)

 

ဒုတိယမြောက် ခင်ဝမ်းနှင့်ထိတွေ့ခြင်း             

 

ပြီးခဲ့တဲ့တပတ်က ဟိုရေးဒီရေး ဟိုဖတ်ဒီဖတ်လုပ်နေရာကနေ အရင် လေးငါးခြောက်နှစ်က စတင် ပြီး ကွန်ပြူတာဖန်သားပြင်ပေါ်မှာ အတိုအစပေါက်တတ် ကရ ရေးထားခြစ်ထားတာတွေကို ပြန်ရှာ ရင်းဖွေရင်းနဲ့ အတိုအစတခုကို ပြန်ပြီးဖတ်မိပါတယ်၊ ၂၀၁၁ စက်တင်ဘာလပိုင်းလောက်က Face- book စာမျက်နှာများမှာ အဲဒီအချိန်က Ma Lynn က စတင်ဖွဲ့စည်းခဲ့တဲ့ ၇၀၊ ၈၀၊ ၉၀ ခုနှစ် သီချင်း သည်များအုပ်စုမှာ ရေးတင်ခဲ့မိတဲ့ ခင်ဝမ်းနှင့်ထိတွေ့ခြင်းဆိုတာကိုပါ။

အဲဒါကို ပြန်ဖတ်မိခဲ့ပြီးနောက် ၇၀၊ ၈၀၊ ၉၀ ခုနှစ်သီချင်းသည်များရဲ့ စာမျက်နှာတွေမှာ ပြန်ရှာတာ ရှာလို့မရတော့ပါဘူး၊ အဲဒါနဲ့အဲဒီစာတွေကို နည်းနည်းပါး ပါး ပြင်စရာရှိတာပြင်ပြီး ခင်ဝမ်းအမှတ်တရ အနေနဲ့ မောင်ရင်ငတေရဲ့ Facebook စာမျက်နှာမှာ တင်လိုက်မိပါတယ်။ အဲလိုတင်လိုက်ပြီးတော့ မှ ရှုခင်းသစ် အွန်လိုင်းမဂ္ဂဇင်းရဲ့အယ်ဒီတာနဲ့ ဟိုအကြောင်းဒီအကြောင်းပြောကြရင်း အဲဒီ ခင်ဝမ်း နှင့်ထိတွေ့ခြင်းကို ရှုခင်းသစ်မှာ မမျှော်လင့်ပါပဲ ဖော်ပြပါရှိလာပါတော့တယ်။

 မောင်ရင်ငတေရဲ့စာရေးနည်းကပညာရှင်များလိုအကြောင်းအရာတခုစာတပုဒ်တထိုင်တည်းမရေး တတ်ပါဘူး။ စိတ်ထဲမှာ တကြောင်းလောက် တပိုဒ်လောက် ပေါ်လာတာမျိုးတွေကို ရေးချထားလိုက် ပါတယ်။ ဒီအကြောင်းဆက်ရေးလို့မရရင် တခြားအကြောင်းရောက်သွားပါတယ်။ အဲဒီလို ဟိုစပ်စပ် ဒီစပ်စပ်ရေးထားတာလေးတွေကို နောက်တော့မှ စိတ်ကူးပေါက်မှ ပြန်ဆက်စပ်ပြီး ယူတာပါ။ အရင် ကွန်ပျူတာခေတ်မတိုင်ခင်ကဆိုရင်တော့ ဒါမျိုးတွေက စာရွက်အပိုင်းအစတွေအဖြစ်ကနေ ပျောက် ပျက်သွားတာပါ၊ ကွန်ပျူတာကျေးဇူးကြောင့် ရေးပြီးသိမ်းဆည်းထားတာလေးတွေကနေ စာတပုဒ် ဖြစ်လာပါတယ်။ အဲလို ခင်ဝမ်းနဲ့ထိတွေ့ခြင်း ဒုတိယပိုင်းဆိုတာ ပေါ်လာတာပါ။

ပထမပိုင်းမှာ ရေးခဲ့တဲ့ရက်စွဲတွေအရ ထိတွေ့ခြင်း (၃) ပိုဒ် ရှိခဲ့တာမို့ အခု (၄) နဲ့ စထားပါတယ်။

 

 

(ဓာတ်ပုံ မရငတ)
(ဓာတ်ပုံ မရငတ)

 

ခင်ဝမ်းနှင့်ထိတွေ့ခြင်း (၄)

 ၀၁၀၆၂၀၁၄

 

ခင်ဝမ်းနှင့် ထိတွေ့ခြင်းအကြောင်းရေးခဲ့မိတုန်းက ဘာရယ်မဟုတ် ရေးခဲ့မိတာပါ။ စာရေးချင်စိတ်ရှိနေစဉ်မှာ ကိုယ်ကြိုက်တဲ့သီချင်းတွေ ပြန်လည်နားထောင်နေခိုက်နဲ့ ကြုံပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ အဆိုတော်အကြောင်းကို ကိုယ်ရေးတတ်သလိုရေးခဲ့တာမျိုးပါ။ ဒီထက်ပိုပြီး ရည်ရွယ်ချက်မရှိပါဘူး။

တကယ်တော့အဆိုတော်ခင်ဝမ်းအကြောင်းကိုရေးဖို့ရာမှာကိုယ်ကိုယ်တိုင်က အဲဒီခင်ဝမ်းကြီးနဲ့နီးနီးကပ်ကပ်ထိတွေ့တာမျိုးမရှိခဲ့ဖူးတော့ သူ့အကြောင်း ဘာတခုမှအသေးစိတ် သိတာမရှိပါဘူး။

ပြည်မြို့သား သူငယ်ချင်းတွေကြောင့်သာ ခင်ဝမ်းဆိုတဲ့အဆိုတော်ကြီးနဲ့ သုံးလေးကြိမ် ဆုံဖူးတာမျိုး လောက်သာပါ။ ဒါပေမယ့်လို့ သေချာခဲ့တာတခုကတော့ ၁၉၈၀ ခုနှစ်များရဲ့ခပ်စောစောပိုင်းမှာ တခြားအောင်မြင် ကျော်ကြားနေတဲ့ ကော်ပီသီချင်းများ ဥပမာ ပလေးဘွိုင်သန်းနိုင်တို့ ဘိုဘိုဟန်တို့ စိုးပိုင်တို့ ကိုယ်ပိုင်သံစဉ်သီချင်း လိုင်းကဆိုရင် စိုင်းထီးဆိုင်တို့ မင်းအောင်တို့ထက်စာရင် ခင်ဝမ်းရဲ့ ခြောက်ကပ်ကပ်တီးလုံးများနဲ့ သူ့ရဲ့အဲဒီအချိန်က (အဲဒီအချိန်ကနော်) လူအများ သိပ်မကြိုက်လှတဲ့ သိပ်လက်မခံတဲ့အသံကို ဘာလို့မှန်းမသိ ကြိုက်နှစ်သက်နေမိတာပါ။ ခင်ဝမ်းရဲ့ထွက်ရှိသမျှ အခွေ တွေကိုဝယ်နိုင်အောင် ကြိုးစားမိတာကိုလည်း မှတ်မိနေပါတယ်။

 

အဲဒီအချိန်တုန်းက မောင်ရင်ငတေက ဆယ်တန်းကျောင်းသားဖြစ်စ၊ ဖလဲလ်တွေဘဲလ်တွေဝတ်ပြီး လမ်းသရဲဆိုတာကြီးကို ရူးသွပ်နေချိန်၊ ဘီတဲလ်တို့ ဘီးဂျီးတို့ နဲ့ ခေတ်မှီချင်ယောင်ဆောင်နေချိန် နိုင်ငံတကာမှာဘာဖြစ်နေလဲဆိုတာကို ခေါင်းမြီးခြုံထဲကနေ အတင်းတိုးဝှေ့ထွက်ခေါင်းထောင်ကြည့်ချင်နေချိန်၊ မြန်မာ့အသံ ဆိုတာကြီးကို စိတ်ပျက်လက်ပျက် ဖြစ်နေချိန်၊ အဲဒီအချိန်မှာ တကယ်တော့ ဂျင်းဘောင်းဘီဝတ်ခြင်းကို နှစ်နှစ်ချိုက်ချိုက်စုံမက် လည်ပင်းနဲ့လက်ကောက်ဝတ် မှာ ရောင်စုံပုတီး ကြိုးတွေ ဆွဲချင်ပတ်ချင်နေသူ အဲဒီအချိန်က ခေတ်ပေါ်လူငယ် (လမ်းသရဲဆိုပြီး တချို့တွေက သတ်မှတ်ထားခံရသူ) တယောက်ဟာ တိုင်းခြားဖြစ် နိုင်ငံခြားသံစဉ် ဝုန်းဒိုင်းဂွမ်းတွေထက် ခင်ဝမ်း သီချင်းတွေကိုတော့ ပိုပြီးညည်းနေချင်တာဟာ သဟဇာတဖြစ်မဖြစ် မသိနိုင်တဲ့အရာပါ။

 

ကက်ဆက်ကာဗာအဖုံးမှာတော့ “အိမ်မက်” လို့သာရေးထားတဲ့ အိပ်မက်အခွေ ၁၉၈၀ ခုနှစ်မှာ ထွက်လာပါတယ်။ ပါဝင်တဲ့သီချင်း ၁၅ ပုဒ်လား ၁၆ ပုဒ်လား မသိ။ ခေါင်းစဉ် အိပ်မက်သီချင်းက မပါဝင်ပါဘူး။ အဲဒါကလည်း အဲဒီအချိန်ကာလမှာတော့ သိပ်မတွေ့ဖူးသေးတဲ့ ထူးခြားမှု တခုပါ။

ပြည်မှာဆောင်းတို့ ဧရာဝတီတို့နှင်းဆီဖြူတို့ထက် အိပ်မက်အခွေထဲက မမချစ်သီချင်းကို ပိုပြီးတော့ နှစ်သက်မိပါတယ်။ အသက်ကလည်း ငယ်သေးသကိုး။ တချို့သော အသက်အားဖြင့် အနည်းငယ် ကြီးတဲ့သူငယ်ချင်းတချို့ကတော့ မောင်ရင်ငတေခဏခဏဖွင့်ပြီးနားထောင်လွန်းလို့ (သူတို့တတွေ ပါရောပြီး အလွတ်ရနေတဲ့ အိပ်မက်ထဲက စာသားတွေနဲ့) မောင်ရင်ငတေ့ကို စတတ်ကြပါတယ်။ ကိုယ်ကလည်း အဲဒီတုန်းက မမချစ်မှ မမချစ် ကိုး၊ ငယ်ငယ်တုန်းက မမချစ် ခင်ဗျား ကျောင်းခန်း ထဲက လည်ပြန်ကြည့်နေတတ်တဲ့ မမချစ်ခင်ဗျား အခွင့်ရယ်သာခဲ့ရင် တခါတခေါက်လောက်တော့ ပြန် ဆုံချင်မိပါသေးတယ် မမချစ်ရေ …… အတိတ်အကြောင်းကို ရိုးရိုးသားသား ပြန်ပြောင်းပြောဖို့ရယ် သာပါ။ အခုချိန်ထိ အဲဒိ ခင်ဝမ်းအသံ မမချစ်ကိုကြားမိရင်း သတိရနေဆဲပါ။

 

ဆယ်တန်းဒုတိယနှစ်မှာတော့ မိတ္ထီလာကနေ စလေကို ကျောင်းသွားတက်ရပါတယ်။ အိတ်ထဲမှာ ကျော်ဟိန်းရဲ့မျက်ရည်စက်များရယ် ခိုင်ထူးရဲ့သီချင်းတပုဒ်ရယ် ကိုခင်ဝမ်းများရယ် ပါသွားပါတယ်။

စလေဆိုတာက ဧရာဝတီမြစ်ဘေးက အညာဒေသရဲ့တောမြို့လေးတမြို့သာပါ။ ကျောင်းကလည်း အထကကျောင်းဆိုပေမယ့် ဆယ်တန်းကျောင်းသားက လက်ချိုးရေရတာထက် နည်းနည်းသာ ပို များပါတယ်။ မောင်ရင်ငတေရဲ့ဆယ်တန်းရပီတာခုံနံပါတ်ကိုက ဖဎ ၂၆ သာပါ။ အဲဒီတုန်းက စလေသားတွေ ဘာကြိုက်ကြိုက် ကိုယ်ကြိုက်တာတွေကို သူတို့ကို ခဏခဏပြောခဲ့လွန်းလို့လား မသိပါ ဘူး။ မောင်ရင်ငတေကြောင့် သူတို့တွေရဲ့ပါးစပ်ထဲမှာ ခင်ဝမ်းရဲ့သီချင်း သံစဉ်စာသားတွေ တော် တော်များများ ရောက်သွားပါတယ်။ မောင်ရင်ငတေရဲ့အုပ်ထိမ်းသူ အဒေါ်နဲ့ဦးလေးတောင်မှ ခင်ဝမ်း တို့ ကျော်ဟိန်းတို့နဲ့ တော်တော်ကို ရင်းနှီးသွားခဲ့ရတာပေါ့။ ခင်ဝမ်းရဲ့သီချင်းသံတွေ သီချင်း စာသား တွေဆိုတာက တကယ့်တကယ် ဒီကနေ့အချိန်မှာ သေချာပြန်စဉ်းစားကြည့်တော့မှ မူးယစ် ဆေးဝါး ထက်ပိုပြီးစွဲလန်းစေတတ်တာကိုး။ မူးယစ်ဆေးဝါးထက် ပိုပြီးစွဲလန်းသွားစေခဲ့တဲ့ ခင်ဝမ်းရဲ့သီချင်း သံများက တော်ရုံနဲ့ဖြတ်မရခဲ့တာ ဒီကနေ့ထိတိုင်နဲ့ သေရာ ထိအောင် ပါသွားနိုင်ပါတယ်။ အဲလိုပြော ရရင် အလွန်မရှိနိုင်ပါဘူး။ ဒီကနေ့ထိတိုင်အောင် ခင်ဝမ်းရဲ့ အသံကြားလိုက်ရရင် နားထောင်မိ လိုက်ရင် ဆက်တိုက် နားထောင်ချင်စိတ်က ရွာရန် ရာနှုန်း ၁၀၀ ပြောရင်ရပါသေးတယ်။

 

 

(ဓာတ်ပုံ မရငတ)
(ဓာတ်ပုံ မရငတ)

ရွှေမန်းဆောင်ရှေ့ကအုတ်ခုံလေး (ရှားရှားပါးပါး အွန်လိုင်းပေါ်မှာ ရှာတွေ့ရတဲ့ ဓာတ်ပုံကို ဒီနေရာက ယူပါတယ်၊ http://linnmyatyaungsin.blogspot.fr/2012/04/blog-post_8057.html)

 

“မန္တလေး” လို့ အမည်ရတဲ့သီချင်းတပုဒ်က ၁၉၈၂-၈၃ ခုနှစ် ရတနာဘုမ္မိနယ်မြေမှာ ကျောင်းတက် နေခိုက်ကာလမှာ အကြိုက်ဆုံးသော သီချင်းတပုဒ် ဖြစ်လာခဲ့ပါ တယ်။ အဲဒီတုန်းက မောင်ရင်ငတေတို့ရဲ့ဘဝက ကောလိပ်ကျောင်းသားလား တက္ကသိုလ်ကျောင်းသားလား ဘယ်လိုအမည်မျိုးတပ်လို့ တပ်ရမှန်းမသိနိုင်တဲ့ စကောစက မန္တလေးတက္ကသိုလ် ရတနာဘုမ္မိနယ်မြေက ကျောင်းသားဘဝ။

မောင်ရင်ငတေကလည်း မဆီမဆိုင်ဆိုသလို ရွှေမန်းဆောင်ရှေ့ကို အမြဲလိုလို ရောက်နေတတ်တဲ့ အချိန်မဟုတ်လား။ နေ့လည်အတန်းအားချိန်ဆိုရင် အချိန်ရရင်ရသလိုစက်ဘီးလေးစီးပြီး(အဲဒီတုန်း က စက်ဘီးစီးတယ်ဆိုတာ မန္တလေးရဲ့ သင်္ကေတပါ။ ဆိုင်ကယ်ဆိုတာ ဝယ်စီးနိုင်သူ သိပ်မရှိသေး ပါဘူး။ စက်ဘီးတစီးရှိရင် ရွာရိုးကိုးပေါက်သွား ပြီးပြည့်စုံတဲ့ လူငယ်ဘဝပါ။) ရွှေမန်းဆောင်ရှိရာ မိန်းထဲကို လစ်တတ်သလို ညနေစောင်း အိမ်ကနေတခေါက်ပြန် ထွက်ပြီး ရွှေမန်းဆောင်နားမှာ တဝဲ လည်လည်နေခဲ့တာပေါ့ ကိုခင်ဝမ်းရေ။

ကိုခင်ဝမ်းကတော့ ဘယ်တုန်းကဘာကြောင့် ရွှေမန်းဆောင်သို့ရောက်ခဲ့ပြီး ဖွဲ့နွဲ့စပ်ဆိုခဲ့တာလည်း တော့ မသိပါဘူး။ မောင်ရင်ငတေကတော့ အဲဒီသီချင်းသံ တမာရွက်ကလေးတွေ ပြန့်ကြဲနေတဲ့ ရွှေ မန်းဆောင် အဝင်ပေါက်ကို သီချင်းသံကြားမိရတိုင်း လွမ်းနေရဆဲပါ ကိုခင်ဝမ်းရေ။

 

ခင်ဝမ်းနှင့်ထိတွေ့ခြင်း (၅)

၃၀၀၆၂၀၁

 

ကျောင်းအဝင်ဆိုင်းဘုတ်တွေမှာ ဒေသကောလိပ်ကို ကောလိပ်ပြောင်း ရေးပြီးချိန် ကောလိပ် ပထမ နှစ် ဒုတိယနှစ်တွေမှာ ရာပြည့်ရဲ့သတိမမူဂူမမြင်တို့ ခိုင်ထူးရဲ့သီချင်းတပုဒ်ပန်းတဆုပ်တို့ ဖိုးချိုရဲ့ ပိုင်စိုးမှုဧကရီတို့ ကိုယ်ပိုင်သံစဉ်များ လူငယ်များကြား ပိုပြီးတော့ခေတ်စားလာပေမယ့် မောင်ရင် ငတေတို့ရဲ့ ဆရာကြီးကိုခင်ဝမ်းကတော့ လူကြိုက်များမှု သိပ်မရှိလှသေးပါဘူး။ ခင်မောင်တိုးကို တော့ တော်တော်ကြိုက်လာနေကြပါပြီ။ တကယ်တော့ မဟာဆန်သူခေတ်မှသာ ခင်မောင်တိုးက လူငယ်တွေကြားမှာ ဆရာကြီးတဆူဖြစ် ဈေးကွက်မှာ ပေါက်သွားခဲ့တာပါ။

 

အဲဒီလိုအဲဒီကာလကအအောင်မြင်ဆုံးအဆိုတော်တယောက်မဖြစ်ခဲ့တဲ့ခင်ဝမ်းရဲ့သီချင်းများက ဒီကနေ့ ဒီဘက်ခေတ်မှာ ဘာကြောင့်များ ဒီလောက် တင်ကျန်နေခဲ့ရ ပါလိမ့်။ သူ့ထက် နာမည်ပိုကြီး ပိုထင်ရှားခဲ့တဲ့ အဲဒီခေတ်ကာလ စတိတ်ရှိုးတွေမှာ နာမည်အကြီးဆုံး ပွဲသိမ်းအဆိုတော် ဖြစ်ခဲ့တဲ့ ခိုင်ထူးတောင်မှ ဒီနေ့ကာလမှာ ခင်ဝမ်းလောက် လူပြောမများတော့ပါဘူး။ ခိုင်ထူးရဲ့ သီချင်းများ ဟာ မောင်ရင်ငတေသိပ်ကြိုက်ခဲ့တဲ့ သီချင်းများထဲမှာ ပါပါတယ်။ ခင်ဝမ်းထက် မပိုရင်တောင်မှ ခင်ဝမ်းသီချင်းများလိုပဲ ကြိုက်ခဲ့ပါတယ်။ ခင်ဝမ်းလောက်တော့ပြောစမှတ်တွင်အောင်ဒီနေ့ကာလ များထိမပါလာခဲ့ဘူးလို့ပြောရင်တော့ရနိုင်ပါတယ်။

 

၁၉၈၃-၈၄ခုနှစ်လောက်ရောက်တော့စတီရီယိုကိုယ်ပိုင်သံစဉ်သီချင်းများခေတ်စားလာပြီလို့ပြော ရင် ရပါပြီ၊ ကိုမောင်မောင်တို့ ကိုရဲလွင်တို့ကိုနေဝင်းတို့သီချင်းတွေနဲ့အတူ ခင်မောင်တိုးလည်း မဟာဆန်သူဆိုပြီး ပိုနာမည်ကြီးလာပါပြီ။ မွန်းအောင်ကတော့ သူ့ရဲ့ မာစတာပိစ် ၈/၈၂ အင်းလျားနဲ့ ပေါက်မြောက်သွားခဲ့တဲ့အချိန် အဲဒီကာလပိုင်းတွေမှာ ကိုခင်ဝမ်းရဲ့ ညတို့ လိပ်ပြာလွင်ပြင်တို့အခွေ တွေလည်း ထွက်ခဲ့ပါတယ်။ ကိုင်ဇာတို့ စိုးလွင်လွင်တို့ ကြိုက်နှစ်သက်ကြသူတွေ လူငယ်တွေ ကြား ထဲမှာ ခင်ဝမ်းနာမည်လည်း ပိုလို့ ပိုလို့ အသိများလာပါပြီ။

 

အဲဒီလိပ်ပြာလွင်ပြင်ထဲက “ကျော်ကြီး” အမည်ပေးထားတဲ့သီချင်းဆိုရင်ရိုးရှင်းလှပြီး သူငယ်ချင်း တယောက်အကြောင်းကို စပ်ဆိုခဲ့တာပါ။ ကောင်းကင်နဲ့မြေကြီး သီချင်းကတော့ခေါင်းစဉ်သာမေ့ ချင်ရင်မေ့သွားနိုင်ပေမယ့်သီချင်းသံထွက်လာရင်တော့ လိုက်မဆိုလို့မရတဲ့သီချင်းတပုဒ်ပါ။ အဲဒီသီချင်းထဲက ခွင့်မလွှတ်ပါနဲ့ကောင်းကင်ရယ် မိုးတွေချုန်းလိမ့်မယ်ဆိုတဲ့စာသားကတော့မောင်ရင် ငတေအခုထိတိုင်အောင် လိုက်ညည်းနေကြစာသားတပိုဒ်ပေါ့။

ခက်တာက ခင်ဝမ်းသီချင်းတွေထဲမှာကော အခြားခေတ်ပြိုင် ကိုယ်ပိုင်သံစဉ်သီချင်းတွေထဲမှာကော ဒီအချိန်မှာ ဘာအကြိုက်ဆုံးလဲမေးလာခဲ့ရင်တော့ ဖြေဖို့ကတော့ မလွယ်ပါဘူး။ ဒါပေမယ့် ခင်ဝမ်းသီချင်းတွေရဲ့စာသားတွေကအများအားဖြင့်တော့ အချစ်ခံစားမှုတွေလို့ပြောချင်ရင်ပြောလို့ရနိုင်ပေမယ့် သဘာဝကျတဲ့ ရိုးရိုးရှင်းရှင်းစာသားများကိုသာသုံးနှုံးဖွဲ့ဆိုထားတာတွေပါ။

 

ခင်ဝမ်းသီချင်းများနဲ့ခင်ဝမ်းအကြောင်းကတော့နိဂုံးချုပ်ဖို့မလွယ်ကူလှဘူးလို့ထင်ပါတယ်။ ငါး ဆယ်ကျော်ငါးဆယ်သားမောင်ရင်ငတေတို့အရွယ်မှာ ငယ်စဉ် အကြောင်းတွေပြန်တွေးပြန်ရေးရ တာအကောင်းဆုံးကာလများလားတော့မသိပါဘူး။မောင်ရင်ငတေတို့လိုအဝေးလွင့်နေသူများ အဖို့ပိုဆိုးလိမ့်မယ်ထင်ပါတယ်။ အတိတ်အကြောင်းတွေဟာနေ့စဉ်ဘဝမှာအမြဲလိုကပ်ငြိတွယ် နေဆဲပါ။အချိန်ရလို့သီချင်းဟောင်းများကိုပြန်နားထောင်မယ်လို့ရည်ရွယ်လိုက်တိုင်းရွေးချယ် လိုက်တိုင်းမှာ ဒီကိုခင်ဝမ်းရဲ့သီချင်းတွေကိုသာထပ်ခါတလဲလဲရွေးနေမိတာကိုတော့သက်ဆိုင် သူတွေခံစားတတ်သူတွေနားလည်သဘောတူကြလိမ့်မယ်လို့ ထင်ပါတယ်။

 

ခင်ဝမ်းရဲ့သီချင်းများကိုနားထောင်မိရင် ခင်ဝမ်းတို့မြို့သား မောင်ရင်ငတေနဲ့ တေဖော် တေဘက် သူငယ်ချင်းကြီးတယောက်ကို အမြဲသတိရမိပါတယ်၊ သူပြောပြခဲ့လို့ ခင်ဝမ်းအကြောင်း သီချင်းတွေ အကြောင်းတော်တော်များများ မောင်ရင်ငတေ သိခဲ့ရတာပါ။ အဲဒီမောင်ရင်ငတေရဲ့ချစ်ဘော်ဒါကြီး ရွှေဘိုဆောင်အပေါ်ဆုံးထပ်က အသည်းကွဲသမားအတွက် အမှတ်တရလွမ်းချင်း ကဗျာတပုဒ်ကို ပူး တွဲ ဖော်ပြလိုက်ပါတယ်။

 

(ဓာတ်ပုံ မရငတ)
(ဓာတ်ပုံ မရငတ)

 

တခါက ကျင်လည်ကျက်စားဖူးခဲ့ရာ ရွှေဘိုဆောင်                               (Photo TKK RASU)

 

ရွှေဘိုဆောင်က ရွှေအိုရောင်နေ့ရက်များ

 

ဇော်ကြီးရေ ဒီည မင်းကိုလွမ်းတယ်

ပေဖူးလွှာ အွန်လိုင်းပေါ်မှာ

ကဗျာတပုဒ်က ပြောထားတာလေ

သူငယ်ချင်း မိုးထဲလေထဲ ကျမကွဲစေနဲ့တဲ့။

 

မင်းက ကျကွဲခဲ့တာလား

ကျ အကွဲ ခံခဲ့တာလား

ဘာပဖစ်ဖြစ်ကွာ ဒီည ငါ မင်းကိုလွမ်းတယ်။

 

နှစ်ဆယ်ကျော်ခါစက ကျောင်းကပုံတွေ

လွန်ခဲ့တဲ့ အနှစ်သုံးဆယ်နီးပါးက ကျောင်းကပုံတွေ

ဒီကနေ့ ငါတွေ့ရင် ပထမဆုံး မင်းကိုလွမ်းတယ်။

 

ရွှေဘိုဆောင် အပေါ်ဆုံးထပ်ကနေ

မေခကို မင်းရောက်လာတော့

မင်းနဲ့ငါ ပုလင်းတူဗူးဆို့ ဖြစ်တယ်၊

 

တကယ်တော့ မင်းကပုလင်းပါ ရေအပြည့်ပါတဲ့ ပုလင်းပါ

ငါက မင်းရဲ့ရေအပြည်နဲ့ပုလင်း ပုလင်းအပြည့်နဲ့ ရေပါခဲ့တာ

ဗူးဆို့ဖွင့် ကပ်သောက်ခဲ့သူပါ၊

 

ငါ သိခဲ့ပါတယ်

အဲဒီရေထဲ အဆိပ်ခပ်ခံရတာ

ခေတ်ကြောင့်လား စံနစ်ကြောင့်လား

ကံကြမ္မာကြောင့်လား မင်းကဘဲ မိုက်လုံးကြီးတာလား

ဒီ လားတွေ အများကြီးထဲမှာ

ငါ့ အမှားရောပါခဲ့လား ငါ လိပ်ပြာ မသန့်ဘူးကွာ။

 

မင်းဟာ မင်းပြောခဲ့ဖူးသလို

ဘဝကို တိုက်သွားခဲ့တာဘဲ

လိုတာရတဲ့ ဘဝမှာ ရနေတာတွေ မလိုခဲ့ရင်

အပိုဘဲဆိုတာ၊ မင်းအကြောင်း ငါကောင်းကောင်းသိခဲ့ပါတယ်။

 

သူငယ်ချင်း ဇော်ကြီး

မင်းအသည်းက မင်းခိုင်းသလောက်

ဘယ်လိုလုပ် ဆက်လျှောက်နိုင်တော့မလဲ။

 

ဒါပေမဲ့ ဇော်ကြီးရေ မင်းရဲ့

ရွှေဘိုဆောင်က ရွှေအိုရောင်နေ့ရက်များ

အပေါ်ဆုံးထပ်က အသည်းကွဲသမားကို

ငါ သတိရနေဆဲပါကွာ။

 

ဖိုးဇီးရိုး ၀၁၁၀၂၀၁၂

 

၁၉၇၉ ခုနှစ်က သီဆိုဖြန့်ချိခဲ့တဲ့ ပြည်မှာဆောင်းအခွေထဲက ရွှေဘိုဆောင် အပေါ်ဆုံးထပ်က အသည်းကွဲသမားရဲ့ ကောလိပ်နေ့ရက်များကိုတော့ မောင်ရင် ငတေတို့ရဲ့ ရွှေရောင်တောက်ပခဲ့တဲ့ ကျောင်းသားဘဝ အမှတ်တရတွေထဲက ရာဇဝင်ထဲမှာ ဆွေးမြေ့သွားတဲ့အမှတ်တရတခုအဖြစ် မရောက်စေလို တာကတော့ မောင်ရင်ငတေရဲ့ဆန္ဒအမှန်ပါ။ ရွှေဘိုဆောင်အပါအဝင် “ရာဇူးဆိုတာ ကြီးကို နိုင်ငံတကာအဆင့်မြှင့်တင်တာထက် မောင်ရင်ငတေတို့ လို အောက်ဆုံးအလွှာက လူတန်း စားမရွေး ဖြတ်သန်းလျှောက်လှမ်းနိုင်တဲ့ နေရာတခုဖြစ်စေချင်တာကတော့ မောင်ရင်ငတေ့ဆန္ဒ ဖြစ်သလို ကိုခင်ဝမ်းသာ ရှိနေအုံးမယ်ဆိုလို့ရှိရင် အဲဒီအတွက် နောက်ထပ်သီချင်းတပုဒ် ထပ် ဖြစ်လာ လိမ့်မယ် ဆိုဖြစ်လိမ့်မယ်လို့ ယူဆမိကြောင်းပါ။

 

ခင်ဝမ်းရေးခဲ့တဲ့ စိတ္တဇပန်းချီစာအုပ်အကြောင်းတို့ ဆွဲခဲ့တဲ့ပန်းချီကားချပ်များ အကြောင်းတို့က မောင်ရင်ငတေလည်း လိုက်လို့ သိပ်မမီတာကြောင့် ဒီနေရာမှာ ထည့်မရေးချင်ပါဘူး။ ခင်ဝမ်းသီချင်း များ အကြောင်းကတော့ နောက်များမှာ နားထောင်ရင်း ရေးဖြစ်အုံးမလားတော့ မပြောနိုင်ပါဘူး။ ရေးဖြစ်ခဲ့ရင်တော့ ဖော်ပြပေး မယ့်သူ ရှိရင်တော့ ခင်ဝမ်းနှင့် ထိတွေ့ခြင်း အပိုင်း (၆) တို့ အပိုင်း (၇) တို့ ရှိတန်ကောင်း ရှိလာနိုင်ပါသေးတယ်။

 

ဖတ်ရှုသူများ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

ခင်ဝမ်းပုံများကို အင်တာနက်မှ ရှာဖွေရယူ၍ မရငတ ဖြတ်ညှပ်ကပ်ထားခြင်း ဖြစ်ပါသည်။

 

မောင်ရင်ငတေ  ၀၁၀၈၂၀၁၄