နယူးဇီလန် ၊ ဟယ်မီတန်မြို့ (၂၆) နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား

Posted on Posted in သတင်း ရှုခင်း

ဟယ်မီတန်၊နယူးဇီလန်

(၈) သြဂတ်စ်၊ ၂၀၁၄

ရှစ်လေးလုံး အမှတ်တရ
ရှစ်လေးလုံး အမှတ်တရ

နယူးဇီလန်နိုင်ငံ ဟယ်မီတန်မြို့ ၂၆ နှစ်မြောက် ရှစ်လေးလုံး အခမ်းအနားကို စိတ်ပါဝင်စားသူများ၊ တော်လှန်ရေး ရဲဘော်၊ရဲမေများ၊ မျိုးဆက်သစ်လူငယ်များက မမေ့မလျော့ ပါဝင် ဆင်နွဲခဲ့ကြသည်။

အခမ်းအနားကို ခေတ်အဆက်ဆက် ဒီမိုကရေစီနှင့် လွတ်မြောက်ရေး တိုက်ပွဲအတွင်း ကျဆုံးသူများကိုအလေးပြုခြင်း၊ ရှစ်လေးလုံး ဒီမိုကရေစီ တိုက်ပွဲအတွင်း အသက်ပေးအနစ်နာခံသူများကို ဂုဏ်ပြုသောအားဖြင့် ရှစ်စက္ကန့် ငြိမ်သက်အလေးပြုခြင်း၊ ကျဆုံးသူများကို တိုင်တည်၍ သစ္စာ အဓိဋ္ဌာန်ပြုခြင်း၊ ရှစ်လေးလုံး ၂၆ နှစ်မြောက် အခမ်းအနားသို့ ကရင်နီ တိုးတက်ရေး ပါတီမှ ပေးပို့လာသော သဝဏ်လွှာကို ဖတ်ကြားခြင်းတို့နှင့် အမှတ်တရ စကားများပြောကြားခြင်း၊ အရေးတော်ပုံကြီးကို ထင်ဟပ်စေသော ကဗျာများ ရွတ်ဆိုခြင်း၊ သီချင်းများသီဆိုဂုဏ်ပြုခြင်း တို့ဖြင့် ဂုဏ်ပြူ ကျင်းပခဲ့ကြသည်။

အမှတ်တရ ကဗျာများရွတ်ဆိုရာတွင် ကဗျာဆရာကိုဌေးအောင်၏ကဗျာ ၂ ပုဒ်ဖြစ်သည့် ကမ္ဘာလောကရဲ့ သမီး၊ သမီးလေးအတွက် အမှတ်တရ ၊ ဆရာတင်မိုး၏ အမေ့သားစကား တိုးတိုးပြောလှည့်ပါ၊ မင်းကိုနိုင်၏ မိုးရေစက်များ ၊ ဓနုဖြူကျော်ထွန်း၏ တိုက်ပွဲပျော်၊ ကဗျာဆရာမ မအိ၏ အသံအက်သွားတဲ့ခေါင်းလောင်းကလေး ၊မောင်မှိုင်းလွင် (အင်းဝ) ၏  ဒါ ငါတို့ကဗျာ …. ဒါငါတို့သီချင်း ၊ ဆရာဒေါင်းနွယ်ဆွေ၏ မာန် ၊ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)၏ ငှက်တို့၏တေး၊ ကဗျာဆရာ ရေဆန်(ဖဒိုမန်းရှာ)၏ ချစ်သမီးသို့  အစရှိသော ကဗျာများဖြင့် ရွတ်ဆိုဂုဏ်ပြုခဲ့ကြသည်။

အခမ်းအနားကို စိတ်ဝင်စားသူ ဒေသခံများ၊ မျိုးဆက်သစ်များလည်းပါဝင်တက်ရောက်နိုင်ကြစေရန် ဒုတိယနေ့အဖြစ် သြဂုတ်လ(၉) ရက် စနေနေ့တွင်လည်း ဆက်လက် ကျင်းပခဲ့ကြသည်။ အဆိုပါ ဒုတိယနေ့အခမ်းအနားကို နယူးဇီလန် နိုင်ငံ အစိုးရကိုယ်စားလှယ်အဖြစ် ဟယ်မီတန် အနောက်ပိုင်း လွှတ်တော်ကိုယ်စားလှယ်၊ မစ္စတာ တင် မက္ကင်ဒိုး နှင့် ဟယ်မီတန် မြို့တော်ဝန်ရုံး မှ မြိုတော်ကောင်စီဝင် ၊ လူမျိုးစုဆိုင်ရာ အကြံပေးအရာရှိ မစ္စ ဂျိုဗီ အစရှိသော စိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြသည်။

Tim Macindoe
Tim Macindoe

လွှတ်တော်အမတ် တင် မက္ကင်ဒိုး က သူဒီလို အမတ်အဖြစ် တာဝန် ထမ်းဆောင်နေသည့် သက်တမ်းတွင် ဤအခမ်းအနားမျိုးကို တက်ရောက် ခွင့်ရခြင်းသည် ယခုတကြိမ် ပထမဦးဆုံး ဖြစ်သလို အခုလိုစကားပြော ခွင့်ရသည့်အတွက် အလွန်တရာဝမ်းသာ မိကြောင်း၊ မြန်မာပြည်တွင် ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းခြင်းကို သူ့အနေဖြင့် မှတ်မှတ်ရရ ရှိနေကြောင်း၊ မြန်မာ့ဒီမိုကရေစီရေးနှင့်ပတ်သက်ပြီး နယူးဇီလန်အစိုးရ အနေဖြင့် ရာနှုန်းပြည့် ထောက်ခံ အားပေးကြောင်း၊ ဒါဟာ သူတို့ပါတီကမှ မဟုတ်ပဲ ဘယ်သူပဲ အမတ်ဖြစ်ဖြစ်၊ ဘယ်ပါတီပဲ ဖြစ်ဖြစ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတို့အတွက် ထောက်ခံအားပေးရမယ်ဆိုသည့် နယူးဇီလန် အစိုးရရဲ့သဘောထားဖြစ်ကြောင်း၊ မြန်မာ့ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ပေးသွား မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

အခမ်းအနားတွင် အောက္ကန်မြို့ ရတနာ ဒီပ ကျောင်း ဆရာတော် ဦးသုမနသီရိထံမှ ငါးပါးသီလခံယူပြီး တရားဘာဝနာ နာယူကြခဲ့ကြသည်။ ဆရာတော်မှ ငုံးမင်းဇတ်တော်အား ပမာပြုပြီး ညီညွတ်ခြင်း၊ တဦးနှင့် တဦးလေးစားခြင်း တရာတော်ကိုဟောကြားခဲ့ရာ ဧည့်ပရိတ်သတ်များ က နှစ်ခြိုက်စွာ နာယူခဲ့ကြသည်။ ထို့နောက် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီးနှင့် လွတ်မြောက်ရေးတိုက်ပွဲအဆက်ဆက်အတွင်း ကျဆုံးသွားကြသော ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူအပေါင်းတို့ကို ရည်စူးကာ ကောင်းမှုပြူု လှုဒါန်းကြပြီး အမျှပေးဝေဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။

အလားတူ ရှစ်လေးလုံး နှစ်ပတ်လည်အခမ်းအနားကို နယူးဇီလန်နိုင်ငံ နယ်လ်ဆင်မြို့နှင့် အောက္ကလန်မြို့တို့တွင်လည်း ကျင်းပခဲ့ကြသည်။

One thought on “နယူးဇီလန် ၊ ဟယ်မီတန်မြို့ (၂၆) နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား

  1. I respect for the 8888 (26)Th anniversary in NZ,Hamilton. I also respect to the NZ’s government .Good Luck ,Phay Nyein.

Comments are closed.