ဆရာမင်းသုဝဏ်၏ ပဟေဠိကဗျာ တပုဒ် (သော်ထွန်း)

Posted on Posted in စာပေဆောင်းပါး

သြဂုတ်လ ၁၅ ရက်နေ့တွင် ကျရောက်သည့် ကဗျာစာဆိုမင်းသုဝဏ်ကွယ်လွန်ခြင်းအထိမ်းအမှတ်အဖြစ် တင်ဆက်ပါသည်။

ရှုခင်းသစ်

 

” ဆိုဗီယက်ရုရှားမှ ကမ္ဘာကျော်ကဗျာဆရာ မာယာကော့စကီသည် တညသောအခါ၌ အိပ်ပျော်လုလု အချိန်တွင် စိတ်ကူးကောင်းကလေးတခု ရုတ်တရက် ခေါင်းထဲဝင် လာခဲ့သည်ကို အသင့်ရှိနေသော မီးခြစ်ဆံဘူးခွံပေါ်၌ အိပ်ချင်မူးတူးနှင့် အတိုကောက်ရေးမှတ်ထားလိုက်ပြီး အိပ်ပျော်သွားပါသတဲ့။ နံနက်ကျတော့ မနေ့ညက စိတ်ကူးကောင်းကလေး ၀င်လာခဲ့သည်ကို သတိရပြီး ရေးမှတ်ထားတဲ့ မီးခြစ်ဘူးခွံကလေးယူကြည့်လိုက်တော့ သူရေးမှတ်ထားတာက “ခြေထောက်တဘက်” ဆိုတဲ့ စကားလုံးဖြစ်နေပါသတဲ့….”

 

ဆရာမင်းသုဝဏ်၏ ပဟေဠိကဗျာ တပုဒ်

Min Thu Wann F
ဆရာမင်းသုဝဏ်၏ကဗျာပေါင်းချုပ်စာအုပ်တွင် ”ဘာကိုဆိုလိုမှန်း” သိသူနည်းပါးလှသော ကဗျာ တပုဒ် ပါဝင်ပါသည်။ ထိုကဗျာကိုရည်ညွန်း၍ ကျွန်တော်က “ဆရာမင်းသုဝဏ်၏ ပဟေဠိ ကဗျာတပုဒ်” ဟုဆိုလိုက်ခြင်းဖြစ်သော်လည်း စင်စစ်အားဖြင့် ဆရာမင်းသုဝဏ်က ထိုကဗျာကို “ပဟေဠိ” လုပ်လိုသော ရည်ရွယ်ချက်ဖြင့် ဖွဲ့ဆိုခဲ့ခြင်း မဟုတ်ပါ။ စာပေအနုပညာပိုးရှိသူတိုင်း ကြုံတွေ့ရ တတ် သောဖြစ်ရပ်လေးတခုကို ရိုးရိုးလေးဖွဲ့ဆိုထားခြင်းကြောင့် ပရိသတ်မှာ “ဘာကိုဆိုလိုမှန်း” တွက်ဆ ၍မရတော့ဘဲ ပဟေဠိသဖွယ် ဖြစ်သွားရခြင်းပင်။ ဒီကဗျာမှာ ဆရာမင်းသုဝဏ်က အဲဒါကို ပြော ထားတာလို့ ယခု ဖွင့်ပြောလိုက်လျှင် စာပေအနုပညာပိုး ရှိသူတိုင်းက “ သြော်- ဟုတ်သားပဲ ” ဟု မိမိ၏အတွေ့အကြုံနှင့်ယှဉ်၍ ဘ၀င်ကျကျ လက်ခံ သွားကြမည်ဖြစ်ကြောင်း ကျွန်တော် သိပါသည်။ ထိုကဗျာမှာ ဆရာမင်းသုဝဏ်၏ “ဧည့်သည်တော်” ကဗျာ ဖြစ်ပါသည်။

ဧည့်သည်တော်

နေရောင်ခြည်ထိုး၊ လုပ်ငန်းပျိုးခိုက်
မိုးတိုးမတ်တတ်၊ သူလာရပ်၍
စပ်မိစပ်ရာ၊ ပြောပြီးခါလျှင်
လာရာဝင်းဝ၊ နေခြည်လှသို့
နှုတ်မျှမဆက်၊ သူခွာထွက်ခဲ့။ ၅

အလုပ်ပါးမှ၊ သတိရလျက်
ရွာမရှေ့နောက်၊ ရွာ့တောင်မြောက်ကို
အိမ်ပေါက်အစေ့၊ ထွက်ဝင်၍လျှင်
တွေ့လိုတွေ့ငြား၊ ငါရှာသွားသည်
ကြိုကြားမကြွင်း၊ ရောက်တုံလျှင်းခဲ့။ ၁၀

ထန်းဖျားသာသာ၊ ဈေးစည်ခါမို့
တွေ့ပါလိမ့်နိုး၊ မျှော်ခေါ်ကိုးလျက်
တိုးကာဝှေ့ကာ၊ လှည့်လည်ရှာလည်း
ဈေးသာကွဲ၍၊ ရှာမတွေ့ခဲ့။
လှည်းဆိပ်လှေဆိပ်၊ ပြည်ညောင်ရိပ်နှင့် ၁၅
ရွာထိပ်နတ်စင်၊ ရေအိုးစင်က
ရွာဝင်တံခါး၊ မုန့်ဖိုများလည်း
တပါးမလပ်၊ ခြေရာထပ်ခဲ့။

မြင်ယောင်လျက်သာ၊ သူ့မျက်နှာတည့်
ကြားပါလျက်ပင်၊ သူ့သံလွင်တည့် ၂၀
သို့လျှင်တစေ၊ ငါရှာဖွေလည်း
အမွေအစ၊ မတွေ့ရဘဲ
ချမ်းမြနေခြည်၊ နောက်သို့လှည့်ခဲ့။

မိုးသောက်ထလျှင်၊ လုပ်ငန်းခွင်၌
ငါလျှင်စူးစိုက်၊ လုပ်ဆောင်ခိုက်ကို ၂၅
စိုက်စိုက်ဝင်ကာ၊ ရောက်ပြန်လာ၍
ထွေရာလေးပါး၊ သူပြောကြားလျက်
ထွက်သွားပြန်သည်၊ ၀င်းနေခြည်သို့။

သူ၏သဘော၊ သူ့အကြောကို
သိသောခုခါ၊ အိမ်ဦးမှာ၌ ၃၀
ကွမ်းယာအသင့်၊ ဖျာအသင့်နှင့်
စောင့်လင့်ကြိုတင်၊ ငါပြင်ဆင်သည်

လာလျှင် သွားပြန်ဦးတော့မည်။
နေခြည်ထဲက ကိုဧည့်သည်။

သွားလျှင် လာပြန်လိမ့်ဦးမည်။ ၃၅
နေခြည်ထဲက ကိုဧည့်သည်။

 

ဤကဗျာကို ၁၉၆၁- ခု ဇန်န၀ါရီလ ငွေတာရီမဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်ဖြစ်ရာ ဆရာမင်းသုဝဏ်၏ အသက် ၅၂-နှစ် ပြည့်ခါနီး၊ ကဗျာရေးသက် နှစ်(၄၀) ခန့်တွင်ဖွဲ့ဆို ခဲ့ကြောင်း သိရပါသည်။ စင်စစ် အားဖြင့် ကျန်ကဗျာ၌ ဆရာမင်းသုဝဏ်ဖော်ပြခဲ့သောအဖြစ်မျိုးမှာ ကဗျာရေးသက် တစ်နှစ်၊ နှစ်နှစ် မှာပင် တွေ့ကြုံရတတ်သော အတွေ့ အကြုံမျိုးသာ ဖြစ်ပါသည်။ ဆရာမင်းသုဝဏ်သည် ထိုအတွေ့ အကြုံကို နှစ်သုံးဆယ်ကျော်ခန့်ကြာပြီးမှသာ ရေးဖွဲ့ခဲ့ကြောင်း သိရပါသည်။ တကယ်တော့ ကဗျာ ဉာဏ် ရင့်သန်ကြွယ်ဝချိန်မှရေးခဲ့သဖြင့် ဤမျှ ကျစ်လျစ်သိပ်သည်းလှပ၍ နိမိတ်ပုံများ သင်္ကေတ များဖြင့် တန်ဆာဆင်အပ်သော ဤကဗျာမျိုးပေါ်ထွက်လာခြင်း ဖြစ်သည် ဟု ကျွန်တော် ဧကန် ဆို ချင်ပါသည်။ ထိုထက်နုစဉ်က ရေးဖွဲ့ဖြစ်ခဲ့သော် ဤမျှ “မလှ” တန်ရာဟု ကျွန်တော် တွေးဆကြည့်မိ ပါသည်။

၁၉၈၃-ခုနှစ် အောက်တိုဘာလနောက်ပိုင်းတွင် ကျွန်တော့်ဘ၀၌ ဖြေဆိုစရာအတန်းစာမေးပွဲ အား လုံးကုန်ဆုံးသွားခဲ့ပါသည်။ ဖတ်ချင်ရာဖတ်၊ လွတ်လပ်စွာ ဖတ်နိုင်သောကာလကို စတင် ရောက်ရှိ ချိန်ပါပဲ။ ထိုအချိန်မှာ ဆရာမင်းသုဝဏ်၏ကဗျာများကို ကျွန်တော် အရူးအမူး ဖတ်ဖြစ်၊ တွေးဖြစ်၊ ခံစားဖြစ်၊ ဆင်ခြင်ဖြစ်ခဲ့ပါသည်။ ဆရာမင်းသုဝဏ်၏ ကဗျာအများစုကို ဖတ်ရှုခံစား၍ အဓိပ္ပာယ်ကို တွေးဆဆင်ခြင်ကြည့်၍ ကိုယ့်ဘာသာကိုယ် ဘ၀င်ကျကျ လက်ခံနိုင်ခဲ့ပါသည်။ အချို့ကဗျာများကို မူ ဆရာမင်းသုဝဏ်၏ဘ၀ဖြစ်စဉ်မှပုံရိပ်အချို့နှင့် ဆက်စပ်ကြည့်မှ ပုံဖော်လို့ရပါသည်။ စာဆို၏ ပင်လယ်ဗွေ၊ နှင်းဆီပွင့်၊ မျက်ရည်တပေါက်စသော ကဗျာမျိုးတွေဟာ အဲဒီကဗျာမျိုးတွေပါပဲ။ ”ဧည့်သည်တော်” ကဗျာကို တွေးဆဆင်ခြင်သောအခါတွင်ကား အခက်ကြုံတော့သည်။ ဝေါဟာရ များ၏ ဂယက်အနက်ကို နှိုက်ထုတ် စဉ်းစားတော့လည်း အဓိပ္ပာယ်ဖော်မရ၊ ဆရာမင်းသုဝဏ်၏ ဘ၀ပုံရိပ်နှင့် ထောက်ဆဆင်ခြင်ကြည့်တော့လည်း ဆရာမင်းသုဝဏ် ဘာပြောသည်ကို နည်းနည်းလေးသော်မျှ မရိပ်မိနိုင်ခဲ့ပါ။

မသိနားမလည်တာတွေ မေးချင်တာတွေကိုတေးမှတ်ထားပြီး ထွန်းလင်းရိပ်သာရှိ ဆရာမင်းသု ၀ဏ်၏ “သပြေညိုအိမ်”ကို သုံးလေးခေါက်မျှသွားပြီး မေးခဲ့ရပါသည်။ ဆရာမင်းသုဝဏ်၏ အိမ် သည် စာမေးလာသူ “သောတုဇန” တို့အတွက် အမြဲတံခါးဖွင့်ထားသော အိမ်၊ ဘယ်တော့မှ ငြင်း ပယ်ခြင်း မပြုသောအိမ် ဖြစ်ပါသည်။ ဆရာမင်းသုဝဏ်အိမ်ကို နောက်ဆုံးရောက်ခဲ့တာ ၂၀၀၀-ခုနှစ်ခန့်က ဖြစ်မည်ထင်ပါသည်။ ထိုနေ့က ဆရာမင်းသုဝဏ်သည် ၀မ်းလျှောနေသဖြင့် လူလည်း နုန်းပြီး စိတ်လည်း တိုနေသည်ဟု ဆရာမင်းသုဝဏ်၏ဇနီး ဘွားဘွားကြည်က ပြောပြပါသည်။ ထို အခြေအနေမှာပင် ဆရာ့မိသားစုက ကျွန်တော့်တို့အား ဆရာ မင်းသုဝဏ်နှင့် တွေ့ခွင့်ပေးပါသည်။ ဆရာမင်းသုဝဏ်ကလည်း လက်ခံတွေ့ဆုံ စကားပြောပါသည်။ ကျွန်တော်နှင့် ကိုဉာဏ်ထွန်းတို့ (ကိုဉာဏ်ထွန်း ၀ယ်ခဲ့သော ဟောလစ်ပုလင်းဖြင့် ) ကန်တော့ကြပါသည်။ မြန်မာစာဌာနကပါ ဟု ပြောသောအခါ နာမည်တွေကို မေးပါသည်။ ကျွန်တော့နာမည်ကိုပြောသောအခါ “ဟို ကိုဝင်းမောင် တယောက်ကတော့ ကျွန်တော့်ဆီ မလာတာကြာပြီဗျာ” ဟု ပြောပါသည်။ သူ့တပည့် ကိုဝင်းမောင် တယောက်ကိုလည်း လွမ်းနေပုံလည်း ရပါသည်။

ထို့နောက်မှာတော့ ဆရာ့ကဗျာများအကြောင်း ကျွန်တော်တို့ကမေး၊ ဆရာက ပြောပြနေရင်းက ဆရာလည်း ကြည်လင်လန်းဆန်းလာပါသည်။ အချို့ကဗျာများကို ဆရာက ပြန်ရွတ်ပြရာတွင် မေ့ နေသောအခါ ကျွန်တော်တို့က ဆက်ရွတ်ပြတော့ ဆရာက ကြည်နူးပုံရပါသည်။ ကျွန်တော်တို့နှင့် စကားပြောနေရသည်ကို ဆရာပျော်မွေ့နေပုံရသဖြင့် ကျွန်တော်တို့လည်း အေးအေးဆေးဆေး ပြောဆိုခွင့်၊ မေးမြန်းခွင့်ရသော၊ ဆရာမင်းသုဝဏ်၏မျက်နှာကို နောက်ဆုံးဖူးမျှော်ခွင့်ရသော အခေါက် ဖြစ်ပါသည်။ ဆရာမင်းသုဝဏ်ကို ကန်တော့ပြီးပြန်အထွက်တွင် အပြင်ခန်း၌ ဘွားဘွား ကြည်နှင့်သမီးဖြစ်သူတို့က “ဆရာဝမ်းလျှောပြီး စိတ်တိုနေတာ ခု မင်းတို့လာစကားပြောလို့ စိတ် ကြည်လင်သွားတာ ကျေးဇူးတင်ပါတယ်” ဟူ၍ပင် ကျေးဇူးတင်စကား ပြောလိုက်ပါသေးသည် ခင်ဗျား။

“ဧည့်သည်တော်” ကဗျာကို ကျွန်တော်မှသာ စိတ်ဝင်စားသည်မဟုတ်ပါ။ အခြား စိတ်ဝင်စားသူ တွေလည်း ရှိပါသည်။ သို့သော် သူတို့မှာ ကျွန်တော်တို့လို ဆရာမင်းသုဝဏ်ထံ မေးခွင့်မသာသဖြင့် “အနုမာန အယူအဆ” ဖြင့်သာ ဖွင့်ဆိုကြပါသည်။

တဦးကတော့ ဤကဗျာသည် မြန်မာတို့၏ ဧည့်သည်ချစ်သော၊ ဧည့်သည်အပေါ် ဧည့်ဝတ် ကျေပွန် သော၊ ဧည့်သည်ကို အမြဲနှစ်လိုစွာကြိုဆိုတတ်သော မြန်မာစိတ်ရင်း ကို ဖော်ကျူးခြင်း ဖြစ်နိုင်သည် ဟု ဖွင့်ဆိုပါသည်။ ကဗျာဆိုတာက စာဖတ်သူဘက်ကလည်း ကိုယ့်အမြင်နှင့်ကိုယ် ဖွင့်ဆို ကောက် ယူနိုင်သည်ဖြစ်ရာ သဲလွန်စလုံးဝ မရှိသော ဤသို့လည်း ကောက်ယူနိုင်သင့်သည်ဖြစ်ရာ ဘ၀င်ကျ လှသည်မဟုတ်စေကာမူ လက်ခံနိုင်သင့်ဖွယ်ဖြစ်သော ကောက်ယူဆင်ခြင်မှု ဖြစ်သည်ဟု ဆိုနိုင်ပါ သည်။

နောက်တခုကတော့ အဝေးသင်တက္ကသိုလ် မြန်မာစာဌာန၏ ပို့ချချက်ကို ဖတ်ရခြင်း ဖြစ်ပါသည်။ ၀ိပဿနာအလုပ် အားထုတ်သော ဗုဒ္ဒဘာသာဝင်တို့သည် သေခြင်းတရား ကို မကြောက်ပါ။ တွေ့ ကြုံရမည့်သေခြင်းတရားကို အေးဆေးတည်ငြိမ်စွာရင်ဆိုင်ဖို့ အသင့်ပြင်ထားပြီး ဖြစ်ပါသည်။ ထို့ ကြောင့် စာဆိုက “လာမြဲဓမ္မတာ မိမိထံသို့ လာကို လာရမည်ဖြစ်သော သေခြင်းတရား” ကို ကြိုဆို နေခြင်းဖြစ်သည်ဟု ယူဆထားသည်ကို တွေ့ရပါသည်။ ဤကောက်ယူချက်ကတော့ ” ဒီပို့ချသူဟာ ၀ိပဿ       နာအလုပ်ကို အားထုတ်နေပြီး သေခြင်းတရားကို တည်ငြိမ်စွာလက်ခံဖို့ နှလုံးသွင်းထား နိုင် သူဖြစ်ဟန်တူသည်” ဟု နားလည်ရစေသည်ဖြစ်သော်လည်း မိမိစိတ်ညွတ်ရာဘက်သို့ အတင်းဆွဲ ယူ ကောက်ချက်ချထားသည်၊ “အတ္တနောမတိ” များနေသည်ဟု ကျွန်တော်ယူဆမိပါသည်။

“ဧည့်သည်တော်” ကဗျာထဲက အပေါ်ယံအကြောင်းအရာမှာ ရှင်းလင်းစွာသိနိုင်သဖြင့် ရှင်းပြဖို့ မလိုပါ။ အတွင်းသားအကြောင်းအရာမှာသာ သွယ်ဝိုက်မှုသဘော အားကြီးလှသဖြင့် နားလည်ဖို့ ခက်နေရခြင်း ဖြစ်ပါသည်။ ဤကဗျာတွင် “သော့ချက်စကားများ” အဖြစ် “ဧည့်သည်တော်၊ နေ ရောင်ခြည်ထိုး၊ လုပ်ငန်းပျိုးခိုက်“၊ ” လာရာဝင်းဝ နေခြည်လှသို့ ”၊ ” ထွက်သွားပြန်သည် ၀င်းနေ ခြည်သို့ ” ၊ “ နေခြည်ထဲက ကိုဧည့်သည် “ ဟူသော စကားသုံးတို့ကို တွေ့နိုင်ပါသည်။

“ဧည့်သည်တော်” ဟူ၍ “တော်” ဟူသော စကားလုံးကိုတောင် ထည့်သုံးထားခြင်းဖြင့် ထိုဧည့်သည် မှာ စာဆိုက နှစ်သက်လိုလားစွာကြိုဆိုအပ်သည့် လာခြင်းကောင်းသော ဧည့်သည်မျိုး ဖြစ်ကြောင်း သိသာစေပါသည်။ ထိုဧည့်သည်တော် လာတတ်သောအချိန်က တခုတည်းပါ။ အမြဲ ထိုအချိန်မှာ သာ လာတတ်သော ဧည့်သည်ဖြစ်ပါသည်။ ထိုအချိန်မှာ “နေရောင်ခြည်ထိုး လုပ်ငန်းပျိုးချိန်”ပါတဲ့။ နေခြည်ဝင်းဝင်း လင်းဖြာကျလာသောအချိန်မှာ စာဆိုက သူ့လုပ်ငန်းလေးကို အစပျိုးနေချိန်၌ ဒီ ဧည့်သည်က ရောက်လာမြဲဖြစ်ပါသတဲ့။ ကြည်းနူးစရာကောင်းတဲ့အချိန်၊ အနုပညာဉာဏ် ပွင့်လန်း ဖြာမယ့် ဒီအချိန်မျိုးမှာ စာဆိုက ဘာလုပ်ငန်းမျိုးကို အစပျိုး လုပ်ကိုင်နေမှာပါလဲ။ စာဆို – ဆိုမှတော့ ကဗျာဖွဲ့ဖို့ အစပျိုးချိန် မဖြစ်နိုင်ပေဘူးလား။ ဒါဆိုရင် …..

ဧည့်သည်တော် ၀င်ရောက်လာတတ်သော နေရာကိုလည်း “လာရာဝင်းဝ၊ နေခြည်လှသို့” ဟု စာဆိုက ပြထားသည်။ “လှပသော နေရောင်ခြည် ၀င်းဝင်းကလေးများ ၀င်ရောက် လင်းလက် နေရာ ၀င်းတံခါးအ၀” ကနေပြီး ဧည့်သည်တော်က ၀င်ရောက်လာတတ်ပါသတဲ့။ ပြန်တော့လည်း နေရောင်ခြည်ဝင်းပရာ တံခါးဝဆီ ကိုပဲ ပြန်ပါသတဲ့။ “ထွက်သွားပြန်သည် ၀င်းနေခြည်သို့ “ပါတဲ့။ ၀င်ရာထွက်ရာ “၀င်းတံခါးပေါက်” ကို နှစ်သက်ချစ်ခင်ဖွယ် စာဆိုက ပြထားသည်မှာလည်း တစုံ တခုကို သင်္ကေတပြုထားတာ ဖြစ်နိုင်ပါသလား။ နိမိတ်ပုံဖန်တီးဖွဲ့ဆိုထားတာ ဖြစ်နိုင်ပါသလား။ ဧည့်သည်တော်သည် အဲဒီဝင်းတံခါးဆီကပဲ ၀င်လိုက်ထွက်လိုက် လုပ်နေတတ်သည်ဟု ဆိုထား သေရာ “နေခြည်မထိုး လုပ်ငန်းမပျိုး” ဘဲနေချိန်မှာတော့ ဒီဧည့်သည်က လာရောက်လေ့မရှိ ကြောင်း သိနိုင်ပါသည်။

စာဆိုက “လုပ်ငန်းပျိုး” ခိုက်မှာ ရောက်လာတတ်သော ဧည့်သည်တော်မှာ “စပ်မိစပ်ရာ” ပြောပြီး ပြန်သွားတတ်သည်ဟုဆိုထားရာ စာဆို၏လုပ်ဆောင်ဆဲလုပ်ငန်းနှင့် ဆက်စပ်မှုရှိသော်လည်း တိုက်ရိုက်မူ မပတ်သက်ကြောင်း သိနိုင်ပါသည်။ သို့သော် ထို ” စပ်မိစပ်ရာ ” သည် စာဆိုအတွက် တော့ နှစ်လိုဖွယ် “စကားကောင်း” ဖြစ်ဟန် တူပါသည်။ “ ဘာကြောင့်လဲ ” ဆိုတော့ ထိုဧည့်သည် ၏ ရုတ်တရက်လာ၊ ရုတ်တရက် ပြန်တတ်သောသဘာဝကို သိနေပြီဖြစ်သော စာဆိုက အိမ်ဦးခန်းမှာ ကွမ်းယာအသင့် ဖျာအသင့်နှင့်ပြင်ဆင်ကာ ထိုဧည့်သည်တော်ကို ကြိုလင့်စောင့်စားနေပြီလို့ ဖော်ပြထားလို့ပါပဲ။ ကောင်းမြတ်သော တစုံတခုကို “ဧည့်သည်တော်” က စာဆိုအား ရရှိစေလို့ပဲ ဖြစ်မှာပါ။

ဆိုဗီယက်ရုရှားမှ ကမ္ဘာကျော်ကဗျာဆရာ မာယာကော့စကီသည် တညသောအခါ၌ အိပ်ပျော်လုလု အချိန်တွင် စိတ်ကူးကောင်းကလေးတခု ရုတ်တရက် ခေါင်းထဲဝင် လာခဲ့သည်ကို အသင့်ရှိနေသော မီးခြစ်ဆံဘူးခွံပေါ်၌ အိပ်ချင်မူးတူးနှင့် အတိုကောက်ရေးမှတ်ထားလိုက်ပြီး အိပ်ပျော်သွားပါသတဲ့။ နံနက်ကျတော့ မနေ့ညက စိတ်ကူးကောင်းကလေး ၀င်လာခဲ့သည်ကို သတိရပြီး ရေးမှတ်ထားတဲ့ မီးခြစ်ဘူးခွံကလေးယူကြည့်လိုက်တော့ သူရေးမှတ်ထားတာက “ခြေထောက်တဘက်” ဆိုတဲ့ စကားလုံးဖြစ်နေပါသတဲ့။ အဲဒီစိတ်ကူးလေးကဖြစ်လာတဲ့ကဗျာစာသားလေးကတော့ “ခြေထောက် တဘက်ပဲရှိတော့တဲ့ စစ်သားကလေးဟာ သူ့ခြေထောက်ကိုမြတ်နိုး သလို မင်းကို ငါ မြတ်နိုးပါတယ် မာရီယာ” ဆိုတဲ့ ကဗျာစာသားပါပဲတဲ့။

ကွယ်လွန်ချိန်အထိ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်သူ့ဘက်က ရပ်ခဲ့တဲ့ ဆရာကြီးမင်းသုဝဏ် (ခ) ဦးဝန်
ကွယ်လွန်ချိန်အထိ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်သူ့ဘက်က ရပ်ခဲ့တဲ့ ဆရာကြီးမင်းသုဝဏ် (ခ) ဦးဝန်

 

ကဗျာစိတ်ကူးဆိုတာ ဒီလိုပဲမထင်မှတ်တဲ့အချိန်မှာ မမျှော်လင့်ဘဲ ၀င်ရောက်လာတတ်သည်။ “ငါ မှတ်မိမှာပဲ” ထင်ပြီး ရေးမှတ်မထားလျှင် မေ့သွားတတ်သည်။ ထိုစိတ်ကူးကောင်းကလေးကို သတိ ရနိုး ကဗျာတွေလျှောက်ဖတ်၊ အဘိဓာန်တွေလျှောက်ကြည့် – ဒီလိုနဲ့ပဲ တိုက်ဆိုင်သွားရင် မေ့နေ တာလေး ပြန်ပေါ်လာတတ်သည်။ ”ဘယ်လိုမှလဲ စဉ်းစားလို့မရ၊ စာအုပ်တွေထဲက စကားလုံးတွေ မှာ တိုက်ဆိုင်မှုလဲမရှိလို့သတိပြန်ရမလာခဲ့ရင် “ တသသနှင့် နှမျောနေတတ်ကြပါသည်။ ဒါပေမယ့် တခါတလေကျတော့ မစဉ်းစားဘဲနေခါမှ ပြန်ပေါ်လာတတ်ပြန်ရော။ အဲဒီကျမှ အမိအရ ရေးမှတ် ကြရပါသည်။ ဒီအတွေ့အကြုံမျိုးကို စာပေသမားတိုင်း အထူးသဖြင့် ကဗျာရေးသူတိုင်းလိုလို ကြုံ တွေ့ရတတ်ပါသည်။ ဤစိတ်ကူးကောင်းကလေးများသည် ကဗျာစာဆိုတို့အတွက် “ကောင်းမြတ် သော တစုံတခု” ပင် ဖြစ်ပါသည်။

“ ခေါင်းထဲ ၀င်လာတုန်းက စကားလုံးကောင်းလေးပဲလို့ သိလိုက်တယ်။ မှတ်မိမှာပဲလို့လဲ ထင်ထားတယ်။ နောက်တော့ မေ့သွားတယ်။ မေ့သွားကာမှ နှမျော ပြီး ပြန်တွေးတော့ တွေးမရ၊ တိုက်ဆိုင်တဲ့ စကားလုံးတွေ့ရင် ပြန်ပေါ်လာမလားဆိုပြီး အဘိဓာန်တွေ လျှောက်လှန်ကြည့်၊ ကဗျာစာအုပ် တွေ လျှောက်ဖတ်ကြည့် လုပ်မိလဲ ပေါ်ချင်မှ ပေါ်လာတတ်သည်။ အဲဒီလို စကားလုံးကောင်း လေးတွေ စိတ်ကူးကောင်းလေးတွေ ၀င်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်တတ်တဲ့သဘောကို သိ သွားတဲ့အခါကျတော့ စာအုပ်နဲ့ခဲတံနဲ့ရေးစရာမှတ်စရာ အသင့်ပြင်ထားရတယ်။ ပေါ်လာတိုင်း သတိထား ရေးမှတ်ရတယ်။ အဲဒီသဘောကို ဧည့်သည်တော် မှာ ရေးထား တာ” လို့ ဆရာမင်းသု ၀ဏ်က ရှင်းပြပါသည်။ ၁၉၈၄ ခုနှစ်ဦးပိုင်းလောက်က ရှင်းပြခဲ့တာပါ။

ဒါကြောင့် …. ဒီကဗျာမှာ ဆရာမင်းသုဝဏ်က “အဲဒါကို ပြောထားတာလို့” ယခု ဖွင့်ပြောလိုက်လျှင် စာပေအနုပညာပိုးရှိသူတိုင်းက “ သြော် … ဟုတ်သားပဲ” ဟု မိမိတို့အတွေ့အကြုံနှင့်ယှဉ်၍ ဘ၀င် ကျကျ လက်ခံသွားကြမည်ဖြစ်ကြောင်း ကျွန်တော်သိပါသည်လို့ ပြောခဲ့တာပေါ့ခင်ဗျာ။

(ဤသို့ အဖြေကိုသိသွားသောအခါ၌ ဆရာမင်းသုဝဏ်ဖန်တီးခဲ့သော သင်္ကေတများ၊ နိမိတ်ပုံများ ကိုလည်း အလွယ်တကူ သိမြင်လာနိုင်ပြီ ဖြစ်သောကြောင့် ၎င်းသင်္ကေတ၊ နိမိတ်ပုံတို့အကြောင်းကို မဖော်ပြလိုက်တော့ပါ။)


သော်ထွန်း