အသံထွက်မှား၊ အသုံးမှားများဖြင့် မှားပြီးရင်းမှားနေကြသော သတင်းကြေညာသူများနှင့် … (မောင်ခင်မင်-ဓနုဖြူ)

Posted on Posted in စာပေဆောင်းပါး

“ ကျီးသံလည်းမဟုတ်၊ ကြက်သံလည်းမဟုတ်” သည့် ကပြားဟန်များကို သတင်းကြေညာသံများကို ညတိုင်းလိုလိုကြားနေရသည်မှာ တော်တော်ကြာပါပြီ။ ကျင့်သုံးသောပုံစံမှာ အပြော စကားဖြင့် စကားပြောသလိုကြေညာခြင်းဖြစ်ပါလျက် ပုံမှန်စကားပြောရာတွင် ဘယ်သူမှထည့် မပြောသော “ သည်၊ အား၊ မှ၊ လည်းကောင်း ” စသည့် စာသုံးစကားများကို အဆီအငေါ်မတည့်စွာ ထည့်ထည့်ပြောနေတာကို နားထောင်နေရသည်မှာ အသည်းယားစရာကောင်းလှသည်။ အပြော စကားဖြင့်ကြေညာသူက စစချင်းပြောလိုက်ပုံမှာ “ နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်” တဲ့။ အပြော စကားမဟုတ်သော “သည်” ကြီးကို ဦးဦးဖျားဖျား …..”

 

 

အသံထွက်မှား၊ အသုံးမှားများဖြင့် မှားပြီးရင်းမှားနေကြသော သတင်းကြေညာသူများနှင့် သတင်းရေးသူများသို့ …

www.dreamstime.com
www.dreamstime.com

 

အလေးအနက်မေတ္တာရပ်ခံမှ ဖြစ်တော့မည်။ ထို့ကြောင့် ဤစာကိုရေးရပါသည်။ မေတ္တာရပ်ခံရ သည့်အကြောင်းမှာ သတင်းများအသံလွှင့် ကြေညာရာမှာရော၊ စာဖြင့်ရေးရာမှာရော အသံထွက် မှား၊ အသုံးမှားများဖြင့် မှားပြီးရင်းမှား ရင်းမှားနေကြသည်ကို နေ့စဉ်လိုလို ကြားနေဖတ်နေရသော ကြောင့် ဖြစ်ပါသည်။
ကျွန်တော်သည် ၁၉၅၀ ကျော်ကာလ လူငယ်ဘ၀ကတည်းက မြန်မာ့အသံ ရေဒီယိုသတင်း ကြေ ညာသံများကို ဂရုတစိုက် နားထောင်သူ ဖြစ်ပါသည်။ မှတ်မိသမျှပြောရလျှင် သတင်းကြေညာသည့် အမျိုးသားများတွင် မြန်မာ့အသံ ဦးကျော်ငြိမ်းကစ၍ ဦးအောင်မြင့်၊ ဦးလှဝင်း၊ ဦးသာဦး၊ ဦးကျော်ဦး၊ ဦးကျော်မင်း၊ ဦးသိန်းဟန် စသူတို့ သတင်းကြေညာသည့် လေယူလေသိမ်းများ ကို နားစွဲနေသကဲ့ သို့ အမျိုးသမီးများတွင် ဒေါ်ခင်ကြည်၊ ဒေါ်သန်းနှစ်၊ ဒေါ်မြနှစ်၊ ဒေါ်စံမေ၊ ဒေါ်ယဉ်ကြည် စသူတို့ သတင်းကြေညာသည့် လေယူလေသိမ်းများကိုလည်း စွဲနေပါသည်။ သတင်းများကို “စာစကား” ဖြင့်ဖတ်၍ ဌာန်ကရိုဏ်း ကျစွာ ကြေညာသွားကြသည်ချည်း ဖြစ်ပါသည်။
ရုပ်မြင်သံကြားပေါ်လာတော့လည်း သတင်ေးကြညာသံများကို ဆက်ပြီးနားထောင်ခဲ့ပါသည်။ မြန် မာ့ရုပ်မြင်သံကြား စပေါ်ကတည်းက သတင်းများကို “အပြောစကား” ဖြင့် စကားပြောသလို ကြေ ညာသည်ကို သတိပြုမိပါသည်။ စကားပြောသလို ကြေညာသည့်အတွက် ပေါ့ပါးသွက် လက်လာ ပြီး အသက်ဝင်ပါသည်။ သတိပြုမိသမျှ သတင်းကြေညာ သူများတွင် ဒေါ်ခင်အေးလွင်ကစ၍ ဒေါ် ခင်မလေး၊ ဒေါ်မေသူ၊ ဦးခင်မောင်ငြိမ်း၊ ဦးဝင်းတင် စသူတို့၏ ပြောပုံဆိုပုံများကို နားစွဲနေပါသည်။ ဦးသိန်းလှမော်တို့၊ ဦးကျော်စိုးဦးတို့ဆိုလျှင် ရုပ်မြင်သံကြားနယ်ပယ်မှကျော်လွန်ပြီး မင်္ဂလာဘိသိက် ဆရာများ အဖြစ် အောင်မြင်ကျော်ကြားနေပါပြီ။
နောက်ပိုင်းမှာ အသံလွှင့်မီဒီယာတွေ အများကြီးပေါ်လာသည်။ ရေဒီယိုမှာရော ရုပ်မြင်သံကြားမှာရော သတင်းကြေညာသည့် အစီအစဉ်တွေ ပါမြဲဖြစ်သည်။ အချို့က စာစကားဖြင့်ဖတ်၍ ကြေညာ သည့်ပုံစံကို ကျင့်သုံးသည်။ အချို့က အပြောစကားဖြင့် စကားပြောသလိုကြေညာသည့်ပုံစံကိုကျင့် သုံးသည်။ ဘယ်ပုံစံကိုကျင့်သုံးသည်ဖြစ်စေ စာစကားဆိုလျှင်လည်း စာစကားပီပီသသ၊ အပြော စကားဆိုလျှင်လည်း အပြောစကားပီပီသသဖြစ်လျှင် အထူးသဖြင့် နားထောင်သူလူငယ်များ မှတ် သားစရာ၊ နမူနာယူစရာ ဖြစ်ပါလိ့မ်မည်။ သို့သော် …. ။ ဤ “သို့သော်” ကြောင့် ယခု ဤစာကိုရေး ရခြင်းဖြစ်ပါသည်။
သတင်းကြေညာရာတွင် အပြောစကားလည်း မပီသ၊ စာစကားလည်း မပီသ၊ စာစကားနှင့် အပြော စကားတွေရောထွေးပြီး တောင်မရောက် မြောက်မကျ၊ “အောက်ကလိအာ၊ အာကလိအောက်” ဆို သကဲ့သို့ “ ကျီးသံလည်းမဟုတ်၊ ကြက်သံလည်းမဟုတ်” သည့် ကပြားဟန်များကို သတင်းကြေညာသံများကို ညတိုင်းလိုလိုကြားနေရသည်မှာ တော်တော်ကြာပါပြီ။ ကျင့်သုံးသောပုံစံမှာ အပြော စကားဖြင့် စကားပြောသလိုကြေညာခြင်းဖြစ်ပါလျက် ပုံမှန်စကားပြောရာတွင် ဘယ်သူမှထည့် မပြောသော “ သည်၊ အား၊ မှ၊ လည်းကောင်း ” စသည့် စာသုံးစကားများကို အဆီအငေါ်မတည့်စွာ ထည့်ထည့်ပြောနေတာကို နားထောင်နေရသည်မှာ အသည်းယားစရာကောင်းလှသည်။ အပြော စကားဖြင့်ကြေညာသူက စစချင်းပြောလိုက်ပုံမှာ “ နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်” တဲ့။ အပြော စကားမဟုတ်သော “သည်” ကြီးကို ဦးဦးဖျားဖျား ထည့်လိုက်သည်။ နားထောင်ရင်း “ သြော် သူက စာဟန်နဲ့ကြေညာမလို့ထင်ပါရဲ့” ဟုတွေးနေတုန်း သူဆက်ပြောပုံက “ တရုတ်ယဉ်ကျေးမှုအဖွဲ့အား လက်ခံတွေ့ဆုံပါတယ်” တဲ့။ ကဲ ဘယ်လောက်ခွကျလိုက်ပါသနည်း။ “သည်” နှင့် “အား” က စာစကား “တယ်” က အပြောစကား ရောထွေးနေသည်။ အပြောစကားဖြင့် ကြေညာမည်ဆိုလျှင် .. “ နိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာ” ဟုပြောမှ အပြောစကားပီသပါမည်။ “တရုတ်ယဉ်ကျေးမှုအဖွဲ့ကို” ဟုပြောမှ အပြောစကားပီသပါမည်။ စာစကားဖြင့်ကြေညာမည်ဆိုလျှင်လည်း “လက်ခံတွေ့ဆုံပါ တယ်” ဟု ပြော၍မဖြစ်ပါ။ “ လက်ခံတွေ့ဆုံပါသည်” ဟု ပြောရပါမည်။
စဉ်းစားကြည့်ပါ။ သဘာဝအတိုင်းပုံမှန်စကားပြောလျှင် “သည်” ၊ “မှ” ၊ “အား” ဆိုသော အသုံး စကားများကို ဘယ်သူထည့်ပြောပါသနည်း။ “ကျွန်တော့်အင်္ကျီသည်ဟောင်းနေလို့လျှော်ဖို့ ညီမလေး အားပေးလိုက်တော့ ညီမလေးမှလျှော်ပေးမယ်လို့ ပြောပါတယ်” ဟု ပြောပါသလား။

“ကျွန်တော့်အင်္ကျီကဟောင်းနေလို့ လျှော်ဖို့ ညီမလေးကိုပေးလိုက်တော့ ညီမလေးက လျှော်ပေး မယ်လို့ ပြောပါတယ်” ဟုပြောမှ သဘာဝကျပါလိမ့်မည်။ စိုးရိမ်စရာကောင်းသည်မှာ ရုပ်မြင်သံကြား သတင်းကြေညာပုံစံကို စံနမူနာအဖြစ် သတ်မှတ်လေ့ရှိသည့်အစဉ်အလာအရ ထိုကြေညာပုံ ကိုစံနမူနာထားပြီး လူငယ်များလိုက်ပြောကြမည့်အရေးပင်ဖြစ်သည်။ လူငယ်တွေ လိုက်ပြောမပြော အသေအချာမသိသော်လည်း လွှတ်တော်ထဲမှာတော့ ထိုပြောပုံမျိုးပြောနေကြပါပြီ။ မေးခွန်းတခုကို ပြန်ဖြေသူက “ ကိုယ်စားလှယ်ကြီးဦးဘယ်သူ မေးမြန်းသည့်မေးခွန်းအား ကျွန်တော် ဦးဘယ်သူမှ ဖြေကြားပါမယ်” ဟု စကားထဲမှာ တကယ်မပြောသော “အား” တွေ “မှ” တွေထည့်ပြီး ဖြေသည်ကို ကြားလိုက်ရ၍ စိုးရိမ်မိခြင်းဖြစ်ပါသည်။
အချို့သော အသံလွှင့်မီဒီယာများက သတင်းများကို အသံလွှင့်ကြေညာရာတွင် တယောက်ချင်း စကားပြောနေသည့်ဟန်ဖြင့် ကြေညာပုံမျိုးလည်းကြားရသည်။ နှစ်ယောက်အပြန်အလှန် အချီအချ ပြောဆိုဆွေးနွေးဟန်ကြေညာပုံမျိုးလည်းကြားရပါသည်။ အခမ်းအနားကျင်းပသည့်နေရာသို့ ကိုယ် တိုင်သွားကြည့်ပြီး ပြောပြနေဟန်လည်း ကြေညာပါသည်။ အပြောဟန်ပီပီသသ လေယူလေသိမ်း ကောင်းကောင်းဖြင့် ပေါ့ပေါ့ပါးပါး ကြေညာသွားပုံများမှာ အသက်ဝင်ပါသည်။ စကားမကျ စာမကျ ကြေညာနေသူများအတွက် နမူနာယူစရာများ ဖြစ်ပါသည်။
“ ဒီနေ့ရတဲ့သတင်းတွေကို ကြေညာပါတော့မယ်” ဟု အပြောဟန် ပီပီသသပြောခြင်းမှာ ခေါက်ရိုး ကျိုးနေပြီဖြစ်သော “ သတင်းများကို ကြေညာ ပါတော့မယ်” ဟုပြောခြင်းထက် ပို၍ သဘာဝကျပါ သည်။ “များ” သည်လည်း အပြောစကားမဟုတ်ပါ။ ပြောစကားပုံစံထဲမှာ “လည်းကောင်း လည်း ကောင်း” ဆိုသော စာသုံးစကားကြီး ထည့်ထည့်ပြောခြင်းကိုလည်း ကြားရတတ်ပါသည်။ နားထဲမှာ အလွန်ထောင့်ပါသည်။ “လည်းကောင်း” မပါဘဲ ပြော၍ရပါသည်။

အသံထွက်မှားများလည်း မကြာခဏ ကြားရပါသည်။ “ဆ”သံမပီ ဘဲ “စ” လည်း “စ”၊ “ဆ”လည်း “စ” ဖြစ်နေခြင်းက အများမှားနေသော “ထိပ်တန်းအမှား” ဖြစ်သည်။ အသံမှားတော့ အရေးပါ မှား ကုန်သည်။ မကြာမီက “စောလျင်စွာ” ဆိုသော စာလုံးမှားတလုံးကို တွေ့လိုက်ရသည်။ အသုံး အမှန်မှာ “ဆောလျင်စွာ” ဖြစ်သည်။ “အဆောတလျင်” ဟုလည်း သုံးသည်။ “ဆောလျင်” ကို မသိ သည့်အတွက် စောစောဟူသော အဓိပ္ဗာယ်ရှိသည်ထင်ပြီး “စောလျင်” ဟု ရေးလိုက်ခြင်းမှာ “ဆ” သံမပီသည့်သက်သေလည်း ဖြစ်သည်။ “ဆုတ်ဖြဲ” ၊ “ဆောက်လုပ်” တို့ကို “စုတ်ပြဲ”၊ “စောက်လုပ်” ဟုမတော်မတည့်အသံထွက်ပြီး ရေးတော့လည်း ထိုအတိုင်းပင်ရေးသည့်အတွက် အမှားပေါ်အမှား ထပ်သည့်အကြောင်း ရေးကြပြောကြလွန်း၍ ရိုးနေပါပြီ။

www.dreamstime.com
www.dreamstime.com

နားအာရုံကို ခဏနားပြီး မျက်စိအာရုံဘက်ပြောင်းကာ ရုပ်မြင်သံကြားမှာ အောက်နားက ထိုးလေ့ရှိ သော စာတန်းကလေးတွေဖတ်ကြည့်တော့ ဆရာတော်ကြီးများကို နေ့လည် ၂ နာရီပူဇော်မည့် အကြောင်း၊ ဘယ်အစီအစဉ်အား ဘယ်ကုမ္ဗဏီမှ တာဝန်ယူဆောင်ရွက်မည်ဆိုသည့်အကြောင်း ဖတ်ရပြန်ပါသည်။ “နေ့လည်” မဟုတ်ပါ။ “နေ့၏ အလယ်ဖြစ်၍ နေ့လယ်ဟုရေးမှ မှန်ပါသည်ဟု ရေးကြပေါင်းများပါပြီ။ အားနှင့် မှ အသုံးများပုံများကိုလည်း ရေးကြပြောကြသည်မှာ ထပ်နေပါပြီ။ အားနှင့် မှသည် ယနေ့အပြောစကားထဲမှာ မရှိတော့ပါ။ စကားပြောလျှင် ဘယ်သူမှ အားတွေ မှ တွေ မထည့်တော့ပါ။ ကိုနှင့် ကကို အပြောမှာရော အရေးမှာရော သုံးနေပါပြီ။ ထို့ကြောင့် အားနှင့် မှကို မှားသုံးမည့်အစား လုံးဝမသုံးတော့ဘဲ နေ၍ရပါသည်။ ကိုနှင့်ကကို အားနှင့်မှ အစားသုံးနိုင်ပါ သည်ဟုလည်း အကြိမ်ကြိမ်ရေးပြီးကြပါပြီ။ သတိမပြုမိ၍လား၊ အမှား မှန်းမသိ၍လား မသိပါ။ မှားနေကြဆဲ ဖြစ်ပါသည်။
သတင်းကြေညာသူများ အလေ့အလာနည်း၍ မှားသုံးသောအသုံးများလည်း ကြားရပါသည်။ အမျိုးသားစာပေဆုသတင်းကိုကြေညာသူက ဗိုလ်လက်ျာနှင့်ခင်လက်ျာကို “ဗိုလင်ကျာ” “ခင်လင် ကျာ” ဟူ၍ ကြေညာသွားသည့်အတွက် ကြားရသူတို့ စိတ်မသက်မသာဖြစ်ရသည်။ ကျောင်းသား ငယ်များပင်မမှားသော ထိုစာလုံးများကိုမှားဖတ်သည့်သတင်းကြေညာသူ၏မျက်နှာ ရုပ်မြင်သံကြား မှာပေါ်လာပြီဆိုလျှင် “ ဗိုလ်လင်ကျာကြီးလာပြီဟေ့” ဟု ကလေးများက ဟာသလုပ်ကြကြောင်း ကြားရပါသည်။ ထိုမျှမကသေးပါ။ “ဓနသဟာယနိုင်ငံ”ကို “ဓနသဟာရနိုင်ငံ” ဟူ၍ ရကောက် လျှာ လိပ်သံဖြင့် မှားဖတ်ခြင်းမျိုး၊ ဘုရားရုပ်ပွားတော်၏လက်ဟန်တခုဖြစ်သော “ဘူမိဖဿမုဒြာ” ကို “ဘူမိဖုဿမုဒြာ” ဟု မှားဖတ်ခြင်းမျိုး များကိုလည်း ကြားရပါသည်။
အင်္ဂလိပ်စကားလုံးတွေကို အသံထွက်ပြီးဖတ်တော့လည်း အမှားအယွင်းတွေ ပါသည်။ အဖြတ် အတောက်တွေမှားသည်။ ဘရူနိုင်း ဒါရူ ဆလမ်နိုင်ငံ ဘုရင်၏နာမည်ကို နာမည်အရှည်ကြီးကို ဖတ် လျှင် ပိုဆိုးတော့သည်။ ဗိသုကာဘွဲ့(B.Arch) ကို ဘီအာ့ခ်ဟု ထွက်ရမည့်အစား “ဘီအာ့ခ်ျ” ဟု ထွက်ခြင်း၊ စက်မှုဘွဲ့(B.Tech) ကို “ဘီတက်ခ်” ဟု ထွက်ရမည့်အစား “ဘီတက်ခ်ျ” ဟု ထွက် ခြင်းမျိုးတွေ အလွဲလွဲအမှားမှား ကြားနေရပါသည်။ နမူနာအချို့ကို ဖော်ပြခြင်းဖြစ်ပါသည်။
ရေဒီယိုတို့၊ တီဗီတို့က ထုတ်လွှင့်သောစကားကို စံစကားအဖြစ်သတ်မှတ်ပြီး အသံထွက်၊ အသုံး အနှုန်းတို့ကို စံပြုသည့်အစဉ်အလာရှိပါသည်။ ဘီဘီစီကထုတ်လွှင့်သော အင်္ဂလိပ်စကားကို စံ အဖြစ်သတ်မှတ်ပုံ မျိုးဖြစ်ပါသည်။ ကျွန်တော်တို့၏ရေဒီယိုများ၊ တီဗီများက ထုတ်လွှင့် ကြေညာ သော မြန်မာစကားသည်လည်း အသံထွက်ကအစ၊ အသုံးအနှုန်းကအစ စံနမူနာယူစရာ ဖြစ်ဖို့လိုပါ သည်။

သည်တော့ တာဝန်ရှိသူများက လက်ပိုက်ကြည့်မနေဘဲ သတင်းကြေညာသူတွေကအစ အသံလွှင့် ကြေညာသူတွေကို ကြပ်ကြပ်မတ်မတ် လမ်းညွှန်ခြင်း၊ ဆွေးနွေးခြင်း၊ သင်တန်းပေးခြင်းများဖြင့် မှား ပြီးရင်းမှားရင်း မဖြစ်ရအောင် ကြပ်မတ်ဖို့လိုနေပါပြီ။ ကာယကံရှင်များကိုယ်တိုင်ကလည်း အပြော အဆို အရေးအသား အတိမ်းအချော်မရှိအောင် အထူးဂရု စိုက်ဖို့လိုနေပါပြီ။

ထိုလိုအပ်ချက်များကို ဖြည့်ဆည်းအကောင်အထည်ဖော်ဖို့ အလေးအနက် မေတ္တာရပ်ခံမှဖြစ်တော့ မည်ဟု တွေးမိသည့်အတွက် ဤစာကို ရေးရပါသည်။


မောင်ခင်မင်(ဓနုဖြူ)