တောကျောင်းဆရာရဲ့သုခ (ဘာသာပြန်သူ- လူထုဒေါ်အမာ)

Posted on Posted in ရသရှုခင်း, ဝတ္ထုတို

tawkyaung_web  တောကျောင်းဆရာရဲ့သုခ
(ဘာသာပြန်သူ- လူထုဒေါ်အမာ)

ကျွန်တော့်နာမည် အပြည့်အစုံက ဝိရာဒက်တန်ယုန်ပါ။ နို့ပေမယ့် ရွာသားတွေက “ဆရာကြီးဒက်” လို့ပဲ တိုတိုခေါ် ကြပါတယ်။ ကျွန်တော်က တကယ်တော့ သာမန် မြူနီစပါယ် ကျောင်းတွေမှာ စာပြရတဲ့ မူလတန်းပြ ဆရာငယ် တယောက်သာပါ။ ဆရာကြီးလို့ ခေါ်တာခံ လိုက်ရတော့ နည်းနည်းတော့ သွေးမြောက်စရာ ကောင်းတာပေါ့လေ။

ကျွန်တော့်ဘဝက ကြီးတော့လည်းကြီးပါတယ်။ ကျောင်းထဲမှာ ရှိရှိသမျှအလုပ်တွေကို ကျွန်တော် တယောက်တည်း ဒိုင်ခံလုပ် နေရတာ ဟုတ်လား။ ကျောင်းအုပ်ဆရာကြီးဆိုလည်း ကျွန်တော်ပဲ၊ အဖွဲ့ဝင်ဆရာဆိုလည်း ကျွန်တော်ပဲ၊ ကျောင်းစောင့်ဆိုလည်း ကျွန်တော်ပဲ။ ခု ခေတ်မှာ ကိုယ့်လက်အောက်ကရှိတဲ့ အလုပ်မှန်ရင် ကိုယ့်သားကိုယ့်မြေး ကိုယ့်ဆွေမျိုးတွေ ကိုသာ ခွဲဝေပေးနေကြတာကိုး။ ကျွန်တော်က ဒါမျိုးမလုပ်ဘူးလေ။ အဲ….. အမှန်ကို ပြောရရင်တော့ ကျွန်တော့အမျိုးတွေက ဒီအလုပ်မျိုး တယောက်ကမှ မလုပ်ချင်ကြပါဘူး။ ဘာပြုလို့လဲလို့ မေးစရာရှိပါတယ်။ မလွမ်းလောက်တဲ့ လခ၊ မလွမ်းလောက်တဲ့ အလုပ်မျိုးမို့ပါ။

အလုပ်မှာ အဖော်မရှိဘူး။ ကိုယ်တယောက်တည်းဆိုတာ ပျင်းစရာတော့ ကောင်းတာ ပေါ့။ ဒါပေမယ့် ကိုယ့်အားကိုယ်ကိုးတတ်တဲ့ အကျင့်လည်းရတယ်။ အလုပ်ခွင်ထဲကနေပြီး ကိုယ့်ကို ဒုက္ခပေးမယ့် လူလည်းမရှိဘူး။ ကျောင်းအုပ်ချုပ်ရေးပညာနဲ့ စီမံခန့်ခွဲမှုပညာတို့ ဆိုတာတွေ ကျွန်တော်မတတ်လည်း ဘာမှအရေးမကြီးဘူး။

ကျွန်တော့်ကျောင်းက နာမည်လေးကြားရုံနဲ့ ထုတိသြဘာ ဖြစ်စေနိုင်တဲ့ကျောင်း။ ဘန်ဒုံပရိုင်တဲ့။ ဒုံမောင်းလေဆိပ်ကြီးတို့၊ ဒုံဝမ်းတို့နဲ့ ခပ်ဆင်ဆင် မရှိလား။

ဒီနာမည်ပါပဲ ကျွန်တော့်ကို ဒုက္ခပေးခဲ့တာ။ ကျောင်းဆရာ အလုပ်ကို ကျွန်တော်စ လျှောက်တော့ ဒီအသံကိုကြားတာနဲ့ ကျွန်တော့်စိတ်ထဲ တော်တော်စိတ်ကူးယဉ်မိတယ်။ ကိုယ်ကြိုက်ရာ ကျောင်းသွားနိုင်ဖို့ ကံကောင်းသူ ရွေးပွဲက ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်ခဲ့ပါ တယ်။

ကျောင်းဆရာ ခန့်လွှတ်ဖို့နေရာက ၅ဝ ရှိနေတာပါ။ စာမေးပွဲမှာ အမှတ်အများဆုံး ရတဲ့ ကျောင်းဆရာက ဒီနေရာ ၅ဝ ထဲက အကြိုက် ဆုံးနေရာကို ရွေးပြီး သွားခွင့်ရှိမှာပါတဲ့။ ကျွန်တော်က ကြက်ကန်းဆန်အိုးတိုး၊ အမှတ်တွေက အများဆုံး ဖြစ်နေသတဲ့။ ဒါကြောင့် ကြိုက်ရာနေရာကို ကျွန်တော့်ကိုပဲ ရွေးခိုင်းပါတယ်။ အဲဒီတော့ ဆရာလစ်လပ်တဲ့ ကျောင်း တွေရဲ့ နာမည်စာရင်းကို ကျွန်တော်က လျှောက်ဖတ်လိုက်တယ်။ ဘန်ရေးတဲ့၊ ဘန်နတဲ့၊ ဘန်ဆွမ်းတဲ့၊ ဘန်လန်းတဲ့၊ ဘန်ကော့တဲ့၊ ကျွန်တော် ဒီကျောင်းတွေ တကျောင်းမှ ဘယ်နားမှာ ရှိမှန်း မသိဘူး။ ဒါပေမယ့် သူတို့ နာမည်တွေ ဖတ်ရတာ လယ်ကွင်းတွေကြား၊ တောတွေ ခြားနေတဲ့ အလွန်ခေါင်တဲ့ နေရာတွေက သွေ့ခြောက်ခြောက် ကျောင်းတွေဖြစ်မှာပဲလို့ ထင် မိတယ်။ ဘန်ဒုံပရိုင် ဆိုတဲ့ကျောင်းကလေးရဲ့ နာမည်ကိုဖတ်လိုက်ရတော့ ဘန်ကောက်က ဒုံမောင်းကို သွားသတိရပြီး အဲဒီကျောင်းကို သွားမယ်လို့ ကျွန်တော်က ချက်ချင်းဆုံးဖြတ် လိုက်တာပဲ။ အရမ်းမှ တကယ့် အရမ်းဆုံးဖြတ် လိုက်တာပါ။

ကျောင်းက တကယ်တော့ ကမ္ဘာအစွန်းမှာ ရှိသလောက် ဝေးပါတယ်။ ကျောင်း ၅ဝ ထဲ မှာ အဝေးဆုံး အခေါင်ဆုံး ကျောင်းပါ။ စူခိုတိုင်နဲ့ ကီလိုမီတာ ၅ဝ-၆ဝ လောက်ဝေးပြီး၊ တကယ့်ကို အတော်ကြီး ခေါင်ခေါင်ထဲက မြန်မာနယ်စပ်မှာ ရှိနေတဲ့ ကျောင်းကလေးပါ။

ကဲ….. သူ့သမိုင်းကလေးကို ပြောကြဦးစို့ ရဲ့။ ဒီကျောင်းဖွင့်တာ ၁ဝ နှစ်ကျော်ပါပြီ။ နို့ပေ မယ့် ဒီကျောင်းကို ကြီးကြီးမာစတာ တခေါက်တည်း လာဖူးပါတယ်။ အဲဒါ ကျွန်တော်ရောက် စ နှစ်ကပါ။ ဒီနောက် ဘယ်သူမှ မကြွလာတော့ပါဘူး။ မလာတာလည်း အဆိုးတော့ ဆိုစရာမ ရှိဘူးပေါ့။ အလွန်ထူထပ်တဲ့ တောကြီးထဲက ဖြတ်လာရမယ်။ မိုးတွင်းဆိုရင် ရွှံ့ဗွက်ထဲက ခြေ ကျင်လာခဲ့ပေရော့၊ လမ်းမှာ ညပေါင်းများစွာ အိပ်ပြီးမှ ရောက်တာ။ မိုးကုန်ရင်တော့ ဘိုင်စကယ်နဲ့ လာလို့ရပါတယ်။ ဒါပေမယ့် လမ်းက သဲလည်းပေါတယ်။ ပြီးတော့ အတက် က ခပ်များများရယ်။ ဒါကြောင့် ခြေသလုံး မတောင့်တဲ့ လူများအဖို့ ခြေကျင်လျှောက်လာရင် အသက်သာဆုံးပဲ။

ဘန်ဒုံပရိုင်ကျောင်းရဲ့ ကျောင်းဝင်းက အကျယ်ကြီးပါ။ ဘယ်အထိ ကျယ်သလဲဆိုရင် ကျောင်းဝင်းမြေကို ဒါကျောင်းရယ်လို့ သတ်မှတ်မှုတောင် မရှိပါဘူး။ ကျောင်းဝင်းမြေ လိုချင်သပဆိုရင် ချဲ့ချင်သလောက် ချဲ့ယူပါ။ ဘယ်သူကမှ မတားဆီး မကန့်ကွက်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီမြေတွေက ဘာအသုံးမှ မကျပဲကလား။ ကျောင်းနဲ့အနီးဆုံးမှာ တောင်ကုန်းတခုရှိတယ်။ တောင်ဖက်ကို တဖြေးဖြေး နိမ့်လျှောသွားတာ။ ဒါကြောင့် မိုးရွာတယ်ဆိုရင် ရေကစီးဆင်းသွားတာမို့ ချက်ချင်းခြောက်တယ်။ ဘန်ကောက်မှာလို ဗွက်တွေ ရေအိုင်တွေ မရှိဘူး။ ကျောင်းအဆောက်အဦကလည်း တောင်ကုန်းကလေးကို နောက်ခံထားပြီး ခပ်မားမားရပ်တည်နေတာပါ။ ကျောင်းအရှေ့မှာ ဝါးအမျိုးပေါင်းစုံလှစွာ ပေါက်ချင်သလို ပေါက်နေကြပြီး၊ ကျောင်းဘေး တဖက်တချက်မှာတော့ သစ်တောတွေ အရမ်းခုတ်ခဲ့လို့ တောပြုန်းရာက အတက် ထပေါက်တဲ့ သစ်ပင်ပျိုတွေရှိပါတယ်။ ဒီအပင်တွေ ဟာ နောင်အနှစ်ငါးဆယ် ဆိုရင် လူက ခုတ်ယူသုံးစွဲလို့ ရလောက်ပါပြီ။

ကျောင်းဝင်းမှာ ပန်းပင် သစ်ပင် အလှအပ စိုက်ချင်ရင်လည်း တလုံ့တလ စိုက်စရာ မလိုပါဘူး။ ကျောင်းပတ်ပတ်လည်မှာ၊ သူ့ဘာသာ အလေ့ကျ ပေါက်နေတာတွေကိုပဲ အမျိုးလဲစုံ၊ လှလဲလှလို့ပါ။ သစ်ခွအရိုင်းတွေဆိုတာ အမျိုးကိုစုံလို့၊ ပွင့်လိုက် မွှေးလိုက်တာ လည်း ကြိုင်လို့၊ ဍ ရင်ကောက်ပင်တွေကလည်း လှမှလှ၊ ပေါမှပေါ။ ကျောင်းမြေထဲ ကျောက်စရစ်အဖြူနဲ့ အနီကလေးတွေကို လှအောင်ခင်းလိုက်ရင် ကျောင်းဝိုင်းဟာ တကယ့် သဘာဝပန်းခင်းနဲ့ လှနေမှာပဲ။ အသီးသီးတဲ့အပင် ရှိတယ်။ နွယ်ပင်ကြီးတွေရှိတယ်။ တချို့ နွယ်တွေဆိုရင် ကျောင်းသားတွေ ဒန်းစီးလို့ရတယ်။

ကျောင်းဆောင်ကတော့ စရိတ်အကုန် အကျအသက်သာဆုံးနည်းနဲ့ ဆောက်လုပ် ထားတာပါ။ ဆောက်လုပ်ရေးပစ္စည်းကလည်း အားလုံးဒေသထွက်ချည်းပါ။ ကျောင်းတိုင် ၁၆ လုံးစလုံးက သစ်သားတိုင်တွေ၊ သစ်သားဆိုရာမှာ အပင်ကခုတ်ပြီး ရွှေပေါ်မထိုး ဘာမထိုး၊ အခေါက်ပဲ ခွါထားတာမို့ အမျက်တွေ အတက်တွေနေရာက နဂိုအတိုင်း ဖုနေ ထစ်နေ ခွက်နေ တာမို့ ကျောင်းတိုင်တွေက အလိုလို အနုပညာ ဆန်နေတယ်။ ကျောင်းရဲ့အမိုးက ထန်းရွက်၊ ကျီးယက်ကဝါး၊ အကာနဲ့ခန်းဆီးက ဝါးနဲ့ယက်ထားတဲ့ထရံ၊ ရွှေရောင်ပေါက်ပြီး ဖိတ်ဖိတ် တောက်နေတယ်။ ဘာဆေးမှ သုတ်ဖို့မလိုဘူး။ သဘာဝအရောင်နဲ့ လှလို့ပလို့။

ကျောင်းရှေ့မှာတော့ သစ်ကိုင်းကောက်ကောက်ကွေးကွေးတွေကို ရွေးပြီး မြေထဲစိုက် ပြီး သစ်ကိုင်းကောက်နဲ့ပဲ တန်းရိုက်ထားလိုက်တော့ တမျိုးတဖုံဆန်းသစ်ပြီး မော်ဒန်အတ် အမြင်နဲ့ လှနေပါတော့တယ်။ နို့ပေမယ့် ဒါက ကဗျာဆန်သလေး၊ အနုပညာမြောက်သလေး၊ မော်ဒန်အတ်ဖြစ်သလေးနဲ့၊ ကျွန်တော့်ဘာသာ စိတ်ကူးယဉ်တဲ့ ကိစ္စပါ။ သူတို့ရွာက လူတွေ စိတ်ထဲမှာ ဘယ်လိုရှိကြတယ် မသိပါဘူး။

ကျောင်းတံစက်မြိတ်က ရေကျရင် ကျတဲ့ရေက တင်မနေဘဲ စီးသွားအောင်၊ တံစက်မြိတ် အောက်မှာ မိုးရေစီးမြောင်း တူးပေးထားတယ်။ ပြီးတော့ ကျောင်းအဝင်လမ်းကို ရောင်စုံ ကျောက်တုံးကလေးတွေ ကျွန်တော်က ကလေးတွေ အကောက်ခိုင်ပြီး၊ အင်္ဂလိပ် စာလုံး အက်စ် ပုံသဏ္ဍာန် ကျောင်းအဝင်လမ်းကလေးလုပ်ပြီး တဖက်တချက် ကျောက်တုံးတွေ အစီခိုင်းထား ပါတယ်။

ကျောင်းရှေ့က အလံတိုင်ကိုတော့ တိုင်ခြေမှာ ကျောက်တုံးအရွယ်အမျိုးမျိုး ပုံစံအစား စားကို စုပုံပြီး စိုက်ထူပေးထားတယ်။ ကျွန်တော့် ကျောင်းအလံတိုင်ဟာ စူခိုထိုင်တနယ်လုံးမှာ အမြင့်ဆုံး အလံတိုင်ပါ။ စူဠလုံကွန် တက္ကသိုလ် အလံတိုင်ထက် မြင့်တာလည်း သေချာ ပါတယ်။ ထိုင်းတနိုင်ငံလုံးမှာ ဒီအလံတိုင်ဟာ အမြင့်ဆုံးပဲလို့ တယောက်ယောက်က ပြောလာရင်လည်း ကျွန်တော်က ဟုတ်တယ်လို့ ဆိုလိုက်ချင်ပါတယ်။

ပြီးတော့ ကျောင်းခန်းထဲ စာသင်ခုံတွေက ဘယ်ကျောင်းသား ဘယ်လောက်ဆော့လို့မှ ကျိုးနိုင်၊ ပဲ့နိုင်တဲ့ ခုံမျိုးတွေ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဆန်ထောင်းတဲ့ဆုံကြီးတွေ လောက်အဝရှိတဲ့ သစ်တုံးကြီးတွေကို တပေစီ ဖြတ်ပြီးချထားတာမို့ ဝက်သားဆိုင်က စဉ်းတီ တုံးကြီးတွေ စီထားသလား အောက်မေ့ရပါတယ်။ ကလေးတွေက ဒီသစ်တုံးတွေပေါ်မှာ ထိုင်တယ်။ ဒီတုံးတွေပေါ်မှာ စာရေးတယ်။ အမျိုးစုံ အသုံးချလို့ရပါတယ်။ တခုပဲသတိထား ရတယ်။ ဒီတုံးကြီးတွေ ခြေထောက်ပေါ် မကျ အောင်တော့ ဂရုစိုက်မှ။

ကျွန်တော့် ကျောင်းထဲမှာ ကျောင်းသား ၆ဝ ကျော် စုပြွတ်ပြီး သွတ်ထားပါတယ်။ ၁-တန်း နဲ့ ၂-တန်းက ကျောင်းရဲ့ ၀ဲဘက်ခြမ်းမှာ၊ ၃-တန်းနဲ့ ၄-တန်းက ယာဘက်ခြမ်းထဲမှာပါ။

ကျွန်တော်လုပ်နေကျ တနေ့တာ စာစသင် ပုံက၊ ပထမဆုံး ၄-တန်းကျောင်းသားတွေရဲ့ ကျောက်သင်ပုန်းပေါ်မှာ ဂဏန်းပုစ္ဆာ ၃-ပုဒ်။ ၃-တန်းကျောင်းသားတွေရဲ့ ကျောက်သင်ပုန်း ပေါ်မှာ ပုစ္ဆာ ၃-ပုဒ်ရေးပြီး သူတို့ကို ဒါတွက်ကြလို့ ခိုင်းလိုက်ရတယ်။ အဲဒီကပြီးမှ ၂-တန်း ဘက်ကိုပြေးပြီး၊ ထိုင်းစာနဲ့ အာရဗီဂဏန်း ၁၊၂၊ ၃၊ ၄ ကို အရေးခိုင်းရတယ်။ အဲဒါ ပြီးတော့မှ ပထမတန်းကိုကူးရတယ်။ ဒီကလေးတွေကို အခြေခံ စာလုံးပေါင်းတချို့ ၂ ကြိမ် ၃ ကြိမ်ပါးစပ် က အော်ပြီး အလွတ်ပေါင်းခိုင်းလိုက်ပြီးမှ ကျွန်တော်က ကျောက်သင်ပုန်းမှာ ရေးပေးပြီး

“အဲဒါ….. ကူးရေးကြ” လို့ ပြောရပါတယ်။

ဒါပြီးရင် ၂-တန်းကိုပြဖို့ လာခဲ့ရတယ်။ ဒီအချိန်မှာ အမျိုးကောင်းသားကလေးများက ၁ က ၁ဝ အထိ ကူးရေးပြီးလို့ တယောက်နဲ့ တယောက် ကြိုက်သလောက် စကားပြောနေ ကြပါပြီ။ ကျွန်တော်က စာပွဲကို ကြိမ်နဲ့တချက် ဗျန်းခနဲ အသံပေးလိုက်တော့ ခုနင်ကအသံတွေ အားလုံး ဗြုန်းဆိုတိတ်သွားကြပြီး သူတို့ လေ့ကျင့်ခန်းစာအုပ်ကလေးတွေ ပြကြဖို့ တခါတည်း တန်းစီလိုက်တယ်။ ကျွန်တော်က စာအုပ်တိုင်းကို အမြန်ဆုံးနည်းနဲ့ မှန်တယ်ဆိုတာကို ခြစ်ပေး လိုက်တယ်။ ဒီအမှတ်ဟာ ကလေးတိုင်းကို ပြုံးသွားစေတယ်မဟုတ်လား။ ကလေးတိုင်းက လည်း မှန်ကြတယ်လေ။ ပြီးရင် အနှုတ်ဂဏန်း ၃ ပုဒ် ကျောက်သင်ပုန်းပေါ် ရေးပေးခဲ့ပြီး၊ သူတို့ ကို အတွက်ခိုင်းခဲ့၊ ပြီးတော့ ၃-တန်းနဲ့ ၄-တန်း ဖက်ကို ပြန်ကူးခဲ့ပြီး၊ တွက်ခိုင်းထားတဲ့ ပုစ္ဆာတွေ ကို ကျွန်တော်က ကျောက်သင်ပုန်းပေါ်မှာ တွက်ပြလိုက်တယ်။ ပြီးတော့ မင်းတို့တွက်ထား တာနဲ့ တိုက်ကြည့်၊ မှန်မမှန် ကိုယ်ဖာသာကိုယ် စစ်ကြလို့လည်း ခိုင်းလိုက်တယ်။ လုပ်နေကျ ပုံမှန်ကတော့ အလီတချို့ဆိုခိုင်း၊ ပုစ္ဆာနဲ့ ပတ်သက်လို့ ရှင်းစရာရှိတာကို ရှင်းပြရတာပေါ့လေ။ ပြီးမှ…..

“အကုန်လုံး ဘယ်သူမှန်သလဲဟေ့”

“အေး…… ကောင်းတယ်”

“ဘယ်သူက ဘယ်အပုဒ်မှားသလဲ။ မှားတဲ့လူက ဆရာတွက်ပြတာကို ကူးပြီးပြင်ကြ” လို့ခိုင်းပြီး ရှင်းစရာရှိတာကို နည်းနည်းရှင်းပြ လိုက်ရပါတယ်။

ဒီအချိန်ဆိုရင် ပထမတန်းကလေးတွေ စာလုံးပေါင်းကူးတာ ပြီးနေပါပြီ။ ဒါကြောင့် အချင်းချင်း ထိုးကြကြိတ်ကြ သတ်ကြပုတ်ကြ ဖြစ်နေကြပါပြီ။ နာတဲ့ဟာကလည်း မျက်ရည်နဲ့ ငိုလို့ အော်လို့ပေါ့။ ကြိမ်ကို လက်လွှတ်လို့ မရပါဘူး။ ကြိမ်သံကြားတော့ ခဏဖြစ်မချည်း တိတ်သွားပြန်တာပေါ့။ ၃-တန်းကို ပြန်ရောက်တော့ သူတို့ပုစ္ဆာလေးတွေကို ဖြေရှင်းပေးလိုက် တယ်။ အဲဒါပြီးရင် အလွန်စိတ်ပါလက်ပါ စကား လက်ဆုံကျနေကြတဲ့ ၄-တန်းသားတွေဆီကို ပြန်ဝင်ရပါတယ်။ သူတို့ကိုတော့ တယောက်ဆီမှာ တအုပ်တည်းသာရှိတဲ့ ထိုင်းဖတ်စာအုပ်ကို အဖတ်ခိုင်းရပါတယ်။ အဲဒီတော့ ကလေးတွေက ဒါသူတို့ အလှည့်ပဲ၊ ဆရာကို ကလဲ့စားချေ မယ်လို့ အောက်မေ့တယ်ထင်ပါရဲ့။ ဖတ်စာထဲက ကဗျာကို ကျွန်တော် ဦးနှောက်ပျက်လောက် အောင် အော်ပြီးဖတ်ကြပါရော။ ဒါနဲ့……

“ဟေ့ကောင်တွေ၊ အပြင်ထွက်ပြီး၊ အဲဒီ သစ်ပင်ရိပ်တွေအောက်မှာ ဖတ်ချေကြကွာ” လို့ လွှတ်လိုက်ရတယ်။ အလုပ်ဖြစ်ပါတယ်။ သူတို့ ကျောင်းပြင်ရောက်သွားတော့ ဆရာ့လက်စွဲစာ အုပ်ကို ဖွင့်လိုက်ပါတယ်။ ဒီစာအုပ်လည်း ဘာသာစုံ တအုပ်တည်း စုပေါင်းထည့်ထားတဲ့ စာအုပ်ပါ။ “ဒီမိုကရက်တစ်အစိုးရရဲ့ မူဝါဒများ” ဆိုတဲ့ အခန်းကိုဖွင့်လိုက်ပြီး၊ တမျက်နှာလုံးကို ကျောက်သင်ပုန်းပေါ်မှာ ရေးချပေးလိုက်ပြီး….

“ကဲ….. အဲဒါ ကူးကြ” လို့ ကျွန်တော်က အော်ခိုင်းလိုက်တော့ ကလေးတွေအားလုံးက ရိုရိုကျိုးကျိုး လိုက်နာကြပါတယ်။

ဒီအချိန်ရောက်တော့ ကျွန်တော့လည်ချောင်းက ကွဲမတတ်ခြောက်နေပါပြီ။ ခေါင်းက လည်း တဒိတ်ဒိတ်ထိုးနေပါပြီ။ ဒါကြောင့် အက်စ်ပရင်ဆေး ၂ ပြားကို ကျောင်းခန်းထောင့်က မြေသောက်ရေအိုးထဲက မိုးရေနဲ့သောက်ချ လိုက်ရပါတယ်။ ချောင်းတချက်လောက် ဆိုး လိုက်ပြီး၊ စီးကရက်ကို မီးညှိပြီး တဖွာနှစ်ဖွာ သောက်ပြီးတော့ ၂-တန်းဖက် ဂဏန်းတွက်နေ ရာကို မလှည့်လိုက်ရခင် ပထမတန်းကကောင်တွေ ဝိုင်းအော်စရာ ကျောက်သင်ပုန်းပေါ်မှာ စာလုံးပေါင်း တချို့ကို ရေးပေးပြီး၊ “ကူးကြဟေ့” လို့ ပြောလိုက်တယ်။

အဲဒါ ပြီးရင် ၄-တန်းဖို့ အချိန်ရောက်ပါပြီ၊ ဒါကြောင့် ကျောက်သင်ပုန်းပေါ်မှာ “ဖွဲ့စည်းပုံ အခြေခံလွတ်လပ်ခွင့်နဲ့၊ ထိုင်းလူမျိုးတို့ရဲ့ လူ့အခွင့်အရေးများ” ကို ကူးရေးပေးလိုက်ပြီး…..

“ကလေးတို့ ကူးကြကွာ” လို့ ခိုင်းရပြန်တယ်။

ကျွန်တော် စီးကရက်ဆက်သောက်လို့ ကုန်တဲ့အချိန်မှာ နေ့လည်ကျောင်းဆင်းချိန်တိုင် သွားပါပြီ။ ဒီနည်းနဲ့ မနက်ပိုင်း ကျောင်းတက်ချိန်များကို ကုန်လွန်စေရပါတယ်။

ကျွန်တော် စာသင်ကြားပြသပေးနေပုံနဲ့ ပတ်သက်လို့ ဘာမှအသုံးမကျဘူး။ ခေတ် နောက်ကျတယ် သိပ်ညံ့ဖျင်းတဲ့ သင်နည်းစသဖြင့် ဘယ်သူကမဆို ကြိုက်သလို ဝေဖန်ပါ။ ကျွန်တော်ကိုယ်တိုင် သင်ကြားတတ်မြောက်ခဲ့ ရတာကမှ ဒီလောက်မမြင့်၊ ဒီလောက်မကောင်း ခဲ့ဘဲနဲ့ ကျွန်တော်က ဘယ်ပညာရေးပါရဂူ တယောက်လို သင်ပြတတ်ပါ့မတုံး။ ကျွန်တော့် ဆရာတွေက ကျွန်တော့်ကို သင်ပြပေးလိုက်သလို ကျွန်တော်သူတို့ကို သင်ပြပေးတာပဲဟာ။ ကျွန်တော့်ကျောင်းကလေးလို ကျောင်းမှာ ဒီထက်ပိုပြီး ရှုပ်ထွေးပွေလီတဲ့ သင်ပုံသင်နည်း တွေလည်း လုပ်လို့ရနိုင်မယ် မထင်ပါဘူး။

ကျွန်တော် ဘန်ဒုံပရိုင်မှာ ၅-နှစ်ကျော် ကျောင်းဆရာလုပ်ပြီးတဲ့အခါတော့ တခါတလေ ရေငတ်ပြေလေး သောက်လို့ကောင်းတဲ့ အော်လျှိုင်ဆိုင်ကလေး တဆိုင်တလေရှိတဲ့ မြို့နား နီးနီး ကျောင်းကလေးမျိုးကို ပြောင်းရွှေ့ချင်ပါတယ်။ အနို့ပေမယ့် ကျွန်တော့်နေရာကို လာမယ့် လူစား မရလို့တဲ့။ (အော်လျှိုင်ဆိုတာ တရုတ် ဆိုင်ကရောင်းတဲ့ နို့မပါတဲ့ ကာဖီပြင်းပြင်းကို သကြားနဲ့ ရေခဲနဲ့ သောက်ရတဲ့ အအေးသောက်စရာပါ။) ကျွန်တော် ဒီရွာကမပြောင်း နိုင်တော့ ကျွန်တော်နဲ့ ဒီရွာသားတွေနဲ့ လည်ပင်းဖက်ကြီးတဲ့ ငယ်သူငယ်ချင်းတွေလို သင့်မြတ်နေကြပါ တော့တယ်။

ဘန်ဒုံပရိုင်ရွာသားတွေရဲ့ ဘဝကလည်း အပူအပင် လုံးဝမရှိ။ သောကကင်းကြလွန်းလို့ သူများတွေ မနာလိုတို ရှည်တော့လည်း ဖြစ်လောက်စရာပါပဲ။ သူတို့ရွာကလေးက တောင် ခြေမှာ မျက်နှာချင်းဆိုင် ၂-အိမ်တန်း အိမ်ခြေ ၆၅-အိမ်ရှိတဲ့ ရွာကလေးပါ။ သူတို့ရဲ့ အဓိက စီးပွါးရေးက လယ်ယာစိုက်ပျိုးရေးပါ။ အဲဒီတော့ လယ်စိုက်ပြီးတဲ့ အချိန်ကစပြီး မရိတ်သိမ်းရ မချင်း အားနေလိုက်တဲ့ သူတို့ဘဝကို ကျွန်တော်က မနာလိုတိုရှည် ဖြစ်မိတာ ဧကန်ပါ။ သူတို့က အဲဒီရက်တွေမှာ တနေ့လုံး သောက်စား ပျော်ပါးရင်း အချိန်ကုန်ကြပါတယ်။ သောက်လိုက်ကြပုံများကတော့ သူတို့ လည်ချောင်းတွေနဲ့ အစာအိမ်တွေဟာ ကြေးနီပြား တွေများ ခင်းထားလေသလား အောက်မေ့ရပါတယ်။ ဒီလောက် သောက်စားနေလို့ အသုံး အဖြုန်းကြီးလှတယ်လို့ မထင်နဲ့။ သူတို့သောက်သမျှ အရက်အားလုံး အိမ်တွင်းဖြစ်ချည်းရယ်ပါ။ အိမ်တိုင်းမှာ ကိုယ်လုပ်နေတဲ့ လယ်ကွက်ထဲမှာ ငချိတ်ကောက်ညှင်းကလေးတွေ တကွက်စ နှစ်ကွက်စ နှစ်တိုင်းထည့်စိုက်ပါတယ်။ အဲဒါဟာ မီးတောက်အရက်စိမ်ဖို့ သက်သက်ပါ။ သူတို့မှာ ဒီသောက်ပွဲဟာ နေ့တိုင်းကျင်းပတာ ဖြစ်ပြီး၊ ဒါပဲ သူတို့ရဲ့ပေါင်းသင်းဆက်ဆံရေး၊ ဒါပဲ သူတို့ရဲ့ ပျော်ရွှင်မှု၊ ဒါပဲ သူတို့ရဲ့ အပန်းဖြေနားနေရာ အလုပ်ပါ။ ဒီရွာသားတွေအဖို့ ကွယ်ရာက အတင်းပြောခြင်း၊ တဖက်သားကို မကောင်းကြံခြင်းလည်း မရှိပါဘူး။ ပျော်ပျော်ရွှင်ရွှင် စုပေါင်း စားသောက်နေကြတာပဲ။ သူတို့ စိတ်ထဲရှိတာ အရက်ဝင်ပြီးရင် အော်ကြီးဟစ်ကျယ် ဖွင့်ပြော လိုက်မှာပဲ။ အဲဒီမှာ အဆိုးဆုံးဖြစ်နိုင်တာက ထိုင်းထုံးစံ နပမ်းသတ်ပွဲအထိ ဖြစ်ချင်ဖြစ်မယ်။ ဒီမှာ လူသတ်မှုမဖြစ်ဘူး။ တယောက်ကို တယောက် မကျေနပ်တာက အမူးပြေတော့ အိပ်မက်လို ပျောက်သွားပြီမို့ ကလဲ့စားချေတယ် ဆိုတာလဲ မကြားဖူးပါဘူး။

ကျွန်တော် ဒီရွာရောက်ပြီးလို့ ၄-နှစ်ကြာတော့ ကျွန်တော်လည်း ဒီရွာက အရက်ကိုစွဲ လာပြီလို့ ပြောရတော့မှာပဲ။ သောက်နေကျ အချိန်တိုင်လာရင် ကျွန်တော့်ဗိုက်က ကျွမ်းသူ ပုန်ထပြီး ဗြောင်းဆန်အောင် တောင်းဆိုလာ နေပါပြီ။ ဒီလိုဖြစ်တာဟာ တကယ်တော့ ကျွန်တော့် အားနည်းညံ့ဖျင်းချက်ကြောင့်ပါ။ သူများက တိုက်လာရင် ကျွန်တော်ကဘယ်လို ငြင်းရမှန်းမသိဘူး။ မငြင်းရက်ဘူး။ သိပ်အားနာ တတ်တာ။ ရောက်စ ပထမနှစ်တုန်းက အားနာ လို့ တစက်နှစ်စက် မျိုချမိရင် အမယ်လေး လည်ချောင်းတလျှောက် လောင်ဆင်းသွားလိုက်တာ မီးထတောက်နေရစ်တယ် မှတ်ရပါတယ်။ ဒုတိယနှစ်ရောက်တော့ တကျိုက်ချင်းတော့ ရလာ ပါပြီ။ ကျွန်တော်က ဒီလောက်လေးမှ မစွမ်းရင်လည်း မိန်းမသူတွေကတောင် ကျွန်တော့်အပေါ် မထေမဲ့မြင် စော်ကားမော်ကား လုပ်ချင်လာကြပြီဟာကိုး။ အဲ….. စတုတ္ထနှစ်ရောက်တော့ ကျွန်တော်က အသောက်ဝိဇ္ဇာဓိုရ် ရပါပြီ။ ဘယ် မိန်းမကမှ ကျွန်တော့်ကိုလာလေ သတ္တိရှိရင် ပြိုင်သောက်ရအောင်လို့ မချဲရဲတော့ပါဘူး။ သောက်လုံးအကြီးဆုံးဆိုတဲ့ လူများနဲ့ ရင်ဘောင် တန်းနေပါပြီ။ သူတို့အထဲက မြေကြွက်တွင်းကြီးလို့ နာမည်ကြီးလှတဲ့ အိုက်ဒွါးနဲ့ ပြိုင်သောက် ကြရာမှာတောင် နိုင်တယ်လို့ အဆုံးအဖြတ် မပေးနိုင်လောက်အောင် ကျွန်တော်တို့ နှစ် ယောက်လုံး မြေပေါ်လိမ့်နေကြတာပဲဟာ။

အိုက်ဒွါးအကြောင်း စကားစပ်မိလို့ ပြောရအုံးမယ်။ ဒီကောင်က ဒီရွာမှာ ကျွန်တော့် အရင်းချာဆုံး မိတ်ဆွေပါ။ ဒီတရွာလုံးမှာ ကျွန်တော်ကလည်း အိုက်ဒွါးထက် ပိုခင်မင်တဲ့လူမရှိ ပါဘူး။ အိုက်ဒွါးကလည်း ကျွန်တော့်အပေါ် ဒီအတိုင်းဖြစ်မှာပါ။ သူက အခုမှအသက် ၂၂-နှစ် ရှိသေးတာ။ ကျွန်တော့်ထက် ၅-နှစ်လုံးလုံးငယ် ပါတယ်။ ဒါပေမယ့် တောမှာနေတဲ့ အသက် ၂၂-နှစ်သားက မြို့နေအသက် ၄ဝ-အရွယ်လောက်ထက် ငယ်မယ် မထင်ရပါဘူး။ အလုပ် ပင်ပင်ပန်းပန်းလုပ်ရလို့ ဒီလိုအိုစာသလားတော့ မပြောတတ်ပါဘူး။ သူတို့ကိုယ်ထဲ အရက်ဝင် များလို့ ဒီလိုအိုစာသလားလည်း မပြောတတ်ပါဘူး။

အိုက်ဒွါးက အရပ်ကလည်း အပုလေးရယ်။ သူ့ခန္ဓာကိုယ်က အချိုးအစား ကျတာ မဟုတ်ဘူး။ ခါးအထက်က ကိုယ်ပိုင်းက အလွန် တောင့်တင်းပြီး ခါးအောက်ပိုင်းက အပေါ်ပိုင်းနဲ့ မလိုက်အောင် တိုနေတဲ့လူ။ အဲဒီတော့ သူ့ ကြည့်ရတာ ကျွဲလိုပဲ။ အပေါ်ကိုယ်ကြီးက ကြီး နေတောင့်နေသလောက် အောက်က ဂင်တိုတို ကလေးမို့ အရုပ်တော်တော်ဆိုးပါတယ်။ သူ့ ခေါင်းကလည်း အသုံးချတာ နည်းလှပေမယ့် အလွန်ကြီးတဲ့ ခေါင်းပါ။ သူ့ခေါင်းဟာ အီးဝမ်နဲ့ အချီအချ ညစ်တီးညစ်ပတ်ကဗျာ အလင်္ကာမျိုး အပြိုင်ရွတ်ဖတ်ကြတာလွဲရင် တခြားဘာမှ အသုံးကျတာမဟုတ်ပါဘူး။

အိုက်ဒွါးက လူဘယ်လောက် အရုပ်ဆိုးအကျည်းတန်လို့ ရွာခွေးကတောင် မြင်ပြင်းကတ်လို့ ဟောင်ဟောင် သူ့သန်မာတောင့်တင်းမှုမျိုးနဲ့ အရေးဟဲ့ အကြောင်းဟဲ့ဆိုရင် သူ့ပါးစပ်က ပြောတတ်ဆိုတတ်မှုက ရွာထဲက မိန်းမသူများကို စိတ်ဝင်စားစေနိုင်တဲ့လူပါ။ ပြီးတော့ အိုက်ဒွါး ရိုးသားတာ၊ ရက်ရောတာကလည်း အရုပ်ဆိုးမှုကို ဖုံးကွယ်စေနိုင်လောက် အောင် ရှိပါပေတယ်။ သူက ကျွန်တော့်ကို သူ့မိဘလို ချစ်တာပါ။ ကျွန်တော့်အတွက်ဆိုရင် သူ့အသက်ပေးဖို့ အဆင်သင့်ရှိပါတယ်။ ကျွန်တော့်ကို ကျေးဇူးတင်လွန်းလို့တဲ့။ အိုက်ဒွါးရဲ့ ထွန်းပနေတဲ့ ချစ်စရာ့ ဒီအရည်အသွေးတွေဟာ ပညာရေးနဲ့ ဘာမှမဆိုင်ဘူးနော်။ သူ့မှာ ပညာနဲ့ပတ်သက်လို့ အသုံးလုံးကျေရုံသာရှိတာ။

အိုက်ဒွါးက ငှက်ဖျားနဲ့ သေတော့မယ် ဖြစ်တဲ့အချိန်ကစပြီး ကျွန်တော့်ကျေးဇူးများ သူ့အပေါ် ရှိတယ်လို့ ယူဆထားပါတယ်။

ခင်ဗျားတို့ သိတဲ့အတိုင်းပဲ။ တရွာလုံးက နတ်ကိုယုံကြတယ်။ ကိုးကွယ်ကြတယ်။ ရွာထဲ မှာဆိုရင် နတ်စင်ကလေးတွေ ဟိုနားတခု ဒီနားတခု ပြည့်နေတာပါ။ ကျောက်ပေါ်နတ်တဲ့။ ကျောက်မယ်နတ်တဲ့။ သူတို့ နာရင် ဖျားရင် ဖမ်းစားတဲ့မကောင်းဆိုးဝါးတွေကို ဒီနတ်တွေက မောင်းထုတ်နိုင်တယ်လို့ ယုံကြတယ်လေ။ အဲဒီ လို မောင်းထုတ်ပေးချင်အောင် ဒီနတ်တွေကို လွမ်းလောက်တဲ့ အတင်အသတွေနဲ့ ပူဇော်ပသရတယ်။ ဥပမာဆိုပါတော့၊ မီးတောက် အရက်တပုလင်းနဲ့ ကြက်ကောင်လုံးပြုတ်၊ ဒါမှ မရရင် မီးတောက်ပုံးနဲ့ ဝက်ကောင်လုံးပြုတ်ပေါ့။ အလွန်စိုးရိမ်ဖွယ်ကောင်းလောက်အောင် နာဖျားမကျန်းဖြစ်ပြီဆိုရင်တော့ အရက် ၅-စည် နဲ့ နွားတကောင်ဆိုတာမျိုး တင်သရတယ်။ ဒီ အတင်အသတွေကို သူတို့နတ်တွေက အငွေ့ သာစားတာ သောက်တာဖြစ်လေတော့ နတ်တွေလည်း စားတော်သောက်တော်ခေါ်လို့ ပြီး ပါလေရော၊ ဘာမှမလျော့ပါးတဲ့ သောက်စရာ စားစရာများကို ရွာသူရွာသား အားလုံးက တပျော်တပါးကြီး စားကြသောက်ကြတာပါပဲ။

အဲ….. အိုက်ဒွါး နေမကောင်းတော့ အရက်လည်း ၁ဝ စည် ရှိပါပြီ၊ ကျွဲလည်း ၂ကောင်ရှိပါပြီ၊ တင်တာ သတာ၊ နို့ပေမယ့် နတ်တွေက မ,တော်မမူပါဘူး။ ခေါင်းမာလိုက်တာ၊ အိုက်ဒွါးကဖြင့် သေခါနီးနေပြီ။ အဲဒီမှာ ကျွန်တော်က ကြည့်မနေနိုင်တာနဲ့ ပစ်စာနုလောက် ဘက်ကို လာသွားတဲ့ ငှက်ဖျားနှိမ်နင်းရေးအဖွဲ့က ပေးသွားတဲ့ ဆေးပြားကလေးတွေကို တိုက်ရတယ်။ အတော်အသင့် ဆေးဝင်ရုံနဲ့ အိုက်ဒွါးက သက်သာလာပြီ။ သက်သာ တယ်ဆိုရင်ပဲ အိုက်ဒွါးက သူသေရွာပြန် ဖြစ်ပြီလို့ သိလိုက်တယ်။ အဲဒါ ကြောင့် မူလကလည်း နတ် ၂ ပါးကို တယ်အယုံအကြည် မရှိတာလည်းတကြောင်း၊ ကျွန်တော့်ဆေးက သူ့အဖျားကို နိုင်လိုက်တာလည်း တကြောင်း၊ ၂ ခုပေါင်းပြီး ကျွန်တော်ဟာ သူ့ အသက်သခင်ပဲလို့ သူက အသိအမှတ်ပြုလိုက်တယ်။ ဒါကြောင့် ကျွန်တော့်အပေါ်ကို ကျေးဇူးရှင်အနေနဲ့ အလွန်ရိုကျိုး သမှု ရှိတာပါ။

အိုက်ဒွါးကသာပါ။ တခြားလူတွေက ဒီ ဆေးပြားကလေးငယ် စီနာကြောင့် အိုက်ဒွါး ကျန်းမာလာတယ်လို့ မယုံပါဘူး။ ကျောက်ပေါ်သခင်နဲ့ ကျောက်မယ်သခင်မတို့ စောင်မလို့ ခုလို အံ့သြစဖွယ် နေပြန်ကောင်းသွားတာလို့ ယုံပါတယ်။ ဒါကြောင့် အိုက်ဒွါးဆီက အရက် ၁ဝ စည်နဲ့ ကျွဲ ၂-ကောင် နောက်ထပ် သောက်ကြ စားကြပါသေးတယ်။ သုံးနေ့နဲ့သုံးည မိုးမ လင်းတမ်းသောက်ကြတာ ဖြစ်လေတော့ နပမ်းပွဲကလေးလည်း ၃-ပွဲလောက်တော့ ကြည့် လိုက်ကြရသပေါ့။

အဲဒီပွဲမှာ သူကြီးလည်း လဲလို့ ကွဲလို့ ခေါင်းမှာ ဒဏ်ရာရလို့၊ သူကြီးသမီးလည်း ထမင်း တအိုးပြီးတအိုး ချက်ကျွေးရလို့ ခြေကုန်လက်ပမ်းကျပြီး ငိုယူရပါတယ်။ ပျော်ပျော်နေ သေခဲ မုဆိုးမ အီဝမ်ကတော့ ယောက်ျား ၅ ယောက်နဲ့ တွဲဖြစ်လိုက်ပါသတဲ့။ အိုက်ဒွါးတို့ဆို တာ အီဝမ်နဲ့ ဘယ်လောက်များ ဆိုရပြောရတယ်မသိ၊ အသံကိုကွဲလို့ နာလို့၊ သူကြီးကတော် ကတော့ စားဖို့ မေ့နေလောက်အောင် ပျော်ပါးနေလို့တဲ့၊ ပွဲတတိယနေ့မှာ အာဟာရ ပြတ်ပြီး သတိမေ့သွားတာ ဘုံးဘုံးလဲပါတယ်။ အဲဒါကြောင့် နတ်ကတော်နဲ့ မှော်ဆရာတို့ အလုပ်ပေါ်လာပြန်ပြီး သူကြီးတို့မိသားစုကို ဖမ်းစားနေတဲ့ မကောင်းဆိုးဝါးများကိုနှင်ဖို့ ကြိုး ပမ်းရပြန်တယ်။ နတ်ကတော်များ မှော်ဆရာများက အရက် ၅စည်နဲ့ ဝက်များကို ပသရမယ် လို့ အဟောထွက်ပြန်တယ်။ အဲဒီပွဲကိုတော့ နောက်လမှ ပသပူဇော်ဖို့ ရွှေ့ဆိုင်းလိုက်ရတယ်။ ဘာလို့လဲဆိုတော့ အရှင်ကြီး အရှင်ကောင်းတွေအားလုံးမှာ လိုတာထက်တောင် ပိုနေအောင် ဒီလတော့ ပသပြီးနေပြီ မဟုတ်လား။

ဒီရွာမှာ အနေကြာလာတော့ ကျွန်တော်လည်း ဒီရွာက ဓလေ့စရိုက်တွေ ကြားထဲမှာ ရေ ပျော်ပျော် ငါးပျော်ပျော် နေတတ်ပါပြီ။ ကျွန်တော့်အဖို့ လခထုတ်ဖို့ အစည်းအဝေး တက်ဖို့ မြို့ကိုသွားရတဲ့အခါလောက်ပဲ သူတို့နဲ့ ကင်းကွာမှု ရှိပါတော့တယ်။ မြို့သွားရတာက အသွားအပြန်ဆိုရင် ၇ ရက် ကြာပါတယ်။

တနေ့ ရွာကထွက်သွားရတာ ၇ရက် အကြာ ကျွန်တော် ပဒုံပရိုင်ကို ပြန်ရောက်ပါပြီ။ ရောက်တယ်ဆိုရင်ပဲ ကျောင်းကို စောလည်းမစော၊ နောက်လည်းမကျဘဲ ကျွန်တော် ကျောင်းတက်လာခဲ့ပါတယ်။ ကျောင်းတက်လာ တယ်ဆိုတော့ ကျွန်တော့်ကျောင်းရဲ့ ကျောင်း တက်ချိန် သတ်မှတ်ထားရပုံကို နည်းနည်းပြော ပါဦးမယ်။ ကျောင်းသားတွေ နေကြတာက ကျောင်းနဲ့အဝေးကြီးပါ။ တချို့များ ကျောင်းနဲ့ ကီလိုမီတာ အများကြီး ဝေးပါတယ်။ ပြီးတော့ အချိန်နာရီနဲ့ ပါတ်သက်လို့လဲ ကျွန်တော့်မှာ ပြဿနာရှိပါတယ်။ ကျွန်တော်က ကျောင်းကို စောစောရောက်ရင် ကျောင်းသားက နောက်ကျတယ်။ ကျောင်းသားက စောစောရောက်ရင် ကျွန်တော်က နောက်ကျတယ်။

ဒီအရပ်မှာ အချိန်စကားပြောရတာကလည်း နေအလင်းရောင်နဲ့ စကားပြောရတာပါ။ မိုးတွေအုံ့နေတဲ့နေ့ဆိုရင် မနက် ၉-နာရီ ၁ဝ- နာရီထိ ကျောင်းသားက တယောက်မှ ကျောင်း မလာသေးဘူး။ အဲ….. နေသာတဲ့နေ့ဆိုရင် ကြက် ဦးတွန်မှာ ရောက်လာတဲ့ ကျောင်းသားက ရောက်လာပြီ။ အဲဒီတော့ ကျွန်တော်က အဖြေရှာတယ်။ ကျောင်းမှာ ကျောင်းသားအစုံ ရောက်တယ်။ ကျွန်တော်ရောက်တယ်ဆိုရင် ကျောင်းတက်တာပဲ၊ အဲဒါ ကျောင်းစချိန်ပဲ၊ အဲဒီအချိန်က စပြီး သင်လိုက်ကြတာ၊ ဗိုက်ထဲက တဂျုတ်ဂျုတ်မြည်ပြီး ကျွမ်းသူပုန်ထကြတော့ ထမင်းစားရအောင် နေ့ကျောင်းဆင်းလိုက်ရော။ ဒီလိုလုပ်ရတာ တခြားကြောင့်တော့ မဟုတ်ဘူး။ ကျွန်တော် “ရွှေ” လက်ပတ် နာရီက ဘာမဆို သူ့သဘော၊ စက်က သွားချင် တဲ့အခါ သွားနေမယ်။ ရပ်ချင်တဲ့အခါ ရပ်နေမယ်။ ကြားနေတဲ့ ကောလာဟလ အတိုင်း ကျွန်တော့် လခတိုးမယ်ဆိုတာ မှန်ခဲ့ရင် ကျွန်တော် နာရီသစ်ဝယ်မယ်လေ။

ကနေ့တော့ ဘယ်လိုဖြစ်တယ် မသိဘူး။ ကျောင်းထဲမှာရော၊ ကျောင်းအနီးအပါးမှာရော ကျောင်းသားတယောက်မှ မြင်ရတယ် မရှိ။ ဒါကြောင့် ကျောင်းခေါင်းလောင်းအဖြစ် သုံးနေတဲ့ တူးရွင်ပြား သံချေးတက်ကြီးကို သံချောင်းနဲ့ အကြိမ်ကြိမ်ခေါက်ပြီး တောင်ကြားတရိုးလုံး ကြားအောင် အသံပေးပေမယ့် လက်သာနာ လာတယ်၊ ကလေးတွေကတော့ တကောင်တ မြီးမှ ပေါ်မလာဘူး။

“ဆရာကြီး အဲဒါကြီးဘာလို့ တီးနေတာလဲ” လို့ မေးသံကြားလို့ လှည့်ကြည့်လိုက်တော့ အိုက်ဒွါးခမျာ တူရွင်းပြားကြီးတွေ စိုက်စီထားတာနဲ့တူတဲ့ သူ့သွားကြီးတွေ အကုန်ပေါ်အောင် ပါးစပ်ကြီးဖြဲပြီး ပြုံးလို့။

“ဟ…… ဘာလို့မတီး ရမှာလဲ၊ ငါ ရောက်နေပြီလေ၊ ကျောင်းသားတွေတယောက် မှ မလာသေးလို့”

“သူကြီးက ကျောင်းတပတ်လုံး ပိတ်ထားတယ်လို့ ပြောတယ်ဗျ” လို့ ပြောပြီး ထုံးစအ တိုင်း ဝမ်းသာတဲ့အခါ ရယ်တဲ့ သူ့အသံကြီးနဲ့ ရယ်ပါတယ်။

“ဘာပြုလို့လဲကွ”

“မနေ့က ကျောင်းသားတွေအားလုံး လာကြသဗျ၊ ဆရာမရှိတော့ ခြေကုန်လက်ပမ်း ကျတဲ့အထိ ဆော့နေကြသဗျ”

“ဟ…. ဒါပေမယ့် ငါက ၇-ရက်နေ့မှ ကျောင်းပြန်တက်လှည့်ကြလို့ မှာခဲ့တာပဲကွ”

“ဒါတော့ ကျုပ်လဲဘယ်သိမလဲ” သူကြီးက ဒီလမ်းကို သမင်ပစ်ထွက်ရင်း ကျောင်းကို တွေ့သွားတော့ ဆရာမရှိရင် ကျောင်း ၇-ရက် ပိတ်ထားဆိုပြီး အမိန့်ပေးသွားတာတဲ့

“ကောင်းကွာ”

“ဆရာကြီးက မကြိုက်ဖူးလား၊ စီးကရက်တလိပ် ပေးပါဦး”

ကျွန်တော်မြို့မှာ အစည်းအဝေးတက်ခဲ့တုန်းက ဝယ်သောက်ခဲ့တဲ့ စီးကရက်တလိပ် တည်းကျန်နေတာကို ရှာဖွေပြီး အိုက်ဒွါးကို ပေးရပါတယ်။ အိုက်ဒွါးက မီးညှိပြီး အားရပါးရ ရှိုက် ရင်း စိတ်ပါလက်ပါကြီး ပြုံးနေပါတယ်။ ပြီးမှ

“လာဆရာရယ်။ ကျွန်တော်တို့ ပျော်ချေရအောင်” တဲ့။

“ဘယ်ကိုလဲကွ”

အီဝမ်ဆီပေါ့။ သောက်ရင်းစားရင်းလေ။

အိုက်ဒွါးက ကျွန်တော့်လက်ကိုဆွဲပြီး ကျောင်းနဲ့ဝေးရာကို ခေါ်သွားပါပြီ။ အစိုးရလခ ရိက္ခာကို စားရင်း ရက်တပတ် ပျော်ပျော်ပါးပါး နေလိုက်ရဦးမှာပေါ့လေ။

တောကျောင်းဆရာရဲ့ သုခအဖုံဖုံထဲက ဒါကတော့ တစိတ်တဒေသပေါ့ခင်ဗျား။

လူထုဒေါ်အမာ

{ထိုင်းစာရေးဆရာ နိုမိဘူမိသာဝုန် ရေးသားတဲ့ တောကျောင်းဆရာရဲ့သုခ ၀တ္ထုတိုကို ချမ်းနော့စာရိတ္တနင် က အင်္ဂလိပ်လိုဘာသာပြန်ပါတယ်။}

(ကြီးပွါးရေးစာအုပ်တိုက်က ထုတ်တဲ့ လူထုဒေါ်အမာ ရဲ့ “ထိုင်းဝတ္ထုတိုများ ၁” စာအုပ်က ကူးယူဖော်ပြ ပါတယ်၊)