ဂန္ဓီ သို့မဟုတ် အလင်းရှင် (အိုးဝေမျိုး)

Posted on Posted in သမိုင်းရေစီး
Gandhi Ji
မဟတ္တမ ဂန္ဓီ (၁၈၆၉-၁၉၄၈)

 မင်္ဂလာပါ ရှုခင်းသစ် မိတ်ဆွေများ ခင်ဗျာ ဒီနေ့ဟာ မဟတ္တမ ဂန္ဓီ ရဲ့ ၁၄၅ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ ဒီကနေ့တင်ပြပေးချင်တဲ့အကြောင်းအရာကတော့ “အဟိ`ံ ဿ      ဝါဒီ” လို့ ကမ္ဘာကသိတဲ့ မဟတ္တမ ဂန္ဓီ ရဲ့အကြောင်းပဲ ဖြစ်ပါတယ်။ ဂန္ဓီ ဟာ အိန္ဒိယ နိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်း မှုသမိုင်းမှာ အထင်ကရ ပုဂ္ဂိုလ်ကြီး တဦးဖြစ်ခဲ့သလို အကြမ်းမဖက် နှလုံးရည် တိုက်ပွဲ နဲ့ ကမ္ဘာငြိမ်းချမ်းရေး လမ်းစဉ်ကို ရှေ့ဆောင် လမ်းပြ သူ တဦးလည်း ဖြစ်ပါတယ်။
မိုဟန်ဒတ် ကရန်ချန် ဂန္ဓီကို ခရစ်သက္ကရာဇ် ၁၈၆၉ ခုနှစ်မှာ အိန္ဒိယ နိုင်ငံ အနောက်ပိုင်း ကားတိအာဝါး ကျွန်းဆွယ်၊ ပေါ်ဗန်ဒါ မြို့မှာ ဖွားမြင်ခဲ့ပါတယ်။ အဖိုးနဲ့ ဖခင်တို့ဟာ နယ်စားပယ်စားတွေဖြစ်ခဲ့ကြပြီး အမေဟာ ဘာသာရေး အလွန် ကိုင်းရှိုင်း သူဖြစ်ပါတယ်။ ငယ်စဉ်က ဂျာရကုတ် နဲ့ ဘနဂါး မြို့တွေမှာ အထက်တန်းကျောင်း အောင်မြင်ခဲ့ပြီး ၁၈ နှစ်အရွယ်မှာ တက္ကသိုလ် ဝင်တန်း အောင်မြင်ခဲ့ပါတယ်။ မျိုးရိုး အစဉ်အလာအရ အသက်(၁၃)နှစ် အရွယ်ကတည်းက သက်တူရွယ်တူ မိန်းကလေး ကက်စတာ ဘိုင် ဆိုတဲ့ သတို့သမီး နဲ့လက်ဆက်ခဲ့ပြီး လန်ဒန်မြို့ကို ဝတ်လုံ၊ ရှေ့နေ အတတ်ပညာ သင်ယူဖို့ သွားရောက်ချိန်မှာ ကလေးအဖေ တယောက်ဖြစ်နေပါပြီ၊ အင်္ဂလန်မှာ (၃) နှစ်နေထိုင် ပညာသင်ကြားပြီးတဲ့နောက် ရှေ့နေဘွဲ့နဲ့ အိန္ဒိယကို ပြန်လာပြီး ၂ နှစ်လောက် ရှေ့နေလုပ်ခဲ့ပါတယ်။

ကုန်သည် တယောက်က သူ့ကို ရှေ့နေ အဖြစ် တောင်အာဖရိကမှာ လိုက်ပါ ဆောင်ရွက်ဖို့ ငှားရန်းတဲ့အတွက် ၁၈၉၃ ခုနှစ်မှာ တောင်အာဖရိကကို ရောက်ရှိသွားပါတော့တယ်။ တောင်အာဖရိက မှာ ဒေသခံတွေ ဖြစ်နေကြတဲ့ အိန္ဒိယ အမျိုးသားတွေ နိုင်ငံသား အခွင့်အရေး၊ လူ့အခွင့်အရေး မပြည့်ဝမှုတွေ ကိုတွေ့လာရာက စပြီး နာတဲ ပြည်နယ် အခြေစိုက် နာတဲ – အိန္ဒိယ ကွန်ဂရက်ကို စတင်ဖွဲ့စည်းပြီး တိုက်ပွဲဝင်ခဲ့ပါတယ်။
တောင်အာဖရိက တိုက်မှာ အိန္ဒိယ တိုင်းရင်းသားတွေ နိုင်ငံရေး နိုးကြားလာစေဖို့ကိုယ်တိုင် ဦးဆောင်ပြီး ၁၇ နှစ်အကြာ တိုက်ပွဲဝင်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေကို သစ္စဂြဟ လို့အမည်ပေးထားပြီး သစ္စာဂြဟ ရဲ့ နည်းပရိယာယ်မှာ အကြမ်းမဖက် နှလုံးရည် သက်သက်နဲ့ အာဏာဖီဆန် တော်လှန်တဲ့ နည်းဗျူဟာ ဖြစ်ပါတယ်။ ဒီလိုနည်းပရိယာယ်ကို  အဟိ`ံ ဿ      ဝါဒ အဖြစ် ကမ္ဘာမှာ ကျော်ကြားခဲ့ပါတယ်။ အဟိ`ံ ဿ      ဆိုတဲ့ အဓိပ္ပါယ်ကတော့ ပါဏာတိပါတာ ကံကိုရှောင်ကျဉ်ခြင်းဖြစ်ပါတယ်။

“သူများမျက်လုံးကန်းအောင်လုပ်လို့ သူ့မျက်လုံးကို ပြန်ပြီးဖေါက်ရမယ် ဆိုယင် ကမ္ဘာကြီးဟာ အကန်းတွေချည်း နေထိုင်တဲ့ လောကကြီးသာဖြစ်လိမ့်မယ်။”

မဟတ္တမ ဂန္ဓီ(၁၈၆၉-၁၉၄၈)

ဂန္ဒီဟာ ကိုယ်နှုတ်နှလုံး သုံးပါးနဲ့ အကြမ်းမဖက်ခြင်း မူဝါဒကို သူ့ရဲ့ နိုင်ငံရေး လက်သုံးအဖြစ် ဆုပ်ကိုင်၊ ပြဌာန်းခဲ့ပြီး နိုင်ငံရေး ဖိနှိပ်ချုပ်ခြယ်မှုများကိုလည်း အကြမ်းမဖက်တဲ့ နည်းလမ်းကို စွဲကိုင်ဆန့်ကျင်ခဲ့ပါတယ်။
၁၉၀၄ ခုနှစ်မှာ အိန္ဒိယအမြင် (Indian Opinion) အမည်ရှိ အပါတ်စဉ်သတင်းလွှာကို တောင်အာဖရိက မှာ ထုတ်ဝေခဲ့ပြီး တောင်အာဖရိက နိုင်ငံရှိ အိန္ဒိယ တိုင်းရင်းသားများအကြား နိုင်ငံရေး နိုးကြားလာစေရန် ဆောင်ရွက်ခဲ့ပါတယ်။
ဂန္ဒီက “ကမ္ဘာလောကကြီးကို ကျနော်က ဘာမှသင်ပြပေးစရာမလိုပါဘူး အမှန်တရား နဲ့ အကြမ်းမဖက်ဝါဒ ဆိုတာ တောင်ကုန်း၊ တောင်တန်းတွေလို နဂိုကတည်းက တည်ရှိပြီးသား၊ တည်တံ့ပြီးသားပါ” လို့ပြောဆိုခဲ့ပါတယ်။

ဂန္ဒီဟာ ရှရှား စာရေးဆရာကြီး လီယိုတော်လ်စတွိုင်းကို အလွန်ကြည်ညိုပြီး ခြိုးခြံချွေတာမှုကို အတုယူပြီး တောင်အာဖရိကတိုက် ဒါဗန်မြို့မှာ ဖီးနစ် အမည်ရှိ ဓမ္မသာလယံ ကျောင်းနဲ့ ဂျိုဟမ်နက်စဘတ် အနီးမှာ တော်စတွိုင် ယာတော ဓမ္မသာလယံ ကျောင်းတို့ကိုတည်ထောင်ခဲ့ပါတယ်။ တကယ်တော့ ဒီကျောင်းတွေကို တည်ထောင်ရခြင်းရည်ရွယ်ချက်က တော့ သစ္စာဂြဟ တိုက်ပွဲကိုဖေါ်ဆောင်ရာမှာ ခြိုးခြံမှု၊စည်းကမ်းကြီးမှု၊ ကြောက်ရွံ့ခြင်းကင်းမှု အစရှိတာတွေကို ပြုစုပျိုးထောင်ပေး ပြီး အခြေခံ စာရိတ္တဗလ တွေ ရှိလာဖို့ဖြစ်ပါတယ်။
ဘုရားဟာ သစ္စာတရား ဖြစ်သလို ၊သစ္စာ တရားဆိုတာလည်း ဘုရားပါပဲ ၊ ကမ္ဘာကြီးပေါ်မှာ သစ္စာ ဆိုတဲ့ အမှန်တရား နဲ့ အကြမ်းမဖက်ရေး ဝါဒကိုပဲ ဖြစ်စေဖို့ ကျနော် အတောင့်တ ဆုံးဖြစ်ပါတယ်လို့ ဂန္ဒီက ပြောခဲ့ပါတယ်။
အဟိ`ံ ဿ      တရားနဲ့ မေတ္တတရားတို့ဟာ ကမ္ဘာအရပ်ရပ် နယ်နိမိတ် အတားအဆီးတွေကို လွန်မြောက်ပြီး ပျံ့နှံ့လွှမ်းမိုးနိုင်စွမ်း ရှိတယ်လို့ ဂန္ဒီ က ယုံကြည်ထားပါတယ်။
ဗုဒ္ဓတရားတော်အတိုင်း ကမ္ဘာပေါ်မှာ ရန်ကိုရန်ခြင်းတုန့်ပြန်ခြင်း အားဖြင့် ငြိမ်းချမ်းရေး မရနိုင်၊ ရန်မီး ကို မေတ္တာ နဲ့သာအောင်မြင်နိုင်တယ်။ လူတွေရဲ့ဒေါသ တရားကို မေတ္တာ နဲ့ အောင်နိုင်ပါစေ၊ မကောင်းမှု အကုသိုလ်ကို ၊ ကောင်းမှု ကုသိုလ်နဲ့ အောင်နိုင်ပါစေလို့ ဂန္ဒီ ကတိုက်တွန်းခဲ့ပါတယ်။
ဒါကတော့ ကြီးမြတ်တဲ့ အိန္ဒိယ အမျိုးသားခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီ ရဲ့ လောကအမြင်ဖြစ်ပါတယ်။
ဒါ့အပြင် ဂန္ဒီရဲ့ သြဝါဒ အဆိုအမိန့်တွေထဲမှာ
သူများမျက်လုံးကန်းအောင်လုပ်လို့ သူ့မျက်လုံးကို ပြန်ပြီဖေါက်ရမယ် ဆိုယင် ကမ္ဘာကြီးဟာ အကန်းတွေချည်း နေထိုင်တဲ့ လောကကြီးသာဖြစ်လိမ့်မယ်လို့ ဆိုပါသေးတယ်။
၁၉၁၅ ခုနှစ်မှာ အိန္ဒိယ နိုင်ငံကို ပြန်လည်ရောက်ရှိတဲ့အခါမှာ နိုင်ငံရဲ့ ဂုဏ်ဆောင် စာဆိုတော်ကြီး ဖြစ်တဲ့ ရာဘင်ဒြာနသ် တဂိုး က “မဟတ္တမ” ကြီးမြတ်တဲ့စိတ်ဓါတ်ပိုင်ရှင် အဖြစ်ဂုဏ်ပြုခေါ်ဆိုခဲ့ပါတယ်။

ထင်ရှားတဲ့ အဖြစ်အပျက်ကလေးတခုက ဂန္ဓီ ရဲ့ စိတ်နေသဘောထားကို တွေ့ရပါတယ်။ တခါတုန်းက ဘူတာရုံတခုမှာ ဂန္ဓီ ရထားစောင့်နေပါတယ်။ အဲဒီအချိန်မှာ ရထားလာတော့ကမန်းကတန်း ရထားပေါ်အတက်မှာ သူ့ဖိနပ်တဖက်ဟာ ဘူတာပလက်ဖေါင်းနဲ့ တိုက်ပြီး ကျွတ်ကျံရစ်ပါတယ်။ သူလည်း ရထားပေါ်ကို အသအချာရောက်တဲ့ အချိန်မှာပဲ ကျန်တဲ့ သူ့ဖိနပ်တဖက်ကို အမြန်ချွတ်ပြီး စောစောက ကျကျံရစ် ခဲ့တဲ့ ဖိနပ်တဖက်ရှိရာကို မှန်းပြီး ပစ်လိုက်ပါတယ်။
ဘေးကလူတယောက်က ဂန္ဓီကြီး ဘာလုပ်တာလဲ လို့မေးတော့ … ဒီတဖက်က ကျူပ်အတွက် အသုံးမဝင်ဘူး၊ ဟိုကျကျံရစ်တဲ့ ဖိန်ကလည်း တဖက်တည်းဆိုယင် ရတဲ့သူအတွက် အသုံးမဝင်ဘူး ၊ ဒီတော့ ကောက်ရတဲ့သူ တစုံလုံးစီးလို့ရအောင် ကျူပ်ပစ်လိုက်တာပါလို့ ပြန်ပြောလိုက်တယ် လို့ မှတ်သားဖူးပါတယ်။

အင်္ဂလိပ်အစိုးရ ကိုဖယ်ကျဉ်ဆက်ဆံရေး နည်းပရိယာယ်ကို တနိုင်ငံလုံး ပျံ့နှံ့အောင် လှုံ့ဆော်ခဲ့ပြီး သူ့ကို မဟတ္တမ ဂန္ဒီ လို့ တိုင်းပြည်က ခေါ်ဝေါ် ချီးကျူးခဲ့ပါတယ်။ ၁၉၂၄ ခုနှစ်မှာတော့ ဗြိတိသျှ ဆန့်ကျင်ရေး အရေးအခင်း ဖြစ်ပွားခဲ့ပြီး အင်္ဂလိပ်အစိုးရက ဖမ်းဆီးပြီး ထောင်ဒဏ် (၇) နှစ်ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူလူထုက မခံနိုင်တဲ့အတွက် လှုပ်ရှားမှုတွေ ပြုလုပ်လာတာကြောင့် (၆) အကြာမှာပဲ ပြန်လည် လွတ်မြောက် လာခဲ့ပါတယ်။

၁၉၂၉ ခုနှစ်မှာမြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီး နိုင်ငံ အနှံ့မြို့တွေမှာ လိုက်လံ တရားဟောခဲ့ပါတယ်။ ရန်ကုန်၊မော်လမြိုင်၊ မန္တလေး၊ ပျဉ်းမနား ၊ပျော်ဘွယ် ၊ပေါင်းတည် မြို့တွေကို ရက်သတ္တ ၂ ပါတ်အတွင်းလှည့်လည် ရောက်ရှိခဲ့ ပြီး မြန်မာတွေ ကလည်း ရံပုံငွေများစုပေါင်းထည့်ဝင်ခဲ့ကြပါတယ်။
ဂန္ဒီ ကြီးဟာ ၁၉၃၀ ပြည့်နှစ်မှာ ဆားခွန်ဥပဒေ အကြောင်းပြပြီး ထောင်ချခံရပါတယ်။ ထောင်ကလွတ်ပြီး အင်္ဂလန်ကိုသွားရောက်ခဲ့ပြီး အိန္ဒိယ ပြည် လွတ်လပ်ရေး အတွက် မျက်နှာစုံညီအစည်းအဝေးမှာ တောင်းဆိုခဲ့ပါတယ်။ ပြန်လာတဲ့အခါမှာ ဘုရင်ခံ နဲ့ စေ့စပ်ရေး ပျက်ပြားပြီး ထောင်ချခံရပြန်ပါတယ်။ ထောင်ထဲမှာ ဆန္ဒပြတဲ့ အတွက် ပြန်လည်လွတ်မြောက်လာခဲ့ပြီး အခါ ဇတ်နိမ့်သူများ အရေးဆောင်ရွက်တဲ့အတွက် ထပ်မံ ပြီး ထောင်ကျခဲ့ပါတယ်။
၁၉၃၄ ခုနှစ်မှာ ပြည်နယ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ အိန္ဒိယပြည် အုပ်ချုပ်ရေး အသစ်ပေါ်လာတဲ့အခါ ဂန္ဓီ ဟာ ကွန်ဂရက်ကို ခေါင်းဆောင် နေရာက အနားယူပြီး ကျေးလက်တောရွာ ကိုပြန်၊ ကျေးလက်ပြုပြင်ရေး လုပ်ငန်းတွေကို လုပ်ကိုင်နေခဲ့ပါတယ်။
အင်္ဂလိပ်အစိုးရ နဲ့ တင်းမာမှုတွေဟာ ဆက်တိုက်ဖြစ်လာခဲ့ပြီး ၁၉၄၂ ခုနှစ်မှာတော့ အိန္ဒိယ ရဲ့အချုပ်အချာ လွတ်လပ်ရေး တောင်းဆိုမှုကို အင်္ဂလိပ်အစိုးရက အသိအမှတ်မပြုရုံတင်မကပဲ ဂန္ဓီ နဲ့ ကွန်ဂရက်ပါတီ ခေါင်းဆောင်တွေကို ဖမ်းဆီးပါတော့တယ်။ အိန္ဒိယ နဲ့ မူဆလင် အများစုနေတဲ့ ပါကစ္စတန် ခွဲထွက်ရေးကို ဂန္ဓီက သဘောမကျပေမယ့် မူဆလင် အဖွဲ့ချုပ်က အင်္ဂလိပ်နဲ့ ပေါင်းပြီး ဂန္ဓီရဲ့ ပေါင်းစည်းရေးကိုဆန့်ကျင်ခဲ့ပါတယ်။
အဲဒီကာလတွေမှာ အန္ဒိယ နဲ့ ပါကစ္စတန် တွဲရေး၊ခွဲရေး ကိစ္စတွေ အတွေက် ဟိန္ဒူ နဲ့ မူဆလင်အကြား အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။
အဓိကရုဏ်းကို ပြေငြိမ်းစေဖို့ ဂန္ဓီဟာအစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်၊ နောက်ဆုံး ၁၇၁ နာရီ နဲ့ ၄၅ မိနစ်မှာ နှစ်ဖက်ခေါင်းဆောင်တွေ အဓိကရုဏ်း ရပ်စဲမယ်ဆိုတဲ့ ရဲ့ ကတိကြောင့်အစာပြန်စားခဲ့ပါတယ်။

“ခွန်အားသတ္တိ ဆိုတာ ကိုယ်ကာယစွမ်းရည် မဟုတ်ပဲ ဖိနှိပ်ချုပ်ချယ်လို့ မရတဲ့ စိတ်ဆန္ဒ ကပေါက်ဖွားလာတာဖြစ်တယ်။ “
မဟတ္တမ ဂန္ဓီ(၁၈၆၉-၁၉၄၈)

မဟတ္တမဂန္ဓီ မကွယ်လွန်မီက အမေရိကန် အမျိုးသား တစ်ဦးက ဂန္ဒီကို အားကျပြီး ဟိန္ဒူဘာသာဝင် ဖြစ်လိုကြောင်း ဂန္ဓီထံ အကြောင်းကြားဖူးပါတယ်၊ အဲဒီအခါ မဟတ္တမဂန္ဓီက သူရဲ့ ပြန်ကြားစာမှာ ဘာသာတရား ယုံကြည်ကိုးကွယ်မှု နှင့် ပတ်သက်ပြီး ၎င်း၏ အယူအဆကိုဒီလို ပြန်ရေးလိုက်ပါတယ်။
“ကျွန်ုပ် – လူတစ်ဦးတစ်ယောက်ကို ဟိန္ဒူဘာသာထဲ ဝင်ပါလား၊ ခရစ်ယာန်ဘာသာထဲ ဝင်ပါလားလို့ မတိုက်တွန်းဘူး။ မိမိ ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားကိုသာ ယုံကြည်ကိုးကွယ်ပြီး မိမိ ဘာသာတရားထဲက ညွှန်ကြားပြောပြတာတွေကို လိုက်နာကျင့်သုံးပါ လို့ပဲ ပြောချင်တယ်။ ခရစ်ယာန်ဘာသာဝင် တစ်ယောက် ဖြစ်ရင် ခရစ်ယာန်ကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစားစေချင်တယ်။ ဟိန္ဒူဘာသာဝင် တစ်ယောက် ဖြစ်ရင် ဟိန္ဒူဘာသာဝင်ကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစားစေချင်တယ်။ အစ္စလာမ်ဘာသာဝင် ဖြစ်တယ် ဆိုရင်လည်း အစ္စလာမ် ဘာသာဝင်ကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစားစေချင်တယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်တယ် ဆိုရင်လည်း ဗုဒ္ဓဘာသာဝင်ကောင်း ဖြစ်အောင် ကြိုးစားရမှာပဲ။  လို့ရေးလိုက်ပါတယ်။

၁၉၄၇ ခုနှစ်မှာတော့ အင်္ဂလိပ်အစိုးရ ဟာ တိုင်းပြည်ကို ခွဲထုတ်ပြီး ပါကစ္စတန် နဲ့ အိန္ဒိယ ကိုလွတ်လပ်ရေးပေးခဲ့ပါတယ်။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ မြေးမလေး နဲ့ အတူ ဂန္ဓီ ကြီး ဘုရားဝတ်ပြုချိန် အိမ်အပြန် လမ်းမှာ ဟိန္ဒူ အစွန်းရောက် မဟာဆာဘ ဂိုဏ်း နဲ့ ဆက်နွယ်နေတဲ့  နက်သူရန် ဂတ်ဆေး ဆိုသူ ဟိန္ဒူလူငယ် တဦးက ၉မီလီမီတာ ပစ္စတို နဲ့ ၃ ချက် ပစ်ခတ်ခဲ့ပြီး နာရီဝက်ခန့်အကြာမှာ ဂန္ဓီကြီး ကွယ်လွန်ခဲ့ရပါတယ်။ မဟာဆာဘ ဟိန္ဒူအစွန်းရောက် အဖွဲ့က ဂန္ဓီဟာ မူဆလင်တွေကို အရေးပေးတယ်၊ အကြမ်းမဖက်ဝါဒ ကိုကျင့်သုံးတယ် ဆိုပြီး အခုလိုလုပ်ကြံကြတာပါ။
ကမ္ဘာအရပ်ရပ်ကပြည်သူတွေ နဲ့ အိန္ဒိယပြည်သူတွေက အလွန်ပဲ ဝမ်းနည်းကြေကွဲပြီး ဂန္ဓီ ရဲ့ဈာပနကို နိုင်ငံတော် ဈာပနအဖြစ် အကြီးအကျယ်ကျင်းပပါတယ်။
ဝန်ကြီးချုပ် နေရူးက…
“ကျုပ်တို့ ဘဝမှာ အလင်းရောင်းပျောက်ကွယ်သွားပါပြီ။ နေရာတကာ မှာ အမှောင်ဖုံးလွှမ်းသွားပါပြီ၊ ဘယ်လိုပြောပြရမယ်ဆိုတာတောင် မသိတော့ပါဘူး ကျုပ်တို့ သူ့ကိုခေါ်သလို ဘာဘူကြီး၊ ကျုပ်တို့ရဲ့ချစ်မြတ်နိုးလှစွာသောခေါင်းဆောင်ကြီး၊ကျုပ်တို့ရဲ့ အမျိုးသားဖခင်ကြီး အခုအခါမှာ မရှိတော့ပါ။ အလင်းရောင်ပျောက်ကွယ်သွားပြီလို့ ကျုပ်ပြောခဲ့ပါတယ်။ သို့ပေမယ့် ကျုပ်ပြောတာ မှားပါတယ်၊ ဒီနိုင်ငံမှာ တောက်ပထွန်းလင်းခဲ့တဲ့ အလင်းရောင်ဟာ ရိုးရိုး အလင်းရောင်မဟုတ်ပါဘူး၊ ဒီနိုင်ငံကို နှစ်ပေါင်းများစွာထွန်းလင်းတောက်ပ စေခဲ့တဲ့ အလင်းရောင်ဟာနှောင်နှစ်ပေါင်းများစွာ ထွန်းလင်းတောက်ပနေဦးမှာ ဖြစ်ပါတယ်။ နှစ်ထောင်ပေါင်းများစွာ ဒီအလင်းရောင်ကို ဒီနိုင်ငံမှာ မြင့်တွေ့နေရဦးမှာ ဖြစ်ပါတယ်။ နှစ်ထောင်ပေါင်းများစွာ ဒီအလင်းရောင်ကို မြင်တွေ့နေရဦးမှာ ဖြစ်ပါတယ်။ ကမ္ဘာသူ ကမ္ဘာသားတွေကလည်း ဒီအလင်းရောင်ကိုတွေ့မြင်နေပါလိမ့်မယ်၊ မရေတွက်နိုင်ငံတဲ့ နှလုံးသားများကို အလင်းရောင်က ထွန်းတောက်ပေးနေမှာ ဖြစ်ပါတယ်။ ရှင်သန်လျှက်ရှိနေတဲ့ သစ္စာ တရားကို ကိုယ်စားပြုနေတဲ့ ထိုအလင်းရောင်ချည် အတွက် ကျုပ်တို့နဲ့ ထာဝရ အတူရှိနေမယ့် ပုဂ္ဂိုလ်မြတ်ဟာ ကျုပ်တို့အားလုံးကို မှန်ကန် တည့်မတ်တဲ့ လမ်းစဉ်ဟာ ဘာလဲလို့ဆိုတာကို သတိရစေမှာပါ။ ကျုပ်တို့တတွေကို အမှားက ဆွဲထုတ်ခဲ့ပြီး ရှေးဟောင်း အိန္ဒိယ နိုင်ငံတော်ကို လွတ်လပ်ရေး ရယူပေးခဲ့တယ် ဆိုတာကို အမြဲသတိရနေမှာပါ…..။” လို့ တိုင်းပြည်ကို မိန့်ခွန်းပြောခဲ့ပါတယ်။

နောက်တနေ့မှာတော့ ဂန္ဓီရဲ့ ရုပ်ကလပ် ကိုနေအိမ်မှ ယမုံနာ မြစ်ကမ်းကို ယူဆောင်သွားကြပြီး မီးသဂြိုလ် လိုက်ကြပါတယ်။ပြီးတော့ ဂန္ဓီ ရဲ့အရိုးပြာကို ယမုံနာ မြစ်ရေအလျှင်မှာ မျှောလိုက်ကြပါတော့တယ်။

အိုးဝေမျိုး

၂၊ အောက်တိုဘာ၊၂၀၁၄
ရှုခင်းသစ် ရေဒီယို ဆောင်းပါးကို ပြန်လည်တင်ဆက်ထားခြင်းဖြစ်ပါတယ်။
Ref: Wikipedia,Quote of Gandhi