ပီတိစား၍ အားရှိသူများ (သန္တာညို)

Posted on Posted in စာပေဆောင်းပါး, ပညာရှုခင်း, ပညာရေး
Thitsar
Thitsar

အာစရိယဂုဏော အနန္တော… ဆိုတဲ့ အတိုင်း ဆရာသမားတွေဟာ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်တွေဖြစ်ကြပါတယ်။ ဆရာသမားတွေရဲ့ ဂုဏ်ကျေးဇူး ဟာ အင်မတန်မှ ကြီးမားလှတဲ့ အကြောင်းကို

“ရှေးရှုမေတ္တာ၊ ကရုဏာနှင့်
နာနာကျင်ကျင်၊ အပြစ်မြစ်တိုင်း
ဝမ်းတွင်းမသို၊ ဟုတ်တိုင်းဆိုသူ
ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ
ဆရာဟူ၏”

ဆိုပြီးကျေးဇူးတော်ရှင်မန်လည်ဆရာတော်ဘုရားကြီးကမြတ်ဆရာတို့ရဲ့ ဂုဏ်အင်္ဂါကို ဖွဲ့ ဆိုရေးစပ် တော်မူခဲ့ပါတယ်။

“အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာ အပ်ပို့၊ ဆရာတို့၊ကျင့်ဖို့ဝတ်ငါး ဖြာ” ဆိုတဲ့ ဆရာ့ကျင့်ဝတ်များနှင့်အညီ သင်ကြား၊ လေ့ကျင့် ၊ ပြုစုပျိုးထောင် ပြီး သွန်သင် ဆုံးမပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမတို့ ကျေးဇူးတွေဟာ ကျမအတွက်တော့ ဆပ်လို့မကုန်နိုင် ၊တန်းဖိုး မဖြတ်နိုင်တဲ့ အရာတွေပါဘဲရှင်။

“ကရင်စစ်တပ်က ၀င်လိုက်၊ ဗမာစစ်တပ်က ၀င်လိုက်နဲ့ ရွာသားတွေရဲ့ အခြေချ နေထိုင်မှုကလည်း မတည်ငြိမ်ခဲ့ပါဘူး။ ကျွန်မတို့ရွာစာသင်ကျောင်းလေးဟာလည်း  ဆရာရယ်လို့ မမြဲပဲ….”

ကျွန်မငယ်စဉ်ဘ၀ ကျေးလက်မှာ နေထိုင်ခဲ့တဲ့ မူလတန်းအရွယ်တုန်းက ကြုံဆုံခဲ့ရတဲ့ ဆရာသမားတွေရဲ့ စိတ်ဓါတ်ကြီးမြတ်မှုတွေ၊ ဆရာ့ဂုဏ်နဲ့ ညီညွတ်မှုတွေ ကို ပြန်စဉ်းစားကြည့်မိတဲ့ အခါတိုင်း ဆရာတွေကို လွမ်းတဲ့စိတ်နဲ့ တမ်းတမိ ခဲ့ရတာ အခု အချိန်ထိပါဘဲရှင်။ ကျွန်မတို့ ငယ်စဉ်ဘ၀နေထိုင်ခဲ့တဲ့ ရွာလေးဟာ အမဲရောင်နယ်မြေလို့ခေါ်ပြီး ကရင်စစ်တပ်က ၀င်လိုက်၊ ဗမာစစ်တပ်က ၀င်လိုက်နဲ့ ရွာသားတွေရဲ့ အခြေချ နေထိုင်မှုကလည်း မတည်ငြိမ်ခဲ့ပါဘူး။ ကျွန်မတို့ရွာစာသင်ကျောင်းလေးဟာလည်း  ဆရာရယ်လို့ မမြဲပဲ ခဏခဏပြောင်းသွားတတ်ကြပါတယ်။ ဒါပေမယ့် တရက်မှာတော့ ကျွန်မတို့ရွာက ကလေးတွေ အတွက် ကံကောင်းတဲ့အချိန်ကာလ တွေကို ပိုင်ဆိုင်ရတဲ့ နေ့ကို ရောက်ခဲ့ပါတယ်။
အဲဒါကတော့ ကျွန်မတို့ရွာလေးကို ရွှေကျင်က ဆရာမတစ်ယောက် တာဝန်နဲ့ ပြောင်းရွှေ့လာပါတယ်။ဆရာမကြီး နံမည်က ဒေါ်ခင်သိမ်းဝင်း တဲ့ ကျောင်းအုပ်ဆရာမကြီးလို့ပဲပြောရမှာပေါ့နော်။ ဘာဖြစ်လို့လည်း ဆိုတော့ ရွာကကျောင်းမှာ ဆရာမက သူတစ်ယောက်တည်း ရှိတာကိုး ကျောင်းအုပ်လည်းသူပဲ၊ စာသင်တော့လည်း သူပဲပေါ့။ ဆရာမကြီးကို ကူဖို့ ကျောင်းအကူလုပ်သားတစ်ယောက်ကို ရွာလူကြီးတွေက တာဝန်ချ ပေးထားပါတယ်။ ဆရာမကြီးက သူငယ်တန်းကနေ လေးတန်းအထိ တနေကုန် အောင် သူတစ်ယောက်ထဲ လှည့်ပါတ်ပြီး အာပေါက်မတတ် စာသင်ပေးရပါတယ်။ ကျောင်းသားတွေက လည်း အသက်နဲ့အတန်းနဲ့မလိုက်ဘဲ အရွယ်တွေက တော်တော်ကြီးကြတယ်။ ဆရာမကြီးကတော့အားလုံးကို ချစ်ပြီး ဂရုတစိုက်နဲ့ သင်ပေးရှာပါ တယ်။ ကျွန်မတို့ငယ်ငယ်က လေးတန်းကို အစိုးရစစ်နဲ့ မြို့ကို တက်ပြီး သွားဖြေရတယ်။ ဆရာမကြီးက လေးတန်းကျောင်းသား တွေကို တော်တော်ကြပ်မတ်ပြီးစာသင်ပါတယ်။
ကျွန်မတို့ ရွာလေးက မိုးချုပ်ပြီးဆို လျှပ်စစ်မီးမရှိတော့ ရေနံဆီမီးခွက်လေးတွေ မှိန်တုတ်တုတ် ကိုထွန်းပြီး စာကြည့်ကြရတယ်၊ ရွာလည်က လမ်းတွေမှာဆို လည်း မဲမှောင်နေတော့တာပါပဲ။ ပြည်တွင်းစစ် ဖြစ်နေတဲ့ အမဲရောင် နယ်မြေဖြစ်လေတော့ မကြာခဏဆိုသလို ရွာလူကြီးက ရွာသူ၊ရွာသားတွေကို သတိပေး စကားပြောတာတို့၊ အမိန့်ကြော်ငြာထုတ်တာတို့ လုပ်ရတယ်။ “စစ်တပ်နဲ့သူပုန်အခြေအနေတင်းမာနေတယ်…ညဖက် ရွာထဲမှာ ဘယ်သူမှ လက်နှိပ်ဓါတ်မီးထိုးပြီး လမ်းမလျှောက်ရဘူး” တဲ့။

“…..ဟေ့…. ကြုတ်ကြုတ် တို့ ကျော်ဦးတို့  …အိပ်ပြီလား စာမကျက်ဘူးလား…..” တဲ့ ။ တနေကုန် စာသင်ထားပေမယ့် သူ့ အသံက အောင်ပါတယ်။ သူကြီးကလည်း ရွာရဲ့ဆရာမကြီး ဆိုတော့ ညဖက် ဓါတ်မီး တဝင်းဝင်း လုပ်နေတာကို ဘာမှ မပြောရှာဘူး။

ရွာသားတွေကတော့ သူကြီးကို ကြောက်ပြီး ညဆိုလမ်းမထွက်ကြတော့ဘူး။ ဒါပေမယ့် ဆရာမကြီးကတော့ ဘာကိုမှမမှုဘူး သူ့လေးတန်းကျောင်းသားကြီးတွေ စာမေးပွဲနီးလာပြီဆိုတော့ စာမကျက်မှာစိုးလို့ ည မိုးချုပ်တာနဲ့ ရွာထဲမှာ ဓါတ်မီးတစ်လုံးထိုးပြီး စာမကျက်မှာစိုးလို့ ကျောင်းသားတွေကို အိမ်ပေါက်ဝ စေ့အောင် လိုက်ပတ်ကြည့်တော့တာပါဘဲ။ စာကျက်သံမကြားရဘူးဆိုရင် ကျောင်းသားနာမည်ကို ခေါ်ပြီး  “…..ဟေ့…. ကြုတ်ကြုတ် တို့ ကျော်ဦးတို့  …အိပ်ပြီလား စာမကျက်ဘူးလား…..” တဲ့ ။ တနေကုန် စာသင်ထားပေမယ့် သူ့ အသံက အောင်ပါတယ်။ သူကြီးကလည်း ရွာရဲ့ဆရာမကြီး ဆိုတော့ ညဖက် ဓါတ်မီး တဝင်းဝင်း လုပ်နေတာကို ဘာမှ မပြောရှာဘူး။ ကျမတို့ ရဲ့ ရွာက သူ့ကျောင်းသားကြီးတွေကတော့ ဆရာမကြီး လှည့်လာတော့မယ့် အချိန်လောက် ဆိုယင် စောင်ခြုံထဲ ရောက်နေပစေ ၊ စာကျက်သံ ပေးနေကြတော့တာပါပဲ။

တချို့တလေ ကျောင်းသားတွေက အခက်အခဲတွေ ပြောပြကြတယ်။ အိမ်မှာရေနံဆီကုန်နေလို့ စာမကျက်ရဘူးလို့ပြောရင် သူကအဲဒီကျောင်းသား ကို ဈေးဆိုင်ကို ခေါ်သွားပြီး သူ့ပိုက်ဆံနဲ့ ရေနံဆီဝယ်ပေးပြီးစာကျက်ခိုင်းတယ်။ အဲဒီ အလုပ်ကို ဆရာမကြီးက တညတည်းလုပ်တာမဟုတ်ဘူး။ စာသင်နှစ် တနှစ်လုံးသူလုပ်တယ်။ စာမေးပွဲ အလွန် နီးကပ်နေပြီဆိုရင် ကျောင်းသားတွေကို သူ့အိမ်မှာပဲ အိပ်ခိုင်းတော့တယ်။ အာရုဏ်ဦး ကြက်တွန်သံ ကြားတာနဲ့ သူ့ကျောင်းသားတွေကို ခေါ်နှိုးပြီး စာထကျက်ခိုင်းတော့တာပါပဲ။ အစိုးရစစ်စာမေးပွဲက သူနေတဲ့ ရွှေကျင်မြို့မှာ သွားဖြေရတယ်။ကျမတို့ ရွာလေးကနေ ၆ နာရီလောက်ကြာအောင် စက်လှေစီးရတဲ့ ခရီးပါ။ ဆရာမကြီးက ကျောင်းသားတွေကို သူ့အိမ်မှာပဲ အခမဲ့တည်းခိုခိုင်း၊ ပြီးတော့ သူကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးပြီး စာမေးပွဲဖြေခိုင်းတယ်။
သားသမီးအရင်းတွေ လို အောက်ခြေသိမ်း ပူပန် ပြီး တပည့်တွေ ပညာတတ်စေချင်လို့ ပင်ပန်းခံ နေတာကို မကြည့်ရက်တဲ့ ဆရာမကြီး အဖေက…

“ဟဲ့ ..ခင်သိမ်းဝင်း …နင့်အလုပ်က မဟုတ်သေးပါဘူးဟာ…” လို့ မြည်တွန်တတ်တယ်။ တကယ့်ဆရာမကြီး ပါပဲ။

“ကျွန်မ ဖေဖေက သူ့ရဲ့ ယုံကြည်ချက်တွေကို ဖက်တွယ်ပြီး စစ်အာဏာရှင်ကို တော်လှန်ရင်းနဲ့ ကျွန်မ ၅ နှစ်သမီးမှာ အသက်ကိုစတေးသွားခဲ့ပါတယ်။ ကျွန်မရဲ့အမေကလည်း မုဆိုးမ ဘဝ နဲ့ သားသမီး ၆ ယောက် ကို ပညာတတ်တွေ ဖြစ်လာဖို့ အရေးကို မျှော်တွေးရင်း….”

ဒီလိုနဲ့ ကျွန်မ ၂ တန်းရောက်တဲ့နှစ်မှာ ရွာကို ဆရာမအသစ်တယောက်ထပ်ရောက်လာတယ်။ ဆရာမက ညောင်လေးပင်ဇာတိ နာမည်က ဒေါ်ခင်စန်းရီတဲ့။ ဆရာမဒေါ်ခင်စန်းရီကလည်း အင်မတန် သဘောကောင်းပြီး ကျောင်းသားတွေအပေါ်မှာ စေတနာကြီးမားစွာနဲ့ သင်ကြားပြသပေးပါတယ်။ ကျွန်မ ဒီဆရာမ အကြောင်းကို စဉ်းစားရင် အခုချိန်ထိ လွမ်းတဲ့စိတ်နဲ့ မျက်ရည်လည်မိပါတယ်။
ကျွန်မ ဖေဖေက သူ့ရဲ့ ယုံကြည်ချက်တွေကို ဖက်တွယ်ပြီး စစ်အာဏာရှင်ကို တော်လှန်ရင်းနဲ့ ကျွန်မ ၅ နှစ်သမီးမှာ အသက်ကိုစတေးသွားခဲ့ပါတယ်။ ကျွန်မရဲ့အမေကလည်း မုဆိုးမ ဘဝ နဲ့ သားသမီး ၆ ယောက် ကို ပညာတတ်တွေ ဖြစ်လာဖို့ အရေးကို မျှော်တွေးရင်း ကုန်သည်အလုပ် လုပ်ကိုင်ပြီး ရွာမှာ အမြဲမနေနိုင်ပါဘူး။ အစ်ကိုတွေ၊ အမတွေကလည်း မြို့မှာကျောင်းတက်နေကြတယ်။ ကျွန်မက အဖွားရယ်၊ အဒေါ်အပျိုကြီး တို့ရယ် နဲ့ အတူတူ နေရပါတယ်။ ဆရာမ ဒေါ်ခင်စန်းရီ က ကျွန်မကို အလွန် ချစ်ပါတယ်။ သူ့အိမ်မှာပဲခေါ်ထားပြီး ညအိပ်ခိုင်းတယ်။ အဲဒီအချိန်မှာ သူကလည်း အသက်နှစ်ဆယ်ကျော်ကျော် ကျောင်းလည်းမပြီသေးပါဘူး။ တဖက်က ကျမတို့ ကျေးရွာ မူလတန်းကျောင်း မှာ ဆရာမလုပ်ရင်း အဝေးသင်နဲ့ ဘွဲ့တန်းကို သူတက်နေတဲ့ အချိန်ပေါ့။

ကျွန်မတို့ငယ်ငယ်တုန်းက ဒီနေ့ခေတ်လို ကျူရှင်ဆိုတာမကြားဖူးပါဘူး။ ရွာမှာကတော့ ဆရာမတွေက ကျောင်းသားအားလုံးကို ခေါ်ပြီး အိမ်မှာ စာကျက်ခိုင်းပါတယ်။ နားမလည်တာတွေ အားလုံးကိုလည်း ကျောင်းသားတိုင်းကို တပြေးညီရှင်းပြပါတယ်။ ကျူရှင်ယူစရာလည်းမလိုတော့ ကျူရှင်လည်း မရှိဘူးပေါ့ရှင်။
ကျမက ဆရာမနဲ့အတူတူ နေကြတော့ တယောက်နဲ့ တယောက် အတော်လေး သံယောဇဉ် ကြီးကြပါတယ်။ ဆရာမက ၀ါတွင်းဆို သက်သက်လွတ်စားတယ်။ ဒါပေမယ့် သူသက်သတ် လွတ်စားနေတဲ့အချိန် မှာ ကျွန်မ အစားအသောက် ဒုက္ခရောက်မှာစိုးလို့ သူ့အိမ်ကနေ ၀ါမ၀င်ခင်မှာ သူကိုယ်တိုင်အသားတွေကို ကြာကြာ စားခံအောင် အခြောက်ကြော် တွေကြော်လာ ပေးထားပါတယ်။ သူကျွန်မကို အရမ်းချစ်ပါတယ်။

ကျွန်မတို့ ရွာလေးမှာ ဘိုင်စကုတ်စပေါ်တဲ့ အချိန် ပွဲရုံတွေထိုးပြီး ရောင်ပြန်နဲ့ ရုပ်ရှင်ကားကြီး တွေ ကို ၃ ကားပေါင်း မိုးအလင်း ပြသတဲ့ဓလေ့ရှိပါတယ်။ ကျွန်မကလည်း ကလေးဆိုတော့ ရုပ်ရှင်ဆို အင်မတန်ကြိုက်ပါတယ်။ မိုးချုပ်ပြီဆို ကျွန်မ ရုပ်ရှင်ပြတဲ့နေရာ ရောက်သွားပြီး ရုပ်ရှင်ထိုင်ကြည့်တယ်။ ရုပ်ရှင်ကြည့်ရင်းနဲ့ ကျွန်မက လူတွေကြား ထဲမှာပဲ အိပ်ပျော်သွား တတ်တယ်။ ညသန်းခေါင်ကျော်လို့ ကျွန်မပြန်မလာရင် ဆရာမက လိုက်လာပြီးတော့ ကျွန်မကို လာပြန်ခေါ်တော့တာပါပဲ။ ပွဲရာသီတွေ ပြီးလို့ ရုပ်ရှင်ပြစက် သမားတွေ ပြန်သွားမှပဲ ဆရာမ လည်း အိပ်ရေး ဝဝ အိပ်ရပါတော့တယ်။ ကျွန်မ ၄ တန်းရောက်တဲ့နှစ်မှာ သူက ကျွန်မအမေဆီမှာ ကျွန်မကို မွေးစားဖို့တောင်းပါတယ်။ သူတို့စကားတွေ အကြာကြီး ပြောကြတယ်၊ ကျွန်မအမေနဲ့ အစ်ကိုတွေက မပေးဘူး အငယ်ဆုံးဆိုတော့ မပေးနိုင်ဘူးတဲ့။
ဒီလိုနဲ့ တစ်နေ့တော့ သူက ကျွန်မကို ပြောတယ်။ သူ သင်တန်းတစ်ခုသွားတက်ရမယ်၊သင်တန်းက ကြာမယ်၊ အိမ်မှာ သွားပြန်နေတဲ့ အဲဒါနဲ့ ကျွန်မက  ဘယ်လောက်ကြာမှာလဲလို့ မေးတော့ သူက တစ်ပါတ်နှစ်ပါတ် လို့ပြောတယ်။ နောက်ရက်မှာတော့ သူပြန်သွားပါတယ် ၊ ကျမ ကိုရွာမှာပဲ ထားခဲ့တယ်။ အရင်တုန်းကဆို ကျောင်းပိတ်လို့ပြန်ရင် ကျွန်မကိုပါတစ်ပါတည်းခေါ်သွားနေကြပါပဲ။ ဒါပေမယ့်အခုတခေါက် က သူလည်း အိမ်မှာ မနေရဘူး သင်တန်းမှာ သွားရမယ်လို့ပြောခဲ့တယ်။ ကျွန်မကလည်း ငယ်တော့ ငိုပြီး ကျန်ခဲ့တာပေါ့။ အဲဒီနေ့ဟာ သူ့ကို အကြာကြီး ခွဲနေရမယ့် နေ့ဆိုတာ ကျမ မသိခဲ့ပါဘူး၊ဒီရွာလေးကို နောက် ဆရာမ နောက်တခေါက်ပြန်မလာတော့ ဘူး ဆိုတာ ကျမ မသိခဲ့ပါဘူး။

တစ်ပါတ်လောက်ကြာတော့ ကျွန်မက စစ်တောင်မြစ်ကမ်းက စက်လှေဂိတ်ကို သွားပြီး သူပြန်လာရင်စီးနေကြ လှေဆိုက်တဲ့အချိန်ရောက်တိုင်း၊ နေ့တိုင်းလိုလို သူ့ကို ကျွန်မ သွားထိုင်စောင့်တယ်။ ဒီကြားထဲမှာ ကျောင်းကိုလည်း ဆရာမတစ်ယောက်အသစ်ထပ် ရောက်လာတယ်။ ကျွန်မက စာသင်နေယင်း စက်လှေ ဆိုက်တဲ့ အချိန်ရောက်တိုင်း အိမ်သာသွားမလိုလို ဘာလိုလို နဲ့ စက်လှေဂိတ်ကို ဆင်းပြီး ဆရာမပြန်အလာကို သွားသွားစောင့်နေတယ်။ အချိန်ကလည်းမိုးတွင်းဆိုတော့ ဗွက်တွေက ဒူးခေါင်းပေါင်လည်ထိရောက်တယ်။ စက်လှေ ဆိုက်တဲ့ နေရာ ကို တနာရီ လောက်လျှောက်ရတယ်။ ရွှေကျင် အမြန် စက်လှေ ဆိုက်လာပြီဆိုရင် စက်လှေနားသွားပြီး ဆရာမ ပါလာနိုး၊ ပါလာနိုးနဲ့သွားကြည့်ခဲ့တယ်။ ဆရာမကတော့ ပါမလာပြန်ပါဘူး။ အဲဒါနဲ့စက်လှေဆိပ်က ပြန်လာပြီးရင် သူနဲ့ ကျွန်မနဲ့ အတူနေခဲ့တဲ့ အိမ်ရှေ့မှာ သွားသွားပြီး ထိုင်စောင့်ပြန်တယ်။ ဒီလိုနဲ့ တနေ့တော့  ကျွန်မနေ့တိုင်း သွားသွားကြိုနေတာကို မကြည့်ရက်တဲ့ ကျွန်မအစ်ကို က ပြောတယ်၊  ညီမလေး…သွားမကြိုနဲ့တော့ နင့်ဆရာမက အပြီးပြောင်းသွားတာ ပြန်မလာတော့ဘူး…တဲ့။ သူအဲဒီလိုပြောတော့ ကျွန်မက မယုံဘူး ကျွန်မတို့ အတူနေခဲ့တဲ့ အိမ်ထဲကို ၀င်ကြည့်တော့လည်း အိုးတွေ ခွက်တွေ အကုန်ရှိတယ်ပေါ့ ။ အစ်ကိုက ပြောတယ် နင်သိမှာစိုးလို့ သူဘာမှ မယူသွားဘူး အ၀တ်အစား တွေပဲ ယူသွားတာတဲ့ သူအပြီးပြောင်းမှာမို့လို့ နင့်ကို အမေ့ဆီမှာ မွေးစားဖို့ တောင်းတာတဲ့ ။
ကျွန်မလည်း နေ့တိုင်းငိုတော့တာပဲ အစ်ကိုတွေခမျာ လည်း နားလည်းငြီး ဆူလည်းမဆူရဲဘူး ကျွန်မကလည်း မွေးစားတာကို မပေးလိုက်ရမှလားဆိုပြီး ငိုငိုပြီး အပြစ် ပြောတော့တာပဲ။ သူ့အစား ဒေါ်နန်းကေသီအောင် ဆိုတဲ့ ဆရာမလေး ထပ်ပြောင်းလာတယ်။ ဆရာမ ဒေါ်နန်းကေသီအောင် နဲ့ ကျမကို ဂရုစိုက်ဖို့ အပ်ပြီး သူက သတင်းမေး နေခဲ့တယ် ဆိုတာ ကျမ နောက်ပိုင်းကျမှ ပြန်သိရပါတယ်။

“ဖေ့ဘွတ်စ် စာမျက်နှာမှာ ပို့စ် တစ်ခုကို ဖတ်လိုက်ရပါတယ်။ ဆရာမတစ်ယောက်က ကျောင်းသားတစ်ယောက်ကို သူ့အိမ်မှာ ကျူရှင်သင်ရင်းနဲ့ ကလေးကို ပန်းကန်လုံးနဲ့ ပေါက်လိုက်တာ ကလေးရဲ့ မျက်နှာမှာလည်း ဒဏ်ရာတွေ အပြည့်နဲ့ပေါ့။ အောက်မှာ ကွန့်မန့်တွေ ရေးထားလိုက်ကြတာကလည်း ဖတ်ရတဲ့ လူတောင် ဆရာသမားတွေကို အားနာတယ်။”

ကျွန်မ ၁၀ တန်းအောင်ပြီး စက်မှုကျောင်း တတ်နေတဲ့ အချိန်မှာ ကျွန်မ ငယ်ငယ်က ရောက်ခဲ့ဖူးတဲ့ အိမ်ကို မှတ်မိအောင်ပြန်ရှာပြီးတော့ ကျွန်မဆရာမကို သွားတွေ့ခဲ့ပါတယ်။ ဟိုမေးသည်မေး နဲ့ နံမည်တူ ဆရာမ တယောက်ရဲ့ အိမ်ကို မှားပြီး ရောက်သွားသေးတယ်။ နောက်ဆုံး ကျမ တို့ပြန်တွေကြတော့ သူက အရမ်းကို ပျော်နေပါတယ်။ တက္ကသိုလ်ကျောင်းသူကြီးဖြစ်နေ တဲ့ ကျမ မျက်နှာကို ရွှန်းရွှန်းစားစား ကြည့်လို့ပေါ့။ ဆရာမက ဘာမှ မပြောင်းလဲပါဘူး။
ကျွန်မတို့ ငယ်ငယ်က ကြုံတွေ့ခဲ့ရတဲ့ ဆရာသမားတိုင်းဟာ ဆရာ့ဝတ်၊ ဆရာ့ဂုဏ်နဲ့ ပြည့်စုံကြပါတယ်။ ကျွန်မတို့အပေါ်မှာ သူတို့ထားတဲ့ မေတ္တာဟာလည်း မိဘတွေနဲ့ မခြား သူတို့ရဲ့ ရင်ဝယ်သားများကဲ့သို့ သဘောထားပြီး ပြုစုပျိုးထောင်ခဲ့ကြပါတယ်။ အရပ်ထဲမှာ ဆိုယင်လည်း ဆရာတွေကို မိဘတွေ ထက် ချစ်၊ ကြောက်၊ ရိုသေ ကြပါတယ်။

ဒီလိုနဲ့ ကျွန်မလည်းမြန်မာပြည်နဲ့ကင်းကွာပြီး နိုင်ငံရပ်ခြားမှာရောက်၊  အိမ်ထောင်ကျ၊၊ သားသမီးတွေရပြီးတော့ ငယ်ဆရာတွေနဲ့ ပြန်မတွေ့ဖြစ်တော့ပါဘူး။ လွန်ခဲ့တဲ့ တစ်နေ့ကတော့ လူမှု မိတ်ဆွေဖြစ် ကွန်ယက် ဝက်ဘ်ဆိုက်ဒ် တခုဖြစ်တဲ့ ဖေ့ဘွတ်စ် စာမျက်နှာမှာ ပို့စ် တစ်ခုကို ဖတ်လိုက်ရပါတယ်။ ဆရာမတစ်ယောက်က ကျောင်းသားတစ်ယောက်ကို သူ့အိမ်မှာ ကျူရှင်သင်ရင်းနဲ့ ကလေးကို ပန်းကန်လုံးနဲ့ ပေါက်လိုက်တာ ကလေးရဲ့ မျက်နှာမှာလည်း ဒဏ်ရာတွေ အပြည့်နဲ့ပေါ့။ အောက်မှာ ကွန့်မန့်တွေ ရေးထားလိုက်ကြတာကလည်း ဖတ်ရတဲ့ လူတောင် ဆရာသမားတွေကို အားနာတယ်။
ကလေးကို ပန်းကန်လုံးနဲ့ပေါက်တဲ့ ဆရာမကိုလည်း အရမ်းကို အံ့သြမိတယ်။ ငါတို့ငယ်ငယ်တုန်းက ဒီလိုဆရာမမျိုးတွေမရှိဘူးပေါ့နော်။ ကျွန်မဘ၀မှာတော့ ငယ်စဉ်ဘ၀ကစလို့ အခုချိန်ထိလည်း မကြုံခဲ့ရဖူးဘူး။ အခုချိန်ထိလည်း ကျွန်မက ကလေးတစ်ဖက်ထိန်းရင်းနဲ့ ကျောင်းတတ်နေရတုန်းပါဘဲ။ နိုင်ငံခြားတိုင်းပြည်တွေမှာလည်း အဲဒီလို ကလေးကို နှိပ်စက်တဲ့ ဆရာမမျိုးလည်းမရှိဘူး။ သူတစ်ယောက်တည်းနဲ့ ဆရာအားလုံးကို စော်ကားတဲ့ ကွန့်မန့်တွေ ကို ဖတ်ရတော့လည်း ကိုယ်ကြုံတွေ့ခဲ့ရတဲ့ ဆရာတွေရဲ့ စေတနာမေတ္တာတွေ ကို ပြန်တွေးရင်းနဲ့ စိတ်မကောင်းဖြစ်မိပါတယ်။ ဘယ်လိုမှကို ယုံကြည်နိုင်စရာမရှိပါဘူး။ ၀ါသနာမပါဘဲ ၀မ်းစာအတွက် ဆရာမလုပ်ရင်း ကျူရှင်ပြစားရင်းနဲ့ ကလေးတွေအပေါ်မှာ စိတ်ရှည်မှုမရှိတာဘဲလား။ စေတနာ မပါပဲ သက်မွေး ဝမ်းကျောင်းမှု တခုသက်သက် အတွက် ဆရာမ အလုပ်ကိုရွေးချယ်ခဲ့တာလား တွေးရခက်ပါတယ်။

ဒီလိုနဲ့ ကျွန်မလည်း အဲဒီကိစ္စက ရန်ကုန်မှာ ဖြစ်တာဆိုတော့ ရန်ကုန်မှာ ရှိတဲ့ ကျွန်မအစ်ကိုရဲ့ မိန်းမကို လှန်းမေးကြည့်မိလိုက်တယ်။ သူကလည်းပြန်ပြောရှာပါတယ်။ ဟုတ်တယ်တဲ့ အဲဒီ အဖြစ်အပျက်တွေက ရန်ကုန်မှာ ဖြစ်နေကြတဲ့ သူ့သားကတော့ အဲဒီဆရာမ မျိုးနဲ့ မဟုတ်လို့ ပန်းကန်လုံးစာမမိလိုက်ဘူးတဲ့။ ဒါပေမယ့် အလားတူပါပဲ တခြားဆရာမတယောက် က ..
“နင်မနက်ဖြန်ကျရင် ငါ့ကျူရှင်ကို မလာတတ်နဲ့တော့…. နင်က ဘာစာမှလည်း မရဘူး နင်စာရမှ ငါ့ကျူရှင်ကို ပြန်လာခဲ့…..” လို့ပြောလိုက်ပါသတဲ့။ ဒါကလည်း နောက်နေ့ရောက်တော့ ကလေးက ကျူရှင်ကို မသွားတော့ဘဲနဲ့ အမေဖြစ်သူကို ဖြစ်ကြောင်းကုန်စင် ပြန်ပြောပြခဲ့တယ်။
ကျွန်မလည်း အဲဒီအကြောင်းတွေကိုကြားတော့ အလွန်ပဲ အံ့အားသင့်မိတယ်။ ကျွန်မတို့ငယ်ငယ်တုန်းက ဆရာမတွေမှာ တော့ ပိုက်ဆံမရတဲ့အပြင် ရေနံဆီစိုက်ဝယ်ပေးပြီး ကျောင်းသားကို စာကျက်ခိုင်းတယ်။ အခုခေတ်ကာလမှာကျတော့ ကျောင်းမှာ စာကောင်းကောင်းမသင်လို့ ကျူရှင်မှာ လခ ပေးပြီး သွားသင်တာတောင် နင် စာတတ်မှ ငါ့ကျူရှင်ပြန်လာခဲ့ဆိုတော့ ခေတ်ကြီးလည်းဘာတွေဖြစ်ကုန်ပြီ လဲဆိုတာတောင် မစဉ်းစားတတ်တော့ပါဘူး။

ဒါကြောင့်လည်း ဆရာ တွေအတွက်  “တပည့်မရှား၊ တပြားမရှိ၊ ပီတီကိုစား၊ အားရှိပါဘိ” ဆိုတဲ့ ဆိုရိုးစကားများ ပေါ်ပေါက်လာရခြင်းဖြစ်ပါတယ်။

ကျွန်မတို့ ငယ်စဉ်ကြုံတွေ့ခဲ့ရတဲ့ အာစရိယ ဂုဏ်ဆောင် ဆရာသမားတွေက ဘယ်ကလေး ဘယ်လိုစရိုက်ရှိတယ် ဘယ်လိုသွန်သင် ဆုံးမပေးရမယ်ဆိုတာကိုလည်း ကောင်းကောင်းသိကြပါတယ်။ “စေတနာ၊ ၀ါသနာ၊ အနစ်နာ” ဆိုတဲ့ နာသုံးနာကို အခြေခံလို့  စစ်ပွဲတွေ၊ သေနတ်သံတွေ နဲ့ မအေးချမ်းတဲ့ ကျမတို့လို ဒေသတွေမှာ တာဝန်ထမ်းဆောင်နေကြရင်း တပည့်တွေကို စေတနာအပြည့်ထားပြီး သင်ကြားပြသခဲ့ကြပါတယ်။ အဲဒီလိုသင်ကြားပေးကြတာကလည်း ဆရာ၊ ဆရာမတွေ အတွက် ကျွန်မတို့ဆီက ဘာမျှော်လင့်ချက်မှမရှိဘဲ သူတို့ ပြုစုပျိုးထောင် ပေးလိုက်တဲ့ ပန်းလေးတွေ ထာဝရ လန်းဆန်းနေတာကို အမြဲမြင်ချင်လို့သာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆရာ တွေအတွက်  “တပည့်မရှား၊ တပြားမရှိ၊ ပီတီကိုစား၊ အားရှိပါဘိ” ဆိုတဲ့ ဆိုရိုးစကားများ ပေါ်ပေါက်လာရခြင်းဖြစ်ပါတယ်။ ကျွန်မအတွက်ကတော့ ဆရာများရဲ့ ဂုဏ်ကျေးဇူးဟာ အလွန်အင်မတန် ကြီးမားလှတဲ့အတွက် ကျွန်မအနေနဲ့ သူတို့ ရဲ့ ဂုဏ်ကျေးဇူးတွေ  ကျွန်မတို့ အပေါ်မှာ ထားရှိတဲ့ သူတို့ စေတနာ မေတ္တာတွေကို ပြန်ပြောပြရရင် ဘယ်စာပန်းချီနဲ့မှ ရေးသီဖွဲ့လို့လည်း မဆုံးနိုင်ပါဘူးရှင်။

သန္တာညို