ငွေလရောင်ရဲ့တိမ်းရှောင်သူ (သစ်ကောင်းအိမ်)

Posted on Posted in ရသရှုခင်း, အက်ဆေး
Image: http://greatinspire.com/beads-and-jewelry-photographs/
Image: http://greatinspire.com/beads-and-jewelry-photographs/

(၁)
ကျနော့်အမေ ကွန်မြူနစ် ဖြစ်သွားရခြင်းအကြောင်းကို ပြန်လည်တွေးမိတော့… တယောက်တည်းပြုံးရယ်ချင်စိတ်နဲ့အတူ အတိတ်ထဲကနေ၍ … မျက်တွင်းများ၊ ပါးရိုး နားရိုးများချိုင့်ဝင်လျက် ရီဝေဝေကြောင်စီစီမျက်လုံးများ မုတ်ဆိတ်ကျိုးကျဲ ဆီနဲ့ဝေးသောဆံပင်ခွေလိပ်လိပ်များးနှင့် ကျောပြင်တခုလုံးပေါက်ပြဲနေသော အင်္ကျီနွမ်းတထည်ကို ဝတ်ဆင်ထားသောလူတယောက်။
တခါတရံတွင် သတင်းစာတစောင်ကို ကိုင်လျက်၊
တခါတရံတွင် ပုတီးတကုံးကို လက်ထဲတွင်စိတ်လျက်၊
ထိုသို့မှမဟုတ်လျှင် စာအုပ်တအုပ်ကို ကိုင်လျက်
ကျနော်တို့ အိမ်မျက်စောင်းထိုး လက်ဘက်ရည်ဆိုင်ဘက်မှနေပြီး
ကျနော်တို့ အိမ်ရှိရာဘက်ခြမ်းကို လမ်းဖြတ်ကူးလာသည်ကို
လှမ်းပြီး မြင်တွေ့လိုက်ရပါသည်။
ထိုသူကား ထိုနှစ်များမတိုင်ခင် အချိန်ကာလတခုက ဆင်းရဲသောမိဘ၏ စာတော်သောကျောင်းသား ။ သူတို့ခေတ်ကာလ တက္ကသိုလ်ကျောင်းက ငွေလမင်းတို့အလယ်က ပျိုတိုင်းကြိုက်ဂျိမ်းစဒင်း။ စာပေနှံ့စပ်၍ သီချင်းဆိုလည်းအလွန်ကောင်းသူ စီးပွားရေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားတယောက်။
ကျောင်းဆင်းလာပါက လက်ထပ်ထိမ်းမြားရမည့် စေ့စပ်ပြီးသား ချစ်သူနှင့် ရားထူးနေရာ တခုကလည်း အဆင်သင့်။
သို့သော် သူကံကြမ္မာ ငွေလရောင်က သူ့၏ နုနယ်ပျိုမြစ်သော ပြည့်လုပြည့်ခင် ညကိုတိမ်းဖယ်ရှောင်ခွာခံရကာ စီးပွားရေးတက္ကသိုလ်နောက်ဆုံးနှစ်အရောက်တွင် စိတ္တဇရောဂါစွဲကပ်ခံရပြီး ကျနော်တို့မြို့လေးသို့ ထိုသူပြန်လည်ရောက်ရှိလာခဲ့ပါသည်။
(၂)
ကျနော်တို့ အရပ်ပြောဒဏ္ဍာရီထဲတွင်မူ သူ့အားတဖက်သတ်စွဲလန်း ချစ်ကြိုက်နေသူ ရှမ်းပြည်ဘက်မှ ရှမ်းမတယောက်က အချစ်လွန်ပြုစားသောကြောင့် သူထိုရောဂါစွဲကပ်ခဲ့သလိုလို စုတ်သပ်ပြောဆိုကြသော်ငြား သူ့အချစ်ရူးရောဂါလက္ခဏာကား
အရပ်ထဲရှိ ရင်းနှီးသောအိမ်များသို့ တအိမ်တက်ဆင်း လက်သီးလက်မောင်းတန်းကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆန့်ကျင်းရေးတရားများကို ခရားလက်လွှတ်ပြောဆိုနေထိုင်ခြင်းပင်။

တို့တိုင်းပြည်မှာ တိုင်းပြည်အုပ်ချုပ်တတ်တဲ့ကောင်ကလည်း တယောက်မှ မရှိ။ ဥပမာ ဖဆဖလခေတ်ကို ကြည့်ကွာ။ အဲဒီတော့ ငါတို့ တိုးတက်တဲ့နိုင်ငံတခုက အစိုးရလုပ်တတ်တဲ့သူတွေကို လစာကောင်းကောင်းပေး ငှားပြီး တိုင်းပြည်အုပ်ချုပ်ခိုင်းမယ်။ သူတို့ကောင်းကောင်းမအုပ်ချုပ်တတ်ရင် အစိုးရအလုပ်က အချိန်မရွေး ဖြုတ်ပစ်ပြီး နောက်ထပ် အရည်အချင်းပြည့်ဝသူကို ခန့်ထားမယ် ။ ကိုယ့်ဝန်ထမ်းပဲဟာ ။ အဲလိုဆို မကောင်းဘူးလား…

ထိုသူသည် မနက်လင်းသည်နှင့် ကျနော်တို့ အိမ်ရှေ့ ရှိ ဦးကျင်သိန်းလဘက်ရည်ဆိုင်လေးသို့ ရေနွေးကြိုပြင်ဆင်တုန်းမှာပင် ထိုနေ့၏ ပထမဆုံးဖောက်သည်အဖြစ် အရင်ဦးဆုံး ရောက်လာကာ သတင်းစာဖတ်ဖို့စောင့်ရင်း လဘက်ရည်သောက်မည်။
ပြီးပါက ကျနော်တို့ အိမ်နဘေးက ဖဆပလခေတ် ပမညတအမတ်ဟောင်း အဖေကြီးဦးစိန်မောင် လမ်းလျှောက်ပြန်လာသည့် အရိပ်အယောင်ကိုမြင်တွေ့ပါက ကျနော်တို့အိမ်ရှိရာ လမ်းတဖက်ကမ်းသို့ ကူးလာကာ သူတို့နှစ်ယောက် မနက်ခင်းရေဒီယိုနားထောင်လျှင်နားထောင် သို့မဟုတ်ပါက သူညက နားထောင်ထားသော ညသိပ်သတင်းများ မနက်ခင်းသတင်းစာပါအကြောင်းအရာများကို အဖေကြီးဦးစိန်မောင်အား သူက ပြောဆိုဆွေးနွေးမည်။
(ကျနော်တို့မမွေးခင်ထဲအတီအတေကပင် ကျနော်မိဘများနှင့် အိမ်ချင်းကပ်နေထိုင်ခဲ့ရာ အဖေကြီးဦးစိန်မောင်ကို သူ့သားများခေါ်ဝေါ်သည့်အတိုင်း အဖေကြီးဟုခေါ်၍ သူ့ဇနီးသည်အား မေမေလေးဟု ကျနော်က ခေါ်ဝေါ်ပါသည်။ သူတို့နှစ်ဦးက သားလေးယောက်မွေးထားပြီး သူ့တို့၏ အငယ်ဆုံးသားထွေး မျိုးကိုကို..ဆိုလျှင် ကျနော့်အမေနို့ကို တယောက်တဖက်သောက်စို့ရင်း အတူကြီးပြင်းခဲ့ကြရာ ယခု ကျနော်နေထိုင်ရာ အမေရိကားတောမြို့လေးတွင်လည်း မျိုးကိုတို့ မိသားစုနှင့် ကျနော်တို့မိသားစုသည် ရေစက်ကြီးသူ အိမ်နားနီးချင်းပင်)။
သူအဖေကြီးနှင့် ပြောဆိုဆွေးနွေးလို့ ဝလင်ပြီဆိုလျှင် ကျနော့်အဖေ၏ စက်ဘီးပြင်ဆိုင်လေး စဖွင့်ပြီဖြစ်ရာ အိမ်ရှေ့တွင် အလုပ်လုပ်နေသော အဖေဆီသို့ သူကူးလာမည်။ သူ့ဘေးနားလာရပ်သော ထိုသူ့အရိပ်ကိုတွေ့ပါက အဖေက မောင်(……) ဘာထူးသေးလဲကွ..ဟု
ခရီးဦးကြိုပြုသည်နှင့် ထိုသူက သူ၏ သတင်းအနှစ်ချုပ်ကို မနားတမ်း ထုတ်လွှင့်ကြေငြာမည်။ ကျနော်၏ စိတ်တို၍ ဘုဂလန့်နိုင်သော အဖေက သူ့စကားများကို စိတ်ရှည်လက်ရှည်နားထောင် ပြီး သူ့ထင်ရာမြင်ရာများကို ပြန်ပြောမည်။
ထိုသို့ အပြန်အလှန်ပြောဆိုရင်း သူ့အာခြောက်ငြီးငွေစပြုလာသော အချိန်တွင် ကျနော်တို့ အိမ်လည်ရှိ ထမင်းစားခန်းသို့ ကူးကာ ထမင်းစားပွဲသို့ ဝင်ထိုင်၍ ရေနွေးဓာတ်ဗူးထဲမှ ရေနွေးကြမ်းကိုငှဲ့ သောက်လိုက် သူ့လက်ထဲမှ ဆေးပေါ့လိပ်တိုကို မီးညှိရှိုက်ဖွာလိုက်နှင့် အိမ်နောက်ဖေးတွင် ထမင်းဟင်းချက်ပြုတ်ပြင်ဆင်နေသော အမေ့ကို လှမ်းကာ သူ၏ ကမ္ဘာရေးရာ၊ မြန်မာ့ရေးရာများကို ဆက်လက်ထုတ်လွှင့်မည်။
စိတ္တဇဝေဒနာရှင်တို့ရဲ့ထုံးစံအတိုင်း ပြောနေရင်း အမြီးအမှောက်မတည့် ရှေ့နောက်မညီဖြစ်လာလျှင် အမေက သူ့ကို မောင်ငယ်တယောက်သဖွယ် နောက်ပြောင်ကျီစယ်နှုတ်လှန်ထိုးရင်း သူ့သောက်နေသော ရေနွေးဓာတ်ဗူးထဲသို့ ရေနွေးထပ်ဖြည့်ပေးမည်။

….ဒီနေ့ အိမ်မှာ ငါ့အဘိုးကြီးက ဘလိုင်းကြီး ငါ့ကို ပြသနာရှာတယ်ကွာ။ အဲဒါကြောင့်.. ။ အရင်က ငါက အနန္တောအနန္တငါးပါး စိတ်တာ။ ဒီနေ့ အဘိုးကြီးနဲ့ ကွိုင်တက်လာလို့ တပါးလျော့ ပြီး အနန္တောအန္တလေးပါးပဲ စိတ်တဲ့အနေတဲ့ ပုတီးကို တလုံးလျော့စိတ်တာကွ…

ထမင်းစားချိန်တိုင်လျှင် သူ့မိဘများနေအိမ်သို့ ပြန်ထမင်းစားကာ သူစိတ်ဦးတည်ရာ အရပ်တကာသို့ ခြေဦးတည့်ရာလှည့်လည်မည်။ သို့မဟုတ်လျှင်လည်း သူ၏ ပါးစပ်ရေဒီယိုခလုတ်ကို ဗြုန်းစားကြီး ပိတ်ကာ ကျနော်တို့အိမ်နောက်ဖေးမှ ဆင်း၍ တဖက်ခြံထဲက သစ်ပင်တပင်၏ အရိပ်အောက် ဒါမှမဟုတ် ကျနော်တို့တခြံကျော် တိုက်ကြီးကျောင်းဘုန်းကြီးကျောင်းဝင်းထဲရှိ ဇရပ်ကြီးတွင် သွားထိုင်မည်။
( ရေနွေးကြမ်းလောက် ကြံသကာ လောက်နှင့် သူအနှစ်သက်ဆုံး လဘက်ရည်နှင့်ဆေးပေါ့လိပ်မှ လွဲ၍ ဘယ်သောအခါမှမည်သူ့အိမ်ကမှ ထမင်းခေါ်ကျွေး၍မရ။)
သူကား သူ့မူဝါဒနဲ့သူ။

(၃)

နှစ်တနှစ်အရောက်တွင်တော့ ထိုသူ့လက်ထဲသို့ စိတ်ပုတီးတကုံး ရောက်လာပါသည်။
သူ့၏နှုတ်ကမူ တလှုပ်လှုပ်နဲ့ ဘာတွေရွတ်ဆိုနေသည် မသိ ။ လဘက်ရည်ဆိုင်ထိုင်ရင်လည်း ထိုပုတီးနှင့်..၊ သို့သော်လည်း သူ့နိုင်ငံရေးသိပ္ဗံကို စိတ်အားထက်သန်စွာဆွေးနွေးနေချိန်နှင့် ကမ္ဘာ့ရေးမြန်မာ့ရေး သတင်းများအလယ် သူနစ်မြှပ်နေချိန်များတွင်တော့ သူ့စိတ်ပုတီးသည် စားပွဲခုံအောက် သူ့ခြေထောက်နားတွင် ပြုတ်ကျလျက် …။ မြင်တွေ့သူ ကျနော်တို့တယောက်ယောက်က ကောက်ယူကာ စားပွဲပေါ်သို့ ပြန်တင်ပေးထားရ တတ်ပါသည်။
ကျောင်းပိတ်ရက်နေ့လည် တနေ့ခင်း ကျနော်တို့ညီအကို တသိုက် မျိုးကို တို့အိမ်တွင် ထိုကာလက ထွက်ခါစ ခိုင်ထူးရဲ့ မကျေနပ်ဘူးသိလား.. သီချင်းတိတ်ခွေကို စုဝေးနားထောင်နေခိုက် ပုတီးတကုံးနဲ့ သူရောက်ရှိလာကာ နေရာလွတ် ခုံတန်းလျားတခုတွင် ဝင်ထိုင်ရင်း ကျနော်တို့ ညီအကိုတသိုက်နဲ့အတူ အကြင်နာသစ်ဆု… အကြင်နာသစ်ဆု… ကို ဝင်တောင်းရမ်းရင်း ပုတီးစိတ်နေပါသည်။ ထိုစဉ် ဘယ်အချိန် ကာလတည်းက သူ့ပုတီးစိတ်နည်းကို စပ်စပ်စုစု လေ့လာထားသည် မသိသော ကျနော့်အကိုအောင်ကိုကြီးက
ကို(….) ခင်ဗျားစိတ်တဲ့ပုတီးက ဒီနေ့ဘာလို့ တလုံးလျော့နေရတာလည်း ဟူ၍ အမေးအမြန်းထထူပါတော့သည်။
သူကတော့ သူ့ကိုယ်ပိုင် အေးဆေးလေးလံသော လေသံဖြင့်…
….ဒီနေ့ အိမ်မှာ ငါ့အဘိုးကြီးက ဘလိုင်းကြီး ငါ့ကို ပြသနာရှာတယ်ကွာ။ အဲဒါကြောင့်.. ။ အရင်က ငါက အနန္တောအနန္တငါးပါး စိတ်တာ။ ဒီနေ့ အဘိုးကြီးနဲ့ ကွိုင်တက်လာလို့ တပါးလျော့ ပြီး အနန္တောအန္တလေးပါးပဲ စိတ်တဲ့အနေတဲ့ ပုတီးကို တလုံးလျော့စိတ်တာကွ… ဟူ၏။
(သူက ပုတီးစိတ်လျှင် သူတပါးတွေလို တလုံးချင်းမစိတ်ဘဲ တခါတည်း ငါးလုံးဆွဲ၍ စိတ်ပါသည်)
ထိုနေ့တွင်တော့ တခါစိတ်လျှင် ပုတီးလေးလုံးသာ အတိအကျဆွဲ၍ စိတ်နေပါတော့သည်။
သူကား သူ့သီအိုရမ် သူထုတ်ကာ သူ့ခိုင်လုံမှုအပြည့်နဲ့သူ..။
တခါတွင်လည်း ဘယ်သူက လဘက်ရည်ဆိုင်ကို အရင်စရောက်၍ ဘယ်သူ့က ဘယ်သူ့ဝိုင်းဝင်ထိုင်နေမိတယ် မမှတ်မိတော့..။ ထိုသူနှင့်ကျနော် နှစ်ယောက်တည်း လဘက်ရည်ဆိုင်စားပွဲတခုမှာ နှစ်ယောက်အတူထိုင်လျက်..။ သူကား ကျနော့်ကို လုံးဝစကားမပြော လှည့်မကြည့် သူ့အတွေးနဲ့သူတိုင်းပြုပြည်ပြု အခြေခံဥပဒေမူကြမ်းကိုရေးဆွဲလျက်..။
ကျနော်ကလည်း သူတိတ်ဆိတ်နေတော့ ကိုယ်ဘာကိုယ် နားအေးပါးအေး
…. ပြောင်းလဲခြင်းနဲ့ မူမမှန်ခြင်းကို ဆင်သလိုလို ထင်ကြတယ် ထင်တာတွေ မထင်မရှားနဲ့ မိုးရယ် ဘယ်ဆီမှာညိုဦးမယ်…ဟု
ဆင်ရာတိမ်မိုးနေခိုက် ရုတ်တရက်ကြီး ထကာ….
..ရှုပ်တယ်ကွာ ဇော်ကြီး…။ တို့တိုင်းပြည်က သေးသေးလေး မင်းမြေပုံ ပြန်ကြည့်ကြည့်။ လူမျိုးက ဘယ်နှမျိုးမှန်းတောင် ရေလို့မရ.. ။ တို့တိုင်းပြည်မှာ တိုင်းပြည်အုပ်ချုပ်တတ်တဲ့ကောင်ကလည်း တယောက်မှ မရှိ။ ဥပမာ ဖဆဖလခေတ်ကို ကြည့်ကွာ။ အဲဒီတော့ ငါတို့ တိုးတက်တဲ့နိုင်ငံတခုက အစိုးရလုပ်တတ်တဲ့သူတွေကို လစာကောင်းကောင်းပေး ငှားပြီး တိုင်းပြည်အုပ်ချုပ်ခိုင်းမယ်။ သူတို့ကောင်းကောင်းမအုပ်ချုပ်တတ်ရင် အစိုးရအလုပ်က အချိန်မရွေး ဖြုတ်ပစ်ပြီး နောက်ထပ် အရည်အချင်းပြည့်ဝသူကို ခန့်ထားမယ် ။ ကိုယ့်ဝန်ထမ်းပဲဟာ ။ အဲလိုဆို မကောင်းဘူးလား…ဟု သူ့စိတ်ရူးကို ကောက်ကာငင်ကာ မဲထည့်ခိုင်းတော့ …၊
အင်း.. ကောင်းသားပဲ..ဆိုတာကလွဲပြီး ကျနော်မှာ ဘာထပ် ပြောရမယ်မှန်းမသိ..။ သူကတော့ သူ့စိတ်ရူး သူသဘောခွေ့ကာ ပြုံး၍များတောင် နေလိုက်သေးသည်။

 

သစ်ကောင်းအိမ်

(ဆက်ပါဦးမည်)