ကျွန်ပညာနှင့် သခင်ပညာ (ရေးသူ – ကိုအောင်ဆန်း)

Posted on Posted in ပညာရေး
Aung_San_color_portrait
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း

လူကြီးနှင့် လူငယ်

တိုင်းပြည်ထူထောင်ရေး လုပ်ငန်းတွင် လူကြီးနှင့် လူငယ်ဟူ၍ အလုပ်သမား နှစ်မျိုးနှစ်စား ရှိလေသည်။ လူကြီးတို့အဖို့မှာ ကောင်းမွန်သော နည်းလမ်းများကို ညွှန်ပြနိုင်သည့် စွမ်းရည်သတ္တိ ရှိစေရမည်။ လူငယ်တို့မှာကား ထိုသို့ ညွှန်ပြသည့်လမ်းကို တန်းတန်းဖြောင့်ဖြောင့် ကြောက်ရွံ့ခြင်းကင်းဘိလျက် လိုက်ရဲရပေမည်။

ယခု မြန်မာပြည်တွင်ကား လူကြီးများမှာလည်း စွမ်းရည်သတ္တိ မရှိ၊ ဗလာချည်း ဖြစ်နေသည်ကို တွေ့ရသည်။ လူငယ်တို့ကား ကောင်းမွန်သော နမူနာပြရမည်ဖြစ်သော လူကြီးများစွာတို့သည် ကလပ်တက်ခြင်း၊ ဖဲရိုက်ခြင်း၊ အမျိုးမျိုး ကလိမ့်စေ့ငြမ်းဆင်သည့် အမှုမျိုးသာ တွေ့ရ၏။ သို့ဖြစ်ရကား အကယ်၍ ဆောင်ရွက်ချင်သော လူငယ်များမှာ ညွှန်ပြမည့် အလင်းရောင်ကင်းမဲ့လျက် အမိုက်မှောင်ထဲတွင် ခြေစမ်းလက်စမ်းဖြင့်သာ အချိန်ကုန်ရလေသည်။

အချို့သော သူတို့က လူကြီးများကို ဆဲသည်ဟု လူငယ်တို့အား အပြစ်တင်ကြလေသည်။ သို့သော် ဤအရေး ဤကိစ္စမှာ လူငယ်နှင့် လူကြီး နှစ်ဦးနှစ်ဖက်စလုံး အပြစ်မကင်းကြပေ။ လူကြီးတို့မှာ ဖော်ပြခဲ့သည့်အတိုင်း ကောင်းမွန်သော လမ်းညွှန်ပြခြင်း မရှိ။ လူငယ်တို့မှာ လူကြီးတို့၏ အပြစ်ကို ပြရုံမျှတစ်ပါး အခြားအလုပ်ပြခြင်း မရှိသေး။

ကျွန်ုပ်တို့အဖို့မှာမူကား အိန္ဒိယပြည်မှ မဟတ္တမဂန္ဒီ၊ စီအာဒတ်၊ မိုတီလာနေရူး၊ တိလတ်၊ အစရှိသူတို့ကဲ့သို့ လည်းကောင်း၊ အိုင်ယာလန်မှ ဒီဗလာရာ၊ အီတလီပြည်မှ ဂယ်ရိဘောလဒီ၊ မစ်ဇနိတို့ကဲ့သို့ လည်းကောင်း၊ ကျွန်ုပ်တို့က ထိုလူကြီးတို့၏ နောက်လိုက်အဖြစ် လိုက်ပါဆောင်ရွက်ရန် အသင့်ပင် ရှိလေသည်။ ထိုသို့ ခေါင်းဆောင်နိုင်မည့်၊ ထိုသို့ ခေါင်းဆောင်ရဲမည့် ပုဂ္ဂိုလ်တစ်ဦး ထွက်ပါလေ၊ စောင့်လျက် ကျွန်ုပ်တို့ မျှော်နေမည်။

…..ဟီရိသြတ္တပ္ပတရား ကင်းမဲ့လျက် ၎င်းတရားကိုပင် နားမလည်နိုင် ရှိနေပေသေးသည်။ မကြောက်ရမည့် နေရာတွင် ကြောက်၍၊ မရှက်ရမည့် နေရာတွင် ရှက်နေသည်ကို တွေ့ရပေသေးသည်။ နိုင်ငံခြားသားတို့ကို မြင်လျှင် ဒူးတုန်ချင်စိတ် မပျောက်သေး။ ဘောလုံးပွဲတွင် ဆဲချင်၊ ဆိုချင်၊ သောင်းကျန်းချင်သည့် စိတ်ဓာတ်မှာလည်း အထူးရှက်စရာ ကောင်းလေသည်။ လွတ်လပ်သော အလုပ်ကို မခင်မင်၊ လွတ်လပ်သော ဘ၀၏ တန်ဖိုးကို မသိ၊ ထို့ကြောင့် လွတ်လပ်သောဘ၀ကို မတောင့်တ၊ မကြံဆ၊ ရအောင် မကြိုးစားကြဘဲ ရွှေရည်မွမ်းမံထားသော လှောင်ချိုင့်ထဲတွင် အပျော်ကြီး ပျော်နေကြပေသည်။

ကျွန်ုပ်တို့ တက္ကသိုလ်ကျောင်းသားတို့တွင် အလွမ်းနာသမားတို့ကား များလှစွာ၏။ သို့သော် တလွဲလွမ်းနေသည်ကို တွေ့ရပေသည်။ သနားတတ်သော သူများကိုလည်း တွေ့ရပါ၏။ သို့သော် တလွဲသနား နေကြပေသည်။ ချစ်ယောင်ဆောင်၍ သေအောင်သတ်တတ်သော ရန်သူတို့က အရှူအရှိုက်နှင့် ငိုချင်းချသည်ကို မြင်ရသောအခါ ရင်ထဲတွင် ဖိုလှိုက်ဖိုလှိုက်နှင့် ၀မ်းနည်းသည့် စကားသံများကို ကြားရပေသည်။ ဘက်ရိုက်တော်သူတစ်ယောက် မောပန်းနေ၍ ကောင်းမွန်စွာ မကားနိုင်ရှာသည့်အခါ အတော်မသိသော လူထုကြီးသည် မဟာကရုဏာတော် အနန္တိရှိလှ၍ စုတ်တသတ်သတ်ပြောဆို၊ ကြသည်ကိုလည်း ကြားသိရပေသည်။

နာမည်ကြီးသည့် ဤတက္ကသိုလ်၌ လမ်းညွှန်မည့် လူကြီးရှိလျှင် လူငယ်တို့သည် ရှေ့သို့တိုးတက်၍ လုပ်ငန်းကို ထွင်နိုင်မည် ဖြစ်သည့်အပြင် မိမိတို့ ထမ်းဆောင်နိုင်ပေလိမ့်မည်။ ကျွန်ုပ်တို့ လူငယ်တို့ကလည်း ထိုအချိန် ထိုအခါအတွက် ယခုကပင် အသင့်ပြင်ဆင် ထားရပေမည်။ ကြိုးစားအားထုတ်ရပေမည်။ အထူးသဖြင့် ကျွန်ုပ်တို့ တက္ကသိုလ်ကျောင်းသားများသည် ဤအရေးတွင် အချက်အချာ ဖြစ်လေသည်။

သို့ဖြစ်လင့်ကစား ယခုလက်ရှိ တက္ကသိုလ်ကျောင်းသားများမှာ နာမည်ဟည်းသလောက် အဆန်မရှိ ဖြစ်နေသည်ကို တွေ့ရပေသည်။ ကျွန်ုပ်တို့ တက္ကသိုလ်ကျောင်းသားတို့သည် ယခု ရရှိနေသော ကျွန်ပညာကို အဟုတ်ကြီး မှတ်ထင်နေကြ၍ နားထင်သွေးရောက်ပြီးလျှင် မြန်မာတို့ပြုသမျှကို ရှုတ်ချကဲ့ရဲ့လိုသော စိတ်၊ လွတ်လပ်သော သခင်အလုပ်ကို ဂုဏ်နိမ့်သည်ထင်သော စိတ်တို့ကို မွေးမြူထားသဖြင့် အထက်မရောက် အောက်မကျ ခွသမားများ ဖြစ်နေကြလေသည်။

ကျွန်ုပ်တို့ တက္ကသိုလ်ကျောင်းသားတို့သည် ဟီရိသြတ္တပ္ပတရား ကင်းမဲ့လျက် ၎င်းတရားကိုပင် နားမလည်နိုင် ရှိနေပေသေးသည်။ မကြောက်ရမည့် နေရာတွင် ကြောက်၍၊ မရှက်ရမည့် နေရာတွင် ရှက်နေသည်ကို တွေ့ရပေသေးသည်။ နိုင်ငံခြားသားတို့ကို မြင်လျှင် ဒူးတုန်ချင်စိတ် မပျောက်သေး။ ဘောလုံးပွဲတွင် ဆဲချင်၊ ဆိုချင်၊ သောင်းကျန်းချင်သည့် စိတ်ဓာတ်မှာလည်း အထူးရှက်စရာ ကောင်းလေသည်။ လွတ်လပ်သော အလုပ်ကို မခင်မင်၊ လွတ်လပ်သော ဘ၀၏ တန်ဖိုးကို မသိ၊ ထို့ကြောင့် လွတ်လပ်သောဘ၀ကို မတောင့်တ၊ မကြံဆ၊ ရအောင် မကြိုးစားကြဘဲ ရွှေရည်မွမ်းမံထားသော လှောင်ချိုင့်ထဲတွင် အပျော်ကြီး ပျော်နေကြပေသည်။

ကျွန်ုပ်တို့ တက္ကသိုလ်ကျောင်းသားတို့တွင် အလွမ်းနာသမားတို့ကား များလှစွာ၏။ သို့သော် တလွဲလွမ်းနေသည်ကို တွေ့ရပေသည်။ သနားတတ်သော သူများကိုလည်း တွေ့ရပါ၏။ သို့သော် တလွဲသနား နေကြပေသည်။ ချစ်ယောင်ဆောင်၍ သေအောင်သတ်တတ်သော ရန်သူတို့က အရှူအရှိုက်နှင့် ငိုချင်းချသည်ကို မြင်ရသောအခါ ရင်ထဲတွင် ဖိုလှိုက်ဖိုလှိုက်နှင့် ၀မ်းနည်းသည့် စကားသံများကို ကြားရပေသည်။ ဘက်ရိုက်တော်သူတစ်ယောက် မောပန်းနေ၍ ကောင်းမွန်စွာ မကားနိုင်ရှာသည့်အခါ အတော်မသိသော လူထုကြီးသည် မဟာကရုဏာတော် အနန္တိရှိလှ၍ စုတ်တသတ်သတ်ပြောဆို၊ ကြသည်ကိုလည်း ကြားသိရပေသည်။

သို့ရာတွင် ကျွန်တွင်းနစ်၍ ရတနာ၊ ရွှေ၊ ငွေ ဆုံးပါးပျက်စီးနေသော ကျွန်ုပ်တို့၏ တိုင်းပြည်အတွက် နံနက်စာ နံနက်၊ ညစာ ည ရှာစားရသော များမြောင်လှစွာသော ဆင်းရဲသားတို့ အတွက်မူကား သနားခြင်း ကရုဏာတရားသည် ခေါင်းပါးလှပေ၏ တကား။ ဤသို့လျှင် ကျွန်ုပ်တို့ တက္ကသိုလ်ကျောင်းသားများမှာ ပညာ၏ အရိပ်အယောင်များသာ ဖြစ်၍ ပညာစစ်၏ အချက်အချာဖြစ်သော အဆိုးအကောင်း တန်ဖိုးကို မဝေဖန်နိုင်ဘဲ ရှိလေသည်။

…..တိုင်းသူပြည်သားများမှာ ဤပညာရေးတွင် ဘာမျှ ပြောပိုင်ဆိုပိုင်ခွင့် မရှိ။ တိုင်းသူပြည်သားက မြှောက်တင်သော ကိုယ်စားလှယ် အနည်းငယ်မျှ အုပ်ချုပ်ရေးတွင် ပါသော်လည်း တန်ခိုးအာဏာ အလျှင်းမရှိပေ။ တက္ကသိုလ်ကောင်စီ အစည်းအဝေးမှာ တစ်နှစ်တွင် တစ်ခါနှစ်ခါမျှ ပြုလုပ်၍ နာရီဝက်နှင့် အစည်းအဝေးမှ စာတမ်းများကို ၎င်းတို့စီစဉ်သလို ဖတ်ပြပြီးလျှင် ပြီးဆုံးသွားသည်က များလေသည်ဟု…..

ကျွန်ပညာနှင့် သခင်ပညာ

ဤပညာနှစ်မျိုးကို အချို့သူတို့မှာ နားမလည်ဘဲ ပြောနေကြပေသည်။ ဤပညာနှစ်မျိုးကို ရှင်းလင်းရန်မှာလည်း မလွယ်ကူလှပေ။ ကျမ်းတစ်စောင်တစ်ဖွဲ့နှင့် ရေးသားမှ ရှင်းလင်းမည့်အရာ ဖြစ်လေသည်။

အင်္ဂလန်၊ ဂျပန်၊ အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ ရုရှားတိုင်းပြည်တို့တွင် သင်ကြားသော ပညာရေးစနစ်တို့နှင့် အိန္ဒိယပြည်နှင့် မြန်မာပြည်တွင် ပေးအပ်သော ပညာရေးစနစ်မှာ မိုးနှင့်မြေကြီးမျှ ကွာခြားနေသည်ကို တွေ့ရလေသည်။ ပညာသင်ကြားရေးရာတွင် အသက်မွေးဝမ်းကျောင်း ပညာရပ်များအပြင် ရိုးရိုးသင်ကြားရာတွင်လည်း စွမ်းစွမ်းတမံ ကိုယ့်ဒူးကိုယ်ချွန်လိုသည့် စိတ်နှင့် ထိုသို့ပြုနိုင်သည့် အရည်အချင်းတို့ကို ကျောင်းသားသူငယ်များ မွေးမြူလာနိုင်အောင် ပြုပြင်ပေးရမည်။

အိန္ဒိယပြည်နှင့် မြန်မာပြည်ရှိ ပညာရေးစနစ်မှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် ဤအဆင့် လေးပိုင်းမျှ ရှိလေသည်။ ရှိသော အဆင့်လေးပိုင်းတို့သည်လည်း ကောင်းမွန်ကျနစွာ မရှိ။ ဤမျှသော ပညာကို ကျွန်ုပ်တို့ အားပေးရာတွင် သာရာစားတွေ များလာစေ၍ ကျွန်စိတ်သဘောက်စိတ် ပေါက်သူများ ရှိလာအောင် ဖြစ်လေသည်။ ဤရည်ရွယ်ချက်မှာ အင်္ဂလိပ်ပညာကို အိန္ဒိယတွင် ပထမစထွင်သူ (လော့ဒ်မက်ကောလင်း) က လမ်းကြောင်းပြခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယဘုရင်ခံချုပ် တစ်ဦးဖြစ်သော (လော့ဒ်ကာဇုံ) ကလည်း အိန္ဒိယပြည်ရှိ ပညာရေးစနစ်ကို ချုပ်နိုင်သမျှ ချုပ်ရမည်ဟု မြွက်ကြားဖူးလေသည်။ အကြောင်းကား အင်ပိုင်ယာချဲ့ထွင်ရေးစနစ်ကို တည်တံ့ခိုင်မြဲစေရန် ဖြစ်လေသည်။
အင်ပိုင်ယာချဲ့ထွင်ရေး စနစ်သည် အရေးကြီး အရာပါသော ကိရိယာလက်နက်ကြီးတစ်ခု ဖြစ်သည်ကို ၎င်းအင်ပိုင်ယာချဲ့ထွင်ရေးကို မကြိုက်နှစ်သက်သူ အင်္ဂလိပ်လူမျိုး အချို့က အတိအလင်း ရေးသားထားကြလေသည်။ အဝေးကြီးမရှာဘဲ အနီးကလေးဖြစ်သော (မြန်မာစာညွန့်ပေါင်းကျမ်း) အချီးတွင်လည်း အင်ပိုင်ယာချဲ့ထွင်ရေး စနစ်နှင့် ပညာရေးစနစ် မည်သို့သက်ဆိုင်ကြောင်း အရိပ်အမြွက်မျှ ပြထားလေသည်။

သို့သော ပညာရေးစနစ်ကို အင်ပိုင်ယာချဲ့ထွင်ရေး စနစ်နှင့် တံသုတ်ကိုယ်ညီလေအောင် မြန်မာပြည်၌ ပညာမသင်မနေရ ဥပဒေ မထားရှိခြင်း၊ သင်ကြားရန် ဘာသာရပ်များမှာ အနည်းငယ်သာရှိ၍ အကုန်အစင် သင်မပေးခြင်း၊ ကျောင်းကန် အသီးသီးတို့တွင် ကလေးသူငယ်တို့အား အင်ပိုင်ယာချဲ့ထွင်ရေး စနစ်၏ ထောက်ပံ့သူများဖြစ်အောင် အမျိုးမျိုး ပြုလုပ်ခြင်း၊ တက္ကသိုလ်ပညာကို လူတိုင်းမသင်ယူနိုင်အောင် ပညာတတ်နည်းအောင် အမျိုးမျိုးအတားအဆီး အပိတ်အပင်များ ထားခြင်းတို့ ဖြစ်လေသည်။

အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း
အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း

ဥပမာတစ်ခု ပြရသော် ယခု ကျွန်ုပ်တို့ တက္ကသိုလ်ပညာရေးစနစ်(ဂျေဟောလဒိန်)(ကာဒီနယ်နယူးမင်း) (အဘရာဟင်ဖလက်နာ) (ပရော်ဖက်ဆာဇင်းမန်း) စသော ပုဂ္ဂိုလ်ဘကီးတို့ ရေးသားချက်များမှ အထူးကွာခြားပြီးလျှင် အတွင်းရေးသိသူတို့သည် မည်မျှဆိုးရွားသည်ကို သိကြရပေသည်။ တိုင်းပြည့်ငွေနှင့်ဆောက်၍ တိုင်းပြည်ရှိ လူများအတွက် ကျောင်းဖြစ်သော်လည်း ကျွန်ုပ်တို့တက္ကသိုလ် (ယုဒသန်တက္ကသိုလ် ဆရာဖြစ်သင်အားလုံးပေါင်း ဆိုလိုသည်)မှာ တိုင်းသူပြည်သားတို့အား (ကလေးကို အရိပ်အယောင်ပြတယ် ဖိုးလနတ်သား) မျှသာ ဖြစ်လေသည်။

တိုင်းသူပြည်သားများမှာ ဤပညာရေးတွင် ဘာမျှ ပြောပိုင်ဆိုပိုင်ခွင့် မရှိ။ တိုင်းသူပြည်သားက မြှောက်တင်သော ကိုယ်စားလှယ် အနည်းငယ်မျှ အုပ်ချုပ်ရေးတွင် ပါသော်လည်း တန်ခိုးအာဏာ အလျှင်းမရှိပေ။ တက္ကသိုလ်ကောင်စီ အစည်းအဝေးမှာ တစ်နှစ်တွင် တစ်ခါနှစ်ခါမျှ ပြုလုပ်၍ နာရီဝက်နှင့် အစည်းအဝေးမှ စာတမ်းများကို ၎င်းတို့စီစဉ်သလို ဖတ်ပြပြီးလျှင် ပြီးဆုံးသွားသည်က များလေသည်ဟု ကျွန်ုပ်တို့ ကြားရလေသည်။ အချို့က မြန်မာပြည် ပညာရေးစနစ်တွင် ပညာတော်သင် စေလွှတ်ခြင်းကို ညွှန်ပြကြ၏။ ပညာတော်သင် စေလွှတ်ခြင်းသည် စင်စစ်ကောင်းမွန်သော်လည်း ကျွန်ုပ်တို့ပြည်တွင် အသုံးပြုရသည့် စနစ်မှာ အလွန်ညံ့ဖျင်းနေသည်။ တစ်နှစ်လျှင် ပညာတော်သင် ၁၂ ယောက်မက တစ်ထောင်လွှတ်စေကာမူ ယခုစနစ်အရ လွှတ်သော ပညာသင်ယူသူတို့မှာ တစ်ရာမှာတစ်ယောက် မြန်မာပြည်အား အကျိုးရှိအောင် ပြုလုပ်နိုင်သည့် အရည်အချင်းရှိမည် မဟုတ်ပေ။

ပညာတော်သင် စေလွှတ်သည် ဆိုသည်မှာ ဘိလပ်သို့ ပို့ခြင်းကိုသာ ဆိုသည်မဟုတ်။ တစ်စုံတစ်ခုသော အတတ်ပညာ ထွန်းကားရာကို ထိုအတတ်ကို အပြီးတိုင်မြောက် သင်လိုသူအား စေလွှတ်ခြင်း ဖြစ်လေသည်။ သကြားလုပ်ငန်း သင်လိုသူအား သကြားလုပ်ငန်း အကြီးအကျယ် ပြုလုပ်ရာဌာနသို့ လည်းကောင်း၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအတတ် သင်လိုသူအား ထိုအတတ်ပြန့်ပွားရာ ဌာနသို့ လည်းကောင်း၊ အချုပ်အချယ်မရှိဘဲ စေလွှတ်ခြင်း ဖြစ်လေသည်။ သို့မှသာလျှင် တိုင်းပြည်ကြီးပွားနိုင်မည်။ ဤကား ဂျပန်၊ ရုရှား စသော တိုင်းပြည်တို့ ကြီးပွားပုံတည်း။ ဤကား ကျွန်ပညာနှင့် သခင်ပညာ ခွဲပြပုံတည်း။

မိဘများသို့

ပညာရေးနှင့် ပတ်သက်၍ မြန်မာပြည်ရှိ မိဘများထံသို့ ကျွန်ုပ်တို့ အစီရင်ခံလိုသည်။ ယခုခေတ်ကြီးသည်ကား အပြိုင်အဆိုင်ခေတ်ကြီး ဖြစ်သည်ကို ၎င်းတို့ သိရှိကောင်း သိရှိကြပါလိမ့်မည်။ အပြိုင်အဆိုင် ခေတ်ကြီးတွင် ဟောင်းနွမ်းသော နည်းစနစ်မျိုးဖြင့် ကျွန်ုပ်တို့ အရှည်သဖြင့် မတည်တံ့နိုင်ပါ။ အစိုးရ ရာထူးဌာနန္တရတို့ အတွက်သာ မိမိတို့ သားသမီး ပညာရေးကို ရှေးရှုပြု၍ ညွှန်ကြားခြင်း မပြုပါလင့်။ အမျိုးနှင့်တိုင်းပြည် အကျိုးရှိစေမည့် လုပ်ငန်းများကို မိမိတို့သားသမီးများ ပြုလုပ်ခြင်းကို တားဆီးပိတ်ပင်ခြင်း မပြုဘဲ အားပေးကြစေလိုပါသည်။
ငွေအင်အား ပြည်စုံလျှင် မိမိတို့၏ သားသမီးများနှင့် သင့်လျော်မည့် တိုင်းပြည်တို့ကို စေလွှတ်ခြင်းက ဤတက္ကသိုလ်သို့ချည်း စေလွှတ်ခြင်းထက် ပိုမိုကောင်းမွန်သည်ဟု ကျွန်ုပ်တို့ ယူဆမိပေသည်။ ဥပမာဆိုသော် ဂျပန်ပြည်သည် ယခုအခါတွင် စက်မှုပညာတွင် အလွန်ထွန်းကား၍ အခြားတိုင်းပြည်များထက် ရာခိုင်နှုန်း ၅၀ မျှ ပိုမို၍ ဂျပန်ဖြစ်ကုန် ပစ္စည်းတို့ကို နိုင်ငံခြားသို့ တင်ပို့နိုင်သေလည်။ အခြား အတတ်ပညာများလည်း ဂျပန်ပြည်တွင် ထွန်းကားလေသည်။ သို့ဖြစ်ရကား ဂျပန်ပြည်သို့ မိမိတို့၏ သားသမီးများကို ပညာသင်စေလိုလျှင် ဤတက္ကသိုလ်တွင် ပညာသင်သည်ထက် အကျိုးရှိမည်ဟု ကျွန်ုပ်တို့ ထင်ပေသည်။

ကျွန်ုပ်တို့ သိရသလောက်မှာ ဂျပန်ပြည်တွင် ပညာသင်ကြားရသည့် စရိတ်သည်လည်း အလွန်ဆုံး တစ်လလျှင် ၁၀၀၊ ၁၅၀ မျှ ကျမည်ဖြစ်ရာ ကျွန်ုပ်တို့ တက္ကသိုလ်တွင် ပညာသင်ကြားရသည့် စရိတ်နှင့် များစွာ မကွာပေ။ ထို့ကြောင့် မိမိတို့ တစ်သက်မျှ ကောင်းစားသည်ကို မကြည့်ရှုဘဲ နောင်လာနောင်သားမျာ၏ အကျိုးကို မျှော်ကိုး၍ မိဘများသည် မိမိတို့၏ သားသမီးတို့အား ကမ္ဘာကြီး တစ်ဖက်စွန်းပင် ဖြစ်စေကာမူ သောကနှင့် သံယောဇဉ်ကို ဘေးချိတ်၍ စွန့်စားစေသင့်သည်။ ပညာရှိစေသင့်သည်။ စီးပွားရှာစေသင့်သည်။ ဤသည်သာလျှင် ယခုခေတ်နှင့်ညီသော နည်းလမ်းဖြစ်ပေသည်။

ကိုအောင်ဆန်း

(ဗိုလ်ချုပ်အောင်ဆန်းကျောင်းသားဘဝ ကရေးသားခဲ့သော ကျွန်ပညာ နဲ့ သခင် ပညာ  ဆောင်းပါးကို ပြန်လည် မျှဝေပါသည်)