သင်္ကြန် ၄၅ (အိုးဝေမျိုး)

Posted on Posted in ယဉ်ကျေးမှုရှုခင်း, မြန်မာ့ဓလေ့

padaukသင်္ကြန် ၄၅ (အိုးဝေမျိုး)

နှစ်သစ်ကား ကူးမြဲ.. ကူးပြန်လေပြီ…။
သင်္ကြန်ဆိုသည် ကူးပြောင်းခြင်းဟု ဆိုကြသည်။
နှစ်ဟောင်းမှသည် နှစ်သစ်ဆီသို့၊ အကျင့်ဟောင်းမှသည် အကျင့်သစ်ဆီသို့။
… သို့ ဆိုလျှင် အညစ်ဟောင်းမှသည် အညစ်သစ်ဆီသို့ တော့ မဖြစ်တန်ကောင်းရာ။
အကယ်တန္တိ နှစ်သစ်ကူးသည် အရင်ကလို ကျော်လွှား ဖြတ်သန်းသွားသော သာမန်နေ့ရက် တရက်မျှသာ ဖြစ်သည်။ မွေးနေ့သည်လည်း ထိုနည်းပင်၊ သေနေ့သည်လည်း အလားတူ၊ ထောင်ကလွတ်၊ ရှင်လိင်ပြန်၊ မင်္ဂလာဆောင် နေ့တို့သည်လည်း ခါတိုင်းလို သာမန်နေ့တနေ့မျှသာဖြစ်တော့သည်။

သို့သော် ချစ်သူနဲ့စတွေ့သောနေ့၊ ချစ်သက်လက်ဆောင်ပေးသောနေ့ ၊ စိတ်ကောက်ပြီး ရေခဲမုန့်တွေ မစားသဖြင့် အရေပျော်ကုန်သော နေ့ စသဖြင့်တို့သည် စာအုပ်ထဲရေးမှတ်ကြ၊ အထူးပြုကြ လေသည်။
သည်နည်းနှင်နှင် ပုဂ္ဂလိက သတ်မှတ်မှုမှသည် အရေအတွက် ပိုများသော အုပ်စု၊ လူ့အဖွဲ့အစည်း ဖြစ်လာသောအခါ အထက်က ဆိုပြီးသော နေ့တို့ကိုလည်း အထူးပြုကြ၊ ရေးမှတ်ကြ၊ ပုံနှိပ်ကြ အများသတ်မှတ်သော အကြောင်း အရာများကို ပြောကြ၊ ရေးကြသဖြင့် အများက အာရုံစိုက်ကာ အားပေးကြ၊အသိအမှတ်ပြုကြ၊ အသုံးပြုကြနဲ့ အများဆိုင် ဖြစ်လာကြသောအခါ….။
ထိုနေ့တို့သည် သာမန်နေ့ များ မဟုတ်ကြတော့ပေ…၊အုပ်စု၊ လူမျိုးစု၊ နိုင်ငံ စသဖြင့် အစုအဝေးတခု၏ ယဉ်ကျေးမှုဖြစ်လာရပေတော့သည်။ စည်းမျဉ်းဖြစ်လာရတော့သည်။ လူမှုဥပဒေတွေ ဖြစ်လာ ကြတော့ သည်။ ထိုဓလေ့တို့ကို ထိမ်းသိမ်းရန် ဓလေ့တို့ကို နှောက်ယှက်ဖျက်ဆီးသောသူများကို ကာကွယ်တားဆီး မှု လုပ်ငန်းစဉ်များလည်း တစ၊တစ တီထွင်ကာ ထွန်းကား ပေါ်ပေါက်လာလေတော့သည်။
၎င်းအပြင် လူတို့သည် အပြုအမူအားဖြင့် တချို့သောအမှုတို့ကိုလည်း ပြုလုပ်ကြလေသည်။ သီလယူကြသည်၊ အရက်လှုကြသည်၊ ယတြာအားဖြင့် ကလေးရောင်းကြသည်၊ ဝယ်ကြသည်၊ ကတိခံ၊ ကတိယူကြ သည်မှာလည်း သာမန်အလုပ် မျှသာ ဖြစ်သည်။
သို့သော် ၂ ဦးသား လက်သန်းချင်းချိတ်၍ သဘောတူကြသည်၊ ဟိုင်းဖိုက်ဟု တူကြောင်းပြကြသည်၊ ခွက်မြောက်၍ ကမ်ပိန်းကြသည်၊ ဒိုင်ယာယီ စာအုပ်ကြား စွယ်တော်ရွက်ကလေးများ တခြမ်းစီ ခွဲယူပြီး ညှပ်သူလည်း ညှပ်ကြလေသည်။ မပျက်ကွက်ရအောင် အထူးလုံ့လစိုက်ကြလေသည်။ ဒိုင်ယာယီ စာအုပ်ကလေး သေချာသိမ်းလို့၊ သော့ခလောက် လေးပါသော စာအုပ်မျိုးကို ရွေးချယ်လို့၊ တဖက်ဖက်က ဖေါက်ဖျက်ယင် စိတ်ဆိုးလို့၊ နာကျည်းလို့၊ တချို့ဆို သေကြောင်းကြံတဲ့အထိ။

အနှီ သာမန်နေ့ရက်များ၊ သာမန်အပြုအမှုများသည် အခြားလူတဦးဦး နှင့် သို့မဟုတ် လူတစုနှင့်၊ သို့မဟုတ် တိုင်းပြည်တပြည်နှင့် မဆက်စပ်သရွေ့ သာမန်မျှသာဖြစ်ကြသည်။
သို့သော်….။ သီလယူသည် ဆိုရာမှာ သီလပေးသူ ရှိလေသည်။မိန့်ခွန်းပြောလျှင်နားထောင်သူရှိသည်၊ မဲဆွယ်လျှင် မဲပေးသူလည်းရှိသည်။ချစ်သူ၊ခင်သူတွေအကြား စွယ်တော်ရွက် တခြမ်း စာအုပ်ကြားညှပ်ဖို့ ဖြစ်လာလျှင်လည်း အလားတူ ကျန် စွယ်တော်ရွက် တခြမ်းကို အမြတ်တနိုးသိမ်းထားသူလည်းရှိရပေမည်။
အနှီနေ့ ၊အနှီအဖြစ်အပျက်တို့တွင်ပါဝင်သော Other party ခေါ် တဖက်လူ၊ သို့မဟုတ် တဖက် လူတွေ၊ လူအဖွဲ့အစည်းတွေ၊ နိုင်ငံတွေ အစရှိသည့် ဆက်စပ်မှုများရှိလာကြသည်။ ထိုဆက်စပ်သူများသည် မိမိတဦးချင်းစီ၏ လုပ်ဆောင်မှုများအတွက် ကောင်းကြောင်း၊ ဆိုးကြောင်း သက်သေတွေဖြစ်လာသည်၊ ထိုနည်းဖြင့် လူအဖွဲ့အစည်း လူအသိုင်းအဝိုင်းအတွင်း ကောင်းသူ၊ဆိုးသူ၊ ကတိတည်သူ၊ ကတိမတည်သူ၊ စသဖြင့် သတ်မှတ်ပြောဆို ခေါ်ဝေါ်၊ သတ်မှတ်ကြလေသည်။

တချို့သောသူများကား သက်ရှိလူတို့ကို အသိသက်သေမပြုပဲ ညောင်ညိုပင်၊ အင်းလျားကန် ကမ္ဘာမြေကြီး စသဖြင့် သက်သေပြု ၊ ကတိပြုကြသလို ဗုဒ္ဓဆင်းတုတော်၊ ဘုရားစေတီ၊ ခရစ်တော် ထာဝရ ဘုရားသခင် စသဖြင့်တို့ကို တိုင်တည်သစ္စာပြုကြသည်။
ဤနည်းနှင့် တချို့ ကိုယ်ကျင့်တရား အလေ့ထုံမွမ်းသူများကလည်း မိမိကိုယ်ကို သစ္စာတရား ရှိသူအဖြစ် ကိုယ်တိုင်အာမခံက ကတိသစ္စာတို့ကို စောင့်ထိန်းကြ၊ ရိုသေကြ၊ ကျင့်ဝတ်၊ ကတိပျက်လျှင် ကိုယ့်ကိုယ်ကို ရှက်ကြ၊ ကိုယ့်ကိုယ်ကို အပြစ်ပေးကြသည်။
ဤသို့ဖြင့် သာမန်နေ့ကလေးများသည် အလေးအနက်ပြုရာနေ့ကြီး၊ ရက်ကြီး၊ အခါကြီးတွေ ဖြစ်လာသကဲ့သို့ သာမန်အပြုအမူလေးများသည်လည်း ကတိ၊ သစ္စာ၊ အဓိဌာန် အစရှိတဲ့ လူအဖွဲ့အစည်းက တန်ဖိုးထား ရသော၊ လေးစားရသော လူ့ဂုဏ်သိက္ခာများ၊လူ့ကျင့်ဝတ်များ ဖြစ်လာကြလေတော့သည်။

အလေးအနက် သတ်မှတ်ထားသောနေ့ရက်တို့တွင်ပါဝင်သော မြန်မာတို့ရဲ့ နှစ်သစ်ကူးသည်လည်း အခုရောက်လာပြန်ချေပြီတည်း။ နှစ်ဟောင်းက နှစ်သစ်ကူး အထိမ်းအမှတ်၊ အဓိဌာန်၊ ကတိစကား တို့ကိုလည်း ပြန်လည်သုံးသပ်ကြ၊ လာမည့် နှစ်သစ်အတွက် အဓိဌာန်အသစ်၊ ဆုံးဖြတ်ချက်အသစ် တွေချမှတ်ကြရပေဦးမည်။

နှစ်သစ်ပဲကူးကူး၊ ကလေးပဲ ရောင်းရောင်း၊ ဆေးလိပ်ပဲ ဖြတ်ဖြတ်၊ လက်ထပ်ဖို့ပဲ ကြံကြံ၊ သီလပဲ ယူယူ၊ အရက်ပဲလှုလှု ၊ မိမိ လုပ်ရမည့် အမှု၊ကိစ္စတို့ ကို အလေးအနက်ထား၍ ပြီးမြောက်အောင်လုပ်ခြင်း အားဖြင့် ဆက်စပ်သူ များ၊ တိုင်တည်သူများ ကို လေးစား ရာကျသလို မိမိအတွက်လည်း လိပ်ပြာလုံပြီး ကိစ္စ တစုံတရာ ပြီးမြောက်သွားသဖြင့် ထို့အတွက် ဝမ်းသာ ပီတိဖြစ်ရပေလိမ့်မည်။ နှစ်သစ်သည် လည်း မင်္ဂလာ ရှိပေမည်။
လူမှာကတိ၊ မင်းမှာ သစ္စာ လို့ပြောပြော၊ မင်းမှာ ကတိ၊ လူမှာ သစ္စာ လို့ခေါ်ခေါ်၊ မင်္ဂလာရှိသော မြန်မာနိုင်ငံတော်ကြီးကို အုပ်ချုပ်ရသူ၊ ကြီးမှုးရသော လူများအဖို့ တိုင်းသိ၊ ပြည်သိ ၊ ကမ္ဘာသိ၊ ငါသိ ကြေငြာပြောကြား၊ ကတိစကားတို့ကို ကား ပိုမိုထိမ်းသိမ်းသင့်ပေသည်။ အခုစာကလေးကြော်၊ အခုဆီထမင်း ဗလောင်း၊ ဗလဲ နဲ့ အကြောင်းအမျိုးမျိုး ပြောင်းပြီး ဆင်ခြေ အထွေထွေဖြင့် ပျက်ခဲ့ရသော ကတိစကားများအတွက်လည်း အနည်းဆုံး မိမိကိုယ်ကို ရှက်သင့်၊ အားနာသင့်ပေသည်။ ထို့ကြောင့် နောင်လာလတ္တံသော နေ့များ တွင်လည်း အပြုအမူတိုင်း၊အပြောအဆိုမှန်သမျှ ကား တည်တည်တန့်တန့် ရှိသင့်ပေသည်။

မည်သို့ပင်ဆိုစေ မဟာအတာသင်္ကြန် နှစ်သစ်ကူးသည်ကား ရောက်လာပြီ ၊ အနှီနှစ်သစ်ကူး သည်ကား အကြို၊အကျ၊ အကြတ် ၊ အတက်၊ အင်္ဂါကိုယ်လက် စုံလင်စွာနဲ့ လာခြင်းဖြစ်သည် ၊ ပိတောက်နံ့သင်းသင်း ကိုသယ်ဆောင်လာတတ်သလို၊ အိပ်မက်ထဲအထိလည်း ရနံ့ပေးတတ်လေသည်။ ပြီးနောက် ထိုသင်္ကြန်သည် သက္ကရာဇ်ကိုလည်း တံခါး ခေါက်မြဲတည်း၊ ခု၊ နှစ်တို့ကို တာလီ တိုးမြဲ တည်း၊ ချစ်သူရင်ငွေ့ကိုလည်း ပေးမြဲတည်း။

သို့ပေသည့်………။
အညစ်ဟောင်းကို အညစ်သစ်သို့ ပို့မြဲတည်း ဆိုလျှင်တော့ မဟန်၊ … ထိုနှစ်သည် သစ်ရတာ မတန်၊ နှစ်ကူးရတာ မမှန်၊ အသက်ကြီးရတာလည်း မတန်ပင်ဖြစ်တော့မည်။ ကတိသစ္စာရှိသင့်သူများလည်း လိမ်မြဲ၊ညာမြဲ၊ နှိပ်စက်ကလူပြုမြဲ ဆိုလျှင်လည်း ဆင်တို့ ဖြူရတယ်ဆိုတာလည်း မမှန်၊ လူအများတို့ကလည်း ဝန်ပိလို့ ပူပန် ၊ တိုင်းပြည်က ဆူညံ၊ ဆင်းရဲနေရတာလည်း အမှန်ပင်ဖြစ်ပေတော့မည် ။
နှစ်သစ်တွင် အညစ်ဟောင်းတို့ကို နှစ်ဟောင်းတွင်ချန်ရစ်ကြ၊ ကတိသစ္စာတို့ တည်ကြည်ကြ၊ မေတ္တာတရား တို့ ပြန့်ပွားကြဆိုယင်ဖြင့် ငြိမ်းချမ်းရေးသည် စာချုပ်ချုပ်စရာမလိုပဲ ဒီနှစ်သစ်မှာ ကမ္ဘာမြေပေါ် ဆင်းသက် လာပေလိမ့်မည်။ နှစ်သစ်မှာ အားလုံးပဲ ငြိမ်းချမ်းမှု၊ငြိမ်သက်မှုရှိကြပါစေ။

အိုးဝေမျိုး- ၂၀၁၅ သင်္ကြန်