ကဗျာဝိုင်း၊ စာဝိုင်းများမှသည်….(မင်းညွှန့်လှိုင်)

Posted on Posted in စာပေဆောင်းပါး, ရသရှုခင်း

ကဗျာဝိုင်း၊ စာဝိုင်း များမှသည်….

မင်းညွှန့်လှိုင်

ခရေရိပ် ကဗျာဝိုင်း
ခရေရိပ် ကဗျာဝိုင်း

“ဆည်းဆာရဲ့ဝိုင်း” ဟုသာဆိုရပေတော့မည် ။
မန္တလေးကုသိုလ်တော်ဘုရားဝန်းသည် ပရဝုဏ်ပြင်ပမှ မြို့ပြ၏ပူလောင်ဆူညံခြင်းနှင့်ခြားနားစွာ အေးချမ်းဆိတ်ငြိမ်နေပေသည်။ ပြီးခဲ့သည့်ရက်ပိုင်းလောက်ကပင် သည်ဘုရားဝန်းအတွင်းမှာ လျှပ်စစ်အင်ဂျင်နီယာများ၏ ဖဲကြိုးပြာလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်းသိရသည် ။ ကျန်းမာရေးနှင့်တရားစီရင်ရေးတို့မှာမိုးကျရွှေကိုယ်များမတော်မတည့်ဝင်ရောက်စွက်ဖက်မှုကိုဆန့်ကျင်ကန့်ကွက်သောဖဲကြိုးနက်နှင့်ဖဲကြိုးဝါလှုပ်ရှားမှုများနည်းတူနောက်ထပ်လှုပ်ရှားမှုတစ်ခုပင်။ယခုကျွန်တော်တို့စုဝေးရောက်ရှိနေသူများကတော့မန္တလေးမှကဗျာချစ်သူကဗျာဆရာတစုဖြစ်သည်။ အပတ်စဉ်တနင်္ဂနွေညနေတိုင်း ပြုလုပ်နေကျ “ခရေရိပ်” ကဗျာဝိုင်း ဖြစ်သည် ။ ခရေရိပ်မှ “ခရေရိပ်” ဖြစ်သည် ။
သည်နေ့ ( ၁၃ . ၉ . ၂၀၁၅ ) ကတော့ ထူးထူးခြားခြား ခရေရိပ် ကဗျာဝိုင်း၏ (၇၅) ကြိမ်မြောက်ရက်သတ္တပတ်ဖြစ်သည်၊စိန်ရတုအမှတ်တရ ခရေရိပ်ဖြစ်သည် ။ ထို့အတွက် စာရေးဆရာ စိုးနိုင် ( မန္တလေးတက္ကသိုလ် ) ကလည်းတကူးတကလာရောက်ပြီး မုဒိတာ အမှာစကားချီးမြှင့်ပေးလေသည် ။

ဆရာစိုးနိုင်( မန္တလေးတက္ကသိုလ်)ကသမိုင်းခေတ်များကိုဖြတ်သန်းခဲ့သူပီပီ သမိုင်းခံစားမှုကိုနောက်ခံထား၍ပြောကြားသည်။မြန်မာ့သမိုင်းတွင်ပါတော်မူအလွန်မှသည် လွတ်လပ်ရေးကြိုးပမ်းစဉ်နှင့် မျက်မှောက်ခေတ်အထိ အမျိုးသားစည်းလုံးညီညွတ်မှုရရှိသောကာလမှာ အခိုက်အတန့်မျှသာဖြစ်သည် ။ ဆရာက ကဗျာချစ်သူများ၏ ချစ်ခင်ညီညွတ်မှုကို ပီတိဖြစ်သည် ။ သည်လိုစုစည်းမှုကို သည့်ထက်ပြန့်ပွားစည်ပင်စေချင်သည်။ ခရေရိပ်ကဗျာဝိုင်းသည်လည်းရက်သတ္တ(၇၅)မှသည်ရက်သတ္တ(၁၀၀)ထိုမှသည်ဆက်၍ဆက်၍အဓွန့်ရှည်အောင်ထိန်းသိမ်းစေလိုကြောင်းတိုက်တွန်းပြောကြားသွားသည် ။
ဆရာစိုးနိုင်( မန္တလေးတက္ကသိုလ် )ပြောပြီးသည့်နောက်ကဗျာဆရာနေမိုးညိုကဆက်လက်ပြောကြားရာတွင်ကဗျာဆရာများသည်လွတ်လပ်မှုကိုမြတ်နိုးသူများဖြစ်ကြောင်း ကဗျာဆရာများကိုအမိန့်ပေးခိုင်းစေ၍မရကြောင်း အခြားသောအဖွဲ့အစည်းများကဲ့သို့ စုဖွဲ့ရန်ခက်ခဲကြောင်း ကဗျာချစ်စိတ်ကြောင့်သာယခုကဲ့သို့စုစည်းမိကြခြင်းဖြစ်ကြောင်းပြောကြားသွားသည်။ ဆရာနေမိုးညိုပြောကြားပြီးသည့်နောက် ကဗျာရွတ်ခြင်းအစီအစဉ်ကိုစတင်သည် ။

ယနေ့ရောက်ရှိလာသော ကဗျာချစ်သူများမှာ အယောက် ( ၄၀ ) ကျော်ခန့်ရှိသည် ။ အသက်အရွယ်လည်းစုံလင်သည် ။လူကြီး၊ လူလတ်၊ လူငယ် အရွယ်စုံ ။ မျိုးဆက်များ ပေါင်းစည်းခြင်းသဘောကိုမြင်နေရသည်။အများစုက ပုဆိုးနှင့် ရှပ်အင်္ကျီနှင့် ။ ဂျင်းဘောင်းဘီဝတ်ကဗျာဆရာတွေလည်းပါသည်။ ဘောင်းဘီတိုနှင့်တီရှပ်ဝတ်လူငယ်များလည်းပါသည်။ အမျိုးသမီးကဗျာရှင်( ၃ ) ဦးပါဝင်သည် ။ ရွှေဝါရောင်သင်္ကန်း ဆင်မြန်းသည့်ရဟန်းပျိုက ( ၁၀ ) ပါးခန့်ရှိသည် ။

ပိဋကတ်တော် ကျောက်စာတိုက်ဖြူလွလွနှင့် သက်တော်ရှည်ခရေပင်ကြီးများက အသစ်ဖူးပွင့်လာသည့်ကဗျာရွတ်သံများကို နားစိုက်ထောင်နေကြသည် ။ အခမ်းအနားမဆန် ပကာသနမပါ လွတ်လပ်ပေါ့ပါးစွာ ဝိုင်းဖွဲ့ထိုင်ပြီး အလှည့်ကျမတ်တပ်ရပ်ကာ ကဗျာရွတ်ကြသည် ။ အင်္ဂတေကြမ်းခင်းက လူအိုတစ်ယောက်၏အရေပြားနှယ် အက်ရာမွမွနှင့် ။ လူစက်ဝိုင်း၏အလယ်ဗဟိုမှာတော့ တစုံတယောက်ယူဆောင်လာသည့်ကြာပန်းတစ်စည်းကလန်းလန်းဆတ်ဆတ် ။ မြေအိုမြေဟောင်းပေါ်မှာ ပွင့်သစ်တို့ပွင့်ဝေနေသည့်သင်္ကေတပင် ။

ကဗျာဝိုင်း
ကဗျာဝိုင်း

ကဗျာချစ်သူအားလုံးမှာမန္တလေးမြို့ဖွားမန်းသူမန်းသားချည်းတော့မဟုတ်။အခြားမြို့များမှလာပြီးအလုပ်လုပ်နေသူများနှင့်ပညာသင်ကြားနေသူများလည်းပါသည်။သည်အချက်ကိုသူတို့၏ကလောင်အမည်များက ဖော်ပြနေကြသည်။ ပတ္တမြားမြေဆန်ဝေတဲ့။ မင်းနွယ်သွေး(ပခုက္ကူ)တဲ့။မောင်ခန့်မြေ(ထီလာ)တဲ့ ။ကျော်နေနိုင်(ကျောက်ထပ်)တဲ့။ ဇေသော်(စကားဝါမြေ)တဲ့။ ဒဏ္ဍာရီ(ပျဉ်းမနား)တဲ့။ ထို့အပြင်သည်နေ့မှပခုက္ကူကချီတက်လာကြသည့်လူငယ်ကဗျာဆရာများကိုလည်းအားတက်ဖွယ်တွေ့မြင်ရပေသည်။

ရွတ်ဖတ်ကြသည့်ကဗျာများကလည်းပုံသဏ္ဍန်အစုံ ခံစားမှုအစုံ။ အချစ်ခံစားမှုမှသည် ခေတ်ပြိုင်ခံစားမှုအထိထွေပြားကျယ်ပြောလှသည် ။ ဒါသည်ပင်လျင်ဗဟုခေတ်၏ အလှဗေဒဖြစ်ပေသည် ။ အများစုကကိုယ်တိုင်ရေးဖွဲ့သည့်ကဗျာများကိုရွတ်ကြသည်။တချို့ကတော့အခြားကဗျာဆရာများ၏ကဗျာကိုရွတ်ကြသည်။ တချို့ကစာရွက်ကိုကြည့်ပြီးရွတ်ကြသည်။ တချို့ကစာအုပ်ကိုကြည့်ပြီးရွတ်ကြသည် ။တချို့ကဘာမှမကြည့်ပဲအလွတ်ရွတ်သည် ။ အများစုကတော့ လက်ကိုင်တယ်လီဖုန်း၏ ပွတ်တိုက်ဖန်သားပြင်ကိုကြည့်ပြီးရွတ်ဖတ်ကြလေသည်။ ဒါကလည်းယနေ့ခေတ်မြန်မာကဗျာဆရာများ၏ ကဗျာ ရွတ်ဟန်ဖြစ်နေလေပြီ ။

ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်)ကတော့ သည်နေရာအခင်းအကျင်းကိုဖွဲ့ဆိုထားသည့် ကိုယ်တိုင်ရေးကဗျာကို ရွတ်ပါသည် ။
ကဗျာခေါင်းစဉ်က “အရိပ်အေးအး” တဲ့ ။

ကုသိုလ်တော်

ဘုရားရိပ် တရားရိပ် သာသနာ့ရိပ်

ကမ္ဘာ့အကြီးဆုံးစာအုပ်ရိပ်

တိတ်တိတ်ဆိတ်ဆိတ် ။

ကုသိုလ်တော်

မြင်စိုင်းမြို့စား မိုးဗြဲစစ်ကဲ

ခရေရိပ်များရဲ့ဒါယကာ

နှစ်ပေါင်းများစွာသူချွေးသိပ်

တိတ်တိတ်ဆိတ်ဆိတ် ။

ကုသိုလ်တော်

ကဗျာရိပ်၊ စာရိပ်

စိန်ရတု ရက်သတ္တပတ်

အက္ခရာတံဆိပ်နှိပ်

တကယ့်ကို…
တိတ်တိတ်ဆိတ်ဆိတ် ။

အမှတ်တရ
အမှတ်တရ

လူကိုယ်တိုင်မလာရောက်နိုင်သည့် အဝေးရောက်ဝိုင်းတော်သူ ဝိုင်းတော်သား ကဗျာချစ်သူများကတော့ တယ်လီဖုန်းမှတဆင့် ကဗျာရွတ်ကြသည် ။ ညနေသည်တဖြည်းဖြည်းနှင့်ညဖြစ်စပြုလာသည် ။ သို့သော် အဝေးရောက်များ၏ ရင်ခုန်သံများကိုလည်း ချန်မထားလိုကြပေ ။ မီးရောင်တလက်လက် အသံချဲ့စက်ဝိုင်းဝိုင်းလေးက အသံရှင်များ၏လိပ်ပြာကိုသယ်ဆောင်လာသကဲ့သို့ရှိသည် ။ မျက်ဝန်းချင်းမနီးသော်လည်းနှလုံးသားချင်းမဝေးကြသည့်သဘောပင်။

ကျွန်တော်သည် ဆရာဒဂုန်တာရာ၏ “စာပေဆည်းဆာ” ဆောင်းပါးထဲမှဝါကျ တစ်ကြောင်းကိုလွမ်းလွမ်းမြမြ အမှတ်ရမိလိုက်သေးသည် ။ “ကျွန်တော်တို့သည် အမှောင်ထဲမှာနစ်မြုပ်နေကြသည်”တဲ့ ။မှန်သည်။ယခုလည်း တဖြည်းဖြည်းရုပ်လုံးပေါ်လာသည့်ည၏အမှောင်ထဲမှ ကျွန်တော်တို့နစ်မြုပ်စပြုပြီ။ သို့သော်ကျွန်တော်တို့၏ ကဗျာဝိညာဉ်ကအမှောင်ကိုဆန်တက်လျက်ရှိသည်။ နောက်ဆုံးအစီအစဉ်အဖြစ်ကဗျာဆရာရတုသစ်က ခရေရိပ်၏အတ္တုပ္ပတ္တိကိုအကျဉ်းရုံးပြောပြပြီး သူ၏ကဗျာတစ်ပုဒ်ကို ရွတ်လိုက်သည်။လက်ကိုင်တယ်လီဖုန်းမီးရောင်တွေကစကားလုံးတွေလိုတလက်လက်လင်းပနေသည်။ကျွန်တော်တို့၏သမိုင်းအတွေ့အကြုံအရစာကြည့်တိုက်များစာကြည့်အသင်းများ စာပေဝိုင်းများသည် အရွေ့တစ်ခုကို အစပြုကြသည်ချည်းပင်ဖြစ်သည် ။ မြန်မာပြည် စာအုပ်အသင်း နဂါးနီစာအုပ်အသင်း နှင့် စနေစာပေဝို်င်းတို့သည် ထင်ရှားသည့်မှတ်တိုင်များဖြစ်ကြသည် ။ မန္တလေးမြို့တွင်လည်း ကဗျာဝိုင်း စာဝိုင်းများစွာရှိကြသည်။နန်းရှေ့မှ ရွှေစွန်မင်းကဗျာဝိုင်းဆိုလျင်သက်တမ်း(၁၀) နှစ်ပြည့်လုပြီဟုသိရသည် ။ကျွန်တော်၏လူငယ်ဘဝမှာပင် ဖြူးမြို့မှ “မိတ်ဆွေများ” စာကြည့်အသင်းနှင့်ခေတ်ပြိုင် တောင်ငူမြို့မှ “အလင်းသစ်” စာပေဝိုင်းကို ဖြတ်သန်းခဲ့ရသည် ။ ထိုစာပေဝိုင်းက လူငယ်ကဗျာပွင့်သစ်များကိုဖူးပွင့်စေခဲ့သည် ။

ခရေရိပ်ပေါ် လွင့်ကျလာတဲ့ တနင်္ဂနွေများ
ခရေရိပ်ပေါ် လွင့်ကျလာတဲ့ တနင်္ဂနွေများ

ကျွန်တော်တို့သည် ခရေရိပ်ကဗျာဝိုင်းစိန်ရတု ( ၇၅ )ပါတ်မြောက် အမှတ်တရထုတ်ဝေအပ်သော “ခရေရိပ်ပေါ်လွင့်ကျလာတဲ့တနင်္ဂနွေများ” အမည်ရ လှပသည့်ကဗျာစာအုပ်လေးများကို ကိုယ်စီကိုင်ကာခရေရိပ်မှပြန်လာခဲ့ကြသည်။ညကောင်းကင်ကအောင်စည်ရွမ်းသည့်အလားမိုးချုန်းသံတစ်ချက်ပေးလိုက်သည်။ကျွန်တော်ကတော့ ရေစီးသံသဲ့သဲ့ကြားနေမိသည်။ခရေရိပ်အောက်မှတိုးတိတ်သော်လည်းအားကောင်းစွာစီးဆင်းနေသည့် ရေစီးကြောင်း တစ်ခု၏ခြေသံဖွဖွ ။ ခရေရိပ် ကျန်းမာပါစေ။ တနင်္ဂနွေများ အဓွန့်ရှည်ပါစေ ။ ။

မင်းညွန့်လှိုင်