အနင်းခံအနုပညာ (အောင်ခက်မင်း)

Posted on Posted in ပန်းချီ, ယဉ်ကျေးမှုရှုခင်း
ပန်းချီဆရာ လှိုင်း
3D ပန်းချီဆရာ ညီလှိုင်း

အနင်းခံအနုပညာ (အောင်ခက်မင်း)

မန္တလေးမြို့ရဲ့တစ်နေရာမှာဖြစ်သည်။ပလက်ဖောင်းပေါ်မှာလူစုစု မြင်သဖြင့်ပထမတော့မျက်လှည့်ပွဲလား ဆေးရောင်းနေတာများလား ထင်မိသေးသည်။အနားကပ်ကြည့်တော့မှလူငယ်လေးတစ်ဦး သုံးဘက်မြင်ပန်းချီရေးဆွဲတာဖြစ်နေသည် ။ ပန်းချီအနုပညာရှင်လူငယ်သည်သူ၏ဆံပင်ကိုပင် ဆေးရာင်ခြယ်သထားပေသည် ။အနီ ရွှေနီရောင် ။မီးတောက်မီးလျှံလော ရွှေရောင်အလံတော်လော။သောက ဗျာပါရလား အနုပညာစိတ်ကူးစိတ်သန်းလား ။သင်္ကေတ တခုခုတော့ဖြစ်လိမ့်မည်။ ဖျင်ကြမ်းဘောင်းဘီအပြာလွင့်လွင့် စွပ်ကျယ်လက်တို ဖြူလျော်လျော်ဝတ်ထားသောလူငယ်ကသီချင်းတအေးအေးနှင့်လက်ကိုလှုပ်ရှားနေသည် ။စုတ်တံဖြင့်ဆေးစက်တို့လိုက် ဆေးရောင်ခြယ်လိုက်နှင့် သူ့ရှေ့မှ အင်္ဂတေပြင်သည်ကြာပန်းဝေဝေ ကန်ရေပြင်အဖြစ်သို့တဖြည်းဖြည်းကူးပြောင်းနေသည် ။ ဘေးမှစောင့်ကြည့်နေသည့်ပရိသတ်ထဲတွင်လည်းလူငယ်က များသည်။အနုပညာ သရုပ်ဆောင်ပြကွက်တစ်ကွက် ဂီတတီးခတ်ပွဲတစ်ပွဲကိုကြည့်ရှုသလိုရင်ခုန်နေကြဟန်။ တချို့ကလက်ကိုင်တယ်လီဖုန်းလေးများနှင့်ဓာတ်ပုံတဖျတ်ဖျတ် မှတ်တမ်းတင်နေကြသည်။ပြီးလျင်လူမှုကွန်ရက်ပေါ်မှာ ဖြန့်ဝေကြပေလိမ့်မည် ။
ပန်းချီအနုပညာရှင်လူငယ်လေးကတော့ အနုပညာမှတဆင့် စိတ်ကူးကမ္ဘ္ဘာတစ်ခုထဲသို့ ရောက်ရှိနေပုံရသည်။သူ့အနားမှအနုပညာချစ်သူများသည်သူ့အတွက်အနှောက်အယှက် မဟုတ်။လူထဲသူထဲကအနုပညာရှင် ။သူ့နာမည်မှာလှိုင်းညီ ဟုသိရသည်။လက်မှတ်ကိုတော့”လှိုင်း”ဟုတစ်လုံးတည်းသာရေးထိုးသည် ။ သည်ပန်းချီလက်ရာတွေကိုရေရှည်တည်တံ့အောင်လည်း ထိန်းသိမ်းထား၍မရ ။အခကြေးငွေနှင့်ရောင်းချခြင်းလည်း မပြုနိုင် ။ဒါနဲ့များ ဘာကြောင့်ရေးဆွဲနေပါလိမ့် ။ အချို့ကသိလျက်နှင့်ဖြစ်စေ မသိပဲဖြစ်စေ နင်းလျှောက်သွားကြမည်။ အချိုကစိတ်ဆိုးစိတ်ယုတ်ဖြင့် ဖျက်လိုဖျက်ဆီးပြုကြဦးမည် ။ယခင်ကလည်း ဖျက်ဆီးခံခဲ့ရသည့်အတွေ့အကြုံ ရှိခဲ့ဖူးသည် ။ပထမတော့သူကြေကွဲမိ ။နောက်တော့သည့်ထက်ကောင်းသောလက်ရာတွေဖန်တီးဖို့ တွန်းအား ပါလားဟုတွေးမိသွားသည် ။

သတင်းတိုတစ်ပုဒ်မှာကျွန်တော်ဖတ်ခဲ့ရသည် ။ လူ့အဖွဲ့အစည်းသည် အနုပညာလက်ရာသစ်များကို လွယ်လင့်တကူလက်ခံတတ်ခြင်းမရှိပေ ။ ဆန့်ကျင်ကြ ရှုတ်ချကြ ဖျက်လိုဖျက်ဆီးပြုတတ်ကြလှသည် ။အမည်ဆိုးများဖြင့်လည်း
သမုတ်တတ်ကြသေးသည် ။သရုပ်ပျက်ဂီတ လမ်းသူရဲဂီတတဲ့ ။ ကာရန်ပျက်ကဗျာ စိတ္တဇကဗျာတဲ့ ။ အရူးချေးပန်းအကတဲ့ ။ သွားလေသူအာဏာရှင်ကြီးကတော့ ဂီတဖျော်ဖြေပွဲ တစ်ပွဲမှာ စိတ်လိုက်မာန်ပါစင်ပေါ်တက်ပြီး အနုပညာရှင်များကို ထိုးကြိတ် တူရိယာပစ္စည်းများကိုဖျက်ဆီးခဲ့ဖူးသည် ။ ဖိနှိပ်သူအဆက်ဆက်က ရိုက်ကူးပြီးဖလင်ကော်ပြားတွေကို အမဲဖျက်သလိုဖြတ်တောက်ဖူးသည်။သူရို့တွေနားဝင်ပီယံ မဖြစ်သော ဂီတသစ်ကို အစိုးရအသံလွှင့်ဌာနမှ ထုတ်လွှင့်ခွင့် မပြုခဲ့ကြ ။ စာပေကင်ပေတိုင်အဖွဲ့ကြီးဖြင့် စာပေ ရတနာတွေကို ငွေမင်အုပ် ဆုတ်ဖြဲ လုပ်ခဲ့ကြသည် ။ သို့သော် …ကာလတစ်ခု သမိုင်းတစ်ကွေ့မှာ သရဖူများသာလမ်းဘေး မြောင်းထဲမရှုမလှရောက်ရှိသွားကြသည်။အနုပညာရတနာအလှများကား ပျဉ်းမငုတ်တိုအဘိဓမ္မာ ခွန်အားဖြည့်မိငယ်ဒဿဿ      န အမြင်ဖြင့် ဆက်လက်ရှင်သန်နေကြဆဲပါပင် ။ အနင်းခံစပါးပင်ကပိုသန်သည်ဟူသော စကားပုံနှင့်အညီ အဖိနှိပ်ခံအနုပညာသည်လည်း ပိုမိုသန်စွမ်းရပေမည် ။

ကျွန်တော်သည် လူငယ်ပန်းချီပညာရှင်ဖန်ဆင်းပြသည့် ကန်ရေပြင်ကိုကြည့်ငေးရင်းအတွေးအလျဉ်မှာစီးမျောနေမိသည် ။ သူ့ကို စကားတွေပြောချင်နေသည်။မေးခွန်းတွေ မေးချင်နေသည် ။ သို့သော် သူ့အနုပညာဈာန်ကို မဖျက်ဆီးချင် ။မဖျက်ဆီးရက် ။ သူကလည်းသူ့ဘာသာစကားနှင့်သူ သူ့ဆေးစက်များနှင့်သူ စီးဆင်းဆဲ ။
ကူးစက်မြန်သောရောဂါတစ်ခုလို သူ့အနုပညာကကျွန်တော့်ဆီရောက်လာသည် ။ မရတော့ ။စာရွက်နှင့်ဖောင်တိန်ရှိရာ ကျွန်တော်သွားရမည် ။ ကျွန်တော့်ဘာသာစကားရှိရာ ကျွန်တော်သွားရမည် ။
လူငယ်ကစီးဆင်းဆဲ ။ကမ္ဘာကြီးလည်း လှည့်လည်ဆဲ ။ ။

အောင်ခက်မင်း