လွပ်လပ်တဲ့ ချည်နှောင်ခြင်းတရား (ကိုသားကြီး)

Posted on Posted in ကဗျာ

လွပ်လပ်တဲ့ ချည်နှောင်ခြင်းတရား (ကိုသားကြီး)

free-tied

စိတ်နဲ့ ကိုယ်နဲ့ တစ်ထပ်ထဲ
မကျတဲ့ ည
အားနာတတ်ခြင်းဟာ
အိပ်မက်ကိုဖဲ့ထုတ် ခိုးယူသွား
ငါ မတားမိလိုက်ဘူး။

ဖြည့်ဖဲတစ်ချပ်ရဲ့တာဝန် မှာ
ဘားဆိုင်ဟာ ဟာမိုနီကောင်းတယ်တဲ့လား
တောရွာလေးမှာ သွားနေမယ်
ပန်းပင်လေးတွေ ရေလောင်းမယ်
နွေရာသီ ဝတ်စုံ အပါးလေးတစ်ထည် ချုပ်မယ်
နံရံတွေ ဆေးလိုက်သုတ်မယ်
ဂီတနုတ်တွေ ကြားက
သူငယ်ချင်းကဗျာဆရာရဲ့ အအေးဆိုင်လေးကို
ကာလပေါ်တေးလို နားထောင်မယ်
နွေစပါးကွင်းပြင်ကို ပန်ချီးကားထဲ ထည့်လိုက်မယ်
မြို့ကို ပြန် ရတဲ့ မွန်းကျပ်မှုမှာ
နည်းပါးတဲ့စာနာစိတ်က အနီးကပ်ရန်သူဘဲ။

ကိုဘုန်းရေ…
ခေတ်ဆူးရေ….
မနီတာလေးရေ…..
အနီးဆုံး ကဗျာကို အရင်ဖတ်လိုက်ပါတယ်၊
ပုလင်းအလွတ်တွေ
အသစ်ယောင်ဆောင်ဖို့
ပြင်ဆင်နေပုံ ဟာ
ငါ့အတွက် မွန်းကျပ်လွန်းပါတယ်။

ဘုရားလမ်းက ငုဝါဆောင်မှာ
ငါသီချင်းဆိုဖူးတာ နုပျိုခြင်းစစ်စစ်ပါဆို ရင်းနှီးတဲ့ မိသားစုတွေ အေးချမ်းစွာအိပ်ပျော်ပါစေ ။ ။

ကိုသားကြီး