သူပုန်တစ်ယောက်၏ဖွင့်ဟ၀န်ခံချက် ၊ပထမညအစီရင်ခံစာ (အကျဉ်း) – ရွှေအိမ်စည်

Posted on Posted in ရသရှုခင်း, သမိုင်းရေစီး, ဆောင်းပါး

သူပုန်တစ်ယောက်၏ဖွင့်ဟ၀န်ခံချက် ၊ပထမညအစီရင်ခံစာ (အကျဉ်း) – ရွှေအိမ်စည်

fist

အပိုင်း (၁)

(က)
လူတွေနဲ့ဝေး —- ဝေး၊ ဝေးတဲ့နယ်မြေ
တစ်နေရာရှိ—-ရှိ၊ ရှိရာမယ်လေ
နက်ရှိုင်းတဲ့တောရဲ့ ရင်ခွင်မှာပျော်နေ
သဘာဝရဲ့ ရင်သွေးငယ်တွေ —-
(စိုင်းထီးဆိုင်၏ “ သဘာဝရဲ့ရင်သွေငယ်“ သီချင်းမှ)
“ အဟုန်းဝ“ ရွာက ဘီးလင်းချောင်းအား ကားယားခွ၍ ထားသည်။ ချောင်း၏အရှေ့ ဘက်ကမ်း၌လည်း အဟုန်းဝရွာရှိသလို ချောင်း၏အနောက်ဘက်ကမ်း တွင်လည်း အဟုန်းဝရွာရှိသည်။ နှစ်ရွာလုံးက ဘီးလင်းချောင်းအား မေးတင်၍ ထားကြသည်။ မျက်နှာချင်းဆိုင်မဟုတ် ဓါးလွယ်ခုတ်သဏ္ဍာန်းရှိသည်။ အနောက်ဖက်ကမ်းရွာက မြစ်ညှာ ဖက်ပိုကျပြီး အရှေ့ဖက်ကမ်းရွာကမူ မြစ်အောက်ဖက်ပိုကျသည်။ အဟုန်းဝအနောက်ဖက် ကမ်းရွာက င်္ဘီးလင်းမြို့နှင့် ကမ်းတဖက်တည်းတွင်ရှိသည်။ ဘီးလင်း၊ဖာပွန်ကားလမ်းနှင့်လည်း နီးသည်။ ချောင်းနှင့်ကားလမ်းအကြားရှိ “ကျေးတောရွာ “ —-။ ဘီးလင်းနှင့်မူ (၇)မိုင်ခန့်သာ ဝေးပြီး မြင်းလှည်းနှင့် သွားလာ၍ ရသည်။ အနောက်ဖက်ကမ်းရွာက အရှေ့ဖက်ကမ်းရွာထက် အိမ်ခြေပိုများပြီး ကရင်လူမျိုးများနေထိုင်ကြသည်။ တောင်ထန်းခြံလုပ်ငန်းများရှိကြသည်။ အများအားဖြင့်မူ ကြံစိုက်ပျိုးကြသည်ကများသည်။ စပါးစိုက်လိုသော်လည်း စီမံကိန်းသီးနှံ အဖြစ် ကြံကိုသာ အာဏာပိုင်အဆက်ဆက်က စိုက်ခိုင်းသဖြင့် ကြံကိုသာ စိုက်ကြရသည်။ ကြံက စပါးလောက် တောင်သူတို့အတွက် တွက်ခြေမကိုက်။ မစိုက်မဖြစ် အာဏာစက်ကြောင့် သာ စိုက်နေကြရသည်။
တံတားခါးကျိုးတပ်စခန်း အမှတ် (၃)ခြေမြန်းတပ်ရင်း ဌာနချုပ်နှင့် အဟုန်းဝ အနောက်ဖက်ကမ်းရွာတို့က တြိဂံတစ်ခု၏ အနားစွန်းများသဖွယ် ချောင်းနှင့်ကားလမ်း ကြားတွင်ရှိ၍နေသည်။ နှစ်မိုင် သုံးမိုင်ထက် မကွာဝေးကြ။ တပ်စခန်းနှစ်ခုက ဘီးလင်း၊ ဖာပွန်ကားလမ်းပေါ်တွင်ရှိကြပြီး ရွာက ချောင်းနဘေးတွင်ရှိသည်။ ဘီးလင်းမှလာသော် တံတားခါးကျိုးတပ်စခန်းအားလွန်လျှင် ကားလမ်းမှ်ဖယ်ပြီး ရွာသို့သွားသည့် လှည်းလမ်းရှိ သည်။ လှည်းလမ်းက ကြံခင်းများအား ဖြတ်၍ သွားသည်။
ကျနော်တို့မြင်းလှည်းက တံတားခါးကျိုးတပ်စခန်းအား လွန်ခဲ့ပြီ။ ဂိတ်မှစစ်သားသည် ကျနော်တို့မြင်းလှည်းအား ခဏမျှကြည့်ပြီး လမ်းအားပိတ်ထားသည့် ၀ါးတန်းဂိတ်တံတားအား ဖွင့်ပေး၏။ မည်သို့မျှ မစစ်မေး။ အဟုန်းဝရွာသို့သွားသည့် လှည်းလမ်းဝသို့ရောက်သည့်အခါ၌ ကျနော်တို့ မြင်းလှည်းပေါ်မှ ဆင်းကြ၏။ တစ်ယောက်—နှစ်ယောက်— သုံးယောက်။ ကျနော်တို့၌ လွယ်အိတ်တစ်လုံးသာပါသည်။ လွယ်အိတ်ထဲ၌က အ၀တ်အစားအပိုတစ်စုံစီနှင့် ငွေအနည်းငယ်မျှသာ —။ ထားတော့ ။ တပေါင်းနေသည် ဖျော့၍ ဖျော့၍ လာပြီ။ ကျနော်တို့ တစ်ခုတော့ စိုးရိမ်နေသည်။ ရွာအတွင်း၌ စစ်တပ်နှင့်မတိုးမိစေရန်။ တွေ့၍ မေးလား မြန်းလား လုပ်လာလျှင်လည်း ပြသာနာမရှိ။ ကျနော်တို့ဖြေရန် စိတ်ကူးထားပြီးသာ အဖြေများကရှိသည်။ ရွာအတွင်းသို့ လှည်းလမ်းအတိုင်းဝင်လာခဲ့သည်။ ရွာတွင်စစ်ကြောင်းမရှိ။ ကျနော်မိတ်ဆွေ၏အမည်အားပြော၍ ရွာသားတစ်ဦးအား မေးရသည်။ သူညွှန်းပြသည့်အတိုင်း ကျနော်မိတ်ဆွေ၏အိမ်သို့ရောက်သည်။ ပထမ၌ ကျနော်တို့အား တွေ့ပြီး ကျနော်မိတ်ဆွေ သည် အံ့သြ၍ နေသည်။ ကျနော်ကား အကျိုးအကြောင်းရှင်းပြပြီ သူ့ထံမှ အကူအညီ တောင်းသည်။
`“ အရှေ့ဖက်ကမ်းကူးရင်တော့ ဒီအတို်င်းကူးလို့ မဖြစ်ဘူး။ အရင်လူလွှတ်ပြီး သတင်းစုံစမ်းအုံးမယ်။ အခုတလော ဟိုကောင်တွေ အ၀င်အထွက်အမြဲရှိတယ်`“
ကျနော့်မိတ်ဆွေပြောသည့် ဟိုအကောင်တွေဟူသည်မှာ ခလရ (၉၆) စစ်ကြောင်းနှင့် (သ က ဆ ဖ)ဟုခေါ်သော သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့များအား ရည်ညွှန်းခြင်း ဖြစ်သည်။ အရှေ့ဖက်ကမ်းတွင်မူ ကျနော်တို့ ဟိုအကောင်တွေနှင့် တွေ့၍မရတော့။ အနောက်ဖက်ကမ်းရွာမှာကဲ့သို့ ရှင်းပြ၍လည်းမရနိုင်။ ချောင်းခြားသော ဤအရပ်က ကေအင်ယူ တပ်မဟာ (၁)၏ ပြောက်ကျားဒေသဖြစ်၍ နေပြီ။ န၀တအတွက်မူ စစ်ဆင်ရေး နယ်မြေ။ အမဲရောင်အရပ်။ ဤအတွက် ဤအရပ်တွင် ကျနော်တို့ ဟိုကောင်တွေနဲ့ ဆုံမိ၍ မရ။ ကြိုတင်၍ သတင်းစုံစမ်းပြီးမှ ကျနော်တို့အား ကျနော်မိတ်ဆွေမှ အရှေ့ဖက်ကမ်းသို့ လိုက်ပို့ပေးရန် စီစဉ်ခြင်းဖြစ်သည်။ ကောင်းကင်သည် ပုဇွန်ဆီရောင်အသွေးမှ ဖျော့၍လာသည်။ ၀ါဖျော့ဖျော့ —-။ထိုမှ မှိုင်းပျပျ —။ အရောင်များ ပြောင်လဲ၍ သွားတော့ သည်။
(ခ)
နေ၀င်ညကို ကူးဖြတ်ပြီးမှ
ရောင်နီသာတဲ့ နေ့သစ်ကိုရောက်မယ်
သံသရာလမ်းဟာ မချောမွေ့တတ်တော့
ရင်ဆိုင်နိုင်ရန် ခွန်အားဖြည့် မိငယ်ရေ —-
(ခင်မောင်တိုး၏ `“ ခွန်းအားဖြည့် မိငယ်`“ သီချင်းမှ)
တပေါင်း၊ တန်ခူးဖြစ်၍ ချောင်းပြင်သည် ရေးသားနည်းပြီး သဲသောင်များဖြင့် ကျယ်၍နေသည်။ သဲသောင်အတွင်းသို့မဆင်းမှီ ကမ်းပါးစပ်ရှိ မိုးမခပင်ရိပ်အုပ်အုပ်များ အောက၌ ကျနော်တို့အားလုံးခေတ္တထိုင်ပြီး ငြိမ်၍ ချောင်းရေပြင်နှင့် ဟိုဖက်ကမ်းဆီသို့ စူးစိုက်၍ ကြည်၏။ လဆန်းရက်လရောင်သည် ရေပြင်နှင့် သဲသောင်ပေါ်သို့ ယိုစီး၍ ဖိတ်ကျနေသည်။ ဘော်ငွေရောင် ဖျော့ဖျော့အောက်၌ အရာအားလုံးသည်ငြိမ်သက်၍နေ၏။ ချောင်းရေသည် လေးတွဲ့စွာဖြင့် စီးဆင်း၍နေသည်။ သဲသောင်နှင့် မြစ်ပြင်အတွင်း လှုပ်ရှားမှုဟူသည် ညင်းသွဲ့စွာစီးဆင်းနေသည့် ရေအလျင်သာ။ အရာအားလုံးသည် သက်ငြိမ် —။အရှေ့ဖက်ကမ်းရွာဆီမှ နွားခလောက်သံများအား ကြိုးကြာ၊ ကြိုးကြာ ကြားရ၏။ အိမ်အပြန်နောက်ကျသည့် နွားရိုင်းတို့၏ခလောက်သံ —။ တခါ တခါတွင်မူ ကာလသားများ၏ သီချင်းဆိုသံကိုမူ ခလောက်သံများကြားမှ ကြားရ၏။ ဤသို့ဆိုလျှင် — အရှေ့ဖက်ကမ်း အဟုန်းဝ ရွာကလေးသည် လရောင်ဆမ်းသည့် ညဦးယံ၌ မထူးခြား —။ ဟိုကောင်တွေမရှိ။ သူတို့ရှိပါက ရွာသည် ဤသို့မဟုတ် —။ တိတ်ဆိတ်၍နေသည်။ ငြိမ်၍နေ၏။ ၀ပ်၍နေ၏။ တစပြင်ကဲ့သို့ —။
“ ကျနော်တို့ ကူးကြရအောင်“
ကျနော်တို့အားလုံး မိုးမခရုံအရိပ်မှ ထွက်၏။ ကမ်းပါးမှဆင်းပြီး သဲသောင်ပြင်အား ဖြတ်ကြ၏။ နွေရက်များဖြစ်၍ ချောင်းရေအား တိမ်သည်။ ဒူးဆစ်မြုပ်ရုံသာရှိသည်။ လုံချည်အား “မ“ ပြီး ရေပြင်သို့ ဆင်း၏။ လရောင်သည် ကျနော်တို့အားလုံး၏ကျောပေါ်၌ ခိုစီး၍ လိုက်လာသည်။ ရေပြင်ထက်မှ လဆန်းရက်လသည်ကျနော်အား မော့၍ကြည့်သည်။ ကျနော်ခေါင်းမော့လိုက်သည့်အခါ၌ လဆန်းရက်လသည် ကျနော်အား ငုတ်၍ကြည့်ပြန်သည်။ ကမ်းပါးထိပ်သို့ ကျနော်တို့ရောက်သည့်အခါ၌ ရွာမှ ကလေးများ၏အသံများကိုပင် ကြားရ၏။ ရွာသို့သွားရာ လူသွားလမ်းက ကမ်းပါးနှင့်မှေးပြီး ကပ်လျက်သွားသည်။ တစ်တီတူးငှက်သည် ကျနော်တို့အား မြင်ပြီး လန့်၍အော်မြည်တော့သည်။ ကျနော်တို့အပေါ်မှဝဲ၍အော်နေသော တစ်တီတူးငှက်၏ မြည်သံက မရပ်တော့—။ မှိတ်တုတ်— မှိတ်တုတ် မီးရောင်များက ဟိုမှ — သည်မှ တွေ့ရသည်။ အရှေ့မှ်သွာနေသော ကျနော်မိတ်ဆွေသည် အိမ်ဝင်းတစ်ခုအတွင်းသို့ ၀င်လိုက်သည်။ အိမ်ရှင်အား ကျနော်မိတ်ဆွေက ကရင်လိုလှမ်း၍ခေါ်လိုက်သည်။ ကျနော်တို့က အိမ်အရှေ့ သရက်ပင်အုပ်အုပ်၏အရိပ်၌ လရောင်ကွယ်၍ မှောင်ရိပ်ခိုရပ်နေကြ၏။ ကျနော့်မိတ်ဆွေနှင့် အိမ်ရှင်သည် ကရင်လိုပြောနေကြသည်။ စကားသံအား ကြားရသော်လည်း နားမလည်။ ခဏာကြာလျှင် သူတို့နှစ်ဦးလုံး ကျနော်တို့ ရှိရာ သစ်ပင်အရိပ်ဆီသို့ လာကြ၏၊
“ သူက ဒီရွာက `ဘီဘဲလ်ခို`ဘဲ ခင်ဗျားတို့ကိစ္စ သူဆက်စီစဉ်ပေးလိမ့်မယ် “
ကျနော်မိတ်ဆွေပြောသည့် `ဘီဘဲလ်ခို`ဟူသည်မှာ ကရင်လိုရွာလူကြီးဖြစ်သည်ကို နောင်မှ ကျနော်တို့ သိလာကြရသည်။ ဤရွာ၌ ရွာလူကြီးအား နှစ်ယောက်ထားကြ၏။ တစ်ယောက်က န၀တအာဏာပိုင်များနှင့် ဆက်ဆံရန်ဖြစ်ပြီး တစ်ယောက်က ကော်သူလေးအာဏာပိုင်တို့နှင့်ဆက်ဆံရန်ဖြစ်သည်။။ ယခုကျနော်တို့နှင့် တွေ့သည့်ရွာ လူကြီးက ကော်သူလေးအာဏာပိုင်တို့နှင့်ဆက်ဆံမည့်သူဖြစ်မည်။ ကျနော်က ဆက်သွယ်လို သည့် ကေအင်ယူမှ `ဖဒို` တစ်ယောက်၏အမည်အား `ဘီဘဲလ်ခို`ကိုပြောသည်။ သူက —
“ မနက်ဖြန်ကျမှ ဆက်သွယ်တာပေါ့။ ဒီညတော့ ခင်ဗျားတို့ မဲနခေါင်း ရွာဖက်တတ်အိပ်တာ ကောင်းမယ်။ ဒီမှာက အချိန်မရွေး ဟိုကောင်တွေ ၀င်ထွက်ကြတယ်။ စိတ်မချရဘူး“
သူ့စကားအရ ကျနော်တို့ ဒီည ခရီးဆက်ကြရအုံးမည်။ မဲနခေါင်းရွာက အဟုန်းဝရွာ၏ အထက်ပိုင်းတွင်ရှိသည်။ ဘီးလင်းချောင်းဘေးတွင်ပင်ရှိသော်လည်း ရွာပတ်ဝန်းကျင်က ကွင်းမဟုတ်။ တောတောင်လျိုမြောင်းတို့ ရှိသည်။ န၀တစစ်ကြောင်းများလည်း ရုတ်တရက် ၀င် ထွက်လှုပ်ရှားမရဲ။ ကျနော်တို့အဖို့ လုံခြုံမှုရှိသည်ဟု ဆိုရမည်။ ကျနော်တို့ အဟုန်းဝရွာမှ ထွက်ခဲ့၏။ လမ်းပြသည် ပုဆိုးတစ်ထည်အား ပုခုံးပေါ်တင်၍ အရှေ့မှလျှောက်သည်။ သူ့နောက်မှ ကျနော်တို့ —-။ ကျနော်တို့ ရွာသို့ ၀င်ခဲ့သော လမ်းဖက်ဆီမှ ခွေးဟောင်သံစူးစူးဝါးဝါးအား ကြားရသည်။ ကျနော်တို့ခြေလှမ်းများမြန်၍လာသည်။ စစ်ဆင်ရေးနယ်မြေ၌ လက်နက်ရှိသော ရန်သူအား လက်နက်မရှိသေးသည့် ကျနော်တို့ မရင်ဆိုင်လိုသေး — ။ကြံခင်းများအား တစ်ခင်းပြီး တစ်ခင်း ဖြတ်ကျော်ရ၏။ လရောင်ကိုမူ ကျနော်တို့ ကျောပိုး၍ ထားဆဲ—။
(ဂ)
ပိုင်ဆိုင်တာအားလုံးစွန့်ကာလေ
မနာလိုစရာလည်းပဲမရှိတော့ပေ
ဘယ်သူမဆို အားလုံးတန်းတူနေ
ညီအစ်ကိုလို ကြင်နာမှုနဲ့လေ
လောကအသစ်တစ်ခု တည်နေ —-
(စိုင်းထီဆိုင်၏ “သဘာဝရဲ့ရင်သွေးငယ်“ သီချင်းမှ)
`စောဖားကလိုး` က ကျနော်နှင့် အလယ်တန်းထိ ကျောင်းနေဖက် သူငယ်ချင်း။ ယခုမူ သူက ကေအင်ယူသို့ဝင်ပြီး ကရင့်လက်နက်ကိုင်တော်လှန်ရေးအား လုပ်ကိုင်၍ နေသည်။ ကေအင်ယူ တပ်မဟာ (၁) မဲနခေါင်းနယ်မြေ၏ အကွက်မှူး ။ ကျနော်တို့ `စောဖားကလို`တို့ အဖွဲ့ထံတွင် ရောက်နေသည်မှာ (၃)ရက်ရှိပြီ။ မဲနခေါင်းချောင်းရိုးဘေး ကြံခင်းစောင့်တဲလေးတွင်ဖြစ်သည်။ မဲနခေါင်းချောင်းက ဘီးလင်းမြစ်အတွင်းသို့ စီးဝင်သည့် ရိုးငယ်လေးမျှသာ —။မိုးအခါတွင် ရေပြည့်ပြီး နွေဦးမှစ၍ ရိုးငယ်အတွင်းရေမရှိတော့။ ဟိုတစ်ကွက် ၊ သည်တစ်ကွက်ရေအိုင်ငယ်များသာ ကျန်ရှိတော့သည်။ နေ့ခင်းဖက်များတွင် ရေချောင်းငယ်များအတွင်းဆင်း၍ ငါးဖမ်းကြ၏။ အိုင်ပက်ကြ၏။ ငါးနုတ်ကလေးများလည်း ရတတ်ကြ၏။ အများအားဖြင့်မူ ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်းများကိုသာ အရများ၏။ ဖားလောင်းများက လက်မခန့်ပင်ရှိ၏။ အရောင်က ညိုမဲမဲ။ ရေစင်အောင်ဆေးသော်လည်း အချွဲကမပျောက်။ ဖားလောင်းများအား သရက်သီးအစိမ်းနှင့် ချက်စားကြသည်။ ချက်သည် ဆိုသော်လည်း ဆီမပါ။ `ဟန်းကော်`တွင် အချိုမှုန့် ဆားခပ်၍ ပြုတ်ခြင်းမျှသာ —။ ဤရက်အတွင်း ကျနော်တို့ `လူ` တစ်ယောက်အား ရှာ၍နေကြသည်။ ` ဘီဘဲလ်ခို`များ၊ ကင်းသမားများကိုလည်း လူလွှတ်၍ ရှာခိုင်၏။ လမ်းလျှောက်စကားပြောစက်မှလည်း စောဖားကလို`မှ ကေအင်ယူ၏အခြားစက်များသို့ မေး၍ရှာ၏။ မတွေ့။ ပျောက်၍နေ၏။ သူကကျနော်တို့ထက် တစ်ရက်ကြိုထွက်ခဲ့သည်။ ချောင်းကူး၍ အရှေ့ဖက်ကမ်းသို့ ရောက်ခဲ့ပြီးကိုမူ ကျနော်တို့ မြို့မှမထွက်မှီကတည်းက သိသည်။ အသေအချာပင် —။ သို့ကြောင့်ပင် ကျနော်တို့ နောက်နေ့၌ သူ့နောက်သို့ အမီလိုက်ခဲ့ခြင်းဖြစ်သည်။ ဤသို့ထွက်ရန် အစီအစဉ်အားလုံးက ကျနော်တို့၏အစီအစဉ်ပင်။ ကေအင်ယူနှင့်အဆက်အသွယ်ရယူမှု၊ ဆက်သွယ်ပေးမည့်လမ်းပြ၊ ထွက်ခွာမည့်လမ်းကြောင်း အားလုံးအား ကျနော်တို့ပင် စီမံခဲ့ကြ၏၊ သူက အကြမ်းဖျင်းမျှသာ သိ၏။ဘယ်ရွာကို သွားမည်ဟူ၍မျှသာ —။ အသေးစိတ်ကိုမူ မသိ။ သူနှင့်ကျနော်တို့အားလုံးအတူတူထွက်ကြရန် စီမံထားကြ၏။ ဤအတွင်းသူက အစိုးရိမ်လွန်ပြီး တစ်ယောက်တည်းထွက်သွားခဲ့၏။ ယခုမူ (၄)မြောက်ခဲ့ပြီ။ သူ့သတင်းအား လုံးဝမရသေး။ ကေအင်ယူမှ မည်သည့်အဖွဲ့နှင့်မျှလည်း တွေ့သည်ဟု မကြားရ။ ရွာသားများ တွေ့ခဲ့သည်ဟူ၍လည်း သတင်းမရ။ သူဘယ်ရောက်လို့နေမည်နည်း။ မတတ်နိုင်—။ ဖြစ်နိုင်သည်က နှစ်လမ်းရှိသည်။ ကေအင်ယူနှင့်အဆက်အသွယ်မရသည့်အတွက် ပြည်တွင်းသို့ လျို့ဝှက်စွာပြန်ဝင်သွားပြီး တစ်နေရာ ရာတွင် ရှောင်၍နေသည်လား။ ဒါမှမဟုတ် န၀တစစ်ကြောင်းနှင့်တိုးမိပြီး အဖမ်းခံရသွားပြီးလား။ မြို့၇ှိ သူနေအိမ်ကိုတော့ပြန်၍မရ။ အဖမ်းခံရမည်သာဖြစ်မည်။ အန်အယ်လ်ဒီ၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ကျနော်တို့မြို့၏စည်းရုံးရေးကော်မတီဥက္ကဌတစ်ဦးဖြစ်သည့် သူသည် ကော်မရှင်သို့မြို့နယ် စည်းရုံးရေးအမှုဆောင်စာရင်း လိမ်ညာ၍တင်သည်ဟူသည့် စွဲချက်နှင့်သူ့အား ရုံးတင်မည်ကို ကျနောတို့ ကြို၍သိထားကြသည်။ အမှန်တော့ လျော့သွားသော မြို့နယ်စည်းရုံးရေး အမှုဆောင်အချို့၏နေရာတွင် အသစ်ရွေးချယ်သည့် အမှုဆောင်အမည်စာရင်းအသစ်အား ကော်မရှင်သို့ ဥက္ကဌအနေဖြင့်လက်မှတ်ထိုးပြီး သူတင်ပြခြင်းသာ ဖြစ်သည်။ ဤသည်ကိုန၀တမှ အမည်စာရင်းနှစ်ခု မတူညီ၍ လိမ်ညာခြင်းဖြစ်သည်ဟူ၍ စွပ်စွဲပြီး ဖမ်းရန်ဖြစ်သည်။ အန်အယ်လ်ဒီ၏ လိုင်းသုံးလိုင်း မဟာဗျူဟာအလွန်န၀တမှ အန်အယ်လ်ဒီအား မြို့နယ်အဆင့်ထိ ထိုးစစ်ဆင်လာသော စစ်ဆင်ရေးဖြစ်သည်။
သူ့သတင်းတိတိကျကျမရဘဲ ကျနော်တို့ ဤအနီးအပါးမှ ထွက်ခွာသွား၍မရ။ မာနယ် ပလောသို့ တတ်သွား၍ မဖြစ်။ သူ့သတင်းအား တိတိပပသိရမှသာ ကျနောတို့ ဘာဆက် လုပ်၍ရမည်ကို ဆုံးဖြတ်ရမည်။ `စောဖားကလိုး`နှင့် ကျနော်တို့ ယာယီစခန်းချနေထိုင်သည့် တဲငယ်သည် မဲနခေါင်းချောင်းရိုး၏ ကမ်းပါးထိပ်တွင်ပင်။ ရိုးချောင်း ၏တစ်ဖက်ကမ်းပါးသည် ကျနောတို့ရှိသည့်ဖက်ထက်နိမ့်သဖြင့် ကျနော်တို့က အပေါ်စီးမှ နေရာယူထားသကဲ့သို့ ရှိ၏။ ရေမရှိတော့သော်လည်း ချောင်းရိုးကမ်းပါးစောက်နက်သဖြင့် အလွယ်တကူ တဖက်ကမ်းမှ ကူးမလာနိုင်။ တစ်ဖက်ကမ်း၏ ဟိုမှာဖက်တွင်လည်း ဖုန်းဆိုးတောများသာရှိ၍ မျက်ကွယ်၊ ကျည်ကွယ်မျှပင်မရ။ ကျနော်တို့က အပေါ်စီးမှ ကြို၍တွေ့မြင်နိုင်သည်။ ညနေသုံးနာရီဝန်ကျင်းတွင် ပုံမှန်ညနေစားအား စားကြပြီးဖြစ်သည်။ မနက်စားကိုမူ (၇)နာရီိခန့် စားကြ၏။ တဲဘေး၌မိုးကားစအားဖြန့်ခင်း၍ ဟန်းကောများအတွင်းမှ ထမင်းကိုပုံ၏။ ထိုနောက် — နှမ်းငပိ။ ပြီးလျှင် — ကျနော်တို့.၏ ဟင်းလျားဖြစ်သည့် ဖားလောင်းနှင့်သရက်သီး။ ကျနော်တို့အားလုံး ၀ိုင်းထိုင်၍ စားကြ၏။ ထမင်းပူပူ၊ ငရုတ်သီးစပ်စပ်နှင့် သရက်သီးချဉ်ချဉ်နှင့် ဖားလောင်း ချွဲချွဲ —။ ချောင်းကမ်းပါးတဖက် ဖုန်းဆိုးတောမှ လက်နက်ကိုင်စစ်သား တစ်ယောက်အား ရိပ်ခနဲ တွေ့လိုက်ရသည်။ `ပွိုင့်`ပြေးလာသူဖြစ်မည်။ `စောဖားကလို`သည် သူ့ဘေးမှ ကာဘိုင်ရိုင်ဖယ်သေနတ်အားဆွဲပြီး ကမ်းပါးထိပ်ရှိ သစ်ပင်ဘေးသို့ ပြေး၍ ၀ပ်လိုက်သည်။ သူ့ရဲဘော်နှစ်ယောက်သည်လည်း သူနှင့်ယှဉ်၍ နေရာယူပြီး တစ်ဖက်ကမ်းသို့ ကြည့်နေကြသည်။ ကျနော်၏အသိက ကျနော့်အား ညွှန်းကြားနေ၏။ နေရာယူရန် —။ သို့သော် ကျနော့် ခန္စာကိုယ်များက မလှုပ်ရှား—။ ထမင်းဝိုင်းတွင် ထိုင်လျက်ရှိနေသေး၏။ တဖက်ကမ်းဖုန်းဆိုးတောမှ လက်နက်ကိုင်စစ်သားများပေါ်လာပြန်သည်။ တစ်ယောက်၊ နောက်—-တစ်ယောက် ။ ပစ်ခတ်သံကိုမူ မကြားရ။ ကျနော်က လှုပ်၍မရသေး။
“ လူမှားမယ်၊ လူမှားမယ်။ `ကျော်ဖားလူ` လူတွေ“
`စောဖားကလိုး` က သူ့ရဲဘော်များအား ပြောရင်းသစ်ပင်ကွယ်မှ ပြန်ထထားသည်။ ဤအချိန်ထိ ကျနော်တို့က လှုပ်ရှား၍မရသေး။ ထမင်းလုတ်အား လက်တွင်ဆုပ်လျက်—။ တစ်ဖက်ကမ်းမှရဲဘော်များ ချောင်းရိုးငယ်အား ကူးလားကြသည်။ ကျနော်တို့ ထမင်းဝိုင်းဘေးတွင်ပင်ထိုင်ကြ၏။ သူတို့ကိုင်သည့်လက်နက်များတွင် န၀တစစ်တပ်မှသုံး သည့် ဘီအေ (၆၃) မောင်းပြန်ရိုင်ဖယ်များလည်းပါသည်။ ယူနီဖောင်းက ညိုပုတ်ပုတ် —-။ လက်မောင်းတံဆိပ်မှာမူ မပါ။ `ကျော်ဖားလူ`အဖွဲ့က ကေအင်ယူ၏ဒေသခံ ပြည်သူ့ ပြောက်ကျားတပ်ဖွဲ့ဖြစ်သည်။ ဤနယ်တွင်တော့ တိုက်ခိုက်ရေးတွင် နာမည်ရသည့် အဖွဲ့ဖြစ် သည်။ `ကျော်ဖားလူ`နှင့် `စောဖားကလိုး`တို့ ကရင်လိုပြောနေကြသည်။ ကျနော်တို့ က နားမလည်။ ထမင်းကိုသာ ဆက်၍စားနေကြသည်။ ကရင်လိုပြောပြီး `စောဖားကလို`က ကျနော်အား ဗမာလိုပြန်ပြောသည်။
“ မနက်က အဟုန်းဝနဲ့ မြောက်သူဌေးကုန်းကြားက တောင်းထန်တောထဲမှာ အသားဖြူဖြူပိန်ပိန်နဲ့ အသက်လေးဆယ်ကျော်လောက်ရှိတဲ့သူတစ်ယောက်ကို `ကျော်ဖား လူ`တို့အဖွဲ့က တွေ့လို့ မေးမြန်းကြည်တယ်။ ဘာမှမေးလို့မရဘူး။ နာမည်လဲမပြောဘူး။ ဒါပေမယ့် သူ့လွယ်အိတ်ထဲမှာ အင်္ဂလိပ်စာအုပ်ရယ်၊ မှတ်တမ်စာအုပ်တစ်အုပ်နဲ့ တိုက်ပုံ အင်ကျီတွေတွေ့တယ်—၊ ဒါနဲ့ —-“
`စောဖားကလိုး`က သူ့စကားအား `ဒါနဲ့` နှင့်ရပ်ထား၏။ ကျနော်ရင်ထဲထိတ်သွား၏။ ဒါနဲ့— ဘာဖြစ်သလဲ —။
“ဘာမှမေးလို့မရလို့ ဖမ်းပြီး ဗိုလ်မိချောင်းဆီ သွားပို့ခဲ့တယ်“
ဗိုလ်မိချောင်းက ကေအင်ယူတပ်မဟာ(၁) သထုံခရိုင်အုပ်ချုပ်ရေး.၏ သထုံမြို့နယ် ဥက္ကဌဖြစ်သည်။ ကျနော်တို့က သူ့ထံသို့လည်း ကျနော်တို့ရှာနေသူ၏ပုံပန်းသဏ္ဍာန်နှင့် အကျိုးအကြောင်းအား ဆက်သွယ်ရေးစက်ဖြင့် အကြောင်းကြားထားပြီးပြီ။ စိုရိမ်စရာမရှိတော့ —။ကျနော်တို့၏ အမတ်မင်းအား ပြန်တွေ့ပြီး။ ကျနော်တို့သုံးယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးနိုင်ကြတော့၏။ ဖားလောင်းတစ်ကောင်အား ဟန်းကောအတွင်းမှ ခပ်၍ စားလိုက်၏။ လည်ချောင်းအတွင်း ချွဲ၍၀င်သွား၏။ ဗိုလ်မိချောင်းတို့က ကျခပ်ချောင်း တောင်ပေါ်တွင် စခန်းချနေကြသည်။
(ဃ)
ဒီကမ္ဘာမှာ စစ် —- စစ်၊ စစ်မဖြစ်ရာမြေ
တစ်နေရာရှိ —ရှိ၊ ရှိရမယ်လေ
ထာဝရငြိမ်ချမ်းမှုရှာကာ ပျော်ရွှင်နေ
သဘာဝရဲ့ရင်သွေးငယ်တွေ —-
(စိုင်းထီဆိုင်၏ `သဘာဝရဲ့ရင်သွေးငယ်`သီချင်းမှ )
ကျခပ်ချောင်းတောင်ပေါ်သို့ရောက်လျှင် တောင်ရိုးအတိုင်းလျှောက်၏။ တောင်ပေါ်သို့ ရောက်လျှင် ဘီးလင်းမြို့အား လှမ်း၍မြင်ရသည်။ သဲသဲကွဲကွဲမဟုတ်။ ဤအရာကဈေး၊ ဟို အရာက စာသင်ကျောင်း၊ သည်အရာက ဆေးရုံဟူ၍ ခွဲခြား၍ရသည်။ တောင်ရိုးပေါ်မှတဆင့် သွယ်ဆင်းသွားသော တောင်နှာမောင်အတိုင်းဖဲ့၍ဆင်းကြသည်။ ဤအတိုင်းဆက်၍သွားပါက ကျခပ်ချောင်းရွာသို့ရောက်မည်။ ကျနော်တို့က ရွာဆီသို့ မသွား—။ ဂငယ်သဏ္ဍာန် ပြန်၍ကွေ့ပတ်နေသည့် လက်မောင်းသွယ်တောင်ရိုးအတိုင်းလျှောက်ခဲ့၏။ ၀ါးရုံတောများ အတွင်းသို့ တိုးဝင်ခဲ့ကြ၏။ လူသွားလမ်းဟူ၍ မတွေ့ရတော့—-။လမ်းဖျောက်ထားသည်လား။ ၀ါးရွက်ကြွေများဖုံးလွှမ်း၍ လမ်းမတွေ့ရတော့သည်လား။ မပြောတတ်။ ၀ါးရုံပင်အောက်၌ ကေအင်အယ်လ်အေ ရဲဘော်လေးနှစ်ဦးကင်းစောင့်နေသည်ကိုမူ တွေ့ရ၏။ သူုတို့ နှစ်ယောက်၏အနောက်၌ နောက်ထပ်သုံးယောက်အား တွေ့ရပြန်သည်။ RPJ နံပါတ် (၅)တစ်လက်အား သူတို့ထဲမှ တစ်ယောက်ကား ကိုင်ဆောင်ထားသည်။။ ကင်းရှည်ထုတ်ထား သော ကင်းတပ်စိတ်တစ်စိတ်ဖြစ်မည်။ ကျနော်တို့လာမည်ကို ကြိုသိ၍လားမသိ။ သူတို့ မည်သို့မျှ မေးမြန်းခြင်းမရှိ။ ကင်းတပ်စိတ်အားလွန်ခဲ့သည်။ ၀ါးရုံရိပ်များအောက်၌ ကေအန်အယ်လ်အေ ရဲဘော်များအား တွေရ၏။ဟိုနားတစ်စု ၊ သည်နားတစ်စု။ တချို့က ပုခတ်ပေါ်တွင် လဲလျောင်း၍ နားနေကြသည်။ တချို့က ထမင်းစားလျက်—-။ နေပျောက်များက ၀ါးရွက်များအကြားမှ ခုန်ဆင်း၍ သူတို့အပေါ်သို့ ဖြန့်ကျဲထား ၏။`အော်မေ`ဟူ၍ ထမင်းစားနေသူများက ကျနော်တို့အား ထမင်းစားခေါ်ကြ၏။ တစ်ရာကျော်ခန့်ရှိသော စစ်ကြောင်းသည် ငြိမ်သက်၍နေသည်။ ကျနော်တို့ရောက်တော့ ဗိုလ်မိချောင်းတို့ ထမင်းစား၍ နေကြသည်။ ဗိုလ်မိချောင်းတို့နှင့်အတူ သူလဲ ထမင်းစား နေသည်။ ကျနော်တို့ သူ့အနားတွင် ၀င်ထိုင်လိုက်ကြသည်။ ကျနော်တို့အားမြင်၍ သူ့ မျက်လုံးသည် ၀င်းလက်၍ သွားသည်။ ပြီးလျှင် —။ ကျနော်တို့အား ကြည့်နေသော သူ့အကြည့်က မှုန်မှိုင်းသွားပြန်သည်။ သူ့အကြည့်အား ကျနော်အားမရ။ သုံးလေးရက်အတွင်း သူသည် `ကျုံ့` ကျ၍သွားသည်။ ပိန်ပါးသော ခန္စာသည် အောက်ခံအကျီမပါသော တိုက်ပုံ အင်ကျီအနက်ရောင်အောက်၌ သေးငယ်သွားသည်ဟုထင်မိ၏။ လက်ကောက်ဝတ်နေရာ၌ ကြိုးရာအစင်းကြောင်းသည် သူသောသူ့အသား၌ထင်၍နေသည်။ ကျနော်က မျက်လုံး အကြည့်အား လွှဲလိုက်၏။ `ဟ`နေသည့် တိုက်ပုံအင်ကျီအောက်မှ သူ့၏ရင်သည် မို့လာလိုက်၊ ချပ်သွားလိုက်နှင့် လှုပ်ရှားမှု မြန်နေသည်။
သူနှင့်ပြန်ဆုံပြီးဖြစ်၍ ကျနော်တို့၏ ခရီးအား ဆက်ကြရတော့မည်။ မာနယ်ပလောဆီသို့ —-။ မာနယ်ပလောက တိုင်းရင်းသားလူမျိုးစုများနှင့် ဒီမိုကရက်တစ် အင်အားစုများတို့ ပေါင်းဆုံစုစည်းရာအရပ် —။ ပြီးလျှင် စစ်အာဏာရှင်တို့အား လက်နက် ကိုင်တော်လှန်သော ခံတေေ —။လွတ်မြောက်ရေးတိုက်ပွဲတို၏ လွတ်မြောက်နယ်မြေ —-။စစ်တိုက်လေယာဉ်အုပ်စုတစ်စု ပျံသန်းလာသော အသံများအား ဆူညံစွာကြားရ၏။ PC-6 / PC-7 အမျိုးအစား စစ်တိုက်လေယာဉ်များ —-။ ကျနော်တို့အပေါ်မှ ဖြတ်၍ပျံသန်း သွားကြသည်။ ထွီးပါးဝီးကျိုး၊ နော်တ၊ မယ်ညောခီးနှင့်မာနယ်ပလော လွတ်မြောက်နယ်မြေများ သို့စစ်အုပ်စုမှ ထိုးစစ်ဆင်ရန် ပျံသန်းသွားကြခြင်းဖြစ်သည်း။ န၀တက ပြည်တွင်းစစ်အား လေကြောင်းမှပင် စစ်ဆင်း၍ တိုက်နေကြပါပကောလား။

ရွှေအိမ်စည်
၂၀၀၇ ခုနှစ် ဇွန်လတွင် ခေတ်ပြိင်ဝက်ဆိုဒ်၌ဖော်ပြသွားပါသည်။

 

Soe-Han

စာရေးသူ၏ ကိုယ်ရေး အကျဉ်း

စာရေးသူ ၏ အမည်အရင်းမှာ ဦးစိုးဟန် (ခ) အလိမ္မာ  ဖြစ်ပြီး မြန်မာ့နိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုအတွင်း ၁၉၈၈ ခုနှစ်မှ စပြီး နှစ်ကာလရှည်ကြာစွာ မြန်မာ့ ဒီမိုကရေးစီရေး အတွက် တစိုက်မတ်မတ် ရပ်တည် ကြိုးပမ်းခဲ့သူတဦးဖြစ်ပြီး မင်းဟန်၊ ရွှေအိမ်စည်၊ မင်းဆွေသစ် အစရှိသော ကလောင်ခွဲများဖြင့် ရသစာပေ၊ ရုပ်ပုံလွှာ ၊စာအုပ်ဝေဖန်ရေး၊ နိုင်ငံရေး ဆောင်းပါးများ နှင့် လွတ်လပ်တဲ့ အာရှအသံ (Radio Free Asia – RFA) တို့တွင်လည်း အပါတ်စဉ် အသံလွှင့်ဆောင်းပါးများ ကိုထုတ်လွှင့် ခဲ့သည်။ စာရေးသူ ဦးစိုးဟန် ၊ အသက် (၄၉) နှစ် သည် ထိုင်း-မြန်မာ နယ်စပ် ဒေသတွင် ၂၉ ၊ ဧပြီလ ၊ ၂၀၁၆ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပြီး ဇနီး ဖြစ်သူ မဥမ္မာစိုး (ညိုမာ) နှင့် သမီးဖြစ်သူ မေသံသာနှင်း တို့ ကျန်ရစ်ခဲ့သည်။ ကျန်ရစ်သူ မိသားစု၏ ခွင့်ပြုချက်ဖြင့်  ရှုခင်းသစ် ပရိတ်သတ်များ အတွက် ၄င်း၏ ရသ ဆောင်းပါးများကို စုစည်းပြီး ရှုခင်းသစ်မှ ပြန်လည်ဖေါ်ပြလိုက်ပါသည်။