ဝင်းယော်မှာ မိုးတွေ သည်းနေပြီ…ကိုငြိမ်း ( ရွှေအိမ်စည်)

Posted on Posted in ရသရှုခင်း, သမိုင်းရေစီး

ko-nyeinR

ဝင်းယော်မှာ မိုးတွေသည်းနေပြီ…. ကိုငြိမ်း (ရွှေအိမ်စည်)

(က)
တန်ခူးနွေကပူ၏။ အပူလှိုင်းကြောင့် … တန်ခူးနွေသည် ပို၍ပူပြင်းလွန်းနေသည်။ နေပူပြင်းပြင်းအောက်တွင်ပင်၊ သူ … ကျနော်အိမ်သို့ရောက်လာ၏။ ကျနော်က အိမ်တွင်မရှိ…။ သူစတင်တည်ထောင်ထားခဲ့သည့် စာကြည့်တိုက်လေးတွင်ရောက်နေသည်။ အိမ်နှင့်စာကြည့်တိုက်က မဝေး….။ သူ… စာကြည့်တိုက်သို့ လိုက်လာ၏။
“အိမ်ရောက်သွားသေးတယ်….ခင်ဗျားစာကြည့်တိုက်မှာဆိုလို့လိုက်လာတာ….” ကျနော့်အနားတွင်ဝင်ထိုင်ရင်း စကားဆို၏။ ပြီးလျှင်…. သူ၏နှုတ်ခမ်းထူထူမဲမဲကြီးအား
စူ၍ လေပူတစ်ချက်အား မှုတ်ထုတ်ရင်း…
“ပူလိုက်တာ…” ဟု့ မဟတဟ ညည်း၏။
အပူဒဏ်ကြောင့် သူ့မျက်နှာက ချွေးတို့နှင့်သီးနေ၏။ ကြိုးကျဲကျဲ…မုတ်ဆိတ်မွှေးထိုးထိုးထောင်ထောင်များတွင် ချွေးဥတို့က တွဲလွဲခို၍နေသည်။
သူထံမှ ချဉ်စူးစူးအနံ့အားရ၏။
ခဲပြာရောင်ညို့မှိုင်းမှိုင်းရှပ်အင်္ကျီလက်တိုနှင့်ဂျင်းဘောင်းဘီနက်ပြာရောင်၏အောက်တွင်သူ၏ကိုယ်ခန္ဒာသည်သေးသွယ်ပိန်လှီလွန်း၍နေသည်။ခဲပြာရောင်ညို့မှိုင်းမှိုင်းရှပ်အင်္ကျီကဆေးလိပ်မီးပေါက်ရာများနှင့် ….။
‘ခင်ဗျားကို ကဗျာလာပေးတာ…’ ဟု့ ပြောရင်း…. သူလွယ်ထားသည့် ကရင်လွယ်အိတ်အတွင်းသို့ လက်နှိုက်၍ရှာနေသည်။
ကျနော်က… ‘ဟေ့လူ ခေါင်းစဉ်ရောပါရဲ့လား’ဟု့ ပြောတော့…၊
သူ… ဟတ်ဟတ်ပါတ်ပါတ်ရယ်၏။ ကျယ်ကျယ်လောင်လောင်…။ ရယ်ရင်း…ဒီတစ်ခါတော့ပါတယ်…ပါတယ်ဟု့ ပြော၏။ စကားသံနှင့် ရယ်မောသံက လုံးလုံးထွေးထွေး။သူ…ထိုသို့ရယ်ပြီးဆိုလျှင်…၊ နေပူခံဝမ်းစာအားပြည့်ပြည့်၀၀ ၊ သူ…ရထားပြီးဖြစ်သည်ကိုကျနော်သိ၏။
လွန်ခဲ့သည့် ၃-လ ခန့်က သူ…ကျနော်အား ကဗျာတစ်ပုဒ်လာပေး၏။ကျနော်စီစဉ်လုပ်ကိုင်နေသည့်လစဉ်ထုတ်ဂျာနယ်အတွက်ဖြစ်သည်။
နှစ်နှစ်ကာကာပေါ့
စုန်းစုန်း
အသုံးမကျတဲ့ နှင်းဆီ ပန်မိတယ်။
ညတွေကိုမတွေ့ချင်တော့ဘူး
အရေးရယ် အကြောင်းရယ် ပေါင်းတော့မှ
လှမှာပေါ့
အခုလေ…။
အရှေ့လေတွေပေါက်နေတယ်
ဒါပေမဲ့
ရယ်စရာ စကားတလုံးကို
ဖုံးလို့ ဖိလို့ထားလိုက်တယ်
ဆောင်း…။
မင်းလာတာနောက်ကျတယ်
ပေါင်းမသင်ရတဲ့ မြက်တွေ
ခက်ရှည်ရှည်ဘဲ လွမ်းကြမယ်
ကောင်းကင်ကငှက်တွေ
ပျံသန်းကြဦးမှာ။ ။
ငြိမ်းလူ
ကဗျာကလှ၏။ သို့သော်… ခေါင်းစဉ်ကမပါ။ ‘ဟေ့လူ ခင်ဗျားကဗျာက ခေါင်းစဉ်လည်းမပါဘူး ဘယ်လိုလုပ်မလဲ…။’
ကျနော့်စကားကြောင့် …သူ့ကဗျာအားသူပြန်ကြည့်၏။ ခေါင်းစဉ်ကမပါ….။ နောက်ပိုင်းတွင်မှ သူ့ကဗျာ၏ ခေါင်းစဉ်အား တယ်လီဖုန်းနှင့်ကျနော့်အား ပြော၏။
“သို့…..ဖန်သီကျူရင်”
ဤအတွက်…ခင်ဗျားကဗျာက ခေါင်းစဉ်ပါရဲ့လားဟု့ ကျနော့်အပြောအား သူရယ်မောခြင်းဖြစ်၏။
သူလွယ်အိမ်အတွင်းမှ ကွန်ပြူတာနှင့်ရိုက်ထားသည် ကဗျာစာရွက် ၃-ရွက်အားထုတ်ပေး၏။
‘ပြောင်းခင်းထဲကနေ (သို့)ရင့်မည့်စေသောစာမျက်နှာ’
ထားခဲ့ညနဲ့
သွားမယ့်ည
မှောင်တာတူတာပဲလား။
ဖနှောင့်မှာ
မနှုတ်ဖြစ်ခဲ့တဲ့ဆူးက
ပိုနက်သလား။
သူ၏ကဗျာစာရွက်အားကျနော်အားပေးပြီး သူအပြင်သို့ထွက်သွား၏။ကဗျာအားကျနော်ဖက်နေစဉ်မှာပင်၊ သူ…ပြန်ရောက်လာ၏။ လက်ထဲတွင်က နေပူခံပေါင်းခံအရည်နှင့် တုတ်ထိုးသီးထားသည့် မရမ်းကင်တစ်ထုတ်….။
သူ…တန်ခူးနွေအား အံတု၍နေ၏။
(ခ)
ကျနော်သူနှင့်စတင်သိကျွမ်းပြီးတွဲခဲ့ကြရသည့်အချိန်ကာလများစွာက….ကြောပိုးအိတ်တစ်လုံး၊သေနတ်တစ်လက်စီနှင့်နေခဲ့ကြရသည့်အချိန်များကများသည်။ ၁၉၉၆ခုနှစ်တွင် စခန်းသစ်၌ သူနှင့်ကျနော်စတင်၍တွေ့ဆုံသိကျွမ်းခဲ့ကြ၏။
ထိုစဉ်က…သူသည်စစ်အုပ်စု၏ရေး၊ထားဝယ်၊သဘာဝဓါတ်ငွေ့ပိုက်လိုင်းဖောက်လုပ်နေသည့် စီမံကိန်းနှင့်ပါက်သက်၍ ‘လျှို့ဝှက်အော်ပရေးရှင်း’ တစ်ခုအား ဆောင်ရွက်နေသည်။ သူ၏ ‘အော်ပရေးရှင်း’အားလျှို့ဝှက်ရေးမူအရ ကျနော်မမေး….။ သူကလည်းမပြော…။ သူလိုအပ်သည့် ရုပ်ဝတ္ထုပစ္စည်းအချို့ကိုသာလျှင်…. တတ်နိုင်သ၍ဆက်စပ်၍ ရှာဖွေစုဆောင်းပေးခဲ့၏။
အလုပ်ကိစ္စကြောင့် သူသည် စခန်းသစ်နှင့် မွန်ပြည်သစ်ပါတီ၏ထားဝယ်ခရိုင်ခရီးအား ခြေလျင်လွန်းထိုး၍ သူအလုပ်များနေခဲ့၏။
ထိုစဉ်က…သူသည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(P.D.F)မှတပ်ဖွဲ့ဝင်တပ်မှူးတစ်ဦးဖြစ်
သော်လည်း….မဟောသဓါဇာတ်တော်လာ ‘သားလုခန်း’ မှ မိခင်ရင်းဘ၀နှင့် နေ ၊ နေရသည့်ကာလ….။(P.D.F)မှန်နန်းဆောင်၏အပြင်တွင်ရောက်နေသည့်အချိန်…။
(ဂ)
ကျနော်က… သူ့အား ကဗျာဆရာတစ်ဦးအဖြစ်နှင့် မကျွမ်းဝင်…မမြင်မိ။ စစ်သား…လက်နက်ကိုင်တော်လှန်ရေးသမား၊ တစ်ဦးအဖြစ်နှင့်သာ မြင်မိ၏။ သူက…‘ဒေါင်းအိုးဝေ’တွင်ကဗျာများရေးနေပြီဖြစ်သည်။ ကျနော်က သူ့ကဗျာများအား‘ဒေါင်းအိုးဝေ’ တွင်ရှာပြီး တခုတ်တရလည်းမဖတ်ဖြစ်ခဲ့…။ သူကလည်း သူ့ကဗျာ ဖော်ပြပါရှိသည့် ‘ဒေါင်းအိုးဝေ’ စာစောင်များအား မှတ်မှတ်ရရ သိမ်းဆည်းမထား…။
စစ်အေး၍ ရွာအနီးဆေးကိုင်းတဲလေးတစ်တဲ…တဲတွင်အေးအေးလူလူနားနေနိုင်ပြီး၊ စကားကောင်းကြသည့် ဆည်းဆာများတွင် ကျနော်တို့ ကဗျာအား အမြည်းလုပ်မိကြသည့်အခါများတွင်သူသည်…ဆရာမောင်သာနိုး၏ ‘ထင်းရှုးပင်ရိပ်’အား မကြာ၊ မကြာ ကောက်၊ ကောက်ကိုင်တတ်၏။ ပြီးလျှင်… ‘မာယာကော့စကီး’ ၏ကဗျာများအား တစ်ပုဒ်ပြီး တစ်ပုဒ် သူရွတ်ပြတတ်၏။
ဤတွင်…. ကျနော်တို့အထဲမှ ကျောင်းသားတပ်မတော်မှ တပ်မှူးတစ်ဦးက …
‘ဟေ့လူ…ခင်ဗျား…ရုရှားကဗျာတွေကလွဲပြီး တခြားကဗျာတွေ အကြောင်းလည်း ပြောအုံးဗျာ’ ဟု့နောက်လျှင်…. သူသည်မကျေမနပ်နှင့်…။
‘ ခင်ဗျားတို့ ကျနော့်ကို ၀ိုင်းမြည်းကြတာပေါ့လေ’ ဟု့ မကျေမနပ်နှင့်ပြောပြီး….ကွမ်းသီးဖက်၊ ဖက်ဖြူလိပ်တိုအား မီးညှိ၍တွင်တွင်ဖွာနေတတ်၏။
(ဃ)
၁၉၉၇ခုနှစ်…။
ရန်သူ့ထိုးစစ်ကြောင့် KNUဒူးပလာယာခရိုင်၏အခြေခံဒေသကြီးတစ်ခုလုံးကျဆုံးခဲ့ရ၏။ KNLA တပ်မဟာ (၆) တပ်ရင်း(၁၆) တပ်ရင်းမှူး ဗိုလ်မှူးသမူဟဲနှင့်တပ်ခွဲမှူး အချို့ရန်သူ့ထံ၌ လက်နက်ချအညံ့ခံလိုက်ကြ၏။ တပ်မဟာ အထူးတပ်မှ တပ်ခွဲမှူး ဗိုလ်လေးဝါးသည်လည်း ရန်သူနှင့်ပေါင်းလိုက်၏။ KNLA တပ်ရင်း (၁၆) နှင့် ဗိုလ်လေးဝါး၏တပ်ခွဲလှုပ်ရှားမှုဒေသက … KNU ဒူးပလာယာခရိုင်၏ ၀င်းယော်နှင့်ကြာအင်းဆိပ်ကြီးမြို့နယ်များအတွင်း၌ ဖြစ်သည်။ ပြီးလျှင်… ၀င်းယော်မြို့နယ်ဥက္ကဌ မန်းတင်ငြိမ်းချမ်းနှင့်မန်းအောင်တင်မြင့်တို့ DKBA နှင့် ပူးပေါင်းလိုက်ကြပြန်၏။ မန်းအောင်တင်မြင့်က KNU ဒူးပလာယာခရိုင်၏ ခရိုင်အလုပ်မှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၀င်းယော်နှင့် ကြာအင်းမြို့နယ်အတွင်း စည်းရုံးရေး၊ နိုင်ငံရေးအရ သြဇာရှိခဲ့သည့်သူဖြစ်သည်။
လက်နက်ချအညံ့ခံမှုများကြောင့် ၀င်းယော်မြို့နယ်အတွင်း KNU ၏ အုပ်ချုပ်ရေး၊ စည်းရုံးရေးအခြေအနေသည် လူထုအတွင်း ယိမ်းယိုင်၍သွား၏။ လူထုကေ၀၀ါး၍နေ၏။ စစ်ရေးတွင်လည်း KNLA တပ်ရင်း (၁၆)မှ စောသမူနှင့်မပါသွားသည့် ဗိုလ်တင်လှိုင်၏ တပ်ခွဲ (၅)နှင့် ဗိုလ်ဒေါင်းညို၏တပ်ခွဲ (၃) နှစ်ခွဲသာကျန်ရှိ၏။ တပ်ခွဲဟု့သာဆိုရသည် အင်အားက ၂၀-မျှပင် မပြည့်ချင်….။
မဟာမိတ်ဟူ၍က… ကျနော်တို့အဖွဲ့နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့သာရှိ၏။ ကျနော်တို့အဖွဲ့များကလည်း စစ်ရေးအရ ပံ့ပိုးပေးနိုင်သည့် လက်နက်ကိုင်တပ်ဖွဲ့ဟူ၍မရှိ…။ နိုင်ငံရေးအရ ၊ စည်းရုံးရေးအရ၊ ၀ါဒဖြန့်ချီရေးအရ၊သာ ၀င်းယော်မြို့နယ် KNU အုပ်ချုပ်ရေးအဖွဲ့အား ပံ့ပိုးနိုင်၏။
ထိုအခြေအနေတွင် …သူနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့လုံး… လက်နက်အင်အား၊ ကျည်အင်အားအပြည့်အစုံနှင့် ၀င်းယော်ဒေသအတွင်းသို့ ဆင်းလာ၏။ ဗိုလ်တင်လှိုင်၊ ဗိုလ်ဒေါင်းညိုတို့နှင့်တွဲပြီးစစ်ရေးအရ တိုက်ပွဲများဆင်နွှဲပြီး…. အခြေခံဒေသအား ပြန်တည်ဆောက်ကြ၏။ လူထု၏ယုံကြည့်မှုအား ပြန်တည်ဆောက်ကြ၏။
(င)
ချောင်းနှစ်ခွနှင့်မုဒုံ ကားလမ်းအပိုင်းတွင် စခန်းမှူးဒုရဲအုပ် ဦးစီးသည့် ကဒါရဲစခန်းရှိသည်။ ရဲတပ်သားအင်အား (၁၅)ယောက်ခန့်ရှိသည့်စခန်းဖြစ်သည်။ ကဒါရဲစခန်းက နာမည်ဆိုးနှင့်ကျော်ကြား၏။ ခရီးသည်များအား အစစ်အဆေးကြမ်း၏။ အတောင်းအရမ်းဆိုး၏။ ထိုင်းနိုင်ငံမှ အလုပ်၊လုပ်ကိုင်ပြီးပြန်ဆင်းလာသည့်ခရီးသည်များဟု့ ယူဆရသူဟု့ ထင်လျှင်…. ကားပေါ်မှ ဆွဲချထား၏။ ပြီးလျှင်… နင့်နင့်ပိုးပိုးရမှပြန်လွှတ်ပေး၏။ ပိုက်ဆံမပါလျှင်လည်း… ရွှေငွေ၊ ပစ္စည်းများအား ချွတ်၍ယူ၏။
ထိုင်းနိုင်ငံတွင် အလုပ် ၊လုပ်ကိုင်ကြပြီးနေရပ်သို့ ပြန်ကြသည့်သူများက …မိုးအခါတွင် စံခရဘူရီ၊ ဘုရားသုံးဆူမှ ဇမိမြစ်ကြောင်းအတိုင်း ချောင်းနှစ်ခွသို့ စုန်ဆင်းပြီး…ချောင်းနှစ်ခွမှ မုဒုံသို့ မော်တော်ယာဉ်နှင့်တဆင့်ခရီးဆက်ကြရ၏။ ဤတွင်…. ကဒါရဲစခန်းသည် ‘ကတွက်ပေါက်’မှ စောင့်နေသည့် ဗျိုင်းပမာ…။
သို့နှင့်….လူထုသည် မခံနိုင်တော့…။ ကဒါရဲစခန်းအား တိုက်ခိုက်ပါရန် တောင်လှန်ရေးတပ်သားတို့အား တောင်းဆိုလာကြ၏။ ဤတွင်…ကဒါရဲစခန်းအား တိုက်ခိုက်ရန်သူ…စီမံတော့၏။
ပထမ… ကဒါရဲစခန်းနှင့်ပါတ်သတ်သည့်သတင်းများအားစုံစမ်း၏။ အ၀င်အထွက်လှုပ်ရှားမှုအားလေ့လာ၏။ စစ်ကူလာနိုင်မည့်တပ်အခြေအနေအား အကဲဖြတ်၏။ ပြီးလျှင်… စခန်းသိမ်းတိုက်ခိုက်မည့် တပ်ဖွဲ့အား ဖွဲ့စည်း၏။ စခန်းသိမ်းတိုက်ခိုက်မည့်တပ်ဖွဲ့၏ ၀င်လမ်း-ဆုတ်လမ်းအားရွေးချယ်၏။ မိမိဘက်မှစစ်ကူပေးနိုင်မည့် တပ်ဖွဲ့၏ အင်အားနှင့် လှုပ်ရှားနယ်မြေအား သတ်မှတ်၏။ အားလုံးပြီးပြည့်စုံသည်နှင့်…သူ၏ ကဒါရဲစခန်းသိမ်းပိုက်ရေးစစ်ဆင်ရေးအားစသည်။
မိုးရေများအောက်၌ သူ၏စစ်ကြောင်းခရီးထွက်သွား၏။ ဇမိမြစ်ရေနှင့်ဝင်ယော်းချောင်းရေတို့က လျှံ၍နေသည်။ လယ်ကွင်းများက ရေပင်လယ်ကြီးအလား…။ ရင်စို့မျှရှိသည့် ရေပြင်အား တရွှေ့ရွှေ့နှင့်ဖြတ်၍ ကဒါရဲစခန်းဆီသို့ ချီကြရ၏။ ကဒါရဲစခန်းအား သူ၏ဦးဆောင်မှုနှင့် သိမ်းပိုက်နိုင်ခဲ့သည်။
လက်နက်ငယ်မျိုးစုံ၊ ကျည်မျိုးစုံအား သိမ်းပိုက်ပြီး သူတို့ ပြန်ဆုတ်လာခဲ့ကြသည်။ ကဒါရဲစခန်းမှ သိမ်းယူရရှိခဲ့သည့် လက်နက်ငယ်မျိုးစုံတွင် ….ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့သည့် ‘ဘရင်းဂန်း’ ကြီးတစ်လက်လည်းပါ၏။
ကျနော်တို့က … ‘ဘရင်းဂန်း’ ကြီးအားကြည့်ပြီး ….
“ ခင်ဗျား…ဗျာ ရဲတွေကို အနိုင်ကျင့်ပြီး….စစ်သမိုင်းပြတိုက်မှာထားရမယ့် ….ရှေ့ဟောင်းပစ္စည်းကြီးကို မိုးထဲ၊ ရေထဲအလေးခံပြီးယူလာတယ်” ဟု့ သူ့အား ၀ိုင်းနောက်ကြ၏။ သူကား… ကောက်ညှင်းနံ့သင်းသည့် ပေါင်းခံရည်အားကျိုက်ရင်း…
“ ခင်ဗျားတို့ နိုင်ငံရေးသမားတွေက ပြောပေါ့… အခုတော့…မြည်းစရာက… ဘရင်းဂန်းရယ် ၊ မောင်ငြိမ်းရယ် ရသွားပြီပေါ့…။”
ဟု့သူ့… နှုတ်ခမ်းမဲမဲထူထူကြီးအားလှုပ်၍ ဗလုံးဗထွေးနှင့်ပြော၏။
ဝင်းယော်ချောင်းရေက…အတီးထော်ဒီ…၏တဲခြေရင်းအထိလျှံ၍ တတ်နေသည်။ ၀င်းယော်ရေစီးအောက်၌ မိုးမခပင်တို့က ယိမ်း၍နေ၏၊ ခဏငယ်အတွင်းရေပြင်အောက်သို့ မြုပ်သွားလိုက်…ခဏငယ်အတွင်း ရေပြင်ပေါ်သို့ ပြန်၍ပေါ်လာလိုက်နှင့်….။ သည်းနေသောမိုးက လျှပ်ပန်းလျှပ်နွယ်တို့နှင့် ၀င်းဝင်းပြတ်ပြတ်…။ လေအဝှေ့ကြောင့် အတီးထော်ဒီတဲအတွင်းသို့ မိုးရေစက်တို့ တိုးဝင်လာသည်။ တဲကြမ်းပြင်တစ်ခုလုံး စိုစိုရွဲသွား၏။
ဝင်းယော်မှာမိုးတွေ သည်းနေပြီ…ကိုငြိမ်း….။

 

ရွှေအိမ်စည်

ကြာသပတေးနေ့၊ မေလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၅၂ မိနစ်

 

မှတ်စု –
ဦးစိုးဟန် (မင်းဟန်၊ ရွှေအိမ်စည်၊ မင်းဆွေသစ်)၂၉ ဧပြီ ၂၀၁၆ မှာ ကွယ်လွန်သွားခဲ့တယ်။ သူ့သူငယ်ချင်း ကိုငြိမ်း (ငြိမ်းလူ)က ၂၉ ဧပြီ ၂၀၁၀ မှာ ကွယ်လွန်သွားခဲ့တယ်။ သူ့သူငယ်ချင်း ကဗျာဆရာ ငြိမ်းလူအတွက် Mizzima ရဲ့ အောက်မေ့ဖွယ် ကဏ္ဍမှာ ရေးခဲ့တာကို ပြန်လည် ဖေါ်ပြလိုက်ပါတယ်။