မုတ်သုန်စစ်တမ်း(သို့မဟုတ်) ၆၄-နှစ်မြောက် ဘ၀စာမျက်နှာ

Posted on Posted in သမိုင်းရေစီး, ဆောင်းပါး

 မုတ်သုန်စစ်တမ်း(သို့မဟုတ်) ၆၄-နှစ်မြောက် ဘ၀စာမျက်နှာ

 Print

“၂၀၀၉ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏  (၆၄) နှစ်မြောက် မွေးနေ့နှင့် (၁၃) ကြိမ်မြောက် `မြန်မာနိုင်ငံအမျိုးသမီးများနေ့`အား ဂုဏ်ပြုပါသည်“

 

 (၁)

(၆၄)နှစ်ပြည့်ပြီ။

(၆၄)နှစ်မြောက် မွေးနေ့ရှင်က အင်းစိန်ထောင်အတွင်း၌ မတရားအမှုအား ရင်ဆိုင်နေရဆဲ….။  အကျဉ်းထောင်၏ဗူးအ၀၌မူ မောင်းပြန်သေနတ်များနှင့်စစ်သားများက စောင့်ကြပ်၍နေ၏။ ရေကူး၍လာသောပြဿနာက သူမနေထိုင်သည့် ခြံဝင်းအတွင်းသို့ရောက်လာ၏။ သူမနေထိုင်ရာ အမှတ်(၅၄)တက္ကသိုလ်ရိပ်သာလမ်းနေအိမ်က မနှစ်ကတိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းကြောင့် ခြံဝင်းအတွင်း သစ်ပင်အချို့ ကျိုးပဲ့ခဲ့ရ၏။ ရှင်းလင်းပြီးဖြစ်သော်လည်း ဒဏ်ရာဒဏ်ချက်တို့က ရှိနေ၏။ မူလအတိုင်း ပြန်မဖြစ်တော့….။

မုန်သုန်ဦးသည် မလှပ။ ရက်စက်မှုနှင့်နိဒါန်းပျိုး၏။ မလှပသည့် မုန်သုန်ဦးတွင်ပင် …..စစ်အုပ်စုသည် သူတို့၏ အနာဂတ်အား ထုဆစ်ခဲ့၏။

 

(၂)

`စာရေးခြင်း၊ စကားပြောခြင်း ၊ မိန့်ခွန်းပြောခြင်း စသော လုပ်ရပ်များ၏အဓိက ရည်ရွယ်ချက်တစ်ခုကား လူအချင်းချင်းနားလည်မှုတိုးပွားစေရန် ဖြစ်သည်ဟု ကျမယူဆပါသည်´

ဒေါ်အောင်ဆန်းစုကြည်က `ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး´ စာအုပ်၏အမှာစာတွင် ရေးသားဖော်ပြ၏။

မြန်မာ့သမိုင်းစဉ်၌ နိုင်ငံရေးခေါင်းဆောင်တို့သည် စာရေးကြ၏။ စာရေးကြရာ၌ ….နိုင်ငံရေးဆောင်းပါးများ….ရသအဖွဲ့အနွဲ့ဟန်ရှိသည့် စကားပြေများ…..၊ ကဗျာများ…. ရေးဖွဲ့ခဲ့ကြသည်။

သခင်အောင်ဆန်း၊ သခင်နု ၊ သခင်သိန်းဖေ (သိန်းဖေမြင့်) ၊ သခင်ဗဟိန်း၊ သခင်စိုး….စသည်….စသည်ဖြင့် …..။

သူတို့စာများမှ သူတို့၏ နိုင်ငံရေးရုပ်ပုံလွှာ အားတွေ့ရ၏။ သူတို့၏ အတွေးအခေါ်၊အယူဝါဒအား သိရ၏။ ပြီးလျှင် …. သူတို့၏ နှလုံးခုန်သံအားကြားရ၏။

 

(၃)

၂၀၀၉ခုနှစ် ဇွန်လ (၁၉)ရက် ….။

သူမသည်သံတိုင်များကာရံထားသည့်အကျဉ်းခန်းငယ်လေးအတွင်း၌ရောက်ရှိနေ၏။ မိုးရေဖျန်းပက်မှုကြောင့် အခန်းငယ်အတွင်းမှကြမ်းခင်းသည်ရေငွေ့ပြန်၍စိုထိုင်းထိုင်း။ ရေငွေ့ပျံသကဲ့သို့ စိုနေမည်။ အတားအဆီးမယ့် တိုးဝင်လာသော လေသည် မိုးရေတို့နှင့် စိုစွတ်၍နေ၏။ အေးစက်သော အထိအတွေ့…..။ အင်းစိန်ထောင်ကြီးတစ်ခုလုံးက မုန်သုန်မိုးစက်များ၏ ဖြန်းပက်မှုအောက်၌ ရွှဲရွှဲစို၍နေသည်။

မုန်သုန်၏အငွေ့အသက်၊ မုန်သုန်၏အပွေ့အဖက်၊ အထိအတွေ့များဝန်းကျင်၌ ….တစ်ချိန်က သူမသည် ဂျပန်နိုင်ငံထုတ် Mainichi သတင်းစာ၌ မုန်သုန်အတွေးအား ရေးခဲ့၏။

၁၉၉၆ခုနှစ်၊ ဇွန်လ(၉)ရက်နေ့….။ ထိုစဉ်က သူမသည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး သူမဦးဆောင်သည့် အဖွဲ့ချုပ်တွင် အထွေထွေအတွင်းရေးမှူးအဖြစ်နှင့် နိုင်ငံရေးတာဝန်များထမ်းဆောင်၍နေသည်။ ပထမဦးစွ NLD၏ ဗဟိုအလုပ်မှုဆောင်ကော်မတီအသစ်အား ပြန်လည်ဖွဲ့စည်း၏။

`ဆွေးနွေးပွဲတစ်ရပ် အောင်မြင်စွာ ဖြစ်မြောက်သည်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ညီလာခံကိုယ်စားလှယ်များအနေဖြင့် အမျိုးသားညီလာခံသို့ ဆက်၍ တတ်ရောက်မည်မဟုတ် …..´ ဟူ၍ ကြေညာချက်ထုတ်ပြီး NLDသည် နအဖ၏အမျိုးသားညီလာခံအား ဆန့်ကျင်နေ၏။ စစ်အုပ်စုအား တွေ့ဆုံဆွေးနွေးရန်ကမ်းလှမ်း၏။ ၉၀ ရွေးကောက်ပွဲရလဒ်အားအကောင်အထည်ဖော်နိုင်ရေးအား ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပနိုင်ရန် ကြိုးပမ်း၏။ အဖွဲ့ရုံးချုပ်၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးပြုလုပ်ရန် NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့မှ ခေါ်သည်။ စစ်အုပ်စုမှ NLD ကိုယ်စားလှယ်များ အစည်းအဝေးသို့ မသွားရောက်နိုင်ရန် နေအိမ်များတွင် တား၏။ ကားများပေါ်မှ ဆွဲချ၍ ရဲစခန်းတွင် ခေါ်ထားသည်။ ဖမ်းဆီးထိမ်းသိမ်းမှုများက မြန်မာပြည်အနှံ့ ……။

၁၉၉၅ခုနှစ် ၊ ဇူလိုင် (၁၀) ရက်နေ့ နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီး နောက်ပိုင်း သူမ၏ နေအိမ်အရှေ့၌ စနေ၊ တနင်္ဂနွေ နေ့တိုင်း လူထုနှင့်တွေ့၏။ နိုင်ငံရေးအခြေအနေအား လူထုသို့ ရှင်းပြ၏။ လူထုမှ မေးသည်အား ဖြေသည်။ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး…..။ တစ်ပါတ်ပြီး တစ်ပါတ်….. လူထုနှင့်သူမ ဆက်သွယ်မှုက ခိုင်မြဲလာသည်။ နှလုံးသွေးချင်း ရောထွေးသွား၏။ ရင်ခုန်သံချင်းက ထပ်တူ …..။ ဤတွင် စစ်အုပ်စုသည် လူထုနှင့်သူမ တွေ့ဆုံမှုအား ပိတ်ပင်တော့၏။ ဖြတ်တောက်တော့၏။ စစ်အုပ်စု၏ သဘောထားတင်းမားမှုက တစပြီးတစ အမွေးရှည်လာတော့၏။ ရန်ကုန်မြို့လယ် ကုက္ကိုင်လမ်းမပေါ်တွင်ပင် ကြံ့ဖွတ်များက သူမ၏ကားအား လမ်းလယ်ခေါင်၌ပင် တုတ်များခဲများနှင့် အကြမ်းဖက်၏။ ဤသို့သော ….. နိုင်ငံရေးလုပ်ငန်းများနှင့် ကြပ်ကြပ်တည်းတည်း တိုက်ပွဲဝင်နေရသည့်အထဲမှာပင် မုန်သုန်အတွေးအား ရေးခြင်းဖြစ်သည်။ ရသပါသော စကားပြေအဖွဲ့အနွဲ့…….။

          `သပြေတွေလည်းသီးနေပြီ၊

        ရေတွလည်းဖွေးနေပြီ

        ဓနိသီးတွေလည်း ကြွေနေပြီ

        မိုးကလည်း မစဲပဲ ရွာနေတယ်

        အို…. ကိုဒါသရဲ့၊

        ကျမအမေဆီ ပြန်ချင်တယ်

        လိုက်ပို့ပေးပါလား …….။

 

(၄)

        ၁၉၈၈ ခုနှစ် ၊ စက်တင်ဘာ (၁၈)ရက် အာဏာမသိမ်းမှီ ….စက်တင်ဘာလထုတ် သတင်းမဂ္ဂဇင်းတွင် သူမဆောင်းပါးတစ်ပုဒ်ရေးသားခဲ့၏။ `လွတ်လပ်ရေးတိုက်ပွဲ သုံးသပ်ချက်၊ တော်လှန်ရေးမုန်တိုင်အလယ်´ ဖြစ်သည်။ မျက်မှောက်မြန်မာ့နိုင်ငံရေးအခြေအနေအား သုံးသပ်ထားသည့် ဆောင်းပါးဖြစ်သည်။

 ဒီမိုကရက်စီစနစ်ရှိဖို့ လုပ်ဆောင် နေကြသူတွေက ဘယ်သူတွေလဲလို့ မေးနိုင်စရာရှိပါတယ်။ သူတို့ကတော့ မဆလပါတီ လက်အောက်မှာ လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး ဖိနှိပ်ချုပ်ချယ်မှုတွေကို ခါးစည်းခံခဲ့ကြရတဲ့ သူများပဲ ဖြစ်ပါတယ်။

        မဆလပါတီရဲ့ ရမ်းကားစွာ ဖိနှိပ်မှု၊ စီးပွားရေး(အသိပညာ)ကင်းမဲ့မှုတို့ဟာ ပြည်သူတွေ ညီညွှတ်ထဖို့အတွက် မရည်ရွယ်တဲ့ တွန်းအားကြီးတရပ်ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ မဆလပါတီကို ယခုထက်ထိ သစ္စာစောင့်နေသေးသူများဟာလည်း အုပ်စိုးသူ မဆလပါတီနဲ့ အအုပ်စိုးခံလူထု အကြား ကွာဟမှုကြီးမားပုံ သာဓကတခုပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ လူတချို့ဟာ လက်စားချေလိုတဲ့စိတ် ရှိကြပေမယ့် အများစုကတော့ တရားမျှတသက်ညှာစွာ ထောက်ထားကြမှာ ဖြစ်လို့ပါပဲ။

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ဖြစ်ပွားခဲ့ရသည့် အခြေခံအကြောင်းတရားအား ကောက်ချက်ဆွဲထားခြင်းဖြစ်သည်။ ပြီးလျှင် ….. သူမ အရေးတော်ပုံကြီးအတွင်း ပါဝင်ခဲ့ရခြင်းနှင့် ပတ်သတ်ပြီး သူမကိုယ်သူမ တိုင်းပြည်နှင့် မိတ်ဆက်ပေးထားပြန်သည်။

ပြည်လုံးကျွတ်ဒီမိုကရေစီ တောင်းဆိုတဲ့ လှုပ်ရှားမှုကြီးမှာ ကျမဘယ်လိုပါဝင် လာပါသလဲလို့ လူတော်တော်များများကမေးကြပါတယ်။ ခေတ်သစ်မြန်မာနိုင်ငံရဲ့ ဖခင်လို့ သတ်မှတ်ခြင်းခံရတဲ့ ကျမအဖေရဲ့သမီးဖြစ်လေတော့ ကျမဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးရေစီကြောင်းကို အစဉ်တစိုက် ဂရုပြုခဲ့ပါတယ်၊

        ငယ်စဉ်ကတည်းက ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး တိုက်ပွဲသမိုင်းနှင့် လူမှုရေး နိုင်ငံရေးပြောင်းလဲမှုများကို စိတ်ဝင်စားခဲ့ပါတယ်။ ကျမနှစ်နှစ် သမီးအရွယ်မှာ ဖေဖေကွယ်လွန်လို့ ဖေဖေ့ကို ရင်းရင်းနှီးနှီး မသိလိုက်ရပါဘူး။ အလိုလိုက်တဲ့ ချစ်ကြင်နာတဲ့ ဖခင်ဖြစ်ပြီး ဖြောင့်မတ်တဲ့ သိက္ခာနဲ့ တိုင်းပြည်အကျိုးကို အမြဲတမ်းကိုယ်ကျိုးထက် အလေးထားလိုလားခဲ့တဲ့ လူတယောက် လို့ပဲ နားလည်မှတ်သားခဲ့ပါတယ်။

        ကျမလူလားမြောက်ပြီး ဖေဖေ့ဘ၀နဲ့ လုပ်ဆောင်အောင်မြင်မှု့တွေကို သုတေသနပြုတော့မှ ဘဲ သူ့သက်တမ်း(၃၂)နှစ်အတွင်းမှာ ဘယ်လောက်လုပ်ဆောင်နိုင်ခဲ့တဲ့လူ ဘယ်လိုလူဆိုတာ ကျမပိုပြီးသိနားလည်ခဲ့ပါတယ်။ အဲဒီအခါမှဘဲ တိုင်းပြည်သစ္စာစောင့်သိတဲ့ မျိုးချစ်ခေါင်းဆောင် တယောက်အနေနဲ့ ဂုဏ်ယူလေးစားခဲ့ရုံမကဘဲ ကိုယ်ပိုင်ခံယူချက် တော်တော်များများမှာ ဖေဖေနဲ့ ကျမတူညီနေတာတွေ့ရလို့ ဖေဖေ့ကို အနီးကပ်ရင်းနှီးစွာ သိရလိုခံစားမိပါတယ်။ ဖေဖေ့စိတ်နဲ့ နီးစပ်လွန်းလို့ ကျမဟာ ကျမရဲ့ တိုင်းပြည်ကောင်းစားရေးအတွက် လေးနက်စွာ တာဝန်ယူချင် တဲ့စိတ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။

(၅)

 

ဒီ တုဏှိဘာဝေနိုင်ငံမှာ

သူတို့ခေါင်းဆောင်သွားမယ့် စစ်သားတွေလာနေတာတောင်

ဘယ်သူတဦးတယောက်မျှ မပြောပြနိုင်ပေဘူး။

တရုတ်တွေက လမ်းကိုလိုချင်တယ်၊ ပြင်သစ်တွေကတော့ လောင်စာာဆီကို လိုချင်တယ်။

ထိုင်းတွေကတော့ သစ်ကိုယူတယ်၊ နအဖကတော့ အမြတ်အစွန်းတွေကို ယူတယ်လေ …...။

          (ဒေါ်အောင်ဆန်းစုကြည်၏ ” In the Quiet Land ” ကဗျာမှ)

 

ဤကဗျာအား သူမရေးစဉ်က ပထမအကြိမ်နေအိမ်၌ အကျဉ်ချခံထားရစဉ်ကာလကဖြစ် သည်။ အင်္ဂလိပ်ဘာသာနှင့် ရေးဖွဲ့ခဲ့ခြင်းဖြစ်၏။ ခေါင်းစဉ်က ” In the Quiet Land ” ဖြစ်သည်။ ၁၉၈၉ ခုနှစ်က သူမအတွက် ကြီးမားသော စိန်ခေါ်မှု့များနှင့် ရင်ဆိုင်ခဲ့ရသည့် နှစ်ဟုဆိုရမည်။ နှစ်ဦးတွင် မိခင်ဖြစ်သူ ကွယ်လွန်၏။ မိခင်ကွယ်လွန်ပြီး ခြောက်လကျော်ကျော်တွင်ပင် စစ်အုပ်စုက သူမအားနေအိမ်တွင် အကျဉ်ချဖမ်းဆီးပြန်၏။ သူမချစ်သော မိခင်အား ထာဝရဆုံးရှုံးခဲ့ရပြီး၊ သူမချစ်သော မြန်မာပြည်သူလူထုနှင့် ကင်းကွာရပြန်သည်။ သည်းစွာသောဝေဒနာအား ခံစားနေ ရသည့် မိခင်အား ပြုစုရင်း … ကဗျာရေးဖွဲ့၏။ မြန်မာဘာသာနှင့်ပင်ရေးသည်။

မိခင်၏နှောင်ကြိုးကို ဖြေပါအံ့၊

သည်းစွာသော အနာကို ကုပါအံ့၊

သမီး၏ လုံ့လ ၀ိရိယဖြင့်

နာလန်ထူပါစေအံ့၊

မွေးကျေးဇူးကို မသိတတ်သော

ထိုထိုသော သူတို့အား

သိနားလည်အောင်

ဆွဲဆောင်နိုင်စွမ်းကို သမီးအားပေးပါလော့။

        မိခင်ဟူသည်ကား ….. ။

 

(မင်းဆွေသစ်)

18.06.2009

 

 

Soe-Han

စာရေးသူ၏ ကိုယ်ရေး အကျဉ်း

စာရေးသူ ၏ အမည်အရင်းမှာ ဦးစိုးဟန် (ခ) အလိမ္မာ  ဖြစ်ပြီး မြန်မာ့နိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုအတွင်း ၁၉၈၈ ခုနှစ်မှ စပြီး နှစ်ကာလရှည်ကြာစွာ မြန်မာ့ ဒီမိုကရေးစီရေး အတွက် တစိုက်မတ်မတ် ရပ်တည် ကြိုးပမ်းခဲ့သူတဦးဖြစ်ပြီး မင်းဟန်၊ ရွှေအိမ်စည်၊ မင်းဆွေသစ် အစရှိသော ကလောင်ခွဲများဖြင့် ရသစာပေ၊ ရုပ်ပုံလွှာ ၊စာအုပ်ဝေဖန်ရေး၊ နိုင်ငံရေး ဆောင်းပါးများ နှင့် လွတ်လပ်တဲ့ အာရှအသံ (Radio Free Asia – RFA) တို့တွင်လည်း အပါတ်စဉ် အသံလွှင့်ဆောင်းပါးများ ကိုထုတ်လွှင့် ခဲ့သည်။ စာရေးသူ ဦးစိုးဟန် ၊ အသက် (၄၉) နှစ် သည် ထိုင်း-မြန်မာ နယ်စပ် ဒေသတွင် ၂၉ ၊ ဧပြီလ ၊ ၂၀၁၆ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပြီး ဇနီး ဖြစ်သူ မဥမ္မာစိုး (ညိုမာ) နှင့် သမီးဖြစ်သူ မေသံသာနှင်း တို့ ကျန်ရစ်ခဲ့သည်။ ကျန်ရစ်သူ မိသားစု၏ ခွင့်ပြုချက်ဖြင့်  ရှုခင်းသစ် ပရိတ်သတ်များ အတွက် ၄င်း၏ ရသ ဆောင်းပါးများကို စုစည်းပြီး ရှုခင်းသစ်မှ ပြန်လည်ဖေါ်ပြလိုက်ပါသည်။