အဖြူဇော များ (ကိုသားကြီး)

Posted on Posted in ကဗျာ, ရသရှုခင်း

thargyee

အဖြူဇော များ (ကိုသားကြီး)

ချွေးနဲ့ ပျိုးတဲ့ပန်းတွေ
မလန်းဘူးလို့ ဘယ်သူငြင်းမလဲ
နှလုံးသွေးကို ဆူ ပွက်တဲ့အထိ
အပူခံထားလိုက်မယ်။

ကျွန်တော်တို့ရှေ့ဆက်မယ့် ခရီး မှာ
နွေပျိုးပန်းတွေ မိုးဦးလေထဲ ပွင့်လာမှာ သေချာတယ်။

ပျိုးထောင်ခြင်း အနုပညာမှာ
စေတနာစိတ်ကို
အပြည့်အဝ လောင်းထည့်ထားတော့
အနာဂါတ် ပီတိဟာ စင်ကြယ်ဝင်းပ
စို့နေတဲ့ ချွေးဟာ ရေဓါတ် ခြောက်ခမ်းလည်း
သဘာဝ အတိုင်း လှတယ်။

ကျွန်တော်တို့ ထုဆစ်မယ့် အလင်းကို
ကျွန်တော်တို့ ကိုယ်တိုင် ညှိယူ ထုံကူး
မမောဘူး…၊
မနားဘူး။

နေ့သစ်ရဲ့ နေခြည်ဦး ကို
ရောင်စုံ အဆင်း နဲ့ ချယ်သ ဖို့
ချွေးနဲ့ ပျိုးတဲ့ ပန်းတွေ
သီချင်း ကဗျာ သီဆို လာ တဲ့အခါ
အလိုအလျောက်
အားပြည့်၊ အမောပြေကြမှာ ။ ။

ကိုသားကြီး