အစွယ်လိုသူများ (ရွှေအိမ်စည်)

Posted on Posted in သမိုင်းရေစီး

rope

အစွယ်လိုသူများ

ရွှေအိမ်စည်

 

`“ အမျိုးသားသူရဲကောင်း တစ်ယောက်ဟာ ဒီတိုင်းပြည်မှာ သိပ်တာရှည်မခံဘူး။ ရန်သူများတယ်။ အများဆုံး သုံးနှစ်ပဲ ခံမယ်။ ကျနော့်အတွက်တော့ — နောက် (၁၈)လထက် မပိုဘူးလို့ ယူဆတယ်`“

ဗိုလ်ချုပ်အောင်ဆန်း

(မောရစ်ကောလစ်၏ Last And First in Burma စာအုပ်၊ စာမျက်နှာ ၂၆၉၊ ၂၇၀)မှ

 

(၁)

၁၉၄၈ခုနှစ်၊ မေလ (၈)ရက်။

အင်းစိန်ထောင် —။

 

`“ဂျိုင်း`“ —-။

 

ကျယ်လောင်သည့်ဒေါက်ဖြုတ်သံကြောင့် အုတ်ရိုးနီနီပေါ်မှ ကျီးများလန့်၍ ထပျံကုန်ကြသည်။ ရောင်နီက မပေါ်သေး။ အင်းစိန်ထောင်ဝင်းအတွင်း အမှောင်ထုက ကြီးစိုးနေဆဲ။ အင်းစိန်ထောင်၏ ကြိုးစင်ရှိရာတွင်မူ လျပ်စစ်မီးရောင်များကြောင့် လင်းလင်းပပ ရှိ၍နေသည်။ ဒေါက်ဖြုတ်သံနှင့်အတူ ကြိုးစင်ပေါ်မှ ဖြူဖြူအရိပ်လေးခုသည် ကြိုးစင်တွင်း အတွင်းသို့ ရိပ်ခနဲ ထိုးဆင်းသွားသည်။ လျပ်တစ်ပြတ် —-။ ကြိုးတိုင်မှ တွဲလောင်းကျနေသည့် ကြိုးလေးချောင်းက လေးလံသည့်အရာဝတ္တုများအား ဆွဲထားရသည့်အတွက် `“ တန်း`“ ၍နေသည်။ မလှုပ်ရှား —-။ ငြိမ်သက်လျက်။

အင်းစိန်ထောင်ကြီးနှင့် (၁၂)မိုင်ခန့်ဝေးကွာသည့် ရန်ကုန်ထောင် ကြိုးစင်အတွင်း၌လည်း ကျယ်လောင်သည့်ဒေါက်ဖြုတ်သံ — ။ ပြီးလျင် —- ကြိုးစင်တိုင်မှ ကြိုးစင်တွင်း၊ အတွင်းသို့ တွဲလောင်းကျနေသည့် ကြိုးနှစ်ချောင်းသည်လည်း —။ မလှုပ်ရှား —၊ ငြိမ်သက်လျက် —။

 

(၂)

၁၉၄၅ခုနှစ်၊ သြဂုတ်လ (၁၉)ရက်။

နေသူရိန် ကဇာက်ရုံ ၊ ရန်ကုန်မြို့။

 

စစ်ပြီးစ — ရန်ကုန်မြို့သည် နာတာရှည် သူနာတစ်ယောက်၏ နာလန်ထလူနာကဲ့သို့ ဖြစ်၍နေသည်။ အားအင်းကမရှိ ။ ဟိုနားထိလည်းနာ၊ ဒီနားထိလည်းနာနှင့် အရာရာသည် ယိုယွင်း၍နေ၏။ ယမ်းငွေ့များက အုပ်ဆိုင်းဆဲ။ လမ်းမထက်သွေးကွက်များက မုတ်သုန်မိုးအား အာခံ၍ နေဆဲ။ မုတ်သုန်မိုးသည် စစ်၏ဒဏ်ရာဒဏ်ချက်တို့အား မဆေးကြော မသုတ်သင်နိုင်သေး။ အုပ်မှိုင်းသော မိုးသားတိမ်ထုတို့၏အောက်၌ နေသူရိန်ကဇာက်ရုံကြီးသည် ယခင်က အထီးတည်း ။ ယခုမူ —-။

`“ (ဖ ဆ ပ လ)အဖွဲ့ချုပ်ရဲ့ကိုယ်စား ကျနော်ဒီလူထုအစည်းအဝေးကြီးမှာ အဆိုသုံးရပ်ကို တင်သွင်းသွားမှာဖြစ်ပါတယ်။ ပထမဦးစွာ ဗမာ့တပ်မတော်သစ်ကို မျိုးချစ်ဗမာ့တပ်မတော်သားများနှင့်သာ ဖွဲ့စည်းသွားရန် ဖြစ်ပါတယ်။ ဒုတိယအဆိုအနေနဲ့ လွတ်လပ်တဲ့မြန်မာနိုင်ငံအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ်ရေးဆွဲနိုင်ရေးအတွက် တိုင်းပြုပြည်ပြုလွှတ်တော်တစ်ရပ် ခေါ်ယူသွားရေးဖြစ်ပါတယ်။ တတိယအနေနဲ့ မြန်မာတစ်နိုင်ငံလုံး ၊လုံးဝလွတ်လပ်တဲ့ နိုင်ငံတစ်ခုဖြစ်ဖို့အတွက် ကြိုးပမ်းလုပ်ဆောင်ကြတဲ့အခါမှာ အဖွဲ့အစည်းပေါင်းစုံ တိုင်းရင်းသားပေါင်းစုံ စည်းလုံးညှီညွှတ်ကြဖို့ လိုပါတယ်။ —- ဒီအတွက် အားလုံးညီညီညွှတ်ညွှတ်နဲ့ လုပ်ကိုင်သွားကြရန်ဖြစ်ပါတယ်။`“

နေသူရိန်လူထုအစည်းအဝေးပွဲကြီးသို့ ဗိုလ်ချုပ်အောင်ဆန်းမှ တင်သွင်းသော အဆိုပြုသံနှင့် ထောက်ခံသည့် သြဘာသံများသည် ကဇာက်ရုံကြီးအတွင်းမှ လျံထွက်၍လာသည်။ `ဤမှ —- ကန်တော်ကြီးရေပြင်ကို ဖြတ်တိုက်၍ မြန်မာနိုင်ငံ တနံတလျားသို့ —-။

နေသူရိန် လူထုအစည်းအဝေးပွဲကြီးက ဗမာ့လွတ်လပ်ရေးတိုက်ပွဲအား လက်နက်ကိုင်တိုက်ပွဲမှ လူထုတိုက်ပွဲသဏ္ဌာန်ဆီသို့ ချိုးကွေ့လိုက်သည်။

 

(၃)

၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ( ၂)ရက်။

ကာလကတ္တားမြို့ ၊ အိန္ဒိယနိုင်ငံ။

ဗိုလ်ချုပ်ကြီး လော့လူဝီမောင့်ဘတ်တန်က ဗမာ့တပ်မတော်သစ်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ဆွေးနွေးရန် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဖိတ်ခေါ်သည်။ သူက ဗြိတိသျှအစိုးရ၏ အရှေ့တောင်အာရှ မဟာမိတ်တပ်ပေါင်းစု စစ်သေနာပတိချုပ်။ ပြီးနောက် မြန်မာ့အရေးအား မှန်မှန်ကန်ကန် အကဲဖြတ်နိုင်သည့် စစ်ဘက်အရာရှိတစ်ဦးဖြစ်သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ဘီဒီအေမှ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်ကျော်ဇော၊ ဗိုလ်ဇော်မင်း၊ ဗိုလ်နေ၀င်း၊ ဗိုလ်မောင်မောင်တို့ ပါပြီး နိုင်ငံရေးခေါင်းဆောင်များမှ ဦးဘဘေ၊ ဦးညိုထွန်း၊ သခင်သန်းထွန်းနှင့် စောဘဦးကြီးတို့ ပါသည်။ အဖွဲ့၏ခေါင်းဆောင်က ဗိုလ်ချုပ်အောင်ဆန်းဖြစ်သည်။ ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မှ ကာလကတ္တား —-။ ကာလကတ္တားမှတဆင့် သိရီိလင်္ကာနိုင်ငံ ကန္နီသို့ သွားကြမည်။ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကာလကတ္တားတွင် ခတ္တနားသည်။ ထိုစဉ်က  သခင်သိန်းဖေ(ဦးသိန်းဖေမြင့်)သည် ကာလကတ္တားတွင် ရှိနေသည်။ သခင်သန်းထွန်း၊ သခင်သိန်းဖေ(ဦးသိန်းဖေမြင့်) တွေ့ဆုံပြီး ဗိုလ်ချုပ်အောင်ဆန်း၏ အနာဂတ်အရေးနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။ အနာဂတ်မြန်မာ့နိုင်ငံရေးတွင် ဗိုလ်ချုပ်အောင်ဆန်းအား မည်သည့်အခန်းကဏ္ဍမှ ပါဝင်စေမည်နည်း။ စစ်ခေါင်းဆောင်လား။ နိုင်ငံရေးခေါင်းဆောင်လား။ အမြင်နှစ်မျိုး ကွဲ၍နေသည်။ သခင်စိုး၊ သခင်သန်းထွန်း စသည့် ကွန်မြုနစ်များက အောင်ဆန်းသည် နိုင်ငံရေးခေါင်းဆောင်တစ်ဦးရှိသင့်သည့် အရည်အချင်းပေါင်းစုံမရှိ။ နိုင်ငံရေး ပရိယာယ် မကျွမ်းကျင်။ လူမှုဆက်ဆံရေး ညံ့ဖျင်းသည်။ ထိုကြောင့် တပ်မတော်ထဲတွင်သာ နေသင့်သည်။ ဤအမြင်ကို ဗိုလ်လကျာ်နှင့်သခင်သိန်းဖေ (ဦးသိန်းဖေမြင့်)တို့က လက်မခံ။ အောင်ဆန်းသည်သာ အမျိုးသားရေးအင်အားစုအပေါင်းကို ညီိညွှတ်သော တပ်ဦးတစ်ရပ်ဖြစ်လာစေရန် စွမ်းဆောင်ပြီိး ခေါင်းဆောင်မှု ပေးနိုင်မည့်  တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။ ထိုကြောင့် စစ်တပ်မှ ထွက်ပြီး နိုင်ငံရေးတွင်သာ တာဝန်ယူရမည်။ ဗိုလ်လကျာ်က ဗိုလ်ချုပ်အား တပ်မတော်ထဲတွင်သာ နေစေလိုသည့် ကွန်မြူနစ်တို့၏ အကြံပေးချက်သည် မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေးနယ်ပယ်တွင် သူတို့သာ လွှမ်းမိုးထားလို၍ ဖြစ်သည်။

အဆုံးအဖြတ်က ဗိုလ်ချုပ်အပေါ်တွင်သာ တည်တော့၏။ ဗမာ့မျိုးချစ်တပ်မတော်သစ်တွင် ဗိုလ်မှူးချုပ်အဆင့်နှင့် ( ဒုတိယတပ်မတော်စစ်ဆေးရေး အရာရှိချုပ်) ဗိုလ်ချုပ်အောင်ဆန်းအား ရာထူးလက်ခံရန် မောင့်ဘတ်တန်က လမ်းကြောင်းပြန်၏။ မည်သို့နည်း —-။

 

(၄)

၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်။

အလုံလမ်း ၊ ရန်ကုန်မြို့။

ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် ၁၉၄၅ ခုနှစ် အောက်တိုဘာလ (၁၆)ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိလာသည်။ အိန္ဒိယနိုင်ငံဆင်းမလားမှ ပြန်လာခြင်းဖြစ်ပြီး ဘုရင်ခံသည် ရန်ကုန်ပြန်ရောက်ပြီး နောက်တနေ့မှာပင် ၎င်း၏အုပ်ချုပ်ရေး ပုံစံသစ်အား ထုတ်ပြန်ကြေငြာတော့သည်။ အုပ်ချုပ်ရေးက မသစ်ဆန်း။ မဲပြာပုဆိုးပင်။ ဘုရင်ခံအမှုဆောင်ကောင်စီကို အဖွဲ့ဝင် (၁၅)ဦးနှင့်ဖွဲ့စည်းမည်။ ဘုရင်ခံအလိုကျ ခန့်နိုင်၏။ ထုတ်ပယ်နိုင်၏။ စက္ကူဖြူစာတမ်း၏ အစွမ်းသတ္တိဖြင့် ကိုလိုနီိစနစ်အား ထိန်းသိမ်းရန်သာ ဖြစ်သည်။ မိုးနှောင်ရက်ကျန် ၇န်ကုန်မြို့က ငြိမ်သက်လျက်။

ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် ( ဖ ဆ ပ လ) အဖွဲ့ချုပ် ခေါင်းဆောင်များ၏ ဆွေးနွေးပွဲက အချိန်မကြာ —။ ဘုရင်ခံက (ဖ ဆ ပ လ)အား ဘုရင်ခံ၏အမှုဆောင်ကောင်စီအဖွဲ့တွင် ပါဝင်ရန် ကမ်းလှမ်းသည်။ (ဖ ဆ ပ လ)မှ ဘုရင်ခံအမှုဆောင် ကောင်စီအား ကြားဖြတ်ယာယီ အမျိုးသား အစိုးရအနေဖြင့် ဖွဲ့စည်းရန် ရည်ရွယ်၏။ အမှုဆောင်ကောင်စီ (၁၅)နေရာတွင် (၁၁) နေရာအား (ဖ ဆ ပ လ) သို့ ပေးရန် တောင်းဆိုသည်။ ပြည်ထဲရေးဌာနကိုလည်း (ဖ ဆ ပ လ) ကောင်စီဝင် တစ်ဦးမှ တာဝန်ယူမည်။ ဘုရင်ခံမှ ချက်ချင်း အဖြေမပေးနိုင်။ မကြာမှီ အကြောင်းပြန်ပေးပါမည်ဟု ယဉ်ကျေးစွာဖြင့် ဆိုသည်။ ပြီးပြီ။ ဆွေးနွေူးပွဲက ဤမျှသာ —။ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ နှင့် ဦးဘဘေတို့ ဘုရင်ခံအား နှုတ်ဆက်ပြီး ဘုရင်ခံ၏အိမ်တော်မှ ထွက်ခဲ့ကြသည်။ အလုံလမ်းမကြီးက စန့်စန့်ကြီး ၀ပ်ဆင်း၍နေသည်။ မိုးစက်များက သူ့အပေါ်၌ ခုန်ပေါက်၍ နေကြသည်။ တပါတ်ခန့်ကြာသည့်အခါ၌ ဘုရင်ခံမှ အကြောင်းပြန်သည်။ ( ဖ ဆ ပ လ)၏တောင်းဆိုချက်များအား ငြင်းပယ်သည့်အကြောင်း —-။ ပြီးလျှင် — ဘုရင်ခံသည် အလိုတော်ရိများနှင့် စက္ကူဖြူစာတမ်းအား ထုဆစ်တော့၏။ ဆာပေါ်ထွန်း နန်းရင်းဝန် ဖြစ်လာသည်။

 

(၅)

၁၉၄၆ခုနှစ်၊ ဇန်န၀ါရီလ (၁၇-၂၃)ရက်။

ရွှေတိဂုံ အလယ်ပစ္စယံ၊ ရန်ကုန်မြို့။

ရာသီဥတုသည် ရှင်း၍နေသည်။ ကောင်းကင်သည်လင်း၍၊ လင်း၍ —-။ တိမ်ဆိုင်တိမ်အုပ်များမရှိ။ နေခြည်သည် အတားအဆီမရှိ မြေကမ္ဘာပေါ်သို့ ဖြန့်ကျက်၍ ဆင်းလာ၏။ ရွှေတိဂုံ စေတီတော်ကြီးသည် နေခြည်နှင့်လိမ်းကျံထားသဖြင့် ရွှေအိုးရောင် ၀င်းပ၍နေသည်။ ထိုးကျနေသည့် ရွှေတိဂုံစေတီတော်၏အရိပ်သည် အဆိုတင်သွင်းနေသူအပေါ်သို့ အုပ်မိုးထားသည်။ ဘီဒီအေယူနီဖောင်းနှင့် (ဖ ဆ ပ လ) ဥက္ကဌ ဦးအောင်ဆန်းသည် ပထမအကြိမ် (ဖ ဆ ပ လ) ပြည်လုံးကျွတ် ညီလာခံကြီးသို့ အဆိုတင်သွင်း၍နေသည်။

`“ —- ဟုတ်လား ။ အလုပ်သမား၊ လယ်သမား၊ မြို့နေဆင်းရဲသား၊ ကုန်သည်ပွဲစားများနှင့် တိုင်းရင်းသားအရင်းရှင်လူတန်းစားတွေဟာ —- ။ ဟုတ်လား—-။ နယ်ချဲ့အရင်းရှင်ကို အပြုတ်တိုက်နိုင်ဖို့ ကိုယ့်ဆိုင်ရာ လူတန်းစားအဖွဲ့အစည်းတွေ တည်ထောင်ပြီး လူတန်းစား ညီညွှတ်ရေးတွေ တည်ဆောက်ကြရမယ်။ အဲဒီလူတန်းစား အဖွဲ့အစည်းအသီးသီးက ကိုယ်စားးလှယ်တွေနဲ့ —- ဟုတ်လား —-။ တသီးပုဂ္ဂလ ပုဂ္ဂိုလ်တွေဟာ ဒီ (ဖ ဆ ပ လ) တပ်ပေါင်းစုကြီးအတွင်း မှာ ညီညွှတ်စွာနဲ့ လုပ်ကိုင်သွားကြပါရန် ဒီညီညွှတ်ရေးအဆိုကို တင်သွင်းပါတယ် —-`“

လက်ခုပ်သံများက ရွှေတိဂုံအလယ်ပစ္စယံအတွင်း၌ ဆူညံ၍ နေတော့သည်။ အဆိုအား ကန့်ကွက်သူမရှိ အားလုံးထောက်ခံကြသည်။ လူတန်းစား ညီညွှတ်ရေး ၊ ပြီးလျှင် တပ်ပေါင်းစုကြီးအတွင်း ညီညွှတ်ရေး၊ ထိုမှ အမျိုးသားလွတ်မြောက်ရေးဆီသို့ —-။

ရဟန်း၊ သံဃာ၊ လူထုလူတန်းစား ၊ စုစုပေါင်းလေးသိန်းကျော်တတ်ရောက်ကြသည့် အကြီးမားဆုံး နိုင်ငံရေးအစည်းအဝေးပွဲကြီးဖြစ်သည်။

`“ ဒိုမီနီယံ အလိုမရှိ`“

`        `“ လုံးဝလွတ်လပ်ရေး ချက်ချင်းပေး`“

`“ တိုင်းပြုပြည်ပြု လွှတ်တော် အမြန်ခေါ်`“

(၆)

၁၉၄၆ခုနှစ် မတ် (၂၇)ရက်။

အလုံလမ်း၊ ဘုရင်ခံနေအိမ်၊ ရန်ကုန်မြို့။

ဂျပန်ကင်ဒိုဓါးရှည်သည် အပေါ်သို့ မြှောက်၍တတ်သွားသည်။ ပြောင်လက်သော ကင်ဒိုဓါးရှည်သည် နေရောင်အောက်၌ လင်းလက်သွား၏။ ခဏတာအတွင်း ဓါးရှည်သည် အောက်သို့စိုက်ဆင်းလာပြီး ခုတ်ပိုင်းလိုက်သည်။ တိခနဲ ပြတ်မသွား—။ သထုံခရိုင်၊ ပေါင်မြို့နယ်မှ အင်္ဂလိပ်သူလျှို သဲဖြူကုန်းရွာ၏ ကုလားသူကြီးသည် အရှေ့သို့ငိုက်၍ လဲကျသွားသည်။ သို့သော် ချက်ချင်းမသေ။ အင်္ဂလိပ်သူလျှို၏အသက်က ပြင်းလှသည်။

သွေးစွန်းနေသော ကင်ဒိုဓါးရှည်အား ဓါးအိမ်အတွင်းသို့ ထိုးသွင်းလိုက်ရင်း ဗိုလ်ချုပ်အောင်ဆန်းသည် အသက်ပြင်းလွန်းလှသည့် အင်္ဂလိပ်သူလျှို ကုလားသူကြီးအား သေနတ်နှင့်ပစ်သတ်ရန် သူ့ရဲဘော်များအား အမိန့်ပေးလိုက်သည်။ အနိဌာရုံမြင်းကွင်းအား ကြည့်ရှုနေကြသော ပရိတ်သတ်ကြီးသည် အင်္ဂလိပ်သူလျှိုတစ်ဦး သေဒဏ်စီရင်ခြင်းအပေါ်၌ ကျေနပ်၍ နေကြသည်။

ဘုရင်ခံအမှုဆောင်ကောင်စီ ဒု-ဥက္ကဌ ဆာရိုက်ဝိုက်စ်သည် ဘီအိုင်အေစစ်ကြောင်းများ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ခဲ့စဉ် အပေါင်မြို့နယ် မုတ္တမဘောလုံးကွင်းအတွင်း သဲဖြူချောင်း ရွာသူကြီးအား သတ်မှုနှင့် ဗိုလ်ချုပ်အောင်ဆန်းအား တရားစွဲဆိုနိုင်ရန် အချက်အလက်ဖိုင်တွဲကို အစည်းအဝေးတွင် ဖတ်ပြ၍ နေသည်။

အလုံလမ်း ဘုရင်ခံ၏အိမ်တော်၌ ပြုလုပ်သော အစည်းအဝေးဖြစ်သော်လည်း ဘုရင်ခံကိုယ်တိုင်က မတတ်ရောက်။ မေမြို့သို့ အနားယူရန် သွားနေ၏။ ဗြိတိသျှစစ်ဘက်မှ ဗိုလ်ချုပ်ဘရစ်နှင့် သူ၏စစ်ဦးစီးအရာရှိကြီးများ၊ ပုလိပ်မင်းကြီးနှင့် အရပ်ဖက်အင်္ဂလိပ်အရာရှိကြီးများ တတ်ရောက်ကြသည်။

အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ၏ တပ်ဦးတွင်ရှိနေသည့် ဗိုလ်ချုပ်အောင်ဆန်းအား  နိုင်ငံရေးနယ်ပယ်မှ ဖယ်ရှားနိုင်ရန် လူသတ်မှုဖြင့် ထောင်သွင်းဖမ်းဆီးနိုင်ရန် ကြံစည်ကြခြင်းဖြစ်သည်။

မြန်မာပြည်ပုလိပ်မင်းကြီး မစ္စတာ ချက်တယ်လ်က —–

`“ ဗိုလ်ချုပ်အောင်ဆန်းကို စီအိုင်ဒီိက ဖမ်းတာနဲ့ မြန်မာပြည် သူပုန်ထကြမှာပဲ။ နောက်ပြီး စစ်အတွင်းက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို အထွေထွေလွတ်ငြိမ်ချမ်းသာခွင့်ပေးဖို့ လန်ဒန်မှာ အခုစဉ်းစားနေကြပြီး မကြာခင် ဥပဒေထွက်လာမယ်။ ဒီတော့ မပြီးစီးသေးပဲ ဆိုင်းငံ့ထားသင့်တယ်`“

ပုလိပ်မင်းကြီး၏ ဆွေးနွေးချက်အပေါ် တပ်မတော် သေနာပတိချုပ် ဗိုလ်ချုပ်ဘရစ်ကလည်း ထောက်ခံ၏။

`“ ဟုတ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုဖမ်းတာနဲ့ လူထုကြီးက သူပုန်ထကြမှာပဲ။ အထူးသဖြင့် ကျေးလတ်ဒေသတွေမှာ ဆိုးဆိုးဝါးဝါး တုံ့ပြန်ကြလိမ့်မယ်။ နောက်ပြီး — ဗမာ့တပ်မတော်အတွင်းမှာ ရှိနေတဲ့ တပ်မတော်သား လေးထောင်၊ ငါးထောင်က ကျုပ်တို့ကို စတိုက်မှာပဲ။ သူတို့မှာ လက်နက်အပြည့်အစုံရှိတယ်။ စစ်ပညာရှိတယ်။ စစ်ပွဲအတွေ့အကြုံ ရင့်ကျက်နေပြီဖြစ်တယ်။ ဆရာစံ ဂဠုန်တပ်လိုမျိုး မဟုတ်ဘူး`—–“

အစည်းအဝေးခန်းမအတွင်း တိတ်ဆိတ်၍သွားသည်။ အားလုံးက တွေးဆ၍ နေကြသည်။ နေမ၀င်အင်ပါယာကြီးအတွက် —–။

 

(၇)

၁၉၄၆ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်။

အမှတ် (၂၅) တာဝါလိန်လမ်း၊ ရန်ကုန်မြို့။

ဗိုလ်ချုပ်အောင်ဆန်းနေအိမ်၏အပေါ်ထပ်တွင် (ဖ ဆ ပ လ) အမှုဆောင်အဖွဲ့အစည်းအဝေး ထိုင်နေကြသည်။ နေ့စဉ်နှင့်အမျှ မြန်မာ့နိုင်ငံရေးသည် ပြောင်းလဲဖြစ်ပေါ်လျက်ရှိ၏။ ရန်ကုန်မြို့သည် မငြိမ်သက်။ ၁၉၄၆ ခုနှစ် မေလ (၁၄) ရက်နေ့တွင် အင်းစိန်ခရိုင် ၊ ထန်းတပင် မြို့၌ ပြည်သူ့ရဲဘော်များအား တားမြစ်မိန့်ကို ဖီဆန်၍ စစ်ရေးလေ့ကျင့်သည်ဟူ၍ အစိုးရက ဖမ်းသည်။ မကျေနပ်ကြ။ မတရားသော အမိန့်အာဏာနှင့် ဖိနှိပ်ခြင်းဟု မြင်ကြသည်။ မေလ (၁၈) ရက်နေ့တွင် ပြည်သူ့ရဲဘော်များက မတရားဖမ်းဆီးမှုအား ကန့်ကွက်သည့် စီတန်းလှည့်လည် ဆန္ဒပြပွဲကြီးအား ကျင်းပကြသည်။ လယ်သမားများပါသည်။ ကျောင်းသားများလည်း ပါသည်။ ရဟန်း၊သံဃာများလည်း ပါကြသည်။ မတရားအမိန့်အာဏာဟူသမျှတာဝန်အရ ဖီဆန်၍ပြခြင်းဖြစ်၏။ ပုလိပ်အဖွဲ့က ပစ်ခတ်တော့သည်။ ဆန္ဒပြသူ လယ်သမားကြီးသုံးဦး သေဆုံးပြီး (၁၅)ဦးခန့် ဒဏ်ရာရကြသည်။ ဤမှစ၍ တိုင်းပြည်သည် မငြိမ်သက်တော့ —-။ အာဏာဖီဆန်မှုများဖြစ်ပေါ်၍ လာတော့သည်။ လူထုသိန်းနှင့်ချီ၍ ရန်ကုန်မြို့တွင် ဆန္ဒပြကြသည်။ (ဖ ဆ ပ လ)၏ ဦးဆောင်မှုအောက်၌ စနစ်တကျ လူထုတိုက်ပွဲ ဆင်နွှဲလျက်ရှိသည်။

လူထု၏ အကျပ်အတည်းက ကြီးမားလှသည်။ မတရားသည့်အမိန့်အာဏာအောက် မလူးသာ မလှုပ်သာရှိနေသည့်အပြင် အခြေခံစားသုံးကုန်ဈေးနှုန်းက အဆမတန်တတ်၍လာသည်။ ဂျပန်ငွေစက္ကူများအား တရားမ၀င်ကြေငြာလိုက်သဖြင့် ငွေကြေးအကျပ်အတည်းဖြစ်ရသည်။ လက်နက်ပုန်းများက နေရာအနှံ —-။ လုယက်မှု၊ ဓါးပြတိုက်မှုတို့က တိုး၍လာသည်။ လမ်းပန်းဆက်သွယ်ရေးက လုံခြုံချောမွေ့မှုမရှိ။ ပြည်သူလူထုသည် ကျီးလန့်စာ၊ စားဘ၀ရောက်၍နေသည်။

အခြေအနေအရပ်ရပ်အား ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် ဆာပေါ်ထွန်းအစိုးရသည် မည်သို့မျှ မဖြေရှင်းနိုင်။ အကျပ်တွေ့၍ နေသည်။

( ဖ ဆ ပ လ)ဗဟိုအလုပ်မှုဆောင်အဖွဲ့သည် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကို ရှုမြင်ရာ၌ မကွဲလွဲ။ အမြင်တူညီကြ၏။ ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းသည် သူရေးဆွဲထားသည့် စီမံချက်အကြမ်းအား ဗဟိုအလုပ်မှုဆောင်များသို့ ဖတ်ကြားပြနေသည်။

`“ ပြည်သူ့လွတ်လပ်ရေး ချုပ်ချယ်မှုကန့်ကွက်ပွဲအတွက် `“

၁။ သြဂုတ်လ (၂၅)ရက် မတိုင်မှီ စီတန်လမ်းလျှောက်ပွဲလုပ်နိုင်က လုပ်စေလိုသည်။ မဖြစ်နိုင်က အစည်းဝေးပွဲ လုပ်စေလိုသည်။

၂။ အထက်ပါ ကန့်ကွက်ပွဲမှာ အာဏာဖီဆန်ရေးမဟုတ်သေးသဖြင့် လက်ရှိဥပဒေများကို ဖောက်ဖျက်ခြင်း စသောကိစ္စမျိုး မလိုသေးပါ။

၃။ ကြွေးကြော်သံများမှာ အောက်ပါအတိုင်း ဖြစ်သင့်ပါသည်။

– ချုပ်ချယ်တဲ့ ဥပဒေတွေ ပယ်ဖျက်

– ချုပ်ချယ်တဲ့ အမိန့်တွေ ပယ်ဖျက်

– ကာကွယ်ရေးဥပဒေ အလိုမရှိ

– လက်တလော ဥပဒေ တွေ အလိုမရှိ

– သတင်းစာတွေ မချုပ်ချယ်နှင့်

– ပြည်သူ့ရဲဘော်တွေကို လွှတ်ပေး

 

(၈)

၁၉၄၆ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်။

စက်တင်ဘာလ (၅)ရက်နေ့တွင် ရန်ကုန်ပုလိပ်အစည်းအရုံးမှ ဦးဆောင်၍ ပုလိပ်သပိတ်ကြီးအား စတင်သည်။ စက်တင်ဘာ (၁၅)ရက်နေ့တွင် စာတိုက်အမှုထမ်းများ သပိတ်မှောက်ကြပြန်သည်။ ပြီးလျှင် —- ကြေးနန်း၊ မီးရထား၊ စည်ပင်သာယာ စသော အစိုးရဌာနများလိုက်၍ သပိတ်မှောက်ကြတော့သည်။ ၀န်ထမ်းပေါင်းစုံသပိတ်ကြီး —–။ သပိတ်ကြီးကြောင့် နယ်ချဲ့အစိုးရယန္တရားကြီးပျက်မည်ကဲ့သို့ ဖြစ်၍လာသည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန့်စ်သည် မဖြေရှင်းတတ်။ အကျပ်တွေ့၍နေသည်။ မျက်နှာဖြူကြီးများ မျက်ဖြူဆိုက်၍ နေသည်။ မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။ ဘုရင်ခံသစ်သည် စက်တင်ဘာ (၁၇)ရက်နေ့တွင် ဆာပေါ်ထွန်းအစိုးရအဖွဲ့ကိုဖျက်သိမ်းလိုက်သည်။ ဘုရင်ခံအမှုဆောင်ကောင်စီသစ် ဖွဲ့စည်းရေးအတွက် ဆားဟူးဘတ်ရန့်စ်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့သည်။ ဘုရင်ခံ၏အမှုဆောင်ကောင်စီသစ်တွင် (ဖ ဆ ပ လ) ကိုယ်စားလှယ်အရေအတွက် တိုးပေးမည့်အကြောင်း ကမ်းလှမ်း၍လာသည်။

ထိုအချိန်၌ ဂဠုန်ဦးစောသည်လည်း ယူဂန္ဒာထောင်မှ ပြန်ရောက်၍ နေပြီ။ အလိုတော်ရိဟောင်းကြီး ဦးစောအားလည်း ဘုရင်ခံသစ်က ခေါ်၍တွေ့သည်။ ဘုရင်ခံအမှုဆောင်ကောင်စီသစ် ဖွဲ့စည်းရေးအား ဆွေးနွေးသည်။ အမှုဆောင်ကောင်စီသစ်တွင် ပါဝင်ရန် ဘုရင်ခံက ဦးစောအား ကမ်းးလှမ်းသည်။ ဦးစောက မငြင်း။ သဘောတူမှု ရသွားတော့သည်။

ဘုရင်ခံအိမ်ဝင်းအတွင်းမှ ပြန်ထွက်လာသော ဦးစော၏ကားသည် အလုံလမ်းအတိုင်း မောင်းနှင်၍ လာခဲ့သည်။ သူရိယသတင်းစာတိုက်သို့ ရောက်သည့်အခါ ကားရပ်ပြီး သတင်းတိုက်အတွင်းသို့ ဦးစော ၀င်၍သွားသည်။ သူရိယသတင်းစာတိုက်မှ ပြန်ထွက်လာသော ဦးစော၏ကားနောက်၌ အစိမ်းရောင် ဂျစ်ကားတစ်စင်း လိုက်ပါ၍လာပြီ ။ ဦးစောက သတိမထားမိ။ ပြည်လမ်းအတိုင်း မောင်းနှင်လာကြသော ကားနှစ်စင်းသည် နီးသွားလိုက်၊ ဝေးသွားလိုက်နှင့် မြေနီကုန်းအ၀ိုင်းကြီးအနီးသို့ ရောက်၍လာသည်။ အစိမ်းရောက်ဂျစ်ကားသည် အရှိန်မြှင့်ပြီး ဦးစော၏ကားအား ကျော်တတ်သည်။ ကားနှစ်စီး ဘေးချင်းယှဉ်မိသည်နှင့် အစိမ်းရောင်ဂျစ်ကားပေါ်မှ ဦးစောအား သေနတ်နှင့်ပစ်တော့သည်။ တစ်ချက် ——-။ ဦးစောကား၏မှန်ကို ထိသည်။ မှန်များ ကြေမွလွှင့်စင်ကုန်၏။ နောက်တစ်ချက် ထပ်ပစ်သည်။ ဦးစောအား မထိ။ ဦးစောက ကားအတွင်းဝပ်၍နေလိုက်ပြီဖြစ်သည်။ တတိယ တစ်ချက်ထပ်ပစ်ပြန်သည်။ ပြီးလျှင် အရှိန်နှင့်မောင်း၍ ထွက်သွားတော့သည်။ ဦးစောတို့၏ကားက အဝေးတွင် ကျန်ခဲ့ပြီ။

 

(၉)

၁၉၄၆ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်။

အမှတ် (၁၀) ၊ ဒေါင်းနင်းလမ်း၊ လန်ဒန်မြို့။

ရန်ကုန်တွင်ဖြစ်ပေါ်နေသော နိုင်ငံရေးမငြိမ်သက်မှုများအား လန်ဒန်ရှိလေဘာအစိုးရသည်  သူ၏တပ်အင်အားနှင့် ချေမှုန်းလို၏။ (ဖ ဆ ပ လ)နှင့်စေ့စပ်ဆွေးနွေးရန် ဆန္ဒမရှိ။ လွတ်လပ်ရေးပေးရန် မစဉ်းစား။ ကိုလိုနီစနစ်ကိုသာ အခိုင်အမာနှင့် တည်ဆောက်ချင်နေကြသည်။ လွတ်လပ်ရေးအတွက် တောင်းဆိုတိုက်ပွဲဝင်နေမှုအား စစ်အင်အား နှင့် နှိမ်နင်းလိုလေသည်။ သို့သော် ဖြစ်နိုင် ၊ မဖြစ်နိုင် ချိန်းဆ၍ နေကြသည်။ ဒေါင်းနင်းလမ်းမှ ဗြိတိသျှစစ်ဦးစီးဗိုလ်ချုပ်ကြီးများထံသို့ ထင်မြင်ချက်တောင်း၏။ ဗိုလ်ချုပ်ကြီးများမှ ဒေါင်းနင်းလမ်း အမှတ် (၁၀)သို့ ၎င်းတို့၏ထင်မြင်ချက်များအား အစီရင်ခံတင်ပြကြ၏။

`“ ဒုတိယကမ္ဘာစစ်ကြီးတွင် ကမ္ဘာ့အရှေ့တလွှာသို့ သွားရောက်ကာ လေးနှစ်နီးပါး ကြာအောင် ရန်သူဂျပန်များအား တိုက်ခိုက်ရပြီးမှ စစ်နိုင်သော ဗြိတိသျှစစ်တပ်များနှင့် ဗြိတိသျှလက်အောက်ခံအာဖရိကတိုက်သား တပ်များသည် အိမ်ပြန်ချင်နေကြသည်။ မြန်မာအမျိုးသားစစ်တပ်နှင့်တသားတည်း စည်းလုံးညီညွှတ်လျက်ရှိသော   ပြည်သူလူထုအင်အားကြီးကို ဖြိုခွင်းအနိုင်ယူရန်မှာနှစ်ပေါင်းများစွာ ကြာဖွယ်ရှိသည်။ မြန်မာနိုင်ငံ၏မိုးရာသီ ရွှံနွံများအတွင်း၌ ဗြိတိသျှစစ်သားများက လေးငါးနှစ်ဆက်၍ စစ်တိုက်နေလိုသော စိတ်ဓါတ်မရှိတော့ပြီ။ ထို့အပြင် အိန္ဒိယပြည်ကြီးသည် မကြာမီသောကာလအတွင်း၌ လွတ်လပ်ရေးရသွားတော့မည်။ ဤအခြေအနေ၌ အိန္ဒိယပြည်၏ နိုင်ငံရေးခေါင်းဆောင်များဖြစ်ကြသော ဂန္ဒီ၊နေရူးအစရှိသော ပုဂ္ဂိုလ်များသည် မြန်မာ့လွတ်လပ်ရေးတိုက်ပွဲကို နှိမ်နင်းရန်အတွက် အိန္ဒိယစစ်တပ်များအား အသုံးချခြင်းကို ခွင့်ပြုကြလိမ့်မည်မဟုတ်ချေ။ ထိုကြောင့် မြန်မာနိုင်ငံအား အသားတကြည်နှင့် လွတ်လပ်ရေးပေးလိုက်ခြင်းသည်သာလျှင် အကောင်းဆုံးနည်းလမ်းဖြစ်သည်`“

 

(၁၀)

၁၉၄၆ ခုနှစ် ၊ စက်တင်ဘာလ (၂၆)ရက်။

စက်တင်ဘာ (၅)ရက်နေ့မှ စတင်ခဲ့သော `“စက်တင်ဘာ အရေးတော်ပုံကြီး`“ သည် အားကောင်း၍သာလာ၏။ ဘုရင်ခံသည် (ဖ ဆ ပ လ)အား အမှုဆောင်ကောင်စီသစ်တွင် ပါဝင်ရန် ကမ်းလှမ်းနေသော်လည်း (ဖ ဆ ပ လ)၏တောင်းဆိုချက်များအား ဈေးဆစ်၍သာ နေလေသည်။ မလိုက်လျော။ ဗိုလ်ချုပ်အောင်ဆန်းသည် ဘုရင်ခံအား —

`“ ကျုပ်တောင်းတာ အေးအေးဆေးဆေး မပေးရင် လူထုကို ကျုပ်ထိန်းနိုင်တော့မှာ မဟုတ်ဘူး။ ထ ချကုန်လိမ့်မယ်`“

ဟူ၍ တဖက်မှအားကိုပြ၍ ခြိမ်းခြောက်၏။ တဖက်မှ တောင်းဆိုချက်များကို အေးဆေးစွာနှင့် ရရှိနိုင်ရန် စေ့စပ် ညှိနှိုင်း၏။ အလျော့အတင်းလုပ်ကြ၏။ စက်တင်ဘာလ (၂၉) ရက်နေ့တွင် လူထုသိန်းနှင့်ချီ၍ စက္ကူဖြူုစာတမ်းကန့်ကွက်ပွဲ ပြုလုပ်မည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ကြေငြာလိုက်၏။ ဘုရင်ခံတင်းမထားနိုင်တော့။ လျော့ပေးရတော့သည်။

ဘုရင်ခံ၏အမှုဆောင်ကောင်စီအား (၁၁)ဦးနှင့် ဖွဲ့စည်းမည်။ (ဖ ဆ ပ လ) မှ (၇)ဦး ပါဝင်မည်။ ကောင်စီကို အစိုးရအဖွဲ့ပုံသဏ္ဍာန်နှင့် လုပ်ကိုင်ဆောင်ရွက်မည်။ ဘုရင်ခံက အမှုဆောင်ကောင်စီ၏ သဘာပတိ၊ ဗိုလ်ချုပ်အောင်ဆန်းက ဒုတိယ သဘာပတိ၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာနကို ဗိုလ်ချုပ်အောင်ဆန်းက တာဝန်ယူပြီး တောင်တန်းဒေသများကို ဘုရင်ခံမှ တိုက်ရိုက် တာဝန်ခံမည်။

ဘုရင်ခံနှင် (ဖ ဆ ပ လ)တို့ ညှိနှိုင်း၍ ရသွားကြပြီ။ ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရအဖွဲ့ခေါင်းဆောင်တာဝန်ကို အလုံလမ်း၊ ဘုရင်ခံနေအိမ်၌ လက်မှတ်ရေးထိုးရယူခဲ့ပြီးနောက် တာဝါလိန်းလမ်း နေအိမ်သို့ ပြန်လာခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ ပါဝင်သော အစိုးရ ၊ ညီညွှတ်သော (ဖ ဆ ပ လ)နှင့် လူထုသည် ယာယီအမျိုးသားအစိုးရအဖြစ် အချုပ်အချာအာဏာပိုင် တိုင်းပြုပြည်ပြုလွှတ်တော်သို့ အရောက်ချီတတ်တော့မည်။

 

(၁၁)

၁၉၄၆ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်။

အမှတ် (၂၅) ၊ တာဝါလိန်းလမ်း၊ ရန်ကုန်မြို့။

ဗိုလ်ချုပ်အောင်ဆန်းနေအိမ်အပေါ်ထပ်၌ (ဖ ဆ ပ လ) အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး ပြုလုပ်နေသည်မှာ နှစ်ရက်ရှိပြီ။ ဆုံးဖြတ်ချက် မချနိုင်သေး။ မနေ့ညကလည်း သန်းခေါင်ကျော်မှ အစည်းအဝေးရပ်နားလိုက်ရသည်။ လူတွေက ပန်း၍နေ၏။ (ဖ ဆ ပ လ)အဖွဲ့မှ ဘုရင်ခံအမှုဆောင်ကောင်စီအစိုးရအဖွဲ့တွင်ဝင်ပြီး တစ်လကျော်ကျော် ကာလအတွင်း (ဖ ဆ ပ လ)အနေဖြင့် နောက်တဆင့်လွတ်လပ်ရေးအတွက် လန်ဒန်အစိုးရကို တောင်းဆိုမည့်အကြောင်း ဆွေးနွေးနေကြခြင်းဖြစ်သည်။ မနေ့ညက သခင်နုသည် (ဖ ဆ ပ လ)ဗဟိုအလုပ်မှုဆောင်အဖွဲ့သို့ အဆိုတစ်ရပ်တင်၍ ဆွေးနွေးသည်။

ဗြိတိသျှအစိုးရအနေနှင့် မြန်မာပြည်၏လွတ်လပ်ရေးကို တစ်နှစ်အတွင်းပေးပါမည်ဟု ၁၉၄၇ခုနှစ်၊ ဇန်န၀ါရီလ (၃၁)ရက်နေ့မတိုင်မှီ လန်ဒန်ရှိ လေဘာအစိုးရက ကြေငြာပေးရန်။

ဗြိတိသျှအစိုးရက မကြေငြာပေးပါက ဘုရင်ခံအမှုဆောင်ကောင်စီအစိုးရအဖွဲ့မှ (ဖ ဆ ပ လ) ကိုယ်စားလှယ်များ နှုတ်ထွက်မည်။ ပြီးလျှင် မြန်မာ့လွတ်လပ်ရေးအတွက် အနုနည်းဖြင့် အာဏာဖီဆန်ရေး တိုက်ပွဲများ ဆင်နွှဲသွားမည်။

သခင်နု၏ဆွေးနွေးချက်များအား ဆိုရှယ်လစ်ပါတီမှ ဦးကျော်ငြိမ်းက ထောက်ခံသည်။ ဦးဘဘေတို့က ကန့်ကွက်၏။ကျန်လူများမှာတော့ မည်သည့်သဘောထားမှ မပြောကြ။ ဗိုလ်ချုပ်၏သဘောထားအား သိချင်ကြပုံရ၏။ သူ့သဘောထားအား ဆွေးနွေးလိုက်ပါက ကျန်လူများက ဗိုလ်ချုပ်၏သဘောထားအတိုင်း ရပ်တည်ကြမည်။ ဗိုလ်ချုပ်က ထောက်ခံပါက သဘောမတူသော်လည်း ထောက်ခံကြမည်။ ဗိုလ်ချုပ်က ကန့်ကွက်ပါက ထောက်ခံချင်သော်လည်း သူတို့ ကန့်ကွက်ကြမည်။ ထိုကြောင့် ဗိုလ်ချုပ်အောင်ဆန်းက သူ့၏သဘောထားအား အရင်မတင်ပြခြင်းဖြစ်သည်။ ဤသို့နှင့် မနေ့က အစည်းဝေးသည် ညနက်သန်းခေါင်ကျော်ခဲ့၏။ဆုံးဖြတ်ချက်ဟူ၍ မချမှတ်နိုင်ခဲ့။ ဒုတိယည ဗဟိုအလုပ်မှုဆောင်အဖွဲ့အစည်းအဝေးစသည်နှင့် ဗိုလ်ချုပ်အောင်ဆန်းမှစ၍ ဆွေးနွေးတော့သည်။

`“ လွတ်လပ်ရေးဟာ အရေးအကြီးဆုံးပြသာနာဖြစ်တယ်။ အဲဒီတော့ ဒီပြသာနာကို ဦးစားပေးပြီး ဆောင်ရွက်ရမယ်။ ဒီလိုဦးစားပေးပြီး မဆောင်ရွက်ရင် လွတ်လပ်ရေးကို ကျနော်တို့ မျက်ခြေပျက်သွားမယ်။ ဒီလွတ်လပ်ရေးပေးပါမယ်လို့ ဗြိတိသျှအစိုးရကို ၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ (၃၁) ရက်နေ့မတိုင်မီ ကြေငြာခိုင်းရုံနဲ့ မလုံလောက်ဘူး။ မကြေငြာရင် ကျနော်တို့ ဘာလုပ်မယ်ဆိုတာ ပါရမယ်။ အဲဒါမပါရင်  ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်ကို ဗြိတိသျှအစိုးရက ဖိုင်တွဲချင်လည်း တွဲထားလိုက်မယ်။ စက္ကူစုတ်ထဲ့တဲ့ ခြင်းထဲကို  စုတ်ပစ်ပြီး ထည့်ချင်ထည့်ထားလိုက်လိမ့်မယ်။ အဲဒါ ကြောင့် ဗြိတိသျှအစိုးရက မကြေငြာရင် ကျနော်တို့ ဘာလုပ်မယ်ဆိုတာကို ထည့်ရမယ်။ မထည့်လို့ မဖြစ်ဘူး။ အာဏာဖီဆန်တယ်ဆိုတာ မလုပ်ရင်မဖြစ်လို့ လုပ်ရတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ အိန္ဒိယမှာ မဟတ္တမဂန္ဒီဟာ အနုနည်းအာဏာဖီဆန်ဖို့ သူ့လူတွေကို ညွှန်ကြားတယ်။ လူတချို့သာ နားထောင်တယ်။ တချို့က နားမထောင်ဘူး။ ကျနော်တို့ ဗမာတွေက သိပ်စိတ်ဆပ်တယ်။ အနုနည်းနဲ့ ဘယ်လောက်ထိ အာဏာဖီဆန်နိုင်မလဲဆိုတာကို စောင့်ကြည့်ရမှာပဲ။ အိန္ဒိယမှာ တချို့လူတွေဟာ အကြမ်းဖက်လာတဲ့အခါ ဂန္ဒီဟာ အာဏာဖီဆန်ရေးကို ရုပ်သိမ်းပစ်လိုက်ရတယ်။ ကျနော်တို့ လူတွေက ကျနော်တို့စကားကို နားမထောင်ပဲ အကြမ်းဖက်လာရင် အာဏာဖီဆန်ရေးကို ချက်ချင်းရပ်ပစ်ရမှာပဲ`—-“

ဗိုလ်ချုပ်အောင်ဆန်းဆွေးနွေးပြီးသည့်နောက် (ဖ ဆ ပ လ) အလုပ်မှုဆောင်အဖွဲ့မှ သခင်နု၏အဆိုကို မကန့်ကွက်ကြတော့။ အားလုံးမှ ထောက်ခံလိုက်ကြသည်။ (ဖ ဆ ပ လ) အလုပ်မှုဆောင်အဖွဲ့အစည်းအဝေးကား ပြီးလေပြီ။ ရန်ကုန်မြို့က ငြိမ်သက်စွာ လဲလျောင်း၍ နေသည်။ တခါတခါ တာဝါလိန်းလမ်းမပေါ်မှ မောင်းနှင်သွားသော မော်တော်ကားသံများအား ကြားရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အိပ်ခန်းအတွင်းသို့ ၀င်လာသည်။ သမီးငယ် မစုက မိခင်၏ဘေး၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်၍ နေလေပြီ။ ဗိုလ်ချုပ်အောင်ဆန်းသည် နှစ်ခြိုက်စွာအိပ်မောကျနေသည့် သမီးငယ်မစု၏ နဖူးပြင်သို့ ညင်သာစွာ နမ်းလိုက်၏။

 

(၁၂)

၁၉၄၆ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်။

လောင်းဝစ္စလမ်း၊ ပြည်သူ့ရဲဘော် ဌာနချုပ်။

ကွန်မြူနစ်ပါတီအား (ဖ ဆ ပ လ)အတွင်းမှ ထုတ်ပယ်ပစ်လိုက်ပြီးသည့်နောက် (ဖ ဆ ပ လ)တွင် ပြည်သူ့ရဲဘော်အဖွဲ့နှင့် ဆိုရှယ်လစ်ပါတီတို့သာလျှင် အင်အားကြီးမားစွာနှင့် ကျန်ရှိခဲ့တော့သည်။ (ဖ ဆ ပ လ) အဖွဲ့ချုပ်ကြီးအတွင်း၌ အဖွဲ့အစည်းအလံများအား တိုးဝှေ့၍ စိုက်ထူနေကြသည်။ (ဖ ဆ ပ လ)အတွင်း စစ်ရေးအရ ဖွဲ့စည်းထားသော ပြည်သူ့ရဲဘော်အဖွဲ့ရှိပါလျက်နှင့် ဆိုရှယ်လစ်ပါတီက လယ်သမားရှပ်နီတပ်အား စင်ပြိုင်ထောင်၏။ ပြည်ထဲရေးဌာနသည် ဆိုရှယ်လစ်ပါတီဝင်များအား သေနတ်လိုင်စင်ထုတ်ပေးသည်။ ပြည်သူ့ရဲဘော်များကိုမူ မထုတ်ပေး။ ထိုစဉ်က ပြည်ထဲရေးဝန်ကြီးက ဦးကျော်ငြိမ်းဖြစ်သည်။ သူက ဆိုရှယ်လစ်ပါတီမှ ခေါင်းဆောင်။ ဤပြသာနာမျိုးက ခရိုင်တိုင်း၌ ဖြစ်ပေါ်၍နေ၏။ ပြသာနာက ကြီး၍သာ လာသည်။ မပေါက်ကွဲကြမှီ စေ့စပ်ဖြေရှင်းပေးရန်လိုပေမည်။ သခင်နုက မေမြို့တွင်ရောက်နေသော ဗိုလ်ချုပ်အောင်ဆန်းအား ကြေးနန်းရိုက်၍ ရန်ကုန်သို့ အမြန်ပြန်လာရန် ခေါ်လိုက်သည်။ ပြည်သူ့ရဲဘော်နှင့် ဆိုရှယ်လစ်ပါတီတို့ ညီညွှတ်ရေးအတွက် (ဖ ဆ ပ လ)က စေ့စပ်ရေးပြုလုပ်ပေးသည်။

ပြည်သူ့ရဲဘော်အဖွဲ့ ဌာနချုပ်ဝင်းတစ်ဝိုက် လူများတဖြည်းဖြည်း စုံလာကြပြီ။ ယောလုံချည်အကွက် ရင်ဖုံအင်္ကျီနှင့် ဆရာဦးဘချိုသည် ညှိုးငယ်သော မျက်နှာဖြင့် ပြည်သူ့ရဲဘော်များအား လှမ်း၍ကြည့်နေသည်။ ဆရာချိုမှာ တိုင်းပြည်အတွက် စိုးရိမ်စိတ်ဝင်နေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ထိုင်နေရင်း သခင်နုနှင့် ရယ်မော၍ စကားပြောနေ၏။ တခါ တခါ ဆရာဦးဘချိုကို လှမ်း၍ စကားပြောသည်။ ဆိုရှယ်လစ်ပါတီမှ ခရိုင်တာဝန်ခံများလည်း စုံပြီ။ ပြည်သူ့ရဲဘော်မှ ခရိုင်ခေါင်းဆောင်များလည်း စုံကြပြီ။ သခင်နုကစ၍ စေ့စပ်ရေးစကား ပြောသည်။ ပြီးနောက် ဗိုလ်စိန်မှန်၊ ဦးဗဆွေတို့က ပြောကြသည်။ ညီညွှတ်ကြရန် အကြောင်းများအား နှုတ်ဖျားမှ ပြောနေကြသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် စကားပြောရန် ရယ်မောကာ ထ၍လာသည်။ သူ့လက်ထဲတွင် ဒိုင်ယာရီစာအုပ်ငယ်လေးအား ကိုင်ထားသည်။ သူ့ရှေ့ရှိ ဆိုရှယ်လစ်ပါတီဝင်များနှင့် ပြည်သူ့ရဲဘော်များအားကြည့်ပြီး တုံးတိစကားအားဆိုလေ၏။

`“ —- မဟုတ်ပါဘူး။ ဘာစကားများနေရန်ရှိလဲ။ မင်းတို့ အလကား စကားများနေတာပဲ။ ဒီလောက် မိုက်တွင်းမနက်ကြနဲ့။ ငါသာ အာဏာရှင်လုပ်ချင်ရင် မင်းတို့ကို ခွစီးထားရုံပဲ။ ရဲဘော်တွေထဲကလည်း စောင့် သုံးမကျကောင်တွေ အများကြီးပဲ။ ဆိုရှယ်လစ်ထဲကလည်း ဘ၀င်မြင့်ပြီး အလကားအထင်ကြီးနေတာတွေ တပုံကြီးပဲ။ ပြောချင်သေးတာက ငါဟာ ဘယ်တော့မှ နောက်လိုက်မရှာဘူး။ ကိုယ်ယုံကြည်ချက်အတိုင်း လုပ်သွားမှာပဲ။ တချို့ခေါင်းဆောင်တွေ ရာထူးပေး အာဏာပေးပြီး နောက်လိုက်စုနေကြတယ်။ ငါဘယ်တော့မှ ဒီလိုမလုပ်ဘူး။ ကိုယ့်ယုံကြည်ချက်အတိုင်း လုပ်သွားမှာပဲ။ ဘယ်တော့မှ နောက်လိုက်မမွေးလို့ အခုလည်း တစ်ယောက်တည်း၊ ထီးထီးပဲ`“

ဗိုလ်ချုပ်အောင်ဆန်းသည် စကားဆုံးသည်နှင့် ပြန်၍ထိုင်လိုက်သည်။ ပြီးလျှင် သခင်နုနှင့် ရယ်မော၍ စကားပြောနေ၏။ မှောင်ရိပ်က သန်း၍လာလေပြီ။ စိန်ဝေလျံတူရိယာအဖွဲ့မှ `ညီညွှတ်ရေးသွေးဗိမာန်` သီချင်းသံသည် ပြည်သူ့ရဲဘော် အဖွဲ့ချုပ်၏ဌာနချုပ်ဝင်းအတွင်း ပျံနှံ့၍ နေသည်။

 

(၁၃)

၁၉၄၇ခုနှစ် ၊ ဇန်န၀ါရီလ (၂၇)ရက်။

အမှတ် (၁၀) ၊ ဒေါင်းနင်းလမ်း၊ လန်ဒန်မြို့။

ဒေါင်းနင်းလမ်း အမှတ် (၁၀)က ဗြိတိသျှဝန်ကြီးချုပ်တို့ နေထိုင်ရာအိမ်ဖြစ်သည်။ အင်္ဂလိပ်ဗိသုကာဆန်သော သာမန်တိုက်ကြီးမျှသာ။ ထူးထူးခြားခြား ထည်ဝါခန့်ညားခြင်းများမရှိလှ။ အပြင်ဖက်မှ မြင်ရသော အမြင်ဖြစ်၏။ အတွင်း၌မူ ခမ်းနား၏ ၊ ထည်ဝါ၏၊ ခန်းလုံးပြည့်ခင်းထားသော ကောဇောကြီးများ။ ဗြိတိသျှပါလီမန်လွှတ်တော်၊ ဗြိတိသျှနိုင်ငံရေးသမိုင်းတို့နှင့်ပါတ်သတ်စပ်ဆိုင်သော ပန်းချီကားများ၊ ဓါတ်ပုံကြီးများအား အခန်းနံရံများတွင် ချိတ်ဆွဲ၍ ထားသည်။ အစည်းအဝေးခန်းမက ကျယ်ဝန်းပြီး ခမ်းနားသပ်ရပ်သန့်ရှင်း၏။ ပရိဘောဂများသည်လည်း ခေတ်မီပုံစံများမဟုတ်။ ၀ိတိုရိယ ဘုရင်မခေတ် ပရိဘောဂအသုံးအဆောင်များဖြစ်သည်။ ထုထည်ကြီးသည်။ ခိုင်ခန့်သည်။ ပြီးလျှင် —- တော်ဝင်ဆန်ပြီး လက်ရာမြှောက်လှ၏။ ဤနေရာတွင်ပင် ပြီးခဲ့သည့် ဇန်န၀ါရီ (၁၃) ရက်နေ့မှ စ၍ မြန်မာ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မြန်မာ့ကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှအစိုးရတို့ ဆွေးနွေးခဲ့ကြသည်။ နေ့စဉ်ရက်ဆက် —-။ ယခုမူ အပြီးသတ်သဘောတူညီချက်ပင် ရရှိခဲ့ပြီ။

လန်ဒန်ရာသီဥတုက ညနေပိုင်းသို့ ရောက်လာသည်နှင့် အေးခဲ၍လာတော့သည်။ စနိုးခေါ် မိုးပွင့်များက အဆက်မပြတ် သိပ်သည်းစွာ ကျလျက်ရှိသည်။ သဘောတူညီချက်တွင်က အပိုဒ် (၉)ပိုဒ်သာ ပါသည်။ သို့သော် —- မြန်မာ့လွတ်လပ်ရေးအတွက်မူ အာမခံချက်ရှိသည်။ စည်းနှောင်မှု ခိုင်ခန့်၏။ အပြင်တွင် အေးခဲနေသော်လည်း အစည်းအဝေးခန်းမတွင်းတွင်မူ နွေး၍နေသည်။ (ဖ ဆ ပ လ)ကိုယ်စားလှယ် သခင်မြနှင့် ဦးဘဘေတို့က သဘောတူညီချက် အပိုဒ် (၈) အပိုဒ်ခွဲ (ခ)နှင့် ပတ်သတ်၍ ဗိုလ်ချုပ်အောင်ဆန်းအား ထပ်၍ ဆွေးနွေးစေလိုသည်။ အပိုဒ် (၈) အပိုဒ်ခွဲ(ခ) က —-

`“ နယ်ခြားဒေသရှိ တိုင်းရင်းသားများ၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များအား ၎င်းတို့၏ ဆန္ဒသဘောထားကို ရှေးဦးစွာ မေးမြန်းရမည်။ ယင်းသို့ ဆန္ဒသဘောထားမေးမြန်းခြင်းကို ရှေ့လ (၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ) ပင်လုံမြို့၌ ကျင်းပမည့် အစည်းအဝေးတွင်ဖြစ်စေ မေးမြန်၍ ဆန္ဒသဘောထားယူရမည်။ မေးမြန်းရမည့်အချက်က တောင်တန်းဒေသ ပြည်နယ်များအနေနှင့် မြန်မာနိုင်ငံအစိုးရနှင့် ဆက်ဆံရေးကို မည်သည့်ပုံစံဖြင့် ဆက်ဆံလိုကြောင်း ၎င်းတို့၏ဆန္ဒသဘောထားကို မေးမြန်းရန်ပင် ဖြစ်သည်`“

အဓိပယ်က တောင်တန်းဒေသ တိုင်းရင်းသားများအနေဖြင့် မြန်မာတို့ အင်ပါယာအတွင်း ဒိုမီနီယံအဆင့်နှင့်နေမလား။ ဒါမှမဟုတ် ခွဲထွက်ပြီး သီးခြားလွတ်လပ်ရေး ရယူမလား။ ဟူ၍ သဘောထားတောင်းခံရန် ဖြစ်သည်။ ဤသည်ကို သခင်မြနှင့် ဦးဘဘေတို့မှ စိုးရိမ်စိတ်ဖြင့် ဘ၀င်မကျခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကမူ`“ ဒီကိစ္စအတွက် ဘာမှမပူကြပါနဲ့ ပင်လုံကျရင် ကြည့်ပါ။ အင်္ဂလိပ်တွေ မျှော်လင့်သလို မဖြစ်ပါဘူး`“ဟုပြောပြီး ထပ်ဆွေးနွေးရန် မလိုတော့ဟု ဆိုသည်။ ဤတွင် —– သဘောတူစာချုပ်က လက်မှတ်ရေးထိုးရန်သာ ကျန်တော့၏။ ပြီးပြီ။ သို့သော် —- ဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့ နှစ်ဦးက စာချုပ်ပါ အချက်များကို သဘောမတူ၍ လက်မှတ်ရေးမထိုးနိုင်ဟု တစခန်းထလာကြသည်။ သူတို့က (ဖ ဆ ပ လ) ကိုယ်စားလှယ်များမဟုတ်။ အလိုတော်ရိများဖြစ်၏။ ငြင်းဆန်ခြင်းမှာ အပိုဒ် (၈) အပိုဒ်ခွဲ (ခ) ကြောင့်လည်း မဟုတ်။ (ဖ ဆ ပ လ) နှင့် ဗိုလ်ချုပ်အောင်ဆန်းအား တမင်ဆန့်ကျင်ကြခြင်းသာ ဖြစ်သည်။ ဤစာချုပ်က မြန်မာ့လွတ်လပ်ရေးသို့ သွားရာလမ်းဖြစ်သည်။ ဤသည်ကို အလိုတော်ရိများ မလျှောက်လို။ လွတ်လပ်ရေးက အလိုတော်ရိများ၏ နိုင်ငံရေးသင်္ချိုင်းမြေဖြစ်ပြီး ဤစာချုပ်က သူတို့အတွက် သေဒဏ်စီရင်ချက်မျိုးဖြစ်၏။ ဤသည်ကို အက်တလီတို့ကလည်း သိ၏။ သို့ဖြင့် စာချုပ်အား ဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့ နှစ်ဦးမှ သဘောမတူကြောင်း မှတ်ချက်နှင့် လက်မှတ်ရေးထိုးပြီး ချုပ်ဆိုခဲ့ကြသည်။

`“ အောင်ဆန်း-အက်တလီ စာချုပ်`“

 

(၁၄)

၁၉၄၇ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၅)ရက်။

(ဖ ဆ ပ လ) ဌာနချုပ်။

ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်လွတ်လပ်ရေးအတွက် အပင်ပန်းခံနိုင်သူဖြစ်၏။ ဖေဖော်ဝါရီလ(၂) ရက်နေ့တွင် လန်ဒန်မှ ရန်ကုန်သို့ ပြန်ရောက်ခဲ့သည်။ ပြီးလျှင် —-ရှမ်းပြည်သို့ ခရီးထွက်ပြန်သည်။  မနား —။ ပင်လုံတွင် တိုင်းရင်းသားများနှင့်တွေ့သည်။ စော်ဘွားကြီးများနှင့်တွေ့၏။ ဒူးဝါးကြီးများနှင့် ဆွေးနွေး၏။ တိုင်းရင်းသားလူထုကိုယ်စားလှယ်များနှင့် ညှိနှိုင်း၏။ ကိုလိုနီစနစ်အောက်မှ လွတ်လပ်ရေးရယူရာတွင် မြန်မာများနှင့်အတူ လက်တွဲပြီး အေးအေးပူပူ အတူတူ သွေးစည်း၍ လွတ်လပ်ရေးကြီးအား ရယူသင့်ကြောင်း စည်းရုံး၏။ တင်ပြ၏။ တိုင်းရင်းသားကိုယ်စားလှယ်များကလည်း သဘောတူလက်ခံကြ၏။ ဤသို့နှင့်ပင်လုံ၌ ပြည်ထောင်စုစာချုပ်ကြီးအား ချုပ်ဆိုနိုင်ခဲ့တော့သည်။  ပင်လုံစာချုပ်—–။

ဗြိတိသျှအစိုးရများ အံ့အားသင့်၍သွားတော့သည်။ ပြည်တွင်းအလိုတော်ရိများ မျက်နှာပျက်ခဲ့ကြသည်။ ဗြိတိသျှတို့မှ အောင်ဆန်း – အက်တလီစာချုပ်တွင် သွင်းခဲ့သော အပိုဒ် (၈) အပိုဒ်ခွဲ(ခ) နှပ်ကြောင်းကား ထင်သလိုဖြစ်မလာခဲ့။ ဗြိတိသျှတို့၏ခံစစ်ကုန်းများ ပြိုလေပြီ။ ဗိုလ်ချုပ်အောင်ဆန်းသည် ပင်လုံစာချုပ်အား ချုပ်ဆိုပြီးသည်နှင့် ရန်ကုန်သို့ ပြန်ခဲ့သည်။ ရန်ကုန်တွင် လူထုအား ရှင်းပြသည်။ အောင်ဆန်း-အက်တလီစာချုပ်နှင့် ပင်လုံစာချုပ်တို့အကြောင်း—–။ ပြီးလျှင် —- (ဖ ဆ ပ လ) ဦးစီးအဖွဲ့အစည်းအဝေးခေါ်ပြန်သည်။ ဖေဖော်ဝါရီလ (၁၅)ရက်။ (ဖ ဆ ပ လ)ဌာနချုပ်၌ အောင်ဆန်း-အက်တလီ စာချုပ်၏ အနှစ်သာရအား ဗိုလ်ချုပ်အောင်ဆန်းမှ ဦးစီးအဖွဲ့အစည်းအဝေးတွင်ရှင်းပြသည်။

`“အောင်ဆန်း-အက်တလီစာချုပ်အရ မြန်မာပြည်က ရရှိခဲ့သော အချက်များက အဘယ်နည်း။ ကြားဖြတ်အစိုးရသည် အမျိုးသားကြားဖြတ်အစိုးရအာဏာကို ရရှိခဲ့သည်။

ဗြိတိသျှပါလီမန်က ဥပဒေပြု ပြုလုပ်ပေးခြင်းက မဟုတ်ပေ။ ထုံးတမ်းစဉ်လာအရ တိုင်းပြည်အာဏာပိုင်အခွင့်အရေး ရခဲ့ခြင်းဖြစ်သည်။

ကြားဖြတ်အစိုးရသည် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာနများကို  အုပ်ချုပ်နိုင်သည်။ နိုင်ငံခြားသို့ သံတမန်များ စေလွှတ်နိုင်ခွင့် ရှိသည်။

တိုင်းရင်းသားစစ်တပ်များကို လုံးဝအုပ်ချုပ်နိုင်ပြီး နိုင်ငံခြားစစ်တပ်များမှာက ကြားဖြတ်အစိုးရလက်အောက်မှာ မရှိသေး။

တိုင်းပြုပြည်ပြု လွှတ်တော်သည် ၁၉၃၅ အုပ်ချုပ်ရေးဥပဒေအရ ရွေးကောက်ခြင်းမျိုးမဟုတ်ပဲ အရွယ်ရောက်သူတိုင်း မဲဆန္ဒပေး၍ နိုင်ငံသားများသာ ၀င်ရောက်အရွေးခံနိုင်သော လွှတ်တော်ဖြစ်ရပေမည်။

တိုင်းပြုပြည်ပြုလွှတ်တော်သည် အချုပ်အခြာအာဏာပိုင် ၊ မပိုင်ကိုက မဆုံးဖြတ်ရသေး။ တိုင်းပြုပြည်ပြုလွှတ်တော် အချုပ်အခြာအာဏာ ရှိသလားဆိုတာ လူထုအင်အားအပေါ်မှာ တည်တယ်။`“

 

(၁၅)

၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ (၁၉)ရက်။

ရန်ကုန်မြို့။

ဘုရင်ခံဟောင်း ဆာပေါ်ထွန်း၊ ဂဠုန်ဦးစော၊ ဒေါက်တာဘမော်တို့မှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြသည်။ အလိုတော်ရိတို့၏ သတင်းစာရှင်းလင်းပွဲဖြစ်သည်။ ပင်လုံစာချုပ် ချုပ်ဆိုအပြီး တပါတ်အကြာတွင် ပြုလုပ်ခြင်းဖြစ်သည်။ ကိုလိုနီစနစ်နှင့်မြန်မာ့လွတ်လပ်ရေးတိုက်ပွဲအတွင်း ပင်လုံခံစစ်ကုန်းအား ဗြိတိသျှတို့ လက်လွှတ်ပြီးကာလအတွင်းဖြစ်သည်။ ဦးစောမှ အောင်ဆန်းအား စွပ်စွဲတိုက်ခိုက်တော့သည်။

အောင်ဆန်းသည် ကိုလိုနီအစိုးရနှင့် စေ့စပ်ပြီး အမျိုးသားလွတ်လပ်ရေးအား သစ္စာဖောက်သည်ဟု သတင်းစာဆရာများအား ပြောသည်။ ဦးစောမှ အောင်ဆန်း-အက်တလီစာချုပ်အား ဒေါင်းနင်းလမ်းနေအိမ်၌ လက်မှတ်ရေးထိုးစဉ် အောင်ဆန်းသည် အက်တလီအား မလွန်ဆန်နိုင်၍ ရေးထိုးခဲ့ရကြောင်း လက်မှတ်ထိုးစဉ် အောင်ဆန်းသည် လက်တုန်တုန်နှင့်ရေးထိုးခဲ့ရခြင်းဖြစ်သည်ဟု ဂဠုန်ဦးစောမှ ပြောသည်။ ပြီးလျှင်—– ဂဠုန်ဦးစော၊ သခင်ဗစိန်၊ စောဘဦးကြီးတို့ သုံးယောက်တို့သည် အစိုးရအဖွဲ့မှ နုတ်ထွက်ခဲ့ကြတော့သည်။ အမျိုးသားလွတ်မြောက်ရေးလမ်းနှင့် ခွဲထွက်ခဲ့ကြခြင်း ဖြစ်သည်။ အလိုတော်ရိတို့၏ သွားရာလမ်း —–။

 

(၁၆)

၁၉၄၇ခုနှစ်၊ ဧပြီ (၉)ရက်။

အတွင်းဝန်ရုံး၊ ရန်ကုန်မြို့။

အတွင်းဝန်ရုံးမှ ဗိုလ်ချုပ်အောင်ဆန်းသည် (ဖ ဆ ပ လ) ဌာနချုပ်သို့ တယ်လီဖုန်းဆက်၏။

`“ ဟယ်လို — သခင်နုလား။ ခင်ဗျားနာမည် အမတ်လောင်း စာရင်းထဲမှာမတွေ့ဘူး`“

သခင်နုက ပြန်ပြော၏။ ဟုတ်တယ်ဗိုလ်ချုပ် ကျနော် ရွေးကောက်ပွဲမ၀င်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းသည် တယ်လီဖုန်းမှ သခင်နုအား ဒေါသကြီးစွာနှင့် အော်၍ပြော၏။

`“ ခင်ဗျား မ၀င်လို့ မဖြစ်ဘူး။ ( The Country is demand ) `“

သခင်နုက တယ်လီဖုန်းခွက်အား ချလိုက်သည်။ ဗိုလ်ချုပ်ဒေါသထွက်နေစဉ် သူနှင့်စကားပြော၍မဖြစ်။

တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲက ဗမာပြည်၏ပထမဦးဆုံးအကြိမ် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကြီးဖြစ်သည်။ ရွေးကောက်ပွဲတွင် ( ဖ ဆ ပ လ)မှ အရွေးချယ်ခံသည်။ ကွန်မြူနစ်ပါတီမှလည်း ၀င်ရောက်အရွေးချယ်ခံသည်။ ကေအင်ယူနှင့် ဂဠုန်ဦးစော၏မျိုးချစ်ပါတီတို့မှ ရွေးကောက်ပွဲအား မ၀င်ရောက်။ သပိတ်မှောက်ကြသည်။ သခင်စိုး၏ အလံနီကွန်မြုနစ်ပါတီကလည်း ရွေးကောက်ပွဲအား ဆန့်ကျင်သည်။ ထားတော့ —–။ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲတွင် အမတ် နေရာ (၁၈၂) နေရာ ရှိသည့်အနက် (ဖ ဆ ပ လ)မှ (၁၇၁)နေရာ အနိုင်ရသည်။ ဗမာပြည်ကွန်မြူနစ်ပါတီက (၇)နေရာ အနိုင်ရရှိသည်။ ပြည်သူများက လွတ်လပ်ရေးအတွက် အသဲကြားက မဲတစ်ပြားနှင့် သူတို့

ယုံကြည်ရာ ( ဖ ဆ ပ လ)သို့ ဆန္ဒပြုခဲ့ကြခြင်းဖြစ်သည်။

 

(၁၇)

၁၉၄၇ခုနှစ်၊ ဇွန်လ (၉)ရက်။

တိုင်းပြုပြည်ပြုလွှတ်တော်၊ ရန်ကုန်မြို့။

လှိုင်မြစ်အတွင်းဖြတ်သန်းလာသည့် မုတ်သုန်မိုးသည် ရန်ကုန်မြို့ပေါ်သို့ တဖွဲဖွဲနှင့်မစဲတော့။ မိုးဖွဲများအောက်၌ ရန်ကုန်မြို့သူမြို့သားများသည် မဟာဗန္ဒုလပန်းခြံအတွင်း စုဝေး၍နေကြသည်။ ဗိုလ်ချုပ်ဦးဆောင်သည့် (ဖ ဆ ပ လ)တိုင်းပြုပြည်ပြု လွှတ်တော်အမတ်များသည် မဟာ ဗန္ဒုလပန်းခြံအတွင်း စုရုံပြီး တိုင်းပြုပြည်ပြုလွှတ်တော်တည်ရှိရာ အတွင်းဝန်များရုံးသို့ ချီတတ်ကြမည်။ ပရိတ်သတ်ကြီးသည် (ဖ ဆ ပ လ) လွှတ်တော်အမတ်များအား ထောက်ခံအားပေးနေကြသည်။ ဗိုလ်ချုပ်သည် ပန်းနုရောင်ခေါင်းပေါင်းနှင့် တိုက်ပုံအင်ကျီအဖြူရောင်ဝတ်ဆင်ပြီး ပန်းနုရောင်ချိတ်အဆင် ပုဆိုးအား ခါးတွင်စည်းထားသည်။ ယခင်က ဘီဒီအေ စစ်ယူနီဖောင်းအမြဲဝတ်ဆင်လေ့ရှိသည့် ဗိုလ်ချုပ်သည် ပန်းနုရောင်ခေါင်းပေါင်းနှင့် ထူးဆန်း၍နေသည်။ ပရိတ်သတ်ကြီးသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ( ဖ ဆ ပ လ) လွှတ်တော်အမတ်များအား —- ။

`“ ဗိုလ်ချုပ်အောင်ဆန်း ကျန်းမာပါစေ`“

`“ ဗိုလ်ချုပ်အောင်ဆန်း ကျန်းမာပါစေ`“ ဟု ကြွေးကြော်နေကြသည်။

နံနက် (၁၁)နာရီအချိန်တွင် တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေးစသည်။ လွှတ်တော်အစည်းအဝေးစသည့်အခါ၌ ဗိုလ်ချုပ်သည် လွှတ်တော်အစည်းအဝေးအတွင်း ရှေးဦးစွာ ထိုင်ရာမှ ထပြီး –

`“ ကျနော် အဆိုတစ်ခုတင်ချင်ပါတယ်။ တိုင်းပြုပြည်ပြုအမတ်များခင်ဗျား- ဒီနေ့တိုင်းပြုပြည်ပြုလွှတ်တော်အစည်းအဝေးမှာ ထုံးစံအတိုင်း အစည်းအဝေးကို ထိန်းသိမ်းစောင့်ရှောက်သွားရန်အတွက် သဘာပတိလိုပါတယ်။ ဒီလိုသဘာပတီအဖြစ် တင်မြှောက်ဖို့ ကျနော်က ဘဏ္ဍာရေးဝန်ကြီး သခင်မြကို အဆိုတင်သွင်းပါတယ်`“

ဗိုလ်ချုပ်အောင်ဆန်း၏အဆိုအား မန်းးဘခိုင်က ထောက်ခံလိုက်သည်။

 

(၁၈)

ဂဠုန်ဦးစောက ယူဂန္ဒာနိုင်ငံမှ ပြန်ရောက်ပြီးသည်နှင့် မျိုးချစ်ပါတီအား ပြန်လည်ဖွဲ့စည်းတော့သည်။ (ဖ ဆ ပ လ)အတွင်းရောက်နေကြသည့် မျိုးချစ်ပါတီဝင်များအား ပြန်ခေါ်သည်။ ဦးစော၏အကြံက ကြီး၏။ ၁၉၄၆ နှစ်ဦးမှစ၍ ဦးစောသည် နိုင်ငံတော်အာဏာအား ရယူနိုင်ရန် ကြံခဲ့၏။ (ဖ ဆ ပ လ)အား နိုင်ငံရေးအရ အတိုက်အခံလုပ်၏။ ဗြိတိသျှစစ်ဖက်နှင့်ပေါင်း၍ သေနတ်များအား စု၏။ အိန္ဒိယစစ်တပ် လျှပ်စစ်နှင့်စက်မှုလက်မှုအလုပ်ရုံတပ်မှူး မေဂျာယန်း ထံမှ ဆပ်မရှင်းဂန်းတစ်လက်၊ ကာဘိုင် သုံးလက်၊ စတင်းဂန်းတစ်လက်၊ တော်မီဂန်း နှစ်လက်၊ လူးဂါး ပစ္စတို တစ်လက်၊ ခြောက်လုံးပြူး တစ်လက်နှင့် ကျည်ဆံများအား ၀ယ်ယူခဲ့သည်။ ပြီးနောက် သူ၏ မြန်မာပြည်သိမ်း စီမံကိန်းအား ရေးဆွဲတော့သည်။

(၁) လက်နက်များစုဆောင်းရန်

(၂) ခဲယမ်းမီးကျောက်များစုဆောင်းရန်

(၃) ငွေကြေးအမြောက်အများစုဆောင်းရန်

(၄) လက်နက်ခဲယမ်းများကို မျိုးချစ်ဂဠုန်တပ်ဖွဲ့များထံ လျှိုဝှက်ဖြန့်ချီထားရန်

(၅) ဗိုလ်ချုပ်အောင်ဆန်းနှင့်ခေါင်းဆောင်ကြီးများကို သုတ်သင်ရှင်းလင်းရန်

(၆) နယ်များမှ အရေးပါသော ခေါင်းဆောင်များကိုလည်း သုတ်သင်ရှင်းလင်းရန်

(၇) (ဖ ဆ ပ လ)စည်းရုံးရေး ဖရိုဖရဲဖြစ်လာစေရန်

(၈) (ဖ ဆ ပ လ) ခေါင်းဆောင်များသေဆုံးသွားလျှင် (ဖ ဆ ပ လ)သည် ပြည်သူ့အပေါ် သြဇာရှိတော့မည်မဟုတ်

(၉) ထိုအခါ ဘုရင်ခံက မျိုးချစ်ပါတီကို အာဏာအပ်လိမ့်မည်

(၁၀) မျိုးချစ်ပါတီ အာဏာရလာလျှင် လူထုကို ဆွဲဆောင်စည်းရုံးနိုင်မည်။

ဤကား ဦးစော၏ အာဏာသိမ်းရေး အနာဂတ်မြေပုံလမ်းညွန်(၁၀) ချက်ဖြစ်သည်။ သို့မဟုတ်—- ဦးစော၏ Road Map ——။

 

(၁၉)

၁၉၄၇ခုနှစ်၊ ဇန်န၀ါရီလ။

အမှတ် (၂၂၆)၊ ဗိုလ်တထောင်လမ်း၊ ရန်ကုန်မြို့။

အင်္ဂလိပ်အရာရှိ ဗိုလ်ကြီး ဗီဗီယန်းသည် ဂဠုန်ဦးစော၏လူ ဘညွှန့်အား ဖော်ရွေးစွာ နှုတ်ဆက်၏။ ဘညွှန့်က ထုတ်ပြသည့်စာရွက်အား ကြည့်ပြီး လက်မှတ်ထိုးလိုက်သည်။ အားလုံးက အတုများသာ ဖြစ်သည်။ ဘရန်းဂန်းသေနတ် နှစ်ရာနှင့် ပြောင်းပို နှစ်ရာ ၊ မဂ္ဂဇင်းကျည်ကတ် ရှစ်ရာ တို့အား ထုတ်ယူခြင်းဖြစ်သည်။ ပြီးလျှင် —- ကားနံပါတ် အာဘီ ၃၁၁၅ နှင့် ဂဠုန်ဦးစော၏နေအိမ်သို့ သယ်ဆောင်သွားတော့သည်။ ရှစ်မိုင်လမ်းဂဠုန်ဦးစော၏ နေအိမ်သို့ လက်နက်များသယ်ဆောင်လာသည့်ကားသည် အခက်အခဲမရှိ ၀င်ရောက်ခဲ့သည်။ ဂဠုန်ဦးစောမှ ဘညွှန့်အား ကြည့်ပြီး —-

`“ ဂဠုန်ကွ `“ဟူ၍ ကြွေးကြော်သည်။ ပြီးလျှင် —- လက်နက်များအား အင်းယားကန်အတွင်း၌ စည်းပိုင်းများဖြင့် ထည့်ပြီး ဖွတ်၏။ အချို့အား သာယာဝတီိခရိုင်ဖက်သို့ ပို့၏။ မျိုးချစ်တပ်များအား လက်နက်တပ်ဆင်ခြင်းဖြစ်သည်။ အကြမ်းဖက်၍ နိုင်ငံတော်အာဏာအား ရယူရန် ဂဠုန်တို့ ကြံကြလေပြီ။

 

(၂၀)

၁၉၄၇ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်။

အလုံလမ်း၊ ဘုရင်ခံနေအိမ်။

မုတ်သုံမိုးက သွန်းဖြိုး၍နေဆဲ။ ဂဠုန်ဦးစော၏အကြံအစည်အား ရန်ကုန်မြို့သားများသိ၍ နေကြသည်။ ဂဠုန်တပ်များ လက်နက်စုနေသည်ကို ရန်ကုန်အတွင်း ပြော၍နေကြသည်။ အတွင်းဝန်ရုံး၌လည်း ဤ သတင်းက ပြန့်နှံ၍နေသည်။ ဗြိတိသျှအာဏာပိုင်များလည်း သိကြသည်။ ရဲမင်းကြီးလည်း သိသည်။ မည်သို့ လုပ်ကြမည်နည်း။ မည်သူမျှလုပ်ကိုင်ဆောင်ရွက်မှုမရှိ။ ဗိုလ်ချုပ်အောင်ဆန်းသည် ပျော်ဘွယ်ဦးမြနှင့်အတူ ဘုရင်ခံဆာဟူးဘတ်ရန့်စ်ထံသို့ သွား၍တွေ့သည်။ ဂဠုန်တပ်၏အခြေအနေအားရှင်းပြသည်။ ဘုရင်ခံမှ ထိရောက်သည့် အရေးယူမှု မပြုလုပ်ခဲ့။ နှာစေး၍နေတော့သည်။

ဇူလိုင်လ (၁၈)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် သခင်နုနှင့်အတူ ဘုရင်ခံထံသို့ ထပ်မံသွားရောက်ပြီး ဂဠုန်ဦးစော၏လက်နက်ကိစ္စများအား ပြောပြပြန်သည်။ ဘုရင်ခံ၏တုံ့ပြန်မှုက အားမရ။ ဤသို့နှင့် ——။

 

(၂၁)

၁၉၄၇ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်။

အေဒီလမ်း၊ ရန်ကုန်မြို့။

ရန်ကုန်မြို့က တညလုံးစွေခဲ့သည့်မိုးကြောင့် စိုစွတ်၍နေသည်။ အင်းယားရေပြင်အား ဖြတ်တိုက်၍လာသော လေသည် မိုးငွေ့ကြောင့် အေးစိမ့်၍နေသည်။ ဦးစောသည် မနက်လက်ဖက်ရည်သောက်ပြီးသည်နှင့် မောင်စိုး၊ သက်နှင်းနှင့် စိန်ကြီးတို့အား သူ့အခန်းအတွင်းသို့ ခေါ်လိုက်၏။ သူ့အခန်းအတွင်း၌ကား စတင်းဂန်း၊ တော်မီဂန်းနှင့် အမှတ် (၁၂) အင်္ဂလိပ်တပ်မတော် ယူနီဖောင်းများအား ပုံထားသည်။ ဦးစောနှင့်မောင်စိုးတို့ ဆွေးနွေး၍နေသည်။ ပစ်ခတ်မည့်သူများအတွင်း လူတစ်ယောက်လိုနေ၏။ မည်သူကိုရွေးမည်နည်း ။ နောက်ဆုံး ဦးစောမှ ရန်ကြီးအောင်အား ရွေးလိုက်သည်။ ရန်ကြီးအောင်က ဦးစော၏ညီဝမ်းကွဲမှ မွေးသော ဦးစော၏ တူဖြစ်သည်။ အသက်မှာ (၁၆)နှစ်သာ ရှိသေး၏။ ရန်ကြီးအောင်အား ဦးစော၏အခန်းတွင်းသို့ ခေါ်လိုက်၏။ စစ်ယူနီဖောင်းများက ရန်ကြီးအောင်ထက် ကြီး၍နေသည်။ တော်မီဂန်းတစ်လက်အား ရန်ကြီးအောင်သို့ ပေးလိုက်သည်။ လေ့ကျင့်ထားပြီးဖြစ်သည့်အတွက် ပစ်ခတ်မှုတွင်ကျွမ်းကျင်၍နေပြီဖြစ်သည်။ မိုးကမစဲသေး။ တဖွဲဖွဲနှင့်ရွာ၍ကောင်းနေဆဲ။ ဦးစောသည်အခန်းအတွင်းမှ ထွက်သွားသည်။ ဘညွှန့်နှင့်ခင်မောင်ရင်တို့အား ဧည့်ခန်းအတွင်းတွေ့ပြီး ရှင်းပြ၍နေသည်။ ခင်မောင်ရင်က အတွင်းဝန်ရုံး၌ ဒီနေ့ဝန်ကြီးအစည်းအဝေး ပြုလုပ်ဖြစ်၊ မဖြစ်အား နောက်ဆုံးအတည်ပြုချက်ရယူရန်—-။ ဘညွှန့်က လွှတ်တော်ဥက္ကဌ သခင်နုသူ၏ရုံးခန်းတွင် ရှိ ၊ မရှိ စုံစမ်းရန် ဖြစ်သည်။ အေဒီလမ်း ဦးစော၏နေအိမ်မှ ဒေါ့ဂျစ်အမျိုးအစားကားငယ်လေသည် မြို့အတွင်းသို့ မောင်း၍ထွက်သွားသည်။ ကားပေါ်၌ ဘညွှန့်၊ ခင်မောင်ရင်နှင့် မောင်နီတို့ ပါသွားသည်။

ဦးစော ဧည့်ခန်းအတွင်းမှ တယ်လီဖုန်းမြည်လာသည်။ မိုးသံလေသံများအောက်မှ တယ်လီဖုန်းသံသည် စူးစူးရဲရဲ —-။ မိစ္ဆာတစ်ကောင် အော်ဟစ်နေသကဲ့သို့ —-။

ဦးစောသည် တယ်လီဖုန်းအား ကောက်၍ကိုင်လိုက်သည် ။ ခင်မောင်ရင်နှင့် ဘညွှန့်တို့ထံမှ တယ်လီဖုန်းဖြစ်သည်။ အစိုးရအဖွဲ့အစည်းအဝေးအား အတွင်းဝန်ရုံး၌ လုပ်ဖြစ်သည်။ သခင်နုကမူ သူ၏လွှတ်တော်ဥက္ကဌရုံးခန်း၌ မရှိ။ ဦးစောသည် တယ်လီဖုန်းအား ချလိုက်သည်။

`“ အောင်ဆန်းတို့ အစည်းအဝေးလုပ်ဖြစ်တယ်။ ကဲ — သွားကြမယ်။ ထကြ၊ ပြင်ကြ`“

ဂဠုန်းဦးစောမှ မောင်စိုး၊ သက်နှင်း၊ စိန်ကြီးတို့အား ပြောလိုက်သည်။ မိုးက ဖွဲဖွဲနှင့်ရွာ၍ကောင်းနေဆဲ။ သုခသည် ကင်းဗတ်ဖိနပ်အား စီးထားသည်။ သူက ပစ်ခတ်မည့်သူများအား ကား ဖြင့်မောင်းပို့ရမည်။ ပစ်ခတ်မည့်သူများက မောင်စိုး၊ သက်နှင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့ဖြစ်သည်။

 

(၂၂)

၁၉၄၇ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်

အတွင်းဝန်ရုံး၊ ရန်ကုန်မြို့။

အင်္ဂလိပ်ဗိသုကာဆရာများ၏ လက်ရာ အုတ်ရိုးနီနီများဖြင့် ထုထည်ကြီးမားလှသည့် အတွင်းဝန်ရုံးအဆောက်အဦးကြီးသည် မိုးရေများအောက်၌ ခန့်ထည်၍နေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် သနပ်ခါးရောင် ပိုးပျော့ရင်ဖုံအင်္ကျီအား ၀တ်ထား၏။ ယခင်နေ့များကဲ့သို့ ဘီဒီအေ စစ်ယူနီဖောင်းနှင့်မဟုတ်။ ဘန်ကောက်လုံချည်၊ ပိုးပျော့ ရင်ဖုံး ၊ ပန်းနုရောင်ခေါင်းပေါင်းနှင့် တဘာသာဆန်း်၍နေသည်။ ဂငယ်ပုံစံ စားပွဲရှည်၏ထိပ်တွင် ဗိုလ်ချုပ်အောင်ဆန်းထိုင်၏။ သခင်မြ၊ ဦးဘ၀င်းစသည့် ၀န်ကြီးများက ဗိုလ်ချုပ်အောင်ဆန်း၏ လက်ဝဲဖက်တွင် ထိုင်ကြပြီး၊ လက်ယာဖက် စားပွဲတွင်မူ ၀န်ကြီးဦးဗဂျမ်း၊ ပျော်ဘွယ်ဦးမြတို့ ထိုင်ကြ၏။ ၀န်ကြီးစောစံဖိုးသင်နှင့် ချင်းအမျိုးသားဝန်ကြီး ၀မ်ကိုဟောတို့ နှစ်ယောက်က အစည်းအဝေးသို့ မတတ်ရောက်နိုင်ကြ။ ခရီးလွန်နေကြသည်။ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းသည်လည်း ဥရောပသို့ ရောက်နေ၍ အစည်းအဝေးတွင်မရှိ။

၁၀း ၃၇နာရီ —–။

အတွင်းဝန်ဦးအုံးမောင်သည် ၀န်ကြီး၏ကိုယ်စား ၎င်းဌာနအခြေအနေများအား သခင်မြ၏ဘေးမှ မတ်တပ်ရပ်၍ အစီရင်ခံနေသည်။ ဗိုလ်ချုပ်အောင်ဆန်းက သူ၏အရှေ့မျက်စောင်းထိုးတွင်ထိုင်၍နေသည်။ သူ၏အရှေ့တည့်တည့်၌က ၀န်ကြီး ဦးဗဂျမ်းနှင့် ပျော်ဘွယ်ဦးမြတို့ ရှိသည်။

အစည်းအဝေးအတွင်းသို့ ဗြိတိသျှအမှတ် (၁၂)တပ်မတော်ယူနီဖောင်းနှင့် လက်နက်ကိုင်လူ (၄)ယောက်ဝင်၍လာသည်။ အတွင်းဝန် ဦးအုံးမောင်က မသိ။ သူ၏နောက်ကျောဘက်မှဝင်လာခြင်းဖြစ်၍ မတွေ့ရ။ အစည်းအဝေးသို့ဆက်၍ အစီရင်ခံ တင်ပြ၍နေသည်။ ၀င်လာသူလေးယောက်သည် ဂငယ်ပုံစားပွဲထိပ်ဝသို့ သွား၏။ ဗိုလ်ချုပ်အောင်ဆန်းနှင့်မျက်နှာချင်းဆိုင် ၊ တည့်တည့်အနေအထာ —-။ သေနတ်များနှင့် ထိုး၍ချိန်းသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ထိုင်ရာမှ ထ၍ တား၏။ အသံများက လုံးထွေး၍ သွားတော့၏။

မောင်စိုးက အမိန့်ပေး၏။

`“ ပစ် ပစ် `“

တော်မီဂန်းဖြင့် ရန်ကြီးအောင်သည် ပစ်၏။ ယမ်းပေါက်ကွဲသံများက ဆူညံ၍ နေသည်။ စိန်ကြီး၏သေနတ်ပြောင်းဝမှ မီးပွင့်များက ခုန်ပေါက်၍ ထွက်နေသည်။ သက်နှင်း၏ ဘယ်ဘက်လက်ဖြင့်ပွေ့ကိုင်ထားသော စတင်းဂန်းသေနတ်ငယ်သည် ပေါက်ကွဲမှုကြောင့် ရမ်းခါ၍နေသည်။ သူ၏ညာဖက်လက်ညှိုးမှာမူ `“ထွေကာ`“ ကွင်းအတွင်းရှိ မောင်းခလုတ်ငယ်အား ကွေး၍ထားသည်။ မရပ်တော့—–။ ဗိုလ်ချုပ်အောင်ဆန်းသည်မတ်မတ်ရပ်နေရာမှ အနောက်သို့ လန်၍ ကျသွားသည်။ သူထိုင်သည့် ကုလားထိုင်နောက်မှီမှ ကဒေါင်းရုပ်သည် ကျည်သင့်၍ ပဲ့ထွက်သွားသည်။ တစ်ချက် —-၊ နှစ်ချက် —- မရေမတွက်နိုင်တော့။ ဗိုလ်ချုပ်အောင်ဆန်းသည် ကုလားထိုင်နှင့်အတူ ကြမ်းပြင်ပေါ်သို့ လဲ၍ ကျသွားသည်။ သွေးများက `တာ` ကျိုးသည့်အလား။ ဗိုလ်ချုပ်၏ကိုယ်မှ သွေးများသွန်းကျ၍နေသည်။ ရန်ကြီးအောင်သည် ၀ပ်နေသည့်သူများအား မုဆိုးဒူးဒေါက်ထိုင်၍ပစ်ပြန်၏။ တော်မီဂန်းသေနတ်သံများက ဆူညံ၍ နေတော့သည်။ ယမ်းငွေ့များက မွှန်ထူ၍နေတော့သည်။ သွေးနံ့နှင့်ယမ်းနံ့ ရော၍သွားတော့၏။

ဦးရာဇတ်၏သက်တော်စောင့် ရဲဘော်ကိုထွေးသည် သေနတ်သံများကြား၍ ပြေးလာသည်။ ၀န်ကြီးများအစည်းအဝေးပြုလုပ်နေသည့် အခန်း၏အပြင်တွင် ဗြိတိသျှအမှတ် (၁၂) တံဆိပ်တပ်ထားသည့် စစ်ယူနီဖောင်းဝတ် သေနတ်ကိုင် လေးယောက်နှင့်တွေ့၏။ အံ့အားသင့်နေသော ရဲဘော်ကိုထွေးအား ရန်ကြီးအောင်မှ တော်မီဂန်းနှင့်ပစ်၏။ အတွင်းဝန်ရုံးက ယမ်းနှင့်သွေး လွှမ်း၍သွားတော့သည်။ မိုးကမစဲတော့။ တဖွဲဖွဲနှင့်စွေ၍ကောင်းနေဆဲပင်။

 

(၂၃)

၁၉၄၇ခုနှစ် ၊ ဇူလိုင်လ (၁၉)ရက်။

အတွင်းဝန်ရုံး၊ ရန်ကုန်မြို့။

ယမ်းပေါက်ကွဲသည့်အသံများသည် မိုးသံလေသံတို့နှင့်ရောထွေးပြီး စီအိုင်ဒီ ရဲမင်းကြီး ဦးထွန်းလှအောင်၏ရုံးခန်းအတွင်းသို့ စီးဝင်၍လာသည်။ စီအိုင်ဒီရဲမင်းကြီး ဦးထွန်းလှအောင်၏ ရုံးခန်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ရုံးခန်းအောက်တည့်တည့်တွင်ရှိသည်။ ဗြိတိသျှတပ်မတော်၏ မြန်မာနိုင်ငံကွပ်ကဲမှုဌာနချုပ်အောက်တွင်ရှိသည့် တောင်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် နက်(ရှ်)နှင့် ဗြိတိသျှစစ်ထောက်လှမ်းရေးမှူးချုပ် ဗိုလ်မှူးချုပ် နိုက် (၂)ဦးသည် ရဲမင်းကြီး ဦးထွန်းလှအောင်နှင့် စကားပြောလျက်ရှိသည်။ သေနတ်သံများကြားရသည့်အတွက် သူတို့သည် မအံ့သြကြ။ သိပြီးသာ ကိစ္စတစ်ရပ်အတွက် အဖြေအား ကြားနာသည်ကဲ့သို့သာ။ မထူးခြား။ ကျေနပ်၍ပင်နေကြသေးသည်။ ပြီးလျှင် —- အင်္ဂလိပ်စစ်ဗိုလ်ချုပ်ကြီးနှစ်ဦးသည် ရဲမင်းကြီး ဦးထွန်းလှအောင်အား နှုတ်ဆက်၍ အခန်းတွင်းမှ ထွက်သွားကြတော့သည်။ လျှိုလျှိုဝှက်ဝှက် —-။

 

(၂၄)

၁၉၄၇ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်။

အေဒီလမ်း၊ ရန်ကုန်မြို့။

စီအိုင်ဒီရဲမင်းကြီး ဦးထွန်းလှအောင်နှင့် ဗိုလ်မှူးအေးငွေ (ဒဂုံမြတ်လေးနွယ်) တို့ဦးဆောင်သည့် စစ်ရဲတပ်နှင့် သောင်းကျန်းမှု နှိမ်နင်းရေးတပ်ဖွဲ့တို့သည် အေဒီလမ်းရှိ ဦးစော၏အိမ်သို့ ၀ိုင်းလိုက်ကြသည်။ ဦးစောခြံ၏ ခြံတံခါးအား လုံခြုံရေးတပ်များက ဖွင့်ခိုင်း၏။ မှုန်ကြီးက မဖွင့်ပေး။ လုံခြုံရေးတပ်သားများအား သေနတ်နှင့်စတင်၍ ပစ်၏။ ပစ်ခတ်မှုက ခဏငယ်အတွင်းပြီး၏။ ခြံအတွင်းသို့ လုံခြုံရေးတပ်သားများ စီးနင်းဝင်ရောက်သွားကြပြီး ဖြစ်သည်။ မှုန်ကြီးက လက်တွင် ဒဏ်ရာရ၏။ ဦးစောက အခြေမပျက်။ ဟန်ဆောင်ကောင်းလှ၏။ သူတို့အားလုံးအား ဖမ်းဆီးလိုက်ကြသည်။ သူတို့အား ရန်ကုန်ထောင်နှင့် အင်းစိန်ထောင်တို့တွင် ခွဲ၍ချုပ်ထားလိုက်ကြသည်။

 

(၂၅)

၁၉၄၇ခုနှစ်၊ စက်တင်ဘာလ (၁)ရက်။

အင်းစိန် စီအိုင်ဒီရုံး။

စီအိုင်ဒီမှ ရဲမှူးကြီး ဦးလှအောင်သည် ဘညွှန့် ၊ ခင်မောင်ရင်နှင့် ရန်ကြီးအောင်တို့၏ဖြောင့်ချက် လက်ရေးမူအား ဦးစော၏အမှုအား ကိုင်တွယ်စစ်ဆေးနေကြသည့် ရဲမှူးကြီး ဦးသိန်းအုန်း၊ ရဲအုပ် ဦးထွန်းမောင်၊ ဦးအောင်ချီ၊ ဦးကိုကိုကြီးနှင့် ဒုရဲအုပ်ဦးနွယ်တို့အား ပြ၏။ တရားခံအချို့အား ပြန်လည်စစ်ဆေးရန်လိုသည့် မေးခွန်းတို့အား ထုတ်ကြ၏။ သက်နှင်းနှင့် မောင်စိုးတို့နှစ်ယောက်က ခေါင်းမာချင်ကြသည်။ အမှန်အတိုင်း မထွက်ဆိုချင်ကြသေး။ ဂဠုန်ဦးစောကမူ ဟန်ဆောင်မှုကောင်းကောင်းနှင့် အချိန်ဆွဲထားလို၏။ အင်္ဂလန်ကျွန်းမှ ဆရာသခင်များ၏ကယ်တင်ချိန်အား မျှော်နေဆဲဖြစ်၏။

 

(၂၆)

၁၉၄၇ခုနှစ်၊ စက်တင်ဘာလ (၅)ရက်။

အင်းစိန်ထောင်၊ အထူးခုံရုံး။

ဂဠုန်ဦးစောသည် ရှမ်းဘောင်ဘီအနက်ရောင်အား ၀တ်ဆင်၍ထားသည်။ နေကာမျက်မှန်အနက်ရောင်အား တပ်ဆင်ထားပြီး သူ့မျက်လုံး၏ အတွင်းသဏ္ဍာန်အား ဖုံးကွယ်ထားရန် ကြိုးစား၏။ တရားခံများထိုင်သည့် ၀က်ခြံအတွင်း၌ သူသည် အိနြေ္ဒရရ ထိုင်၍နေသည်။ မောင်စိုး၊သက်နှင်း၊ မှုန်ကြီးတို့က ဦးစော၏ဘေး ၀က်ခြံငယ်တစ်ခုအတွင်း၌ ထိုင်နေကြသည်။ မှုန်ကြီး၏လက်က သေနတ်ဒဏ်ရာကြောင့် ဖြတ်ပစ်ခဲ့ရသည်။ ရန်ကြီးအောင်၊စိန်ကြီး၊ ခင်မောင်ရင်နှင့်သုခတို့က သက်နှင်းတို့၏ဘေး ၀က်ခြံငယ်တစ်ခုတွင် ထိုင်နေကြသည်။ သီးသီးသန့်သန့်စီ —-။ သတင်းထောက်များမှ ဓါတ်ပုံများရိုက်ကြ၏။ အထူးခုံရုံအဖွဲ့၏ ဥက္ကဌဖြစ်သူ တရားရေးဝန်ကြီး ဦးကျော်မြင့်နှင့် အဖွဲ့ဝင်များဖြစ်သော ဦးအောင်သာကျော် ၊ ဦးစီဘူးတို့သည် ရုံးခန်းအတွင်းသို့ ၀င်လာကြသည်။ တရားခံများအားလုံး မတ်တပ်ရပ်ကြ၏။ အထူးခုံရုံးအဖွဲ့သည် နိုင်ငံတော် လုပ်ကြံမှုကြီး၏ တရားလိုပြသက်သေ (၇၈)ဦးနှင့် တရားခံပြ သက်သေ (၃၁)ဦးတို့အား ရုံးတော်မှ ခေါ်ယူစစ်ဆေး၏။ ဦးစောမှ သူ့အတွက် ရှေ့နေအား ၀တ်လုံတော်ရ မစ္စတာ ဗတားနစ်နှင့် အင်္ဂလန်မှ ၀တ်လုံတော် မစ္စတာ ကာတစ်ဘင်းနက်တို့ နှစ်ဦးအား ငှား၏။ မစ္စတား ကာတစ်ဘင်းနက်က အင်္ဂလန်မှ ဘုရင်တော်ဝင်ကောင်စီဝင်တစ်ဦးလည်း ဖြစ်သည်။ ကျန်သည့် လူသတ်သမားတရားခံများအတွက်မူ သာယာဝတီမှ ဦးသူငယ်အား ဦးစောမှ ငှားပေးသည်။ (၃၇)ရက်တိုင် ရုံးထိုင်၍ စစ်ဆေးပြီးနောက် ဦးစောနှင့်အပေါင်းအပါတို့၏ နိုင်ငံတော် လုပ်ကြံမှုကြီးအား ရုံးတော်မှ စီရင်ချက်ချတော့သည်။ သေဒဏ်နှင့် တစ်သက်တစ်ကျွန်း —-။

 

(၂၇)

၁၉၄၈ခုနှစ်၊ မေလ (၈)ရက်။

အင်းစိန်ထောင်။

ထောင်ပိုင်ကြီးသည် ဦးစော၏အခန်းရှေ့မှ သော့ခလောက်ကြီးအား ဖွင့်လိုက်သည်။ မီးရောင်မှိန်ပျပျအောက်၌ ဦးစောသည် သံတိုင်အားကိုင်လျက် မတ်တပ်ရပ်လျက်ရှိ၏။ ကုတ်အင်္ကျီအနက်နှင့် ပိုးပျော့ရှမ်းဘောင်ဘီအရှည်အား ၀တ်ထားသည်။ တညလုံး အိပ်စက်ထားဟန်မတူ။ မျက်လုံးများက နီ၍နေသည်။ ဂဠုန်ဦးစောသည် သံတိုင်အား ဆုပ်ကိုင်ရင်း ထောင်ပိုင်ကြီးအား အင်္ဂလိပ်ဘာသာဖြင့်မေး၏။

” Any Message from Londom”

ထောင်ပိုင်ကြီးမှ ဦးစောအား ကြည့်ပြီး တိုးညှင်စွာ အဖြေပေး၏။

” No Nothing, Very Sorry —”

အင်းစိန်ထောင်ဝင်းတစ်ခုလုံးတိတ်ဆိတ်၍နေသည်။ ဦးစော၏လန်ဒန်အိမ်မက်က ပြီးဆုံး၍သွားသည်။ မရတော့ —-။ မျှော်လင့်ချက်ကင်းမဲ့သွားသည့် ဦးစော၏မျက်နှာသည် လူသေတစ်ဦးကဲ့သို့ —-။ သွေးရောင်ဆုတ်လျော့ပြီး ဖြူဖျော့၍နေတော့သည်။ ထောင်အာဏာပိုင်များ၏ခေါ်ရာသို့ ဦးစောသည် လိုက်၍ ပါလာခဲ့သည်။ တစ်လှမ်းချင်း —-။

အင်းစိန်ထောင်အုတ်ရိုးနီနီများပေါ်၌ ကျီးတို့သည် ငိုက်မြည်း၍နေကြသည်။ အာရုံက မပေါ်သေး —။ အမှောင်ထုသည် အင်းစိန်ထောင်ဝင်းကြီးအား လွှမ်းခြုံ၍ မိုးထားဆဲ —-။

တစ်လှမ်း —၊ နှစ်လှမ်း —-။

တရွေ့ရွေ့နှင့် ဦးစောသည် အင်းစိန်ထောင်တိုက် (၃)မှ ကြိုးစင်ဆီသို့ ထောင်အာဏာပိုင်များခေါ်ယူရာအတိုင်း လိုက်ပါ၍ လာခဲ့သည်။ အသိမဲ့စွာ —-။ အင်းစိန်ထောင် ကြိုးစင်ဝန်းကျင်း၌ လျှပ်စစ်မီးရောင်များဖြင့်လင်းလင်းပပ —-။ ဘေဘီစောသည် ဖခင်အား နောက်ဆုံးအကြိမ်အဖြစ် ကန်တော့၏။ ဦးစော၏ ရုပ်သွင်က အသက်ကင်းမဲ့သည့်အရုပ်တစ်ခုကဲ့သို့ —-။ ဦးစောအား ထောင်အာဏာပိုင်များက ခေါ်၍သွားသည်။ ကြိုးပေးသတ်မည့်သူအတွက် ၀တ်ရုံအဖြူကြီးအား ဦးစောအား စွပ်၍ပေးကြသည်။ ပြီးလျှင် —- ဦးစော၏ ခြေနှစ်ချောင်းအား ကြိုးနှင့်စည်း၏။ ထောင်ဝန်ထမ်းတစ်ဦးမှ ဦးစော၏ လည်ပင်းသို့ ကြိုးကွင်းအားစွပ်သည်။ ပြီးလျှင်—- ဦးစော၏ဦးခေါင်းအား အ၀တ်ဖြူနှင့် စွပ်ရန် ပြုလုပ်၏။

ဦးစောမှ —-

`“ ရပါတယ်။ ကျနော် ရင်ဆိုင်ရဲပါတယ်`“ဟုပြောသည်။ ထောင်ပိုင်ကြီးမှ လုပ်ရိုးလုပ်စဉ်အရ ပြုလုပ်ရကြောင်းပြောသည်။ ဦးစောမှ မငြင်း —-။ သူ၏ ဘေးသို့ နောက်ဆုံးငဲ့၍ကြည့်၏။ မောင်စိုး၊ သက်နှင်းနှင့် မှုန်ကြီးတို့က အ၀တ်ဖြူအုပ်၍ ကြိုးပေးရန် အသင့်ဖြစ်၍နေကြပြီ။

`“ ဂျိုင်း`“

 

ရွှေအိမ်စည်

ကိုးကား—-

  • ကိုသန်း (ကြည့်မြင်တိုင်)၏ ကိုယ်တွေ့ကြုံခဲ့ရသော နိုင်ငံတော် လုပ်ကြံမှုကြီး
  • ဦးနု၏ တာတေစနေသား
  • သိန်းဖေမြင့်၏ တော်လှန်ရေးကာလ နိုင်ငံရေးအတွေ့အကြုံများ
  • နတ်မောက်ဘုန်းကျော်၏ ငမိုးမသေသေး ဆောင်းပါး (မြ၀တီမဂ္ဂဇင်း၊ ၁၉၅၇ခုနှစ် ၊ ဇူလိုင်လ)
  • မောရစ်ကောလစ်၏ Last And First in Burma
  • တက္ကသိုလ်နေ၀င်း၏ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း
  • အင်ဒီဒီမှ ထုတ်ဝေသည့် မြန်မာပြည်ရွေးကောက်ပွဲများနှင့် ပြည်သူတို့ နိုင်ငံရေးအရ ပါဝင်မှု

 

 

 

၁၉၊ ဇူလိုင် ၂၀၀၇ခုနှစ်အာဇာနည်နေ့ အထိမ်းအမှတ်ဖြင့် ခေတ်ပြိုင်ဝက်ဆိုဒ်၌ ရွှေအိမ်စည် ကလောင်ဖြင့် အပိုင်း (၃)ပိုင်းခွဲ၍ ဖော်ပြသွားပါသည်။

 (၆၀)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဆောင်းပါး