အမွေ နဲ့ ကောင်းကင်ဘုံ ပျက်သုဉ်းခြင်း (Gin Suan Tung)

Posted on Posted in ကဗျာ

အမွေ

အမွေ (Gin Suan Tung)

ဒီမြေဟာ
ငါတို့ကို မပိုင်သခင်
ငါတို့ရဲ့ ပိုင်နက်မြေဖြစ်ခဲ့တယ်။

မြစ်၊ ချောင်း၊ အင်း၊ အိုင်
အမြဲစိမ်းတော၊ စိမ့်တော၊ ဒီရေတော
သစ်တော၊ ခြောက်သွေ့တော၊
စိမ်းလန်းသော မြက်ခင်းပြင်
အဝါနုရောင် အရုဏ်မနက်ခင်း
အထပ်ထပ် အဆင့်ဆင့်သော စားကျက်များ
သစ်ပင်ချုံနွယ်များ ပိတ်ပေါင်းများ စိမ့်စမ်းများ
တောင်ကုန်းတောင်တန်းများလည်း
ဆင့်ကာစီကာ သွယ်ကာတန်းကာဖြင့်
မြေပြန့် လွင်ပြင် ကျေးငှက်သာရကာများနှင့်
တောရိုင်းတိရစ္ဆာန်များ
လှပဝေဆာနေသော ညနေဆည်းဆာချိန်များ
ဒီမြေပေါ်မှာ
ဘိုးစဉ်ဘောင်ဆက်
တို့တွေ ရွေ့လျား သွားလာ နေထိုင်ခဲ့ကြတယ်။

နယ်နိမိတ်တွေ မရှိခဲ့ဘူး
နယ်မြေကန့်သတ်ချက်တွေ မရှိခဲ့ဘူး
နယ်ခြားစောင့်တပ်ဖွဲ့တွေ မရှိခဲ့ဘူး
အခွန်ဦးစီးဌါနတွေ မရှိခဲ့ဘူး
လူဝင်မှုကြီးကြပ်ရေးတွေ မရှိခဲ့ဘူး
လေဟာပြင်မှာ ပျံဝဲနေတဲ့သိမ်းငှက်တွေလို
အတားအဆီးမရှိ တိုက်ခတ်နေတဲ့လေဟုန်လို
အနားသတ်မဲ့တဲ့ မိုးကောင်းကင်ကြီးလို
ငါတို့တွေဟာ လွတ်လပ်တဲ့လူတွေ ဖြစ်တယ်။

ကောင်းကင်ဘုံ ပျက်သုဉ်းခြင်း (Gin Suan Tung)

အပြစ်ကျေဖို့ ဝန်ချ
တောင်းပန်ရဦးမယ်
တို့ဘဝ အဆောက်အအုံတွေ
ပြိုပျက်ခဲ့ပေါ့
(အို….ဘုရားရှင် ပေးသနားထားတဲ့
ငါတို့ရဲ့ စံအိမ်တော်)
ငါတို့လက်ထက်မှ ပျက်စီးသွားခဲ့ရ။

အမုန်းပွားသွေးထိုးမှုတွေ…
လက်နက်ကိုင်အကြမ်းဖက်မှုတွေ…
ဘူလ်ဒိုဇာ တိုက်တာအိုးအိမ် ဖြိုဖျက်ခြင်းတွေ…
လယ်ယာခြံမြေ အဓမ္မသိမ်းယူခြင်းတွေ…
အာဏာအလွဲသုံးစားလုပ်ခြင်းတွေ…
ရာစုနှစ် ကြောက်မက်ဖွယ် တစ္ဆေကြီးပဲ။
ဒါဟာ ပြည်သူပေးတဲ့ သူတို့ရဲ့လုပ်ပိုင်ခွင့်ဆိုတာပေါ့

ဒါ သူတို့ရဲ့နိုင်ငံတော်မှာ
လူအိုတွေအတွက် တိုင်းပြည်မရှိဘူး
လူနာတွေအတွက် တိုင်းပြည်မရှိဘူး
ဆင်းရဲသားတွေအတွက် တိုင်းပြည်မရှိဘူး
မိဘမဲ့တွေအတွက် တိုင်းပြည်မရှိဘူး
ပညာမဲ့တွေအတွက် တိုင်းပြည်မရှိဘူး

ဒီလိုနဲ့ ငါတို့ရဲ့တိုင်းပြည်မှာ ငါတို့တွေဟာ
ဒုက္ခသည် လာခံနေရ
ဒီလိုနဲ့ ငါတို့ရဲ့တိုင်းပြည်မှာ ငါတို့တွေဟာ
သူစိမ်းတွေ လာဖြစ်နေရ
ဒီလိုနဲ့ ငါတို့ရဲ့တိုင်းပြည်မှာ ငါတို့တွေဟာ
ခိုလှုံခွင့် လာတောင်းခံနေရ

ဟုတ်တယ်….အိမ်ထဲမှာ အဖိုးတန်ပစ္စည်းတွေမရှိရင်
ဘယ်သူ အသက်နဲ့ရင်းပြီး အိမ်ကို စောင့်ရှောက်မလဲ
အိမ်ထဲမှာ အိမ်သူအိမ်သားတွေ မရှိတော့ရင်
ဘယ်သူ အသက်နဲ့လှဲပြီး အိမ်ကို ကာကွယ်ဦးမလဲ
အိမ်ထဲမှာ ချစ်ခင်သူတွေ ချစ်ခင်ရတဲ့သူတွေ မရှိတော့ရင်
ဘယ်သူ ရှိသမျှရင်းပြီး ကာကွယ်စောင့်ရှောက်မလဲ

ငါတို့တွေဟာ….အသက်ရှင်ဖို့ ရုန်းကန်ရတယ်
ငါတို့တွေဟာ….ဘဝဝမ်းစာအတွက်
ကမ္ဘာကြီးကို ပခုံးပေါ်ထမ်းပြီး ရုန်းကန်ကြတယ်
ငါတို့တွေဟာ….ဘဝဝမ်းစာအတွက်
တမြို့လုံး တရွာလုံးကို အထက်အောက်လှန် တူးဖော်ရှာကြံကြတယ်
ငါတို့တွေဟာ….ဘဝဝမ်းစာဖူလုံဖို့အတွက်
တတောလုံး တတောင်လုံးကို ပြုန်းတီးစေခဲ့တယ်
ငါတို့တွေဟာ….ဘဝဝမ်းစာဖူလုံဖို့အတွက် ရှာဖွေရုန်းကန်ရင်း
အဆိပ်တွေ ဓာတ်ငွေ့တွေ မီးခိုးမီးငွေ့တွေဟာ
ငါတို့ရဲ့ သွေးကြောထဲမှာ စီးဝင်သွားခဲ့တယ်
ငါတို့တွေဟာ….ဘဝအညစ်အကြေးတွေ သန့်စင်ဖို့
လူ့ယဉ်ကျေးမှုကြီးတခုကို မီးလျှံထဲ ဆွဲထည့် မီးရှို့လိုက်ကြတယ်။

Gin Suan Tung